သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဘိုကိုဟာရမ်း အဖမ်းခံကျောင်းသူလေး ကလေးအမေဖြစ်


နိုင်ဂျီးရီးယားနိုင်ငံ အရှေ့မြောက်ပိုင်းဒေသကနေ လွန်ခဲ့တဲ့ ၂ နှစ်တုန်းက ဘိုကိုဟာရမ်း စစ်သွေးကြွအဖွဲ့က ပြန်ပေးဆွဲခဲ့တဲ့ မိန်းကလေး ကျောင်းသူတွေထဲက ပထမဆုံး ပြန်လည် ကယ်တင်လိုက်နိုင်တဲ့ ကျောင်းသူလေးရဲ့ အတွေ့အကြုံတွေကို စစ်ဘက်အရာရှိတွေက မေးမြန်း စစ်ဆေးနေတယ်လို့ သက်ဆိုင်ရာ အရာရှိတွေက ဗွီအိုအေကို ပြောပါတယ်။

အခု ပြန်လွတ်လာသူ Amina Ali ဟာ - ၂၀၁၄ ခုနှစ် ဧပြီလတုန်းက Chibok ဒေသမှာရှိတဲ့ အစိုးရ အလယ်တန်းကျောင်းကို အစ္စလာမ်မစ် စစ်သွေးကြွအဖွဲ့က ဝင်ရောက် စီးနင်းပြီး ကျောင်းသူလေး ၃၀၀ ကို ပြန်ပေးဆွဲခံရတဲ့အထဲ ပါသွားခဲ့သူတဦး ဖြစ်ပါတယ်။ ပြန်ပေးဆွဲခံရပြီးပြီးချင်းမှာ ကျောင်းသူ အတော်များများက ထွက်ပြေး လွတ်မြောက်လာခဲ့ကြပေမဲ့ ကျောင်းသူ ၂၀၀ လောက်ဟာ အခုချိန်ထိ ပျောက်ဆုံးနေကြဆဲ ဖြစ်ပါတယ်။

အသက် ၁၇ နှစ်အရွယ်မှာ ပြန်ပေးဆွဲခံခဲ့ရတဲ့ Amina Ali ဟာ အခု သူမကို ပြန်လည် ကယ်တင်လိုက်နိုင်တဲ့အချိန်မှာ ရင်သွေးတယောက်ရနေပြီး သူမရဲ့ ခင်ပွန်းဟာလည်း ဘိုကိုဟာရမ်း စစ်သွေးကြွအဖွဲ့ဝင်တဦး ဖြစ်တယ်လို့ ဆိုပါတယ်။ သူမရဲ့ ခင်ပွန်းလို့ ယူဆရတဲ့ အဲဒီ ဘိုကိုဟာရမ်း အဖွဲ့ဝင်ကိုလည်း စစ်တပ်က စစ်ဆေးမေးမြန်းမှုတွေ ပြုလုပ်နေတယ်လို့ ဆိုပါတယ်။

သူမကို ဘယ်လို ကယ်တင်လိုက်နိုင်တယ်ဆိုတဲ့ အသေးစိတ် အချက်လက်ကိုတော့ မသိရသေးပါဘူး။ သူမကို Damboa မြို့အနီးက Baale ဆိုတဲ့ ကျေးရွာမှာ ပြန်လည် ကယ်တင်လိုက်နိုင်တာလို့ နိုင်ဂျီးရီးယားစစ်တပ် ပြောခွင့်ရ Sani Usman က ပြောပါတယ်။

Amina Ali ဟာ တခြား ပြန်ပေးဆွဲခံထားရတဲ့ ကျောင်းသူလေးတွေ ဘယ်နေရာမှာ ရှိတယ်ဆိုတာ အပါအဝင် စစ်တပ်ကို သတင်းအချက်အလက် အများအပြား ပြောပြနေတယ်လို့ စစ်တပ် အရာရှိတွေက ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG