သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နိုင်ငံတော်အတိုင်ပင်ခံရဲ့ အိန္ဒိယခရီးစဉ်


BIMSTEC Retreat အစည်းအဝေးသို့တက်ရောက်လာသည့် နိုင်ငံခေါင်းဆောင်များ၏ မှတ်တမ်းတင် ဓာတ်ပုံ (Ministry of Foreign Affairs Myanmar)
BIMSTEC Retreat အစည်းအဝေးသို့တက်ရောက်လာသည့် နိုင်ငံခေါင်းဆောင်များ၏ မှတ်တမ်းတင် ဓာတ်ပုံ (Ministry of Foreign Affairs Myanmar)

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အိန္ဒိယခရီးစဉ် ဒီကနေ့ စတင်လိုက်ပါပြီ။ အိန္ဒိယနိုင်ငံသမ္မတ၊ ဝန်ကြီးချုပ်တို့ရဲ့ ဖိတ်ကြားချက်နဲ့ အိန္ဒိယနိုင်ငံ ဂိုအာမြို့မှာ ကျင်းပမယ့် BIMSTEC ဒေသတွင်းအစည်းအဝေး ၊ BRICS-BIMSTEC ထိပ်သီးဆွေးနွေးပွဲတွေကို တက်ရောက်မှာပါ။ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ အစိုးရသစ်လက်ထက် နိုင်ငံတော်ခေါင်းဆောင် တဦး အနေနဲ့ ပထမဆုံး တရားဝင်ချစ်ကြည်ရေး သွားရောက်တဲ့ ဒီခရီးစဉ်နဲ့ပတ်သက်ပြီး အိန္ဒိယ-မြန်မာနှစ်နိုင်ငံကြား ဘယ်လိုအကျိုးတူ ပူးပေါင်းဆောင်ရွက်မှုတွေကို ဆွေးနွေးနိုင်ခဲ့မလဲဆိုတဲ့အကြောင်း မဆုမွန် တင်ပြထားပါတယ်။

ဒီကနေ့ အောက်တိုဘာလ ၁၆ရက်နေ့ တနင်္ဂနွေမနက်ပိုင်းမှာပဲ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်ပြီး စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်း၊ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်တင်၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဆောက်လုပ်ရေး ဝန်ကြီးဌာနက တာဝန်ရှိပုဂ္ဂိုလ်တွေရဲ့ ပါဝင်တဲ့ အစိုးရအဖွဲ့ကိုယ်စားလှယ်အဖွဲ့ အိန္ဒိယနိုင်ငံခရီးစဉ် စတင်ပြီးတော့ နေ့လည်ပိုင်းမှာတော့ အိန္ဒိယနိုင်ငံကို ဆိုက်ရောက်သွားကြပြီဖြစ်ပါတယ်။

မြန်မာနိုင်ငံကိုယ်စားပြု တက်ရောက်မယ့် BIMSTEC ဒေသတွင်းအစည်းအဝေးနဲ့ BRICS- BIMSTEC ထိပ်သီးဆွေးနွေးပွဲတွေအပြီးမှာတော့ နိုင်ငံတော်ချစ်ကြည်ရေးခရီးစဉ်အဖြစ်အိန္ဒိယသမ္မတ Pranab Mukherjee နဲ့ နိုင်ငံခြားရေးဝန်ကြီး Sushma Swaraj တို့နဲ့ တွေ့ဆုံဖို့ ရှိသလို နှစ် နိုင်ငံ ကုန်သွယ်စီးပွားရေး တိုးမြှင့်နိုင်ဖို့ အိန္ဒိယစီးပွားရေး လုပ်ငန်းရှင်ကြီးတွေနဲ့ တွေ့ဆုံမယ့် စီးပွားရေးဆွေးနွေးပွဲ ကိုလည်း တက်ရောက်မှာ ဖြစ်ပါတယ်။ ဒီခရီးစဉ်အတွင်း အိန္ဒိယ-မြန်မာ ၂ နိုင်ငံ နယ်စပ်ဒေသက လုံခြုံရေး၊ နှစ် နိုင်ငံ ကုန်သွယ်စီးပွားဆက်ဆံရေး ပို့ကုန်သွင်းကုန်အရေးတွေနဲ့ပတ်သက်လို့ ဆွေးနွေးနိုင်မယ်လို့ခန့်မှန်းနေကြပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံလည်းဖြစ် နိုင်ငံခြားရေးဝန်ကြီးအဖြစ်လည်း တာဝန်ယူထားတဲ့ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ အစိုးရသစ်လက်ထက် နိုင်ငံတော်ခေါင်းဆောင်တဦး အနေနဲ့ ပထမဆုံး တရားဝင်ချစ်ကြည်ရေး သွားရောက်တဲ့ ဒီခရီးစဉ်အတွင်းမှာအိန္ဒိယ-မြန်မာနှစ်နိုင်ငံကြား ဘယ်လိုအကျိုးတူ ပူးပေါင်းဆောင်ရွက်မှုတွေကို ဆွေးနွေးနိုင်ခဲ့မလဲ ဆိုတဲ့အကြောင်းကိုတော့ မြန်မာ့အရေးလေ့လာသုံးသပ်နေတဲ့ ဦးအောင်သူငြိမ်းက အခုလို ရှု့မြင်ပါတယ်။

“ဟုတ်ကဲ့ ကျနော်မြင်ရသလောက်ကပေါ့နော်အိန္ဒိယက သူ့တို့ရဲ့ အရှေ့မျှော် မူဝါဒပေါ့နော် Look East ဆိုတဲ့ မူဝါဒရှိပါတယ်။ အထူးသဖြင့်တော့ မြန်မာအပါအဝင် ကျနော်တို့ရဲ့ တိဘက် နိုင်ငံတွေနဲ့ ပိုပြီးတော့ တိုးပြီး ဆက်ဆံမယ်ဆိုတဲ့ မူဝါဒပေါ့။ ဒါပေမယ့် လက်တွေ့ကျကျပြောရင်တော့အိန္ဒိယက နှေးတယ်ခင်ဗျ။ တရုတ်ကပိုပြီးတော့ ခြေသွက်တဲ့သဘောရှိပါတယ်။ ဆိုတော့ အဲဒီအနေအထားမှာတော့ အိန္ဒိယနဲ့ ပူးပေါင်းဆောင်ရွက်တာ ပိုကောင်းရင် ပိုကောင်းပါတယ်။ ဆိုတော့ နောက်တခုကျတော့ အခုလက်ရှိဒေသတွင်းမှာ ပထဝီနိုင်ငံရေးအရ အိန္ဒိယကလည်း နိုင်ငံကြီးတခုဖြစ်တဲ့အတွက် ကျနော်တို့နိုင်ငံအတွက်ကလည်း အရေးပါတဲ့နိုင်ငံတခုဖြစ်တယ်လို့ထင်ပါတယ်။

မေး။ ။ ပထမဦးဆုံးအနေနဲ့ ဒေသတွင်းအစည်းအဝေးတွေတက်တဲ့အခါမှာ ဘယ်လို အကြောင်းအရာတွေကို ဆွေးနွေးနိုင်ခြေရှိသလဲ ဒီလို BIMSTEC အစည်းအဝေးတွေမှာလေ။

ဖြေ။ ။ ဟုတ်ကဲ့ BIMSTEC ကတော့ အထူးသဖြင့် အိန္ဒိယဦးဆောင်တဲ့ ဒေသတွင်းဆိုင်ရာ အုပ်စုပေါ့နော်။ ဆိုတော့ အဲဒီအနေအထားမှာတော့ BIMSTEC ကပြောမယ်ဆိုရင် အရေးတော့ကြီးပါတယ်။ နောက်တခါ အိန္ဒိယနဲ့ အထူးသဖြင့် ကျနော်တို့မြန်မာနိုင်ငံနဲ့ ကုန်သွယ်ရေးကိစ္စပေါနော်။ နောက်တခါ ဒေသအတွင်းအခြေခံအဆောက်အအုံတို့၊ ကုန်သွယ်ရေးကိစ္စတွေက အရေးကြီးပါတယ်။ အထူးသဖြင့်တော့ ကျနော်ထင်တာကတော့ ကုန်သွယ်ရေးကိစ္စတွေလည်းဆွေးနွေးကောင်းဆွေးနွေးနိုင်ပါတယ်။ အထူးသဖြင့်တော့ အိန္ဒိယက ကျနော်တို့မြန်မာနိုင်ငံနဲ့ ကုန်သွယ်တဲ့အခါမှာ ၄ နိုင်ငံမြောက်ပေါ့နော်၊ ကျန်တဲ့ တရုတ်တို့ ၊ စကာၤပူ တို့စသဖြင့် ဒါတွေပြီးရင် စတုထ္တမြောက် ကုန်သွယ်မှုအများဆုံးနိုင်ငံပါ။ ဆိုတော့ အိန္ဒိယမှာ ကျနော်တို့ဘက်က ရောင်းတဲ့ပဲတို့ ဘာတို့ ရှိသလို၊ အိန္ဒိယက ကျနော်တို့ပြန်တင်တဲ့ လူသုံးကုန်ပစ္စည်းတွေ၊ ဆေးပစ္စည်းတွေလည်းရှိပါတယ် ဆိုတော့ ဒီကိစ္စကလည်း အရေးကြီးတယ်ထင်ပါတယ်။ နောက်တခုကတော့ ဒီအိန္ဒိယနဲ့ ကျနော်တို့ကြားထဲမှာ အထူးသဖြင့်ကတော့ ဒီအခြေခံအဆောက်အအုံအတွက်ပေါ့နော် အထူးသဖြင့် အိန္ဒိယက လာပြီးတော့ ထိုင်းကိုဆက်သွယ်မယ့်လမ်း ၊ နောက်တခါကျတော့ ကုလားတန် မြစ်ဝှမ်း ဖွံ့ဖြိုးရေးစီမံကိန်း ဆိုတော့ ဒီအချက်တွေကလည်း ဆက်ပြီးတော့ ပူးပေါင်းဆောင်ရွက်ရမယ်လို့ ကျနော်ထင်ပါတယ်။

မေး။ ။နောက် ၂ နိုင်ငံနယ်စပ် လုံခြုံရေးနဲ့ပတ်သက်ပြီးတော့လည်းဆွေးနွေးနိုင်ခြေရှိတယ်လို့ ခန့်မှန်းထားတာတွေရှိပါတယ် ဆိုတော့ ဒီ အိန္ဒိယ-မြန်မာ ၂ နိုင်ငံနယ်စပ် အထူးသဖြင့် နယ်စပ်မှာ အခြေစိုက်တဲ့ လက်နက်ကိုင်တွေနဲ့ ပတ်သက်ပြီးတော့ ဘာများဆွေးနွေးနိုင်ခြေရှိမယ်လို့ ဦးအောင်သူငြိမ်း မြင်မိပါသလဲရှင့်။

ဖြေ။ ။ အထူးသဖြင့်တော့ ကာကွယ်ရေးကိစ္စတွေ၊ လုံခြုံရေးကိစ္စတွေဆိုရင်တော့ အထူးသဖြင့်တပ်မတော်ဘက်က ခေါင်းဆောင်တွေ၊ ပြည်ထဲရေး (သို့မဟုတ်) ကာကွယ်ရေး ဝန်ကြီးဌာနက ပါသွားရင်တော့ ဆွေးနွေးဖို့တော့ များပါတယ်။ ကျနော်ယူဆတာကတော့ ယေဘုယျအားဖြင့်တော့ ကျနော်တို့ ဒေသတွင်း ဒီမိုကရေစီဖွံ့ဖြိုးရေးနဲ့ ပူးပေါင်းဆောင်ရွက်ရေးကိစ္စတွေ နောက်တခါကျတော့ ကျနော်တို့မြန်မာနိုင်ငံမှာ အိန္ဒိယရဲ့ ရင်းနှီးမြှပ်နှံမှုအလားအလာတွေပေါ့နော် ဆိုတော့ ဒါတွေပဲ ဆွေးနွေးဖြစ်လိမ့်မယ်လို့ ကျနော်ထင်ပါတယ်ခင်ဗျ။”

အိန္ဒိယနိုင်ငံခြားရေးဌာနက ထုတ်ပြန်တဲ့ ကြေညာချက်ထဲမှာတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ အိန္ဒိယဝန်ကြီးချုပ် Narendra Modi ရဲ့ ဖိတ်ကြားချက်နဲ့ အောက်တိုဘာလ ၁၆ ရက်နေ့ကနေ ၁၉ ရက်နေ့အထိ အိန္ဒိယနိုင်ငံခရီးစဉ် သွားရောက်တာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG