သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နာလန်မထူအောင် ထိခိုက်နေတဲ့ နယ်စပ်ကုန်သွယ်ရေး


တရုတ် မြန်မာနယ်စပ် ကုန်သွယ်ရေး ယခင်မှတ်တမ်းဓာတ်ပုံ။
တရုတ် မြန်မာနယ်စပ် ကုန်သွယ်ရေး ယခင်မှတ်တမ်းဓာတ်ပုံ။

စစ်ကောင်စီအာဏာသိမ်းအုပ်ချုပ်နေတဲ့ ၄ နှစ်အတွင်း နာလန်မထူနိုင်လောက်အောင် ထိခိုက်နေတာက နယ်စပ်ကုန်သွယ်ရေးဖြစ်တယ်လို့ နယ်စပ်က ကုန်စည်ပို့ဆောင်ရေး လုပ်ငန်းရှင်တွေနဲ့ ကုန်သည်တွေက ပြောနေပါတယ်။ ဝင်ငွေ အဓိကရတဲ့ နယ်စပ် ကုန်စည်စီးဆင်းမှုတွေ ရပ်တန့်နေတာကြောင့် အသေးစား၊ အလတ်စား လုပ်ငန်းရှင်တွေ၊ စိုက်ပျိုးရေး လုပ်ငန်းတွေ ဒီရိုက်ခတ်မှုဒဏ်ကို အများဆုံး ခံစားနေရပါတယ်။ လေးနှစ်တာအတွင်း မြန်မာနဲ့ အိမ်နီးချင်းနိုင်ငံတွေရဲ့ နယ်စပ်ကုန်သွယ်ရေး အခြေအနေ ရန်ကုန်ကပေးပို့တဲ့သတင်းကို အခြေခံပြီး တင်ပြထားပါတယ်။

စစ်တပ်အာဏာသိမ်းအုပ်ချုပ်မှုရဲ့ နောက်ဆက်တွဲဖြစ်လာတဲ့ တိုက်ပွဲတွေကြောင့် မြန်မာနဲ့ အိမ်နီးချင်း နိုင်ငံတွေရဲ့ နယ်စပ်ကုန်သွယ်ရေးဟာ ၄ နှစ်အတွင်း ထိခိုက်ဆုံးရှုံးမှု အများအပြားရှိခဲ့ပါတယ်။ တနှစ်ကို အမေရိကန်ဒေါ်လာ ၄ ဘီလီယံလောက် ကုန်သွယ်မှုပမာဏရှိတဲ့ မူဆယ် တရုတ်-မြန်မာကုန်သွယ်ရေးဇုံ ဆိုရင် အခုထိ ပိတ်ထားဆဲပဲလို့ နယ်စပ်ကုန်သည်တွေက ပြောပါတယ်။ ဒီဂိတ်ကနေ အစားအသောက်နဲ့ အဝတ်အထည်တွေကို တနိုင်တပိုင် သယ်ခွင့်ပေးထားတာကလွဲပြီး တရုတ်က အပြည့်အဝ ဖွင့်မပေးသေးပါဘူး။ မူဆယ်မြို့က ကုန်စည်ပို့ဆောင်ရေး လုပ်ငန်းရှင်တဦးက နောက်ဆုံးအခြေအနေ အခုလို VOA ကို ပြောပြပါတယ်။

"တရုတ်ဘက်က စားသောက်ကုန်ကို တနိုင်တပိုင် ပြန်ပေးပြန်ပြီ။ နည်းနည်း ဖွင့်ပေးလိုက်ပြန်ပြီ၊ လက်နက်မှောင်ခိုနဲ့ သယ်လာတဲ့သူတွေကို မိသွားပြန်ပြီ၊ မိသွားတော့ တခါပြန်ကျပ်သွားပြန်ပြီ။ တခါ ဆိုင်ကယ်လေးတွေနဲ့ ထုတ်ပြန်ရော။ ဆိုင်ကယ် လိုင်စင်လေးတွေနဲ့ သတ်မှတ်လိုက်ပြန်ရော။ ဆိုင်ကယ်လိုင်စင်ဘီးတွေက မြန်မာပြည်မှာ စျေးကောင်းသွားပြန်ရော။ အဲဒီထဲမှာ ဖွက်ပြီးမှ သယ်ကြတာတွေ၊ တချို့ဆို စကားများ ရန်ဖြစ်ကြတာတို့။ မြန်မာပြည်သားတွေ အဝင်အထွက် များတယ်လေဗျာ။ များတော့ စကားများ ရန်ဖြစ်ကြတာမျိုးဆို တခါ ပိတ်လိုက်ကြပြန်ပြီ။ အခုဆိုရင် တနိုင်တပိုင်လေးပဲ သယ်ခွင့်ပေးတယ်လို့ ကြားတယ်ဗျ ကျနော်သိရသလောက်။ ကျနော်တို့လည်း ဒီတရုတ်ပြည်ကထွက်တဲ့ ပစ္စည်းကို မှီပြီးမှပဲ သွားလာနေရတာလေ။"

တရုတ်က မြန်မာနဲ့ နယ်စပ်ဂိတ်တွေအားလုံးကို ၂၀၂၄ အောက်တိုဘာလထဲမှာ ပိတ်ခဲ့တာပါ။ အဲဒီအချိန်က အဲဒီနောက် ကချင်နယ်စပ်ဂိတ် အားလုံးကို KIA က ထိန်းချုပ်လိုက်ပါတယ်။ မူဆယ် ကုန်သွယ်ရေးဇုံက ကျင်စန်းကျော့နဲ့ ကြူကုတ်(ပန်ဆိုင်း) ဂိတ်နှစ်ခုကိုတော့ မြောက်ပိုင်း မဟာမိတ် အဖွဲ့တွေက ထိန်းချုပ်လိုက်ပါတယ်။ ဒါကြောင့် ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့မှာ မန့်ဝိန်းဂိတ် တခုပဲ စစ်ကောင်စီက ထိန်းချုပ်ထားတယ်လို့ သတ်မှတ်ထားကြပါတဘ္။ အဲဒီမန့်ဝိန်းဂိတ်မှာ တချိန်က တရက်ကို ကုန်ကားအစီးပေါင်း ရာနဲ့ချီပြီး ဝင်ထွ့က်ခဲ့တာပါ။ အဲဒီဂိတ်မှာ ဆင်ဖြူနဲ့ နန်းတော်လို့ခေါ်တဲ့ နောက်ထပ် ဂိတ်နှစ်ခုလည်း ရှိပါတယ်။ အခု အဲဒီဂိတ်တွေကနေ မြန်မာအလုပ်သမားတွေ၊ အစားအသောက်နဲ့ အဝတ်အထည် တနိုင်တပိုင် သယ်တဲ့သူတွေကိုပဲ တရုတ်က ဝင်ထွက်ခွင့် ပေးထားပါတယ်။

"အခုက ဘယ်လိုဖြစ်နေလဲဆိုတော့ တရုတ်က ခွင့်ပြုအုံးတောင်မှ မြန်မာဘက်ကရဲတွေက၊ ညစ်စား တယ်ပေါ့ဗျာ။ ဘယ်လောက်သယ်လာလဲ တန်ဖိုးရှိရင် ရှိသလောက် သူတို့တို့ ဘယ်လောက်ပေးရမယ်၊ ဒီလောက်ပေးမှဖြတ် အဲလိုမျိုးပေါ့။ အဲဒီတော့ ပြည်သူလူထုအတွက်ကတော့ ကုန်စျေးနှုန်းနှစ်ဆ ကြီးသွားတာပေါ့ဗျာ။ ကျနော်တို့က ပြန်သယ်ပေးရတယ် ဟိုဘက်ကမ်းကို။ မြန်မာပြည်သယ်မဲ့ ပစ္စည်းတွေကို ၅ မိုင်ဘက်ကို ပို့မဲ့အနေအထားမျိုးမှာ ကျနော်တို့အနေနဲ့ ကားခကလည်း များများ တောင်းရတယ်။ ဘာလို့ဆို လမ်းကြေးက တဝက်မကဘူးဗျာ။ ရတဲ့ကားခထက်ကို။ ဥပမာပြောရင် မနေ့တုန်းက သယ်သွားတယ်၊ နှစ်သိန်းခွဲဖိုးပါတယ်။ မုန့်အပွတွေချည်းပဲ၊ အဲဒါလမ်းကြေးက တသိန်းနှစ်သောင်းကုန်တယ်။ ကျနော့်အတွက်ကို မကိုက်တော့ဘူးလေ။ အဲဒီတော့ ပြည်သူလူထု ဘယ်လောက် စျေးကြီးပေးပြီးမှ ဝယ်စားရမလဲ၊ ခိုးလမ်းကိုတော့ ဖွင့်ပေးတယ်။ သို့ပေမဲ့ သူတို့က တန်အောင်တောင်းတယ်။ ဘာပစ္စည်းပါလဲ။ သူတို့နားမလည်ဘူး။ ဒီလောက်ပေးနိုင်ရင်သွား မပေးနိုင် မသွားနဲ့ အဲလိုမျိုး။"

တရုတ်ပြည်သူ့ နိင်ငံရေး အတိုင်ပင်ခံ ကွန်ဖရင့် CPPCC နဲ့ KIA ကချင်လွတ်မြောက်ရေးတပ်မတော်တို့ တို့ ယူနန်ပြည်နယ်ထဲမှာ ကချင်ပြည်နယ်က နယ်စပ်ဂိတ်တွေနဲ့ ပတ်သက်ပြီး ဆွေးနွေးခဲ့တဲ့အကြောင်း ကချင် သတင်းရပ်ကွက်ကပြောပါတယ်။ အဲဒီနောက် ၂၀၂၄ နှစ်ကုန်ပိုင်းမှာ နှစ်ဘက်လုံးက ဂိတ်တွေကို ပြန်ဖွင့်ပေးလိုက်ပါတယ်။ ဒါပေမဲ့ လွယ်ဂျယ်နဲ့ ကံပိုင်တီ ဂိတ်တွေမှာ တရုတ်ကုန်ကားတွေ ဝင်ထွက်နေတာကလွဲလို့ ကုန်သွယ်ရေး လုံးဝမရှိပါဘူး။ မြန်မာဘက်မှာ လာပြီးစိုက်ပျိုးထားတဲ့ တရုတ်ကုမ္ပဏီပိုင် သီးနှံတွေကိုပဲ သယ်ယူနေတာ ဖြစ်ပါတယ်။ အလားတူ မြောက်ပိုင်း မဟာမိတ်တွေ ထိန်းချုပ်ထားတဲ့ မူဆယ်က ကျင်စန်းကျော့ဂိတ်ကိုလည်း တရုတ်က ပြန်ဖွင့်ပေးခဲ့ပါတယ်။ အခု မြန်မာဘက်က ကြံတွေကို အဲဒီဂိတ်ကနေ တရုတ်က ဝယ်နေတယ်လို့လည်း ကြံကုန်သည်တချို့က ဗွီအိုအေကို ပြောပါတယ်။

'ဝ'ဒေသနဲ့ မိုင်းလားဂိတ်တွေကိုလည်း ပြီးခဲ့တဲ့ ၂၀၂၄ အောက်တိုဘာမှာ တရုတ်က တပြိုင်နက်တည်း ပိတ်ခဲ့တယ်ဆိုပေမဲ့ အခုတော့ ပြန်ဖွင်ပေးထားတယ်လို့ ဆိုပါတယ်။ ကုန်သည်တွေက ဖရဲသီးတွေကို မိုင်းလားဂိတ်ကတဆင့် တရုတ်ကို ပို့ကြပါတယ်။ မူဆယ်ထက်စာရင် ကုန်ကျစရိတ်က ကျပ်သိန်း ၅၀ လောက် ပိုလာတယ်လို့ လုပ်ငန်းရှင်တွေက VOA ကို ပြောပါတယ်။

အခု ၂၀၂၅ ဇန်နဝါရီလ ၂၀ရက်မှာ တရုတ်ရဲ့ စေ့စပ်ပေးမှုနဲ့ စစ်ကောင်စီနဲ့ မြန်မာ အမျိုးသား ဒီမိုကရက်တစ်မဟာမိတ် တပ်မတော် (MNDAA) ကိုးကန့်တပ်ဖွဲ့တို့ အပစ်ရပ်စဲခဲ့ပါတယ်။ အဲဒီနောက် တရုတ်က ကိုးကန့် MNDAA ထိန်းချုပ်ထားတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းက ချင်းရွှေဟော်နဲ့ လောက်ကိုင် နယ်စပ်ဂိတ်နှစ်ခုကို ပြန်ဖွင့်ပေးလိုက်ပါတယ်။ အခု လောက်ကိုင်ဂိတ်ကနေ မြန်မာဘက်က ကြံတွေကို တရုတ်က ဝယ်နေပါတယ်။ တရုတ်ဘက်က စက်သုံးဆီတွေကတော့ ချင်းရွှေဟော်ဂိတ်ကနေ မြန်မာဘက်ကို ဝင်လာပါတယ်။ စက်သုံးဆီကို ရှမ်းမြောက်က နယ်စပ်မြို့တွေမှာ တရုတ်ကုမ္ပဏီတွေကပဲ ရောင်းချပေးနေကြောင်း ဒေသခံတချို့က ပြောပါတယ်။ လောက်ကိုင်နဲ့ ချင်းရွှေဟော်မှာ ကုန်စည်နဲ့ ခရီးသွားလုပ်ငန်းတွေကို တရုတ်အာဏာပိုင်တွေက လက်တလော ကန့်သတ်ထားတဲ့ကြောင်း ကိုးကန့်က လုပ်ငန်းရှင်တဦးက ဗွီအိုအေကို ပြောပါတယ်။

"လောလောဆယ်ဟုတ်တယ်။ အခုမှ ဂိတ်တွေဖွင့်တာဆိုတော့ ကုန်စည်တွေသွားတာတော့ မတွေ့သေးဘူး။ ကွမ်လုံတံတားမှာက ကိုးကန့်ရဲပေါ့နော် သူတို့က လက်ရှိအနေအထားအရ ဗမာဆိုရင် လောလောဆယ် လောက်ကိုင်ကို လုံခြုံရေးအရပြောတယ်။ ပေးမသွားသေးဘူး။ လုံခြုံအရေးအရ ကျနော်တို့ သိတာဆိုရင်တော့ လားရှိုး"ဝ" ဆက်ဆံရေးရုံးမှာ ကျနော်တို့သွားမဲ့ ခရီးရဲ့ ထောက်ခံချက်ကို လုပ်ရတယ်။ အဲလိုမျိုးထောက်ခံချက် ပါတယ်ဆိုရင်တော့ ကွမ်လုံတံတားက ကြည်ကြည်ဖြူဖြူ လွှတ်တယ်။ ထောက်ခံချက်မပါဘူး၊ တင်လာတဲ့ခရီးသည်က ဗမာတွေဆိုရင် နည်းနည်းစစ်တယ်။ နည်းနည်ရစ်တယ်ပေါ့နော်၊ ပြီးရင် နောက်ပြန်လွှတ်တယ်။ ဘာမှတော့မလုပ်ဘူး သွာလို့မရဘူး နောက်ပြန်လှည့် အဲလိုပဲသူတို့ပြောတယ်။"

ထိုင်း-မြန်မာ နယ်စပ်ကုန်သွယ်ရေးမှာ အဓိကကျတဲ့ မြဝတီကုန်သွယ်ရေးဇုန်ကတော့ လုပ်ငန်း မလည်ပတ်တာ အခုဆိုရင် တနှစ်လာက်ရှိပါပြီ။ အဓိကကျတဲ့ အာရှလမ်းပေါ်မှာ တိုက်ပွဲတွေရှိနေလို့ ကုန်စည်ပို့ဆောင်ရေးတွေလည်း ပြတ်တောက်ခဲ့ပါတယ်။ စစ်ကောင်စီက တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးဆိုတဲ့ စီမံကိန်းနဲ့ ဖမ်းဆီးတာတွေ ရှိတဲ့အတွက်လည်း ဒီလမ်းကို ရှောင်ကွင်းသွားကြ တယ်လို့ နယ်စပ်ကုန်သည် တချို့က ဗွီအိုအေကို ပြောပါတယ်။ လုပ်ငန်းရှင်တွေကတော့ နယ်ခြားစောင့် ဂိတ်တွေ၊ တောလမ်းတွေကတဆင့် ထိုင်းက ကုန်ပစ္စည်းတွေကို သယ်ယူနေကြပါတယ်။

စစ်ကောင်စီနဲ့ ထိုင်း ကုန်သည်တချို့ကတော့ မြဝတီ နယ်စပ်ဂိတ်အစား တနင်္သာရီတိုင်း၊ ကော့သောင်းဆိပ်ကမ်းကို အစားထိုးပြီး ထိုင်းနိုင်ငံ ရနောင်ဆိပ်ကမ်းတွေကတဆင့် ကုန်သွယ်ပါတယ်။ ၂၀၂၄ ဇွန်လမှာ အဲဒီ ရေကြောင်းတွေကို စစ်ကော်စီက စသုံးခဲ့တာပါ။ ပြည်တွင်းမှာ လိုအပ်နေတဲ့ ဘိလပ်မြေကိုလည်း အဲဒီဆိပ်ကမ်းကနေ တင်သွင်းဖို့ ဒီရက်ပိုင်းထဲမှာ ကုန်သည်တွေကို ခွင့်ပြုပေးထားပါတယ်။ စစ်ပွဲတွေရှိနေတဲ့ ထိုင်း-မြန်မာ အာရှလမ်းမကို ရှောင်ပြီး ကုန်သွယ်ခဲ့တာပါ။ ပြီးတော့ ရှမ်းပြည်နယ်အရှေ့ပိုင်းက တာချီလိတ် နယ်စပ်ဂိတ်ကို အစားထိုးပြီး အသုံးပြုကြဖို့ စစ်ကောင်စီက ကုန်သည်တွေကို တိုက်တွန်းနေပါတယ်။

အိန္ဒိယနယ်စပ်က ကုန်သွယ်ရေး ဂိတ်တွေကိုတော့ ချင်းတိုင်းရင်းသားတွေနဲ့ စစ်ကောင်စီကို လက်နက်ကိုင် တိုက်နေတဲ့ အဖွဲ့အစည်းတွေက ထိန်းချုပ်ထားတယ်။ အိန္ဒိယဘက် နယ်စပ်ဂိတ်တွေကို ပိတ်ထားတာ လေးနှစ်နီးပါး ရှိပြီလို့ ဒေသခံတချို့က ပြောပါတယ်။ အိန္ဒိယ မဏိပူရ်ပြည်နယ်၊ မိုရေးနဲ့ စစ်ကိုင်းတိုင်း၊ တမူးမြို့ကြားက ကုန်သွယ်ရေးကို ပြန်စဖို့ အိန္ဒိယနဲ့ မြန်မာကုန်သည်တွေကြား အခုလထဲမှာ ညှိနှိုင်းခဲ့ကြပါတယ်။ အိန္ဒိယ-မြန်မာ နောက်ထပ် နယ်စပ်စခန်းဖြစ်တဲ့ ရိဒ်ခေါဒါရ် ကုန်သွယ်ရေးစခန်းကိုတော့ ချင်းလက်နက်ကိုင်တွေက ထိန်းချုပ်ထားပါတယ်။ ကုန်သွယ်ရေးမရှိပေမဲ့ မြန်မာဘက်က ကျောင်းသားတွေကိုတော့ နှစ်နိုင်ငံ နားလည်မှုနဲ့ ဖြတ်သန်းခွင့်ပြုထားတယ်လို့ ဒေသခံတချို့က ဗွီအိုအေကို ပြောပါတယ်။

မောင်တောမြို့က မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်စခန်းကိုတော့ အာရက္ခတပ်တော် AA က သိမ်းပိုက် ထားတာပါ။ စစ်တွေ-ဘင်္ဂလားဒေရှ့် နယ်စပ်ကုန်သွယ်ရေးကို စစ်ကောင်စီက ရန်ကုန်ကတဆင့် ကုန်သွယ်ခဲ့ပါတယ်။ ဒါပေမဲ့ ရန်ကုန်ဆိပ်ကမ်းကထွက်လာတဲ့ သင်္ဘောသုံးစီးကို ဘင်္ဂလားဒေ့ရှ်၊ တက္ကနပ်ဆိပ်ကမ်း မရောက်ခင်မှာ AA က အခု ဇန်နဝါရီလလယ်မှာပဲ ကြားဖြတ် ဖမ်းဆီးခဲ့တာကြောင့် ဒီကုန်သွယ်မှုကို စစ်ကောင်စီက ရပ်ဆိုင်းခဲ့ပါတယ်။ သင်္ဘောတွေကို စစ်ဆေးပြီး AA အာရက္ခ တပ်တော်က ပြန်လွှတ်ပေးခဲ့ပေမဲ့ ဘင်္ဂလားဒေ့ရှ် သတင်းစာတချို့ကတော့ နှစ်နိုင်ငံ ကုန်သွယ်ရေး အခြေအနေ လုံခြုံမှုမရှိဘဲ စိုးရိမ်စရာ အခြေအနေကို ဝေဖန်၊ ထောက်ပြရေးသားခဲ့ပါတယ်။

Forum

XS
SM
MD
LG