သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နမ့်ခမ်းမြို့ ဆန္ဒပြမှုမှာ ဗုံးကွဲ နှစ်ဦးသေဆုံး


 ဆန္ဒပြမြင်ကွင်း (ဓာတ်ပုံ - သျှမ်းသံတော်ဆင့် သတင်းဌာန)
ဆန္ဒပြမြင်ကွင်း (ဓာတ်ပုံ - သျှမ်းသံတော်ဆင့် သတင်းဌာန)

(Zawgyi/Unicode)

ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ခမ်းမြို့မှာ ဒေသခံတစ်ယောက်သေဆုံးရတာနဲ့ပါတ်သက်လို့ လက်နက်ကိုင် ရှမ်းမြောက်ပိုင်းအဖွဲ့ SSPP/ SSA အပေါ် ကန့်ကွက်ဆန္ဒပြတဲ့ပွဲမှာ ဗုံး ၄လုံးပေါက်ကွဲတဲ့အတွက် ၂ ဦးသေဆုံးခဲ့ပါတယ်။ ၃ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။ သေဆုံးသူ ၂ ဦးဟာ ဗုံးခွဲဖို့ကြိုးစားစဉ် ပေါက်ကွဲသေဆုံးတာဖြစ်ပုံရပါတယ်။ ရန်ကုန်ကလာတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း သတင်းကို ကခွာညို ပြောပြမှာပါ။

ရှမ်းပြည်နယ်၊ နမ့်ခမ်းမြို့နယ်မှာ SSPP/ SSA ရှမ်းမြောက်တပ်ဖွဲ့ ဖမ်းဆီးခဲ့တဲ့ မန်ဆွမ်းရွာသားတယောက်သေဆုံးခဲ့တာနဲ့ပတ်သက်လို့ ရာနဲ့ချီတဲ့ ပြည်သူတွေ ဒီနေ့ကန့်ကွက်ဆန္ဒပြခဲ့ကြပါတယ်။ နမ့်ခမ်းမြို့ မြို့လယ် လမ်းမကြီးမှာ ဆန္ဒပြကြစဉ် နေ့ခင်း ၂နာရီလောက်က ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ပါတယ်။

နမ့်ခမ်းမြို့ခံတစ်ဦးက ဗုံး ၄လုံးဆက်တိုက်ပေါက်ကွဲခဲ့ကြောင်းနဲ့ ဒီပေါက်ကွဲမှုမှာ ထိခိုက်သေဆုံးတာတွေ ရှိကြောင်း VOA ကို အခုလို ပြောပါတယ်။

“ ဗုံးပစ်တဲ့လူပေါ့။ ဆိုင်ကယ် ၂ စီးနဲ့ လာတယ်လို့ ပြောတယ်။ ဈေးဒေါင့်နား စဖြစ်တော့ သူတို့က ဗုံးကို စနက်တံဖြုတ်ပြီးတော့ ပစ်တော့မယ့်အချိန်မှာ သူတို့လက်ထဲကနေပြီးတော့ ဗုံးက ကွဲသွားတယ်။ ပစ်တဲ့လူပေါ့။ ၂ယောက်က ပွဲချင်းပြီး သေသွားတယ်။ ကျန်တစ်စီးကတော့ သူက မောင်းပြေးသွားတာပေါ့။ နောက် ဆက်တိုက် ဆက်တိုက် ကျနော်တို့ စပြီးတော့ ဆန္ဒပြသူတွေ စထွက်တဲ့နေရာ မြို့လည် ဘုရားကျောင်းနားမှာ နောက်ထပ်လာပစ်တယ်။ ပစ်တော့ ပြည်သူ ၂ ယောက် ထိသွားတယ်။ ပြည်သူတစ်ယောက်က ခြေထောက်ပြတ်သွားတယ်။ နောက် တစ်ယောက်က လက်ထိသွားတယ်။ သေတဲ့နှစ်ယောက်နားကတော့ ဗုံးဆံထိသွားတဲ့ ကလေးမ တစ်ယောက်လည်း ရှိတယ်။”

ပေါက်ကွဲမှုတွေဖြစ်ပြီးနောက်မှာ ထိခိုက်ဒဏ်ရာရသူတွေကိုတော့ လူမှုကူညီအရေးအသင်းက လာရောက်သယ်ယူသွားပေမဲ့ သေဆုံးသူ ၂ ဦးကိုတော့ သက်ဆိုင်ရာ လုံခြုံရေး တပ်ဖွဲ့တွေက လာရောက်ရှင်းလင်းတာကို စောင့်နေတယ်လို့ ပြောပါတယ်။ ဒီထိခိုက်ဒဏ်ရာရသူတွေနဲ့ အခြေအနေကို လူမှုကူညီရေးအဖွဲ့က တာဝန်ရှိသူတစ်ဦးက အခုလို ပြောပါတယ်။

“လူထိခိုက်တာက လောလောဆည် ၃ ယောက် ထိတယ်။ ဆေးရုံရောက်သွားပြီ။ အခု ၂ ယောက်ကျတော့ သေနေတယ်။ စစ်သား အခုရောက်လာပြီးတော့ ရှာဖွေ လုပ်တဲ့အချိန်မှာ နောက်ထပ် လက်ပစ်ဗုံး ၄ လုံးတွေ့တယ်။ အဲတော့ အလောင်း ဘယ်သူမှ မသယ်ရဲဘူးဖြစ်နေတယ်။ ဘယ်သူမှ အနားမကပ်ရဲဘူး ဖြစ်နေတယ်။”

စစ်တပ် မိုင်းရှင်းလင်းရေးအဖွဲ့တွေ ရှင်းလင်းပြီးမှသာ သယ်ယူနိုင်မှာဖြစ်တယ်လို့လည်း သူကပြောပြပါတယ်။

အခုလို ဆန္ဒပြသူတွေအပေါ် ဗုံးခွဲတိုက်ခိုက်တာ ဘယ်သူ့လက်ချက်လဲဆိုတာ အခိုင်အမာ မသိရသေးပေမဲ့ ဒေသခံ အများစုကတော့ SSPP/SSA ရှမ်းမြောက်တပ်ဖွဲ့ လက်ချက်ဖြစ်တယ်လို့ ခန့်မှန်းနေကြပါတယ်။ နမ့်ခမ်းမြို့နယ် မန်ဆွမ်းရွာက စိုင်းစံအိုက်ခမ်းကို SSPP/SSA ရှမ်းမြောက် တပ်ဖွဲ့က မေလကုန်ပိုင်းက ဖမ်းဆီးသွားခဲ့ပြီး ဒီလ ၂၇ ရက်နေ့မှာတော့ သွေးတိုးရောဂါနဲ့ သေဆုံးခဲ့ကြောင်း မိသားစုကို အကြောင်းကြားခဲ့ပါတယ်။

ဒီလ ၂၇ရက်နေ့ ညမှာ သေဆုံးသူမိသားစုနဲ့ ဒေသခံ ရွာသားတွေက နမ့်ခမ်းမြို့ SSPP ရုံးကို သွားရောက်ပြီး အလောင်းပြန်ပေးဖို့ တောင်းဆိုခဲ့ရာတာ မရတဲ့အတွက် ဒီနေ့ မြို့အတွင်းမှာ လှည့်လည်ပြီး ကန့်ကွက် ဆန္ဒပြကြတာဖြစ်ပါတယ်။

ဒီလို ဆန္ဒပြချိန်မှာ ပေါက်ကွဲတာကြောင့် SSPP/SSA ရှမ်းမြောက်တပ်ဖွဲ့ ရဲ့ လက်ချက်ဖြစ်တယ်လို့ ဒေသခံတွေက ပြောနေကြတာဖြစ်ပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်းမှာ SSPP/SSA ရှမ်းမြောက်တပ်ဖွဲ့ နဲ့ TNLA တအန်း( ပလောင်) ပူးပေါင်းတပ်ဖွဲ့တွေဟာ RCSS/SSA ရှမ်းတောင် တပ်ဖွဲ့နဲ့ တိုက်ပွဲတွေ ဖြစ်ပွားနေသလို TNLA တအန်း(ပလောင် )နဲ့ RCSS/SSA ရှမ်းတောင်တပ်ဖွဲ့တွေကလည်း ဒေသခံရွာသားတွေကို ဖမ်းဆီးတာတွေရှိကြောင်း ဒေသတွင်း သတင်းမီဒီယာတွေမှာ ဖော်ပြတာတွေ ရှိနေပါတယ်။ ဒီဒေသထဲမှာ တိုင်းရင်းသားလက်နက်ကိုင်အချင်းချင်း ပဋိပက္ခဖြစ်ပွားနေသလို စစ်ကောင်စီတပ်နဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေအကြားမှာလည်း စစ်ရေး တင်းမာမှုတွေ ရှိနေဆဲဖြစ်ပါတယ်။

ဒီနေ့ နေ့ခင်း ၁ နာရီလောက်ကလည်း လားရှိုး- မူဆယ်လမ်းမကြီး ၁၀၅ မိုင်အနီးမှာ စစ်ကောင်စီတပ်နဲ့ အမည်မသိလက်နက်ကိုင်အဖွဲ့ တိုက်ပွဲဖြစ်ခဲ့တာကြောင့် ပြည်ထောင်စုလမ်းမကြီး ၁ နာရီကျော်ကြာ လမ်းပိတ်ခဲ့ပါတယ်။ အဲဒီဒေသဘက်ကတော့

KIA ကချင်၊ TNLA တအန်း( ပလောင်)နဲ့ MNDAA ကိုးကန့် တပ်ဖွဲ့တွေ အဓိက လှုပ်ရှားနေတာဖြစ်ပါတယ်။

..........................................................................................

တိုက်ရိုက် လင့်ခ်


နမ့ျခမျးမွို့ ဆန်ဒပွမှုမှာ ဗုံးကှဲ နှဈဦးသဆေုံး

(Unicode)














XS
SM
MD
LG