သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဘိုးရင်းပျက်ကျ လေယာဉ်မျိုးအတွက် ဆော့ဝဲလ်သစ် မကြာခင်ထွက်


Boeing 737 Max 8 အမျိုးအစား လေယာဉ် Seattle မြို့ Boeing ကွင်းမှာ ရပ်ထားစဉ် (မတ်၊ ၁၄၊ ၂၀၁၉ )
Boeing 737 Max 8 အမျိုးအစား လေယာဉ် Seattle မြို့ Boeing ကွင်းမှာ ရပ်ထားစဉ် (မတ်၊ ၁၄၊ ၂၀၁၉ )

မတော်တဆမှုတွေ ကြုံခဲ့ရတဲ့ Boeing 737 MAX အမျိုးအစား လေယာဉ်တွေအတွက် အဆင့်မြင့် software အသစ်တခုကို ကုမ္ပဏီက သီတင်းတပတ်ကနေ ၁၀ ရက်အတွင်း တရားဝင်ထုတ်ဖို့ ရှိနေကြောင်း သတင်းတွေ ထွက်ပေါ်လာပါတယ်။

လူအများအပြား သေဆုံးခဲ့ရတဲ့ တနင်္ဂနွေနေ့က အီသီယိုပီးယား လေကြောင်းပိုင် လေယာဉ်ပျက်ကျမှုနဲ့ ပြီးခဲ့တဲ့နှစ် အောက်တိုဘာလထဲ အင်ဒိုနီးရှားနိုင်ငံက Lion Air လေကြောင်းက လေယာဉ်ပျက်ကျမှု ၂ ခုစလုံးမှာ မတော်တဆဖြစ်ခဲ့တဲ့ လေယာဉ်တွေဟာ 737 MAX အမျိုးအစား လေယာဉ်တွေ ဖြစ်ကြပါတယ်။

software အသစ်တခုကို အဆင့်မြှင့်ထုတ်လုပ်မယ့် သတင်းကိုတော့ အမည်မဖော်လိုသူ သတင်းအရင်းအမြစ် ၂ ခုကို ကိုးကားပြီး AFP သတင်းဌာနက အရင်ဆုံး ဖော်ပြခဲ့တာပါ။ အီသီယိုပီးယားနဲ့ Lion Air လေကြောင်းလိုင်းတွေက မတော်တဆမှု ၂ ခုစလုံးမှာ လေယာဉ်ထွက်ခွာပြီး မိနစ်ပိုင်းအတွင်းမှာပဲ ပျက်ကျခဲ့ပြီး လေယာဉ်ပေါ်မှာ လိုက်ပါလာသူအားလုံး သေဆုံးခဲ့တဲ့အတွက် ချို့ယွင်းမှု ပြဿနာက တူညီနေပုံလည်း ရပါတယ်။

အီသီယိုပီးယား လေကြောင်းပိုင်လေယာဉ် ပျက်ကျခဲ့ပြီး နောက်တနေ့မှာပဲ Boeing ကုမ္ပဏီက ထုတ်ပြန်ခဲ့တဲ့ ကြေညာချက်မှာတော့ 737 MAX အမျိုးအစား လေယာဉ်တွေ အားလုံးအတွက် အဆင့်မြင့် software သစ်ကို မကြာခင် သီတင်းပတ်တွေမှာ တပ်ဆင်သွားမှာဖြစ်ကြောင်း ပြောဆိုထားတာပါ။

Lion Air လေကြောင်းပိုင်လေယာဉ် မတော်တဆမှု ဖြစ်ခဲ့ပြီးနောက် software သစ် ထုတ်လုပ်ဖို့ လွန်ခဲ့တဲ့ လတွေမှာကတည်းက ကြိုးပမ်းနေကြောင်းလည်း Boeing ကုမ္ပဏီက ပြောပါတယ်။ ဘေးကင်းလုံခြုံမှု ရှိပြီးသားဖြစ်တဲ့ လေယာဉ်တွေမှာ software အသစ်က ပိုမိုလုံခြုံမှုပေးနိုင်မှာ ဖြစ်ကြောင်းလည်း ကြေညာချက်က ဖော်ပြခဲ့တာပါ။

လူပေါင်း ၁၅၇ ယောက် သေဆုံးခဲ့တဲ့ အီသီယိုပီးယား လေကြောင်းပိုင်လေယာဉ်က ပျံသန်းမှု မှတ်တမ်းတင် ကိရိယာနဲ့ အသံမှတ်တမ်းတင် ကိရိယာတွေကိုတော့ ပြင်သစ်နိုင်ငံက လေကြောင်း လုံခြုံရေးဆိုင်ရာ ကျွမ်းကျင်သူ အဖွဲ့ထံမှာ စစ်ဆေးဖို့ ပေးပို့ထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG