သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဝန်ကြီး Blinken ပိုလန်ခေါင်းဆောင်နဲ့ ဝါဆောမြို့မှာတွေ့


အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken နဲ့ ပိုလန်သမ္မတ Andrzej Duda တို့ကိုအတူတွေ့ရစဉ် (စက်တင်ဘာ ၁၂ ၊ ၂၀၂၄)
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken နဲ့ ပိုလန်သမ္မတ Andrzej Duda တို့ကိုအတူတွေ့ရစဉ် (စက်တင်ဘာ ၁၂ ၊ ၂၀၂၄)

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken ဟာ ပိုလန်နိုင်ငံခေါင်းဆောင်တွေနဲ့ ဝါဆောမြို့တော်မှာ ဒီနေ့ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ ယူကရိန်းကို ဝင်တိုက်နေတဲ့ ရုရှားအပေါ် ဆက်ပြီး ဖိအားပေးရေး၊ ယူကရိန်းကို နောက်ဆုံးပေါ် လေကြောင်းရန်ကာကွယ်ရေးစနစ်တွေ ဆက်လက်ပေးနေ‌ရေးနဲ့ တာဝေးပစ်လက်နက်တွေအပေါ် ကန့်သတ်ချက်တွေ လျှော့ပေါ့ပေးရေးတို့ကို ဆွေးနွေးခဲ့တယ်လို့ ဝန်ကြီး Blinken နဲ့ပူးတွဲသတင်းစာရှင်းပွဲမှာ နိုင်ငံခြားရေးဝန်ကြီး Radosław Sikorski ကပြောကြားခဲ့ပါတယ်။

ဝန်ကြီး Blinken ကလည်း ရုရှားရဲ့ လောင်စာတွေကို ပိုလန်နိုင်ငံ အားထားနေရတဲ့ အခြေအနေကနေ လွတ်အောင် အမေရိကန်အစိုးရ ဘယ်လိုကူညီပံ့ပိုးနိုင်မလဲဆိုတာကိုပါ ဆွေးနွေးခဲ့တယ်လို့ သတင်းထောက်တွေကို ပြောပါတယ်။

ဥရောပ ၃ နိုင်ငံ ခရီးထွက်နေတဲ့ ဝန်ကြီး Blinken ရဲ့ နောက်ဆုံးခရီးစဉ်အဖြစ် သမ္မတ Andrzej Duda၊ ဝန်ကြီးချုပ် Donald Tusk နဲ့တွေ့ဆုံတဲ့အပြင် နိုင်ငံခြားရေးဝန်ကြီးနဲ့လည်း အစောပိုင်းက သီးခြားတွေ့ဆုံခဲ့ပါတယ်။

ဗုဒ္ဓဟူးနေ့ကတော့ ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး David Lammy နဲ့အတူ ယူကရိန်းနိုင်ငံ Kyiv မြို့တော်ကို သွားရောက်ခဲ့ပါတယ်။ ရုရှားနိုင်ငံထဲကို ယူကရိန်းကနောက်ထပ် ရှေ့တိုးတိုက်ခိုက်နိုင်ရေး ခွင့်ပြုဖို့ ယူကရိန်းတောင်းဆိုတဲ့ကိစ္စကို အမြန်ဆုံး သုံးသပ်ပါမယ်လို့ အမေရိကန်နဲ့ ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး ၂ ဦးကတိပြုခဲ့ကြပါတယ်။

အမေရိကန်အပါအဝင် အနောက်နိုင်ငံတွေကပေးတဲ့ တာဝေးပစ်လက်နက်တွေ သုံးပြီး ရုရှားနိုင်ငံထဲကို တိုက်ခိုက်ခွင့်ပြုဖို့ ယူကရိန်းတာဝန်ရှိသူတွေရဲ့ တောင်းဆိုမှုကို ဝန်ကြီး Blinken အကြိမ်ကြိမ် ကြားခဲ့ရပါတယ်။ ယူကရိန်းနိုင်ငံနဲ့ နယ်စပ်ချင်း ထိဆက်နေတဲ့ ပိုလန်နိုင်ငံဟာ NATO စစ်ရေးမဟာမိတ်အဖွဲ့ဝင်ဖြစ်သလို ရုရှားကျူးကျော်စစ်ဒဏ်ခံနေရတဲ့ ယူကရိန်းဘက်က ရပ်တည်တဲ့ နိုင်ငံဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG