မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း မြို့သိမ်း၊ စခန်းသိမ်းတိုက်ပွဲတွေ တကျော့ပြန် ပြင်းထန်ခဲ့တဲ့ ၂၀၂၄ ခုနှစ်မှာ စပါး၊ မြေပဲ၊ နှမ်းရောင်စုံ၊ ပဲမျိုးစုံ အပါအဝင် လယ်ယာထွက်ကုန် အများစု အထွက်နူန်းလျော့ကျခဲ့တဲ့အပြင်၊ တရုတ် အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့တွေက နယ်စပ်ကုန်သွယ်ရေး စခန်းတွေကို အပြန်အလှန် ကန့်သတ်ပိတ်သိမ်း လိုက်တာကြောင့် ကုန်သွယ်မှုတွေလည်း ပြတ်တောက်ခဲ့ရပြီး၊ တောင်သူတွေနဲ့ ကုန်သည်တွေအတွက် ပျက်စီးမှု အများဆုံးနဲ့ ဆုံးရှုံးမှု ကြီးမားတဲ့ နှစ် တစ်နှစ်လို့ သတ်မှတ်ပြောဆိုကြပါတယ်။
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနကတော့ ၂၀၂၄ - ၂၀၂၅ ဘဏ္ဍာနှစ်မှာ ပြည်ပကို လယ်ယာထွက်ကုန်တင်ပို့မှု ကနေ အမေရိကန်ဒေါ်လာ သန်း ၃,၀၀၀ နီးပါး ဝင်ငွေရရှိထားပြီး၊ ကုန်သွယ်မှုကဏ္ဍအားလုံးကနေ ဝင်ငွေ အမေရိကန်ဒေါ်လာ ၉ ဘီလီယံကျော် ရရှိထားတယ်လို့ ကုန်သွယ်မှုစာရင်းတွေမှာ ဖော်ပြထားပါတယ်။
မြန်မာနိုင်ငံကနေ ပြည်ပသို့ ဆန်၊ ဆန်ကွဲ၊ ပဲအမျိုးမျိုး၊ ပြောင်း၊ နှမ်း၊ ဝဥ၊ ပန်းနှမ်း၊ ဝါ၊ ချင်း(ဂျင်း)၊ ကြက်သွန်နီ၊ ဖရဲ၊ သခွား၊ ထောပတ်သီး စတဲ့ လယ်ယာထွက်ကုန်တွေအပြင် ရေထွက်ကုန်နဲ့ တိရိစ္ဆာန်ထွက်ပစ္စည်းတွေကိုလည်း တင်ပို့ကြပါတယ်။
ပြည်ပနိုင်ငံတွေကတော့ စက်မှုကုန်ချောနှင့် အခြားပို့ကုန်ပစ္စည်းများ တင်သွင်းကြသလို ရင်းနှီးမြှုပ်နှံမှုနှင့် ဆက်စပ်တဲ့ကုန် ပစ္စည်းများ၊ ဆောက်လုပ်ရေး၊ စားသောက်ကုန်၊ လူသုံးကုန်၊ အလှကုန်နှင့် ဆေးဝါး၊ စိုက်ပျိုးရေးသွင်းအားစုနှင့် လက်ခစား (CMP) အထည်ချုပ်ကုန်ကြမ်း စတာတွေကို ပြန်လည်တင်သွင်းနေတာ ဖြစ်ပါတယ်။
ကုန်သွယ်ဘက် နိုင်ငံများ
မြန်မာနိုင်ငံနဲ့ ကုန်သွယ်မှု အများဆုံး ပြုလုပ်နေတဲ့ နိုင်ငံတွေကတော့ တရုတ်၊ ထိုင်း၊ ဂျပန်၊ အိန္ဒိယ၊ အမေရိကန်၊ ဂျာမနီ၊ UK ၊ စပိန်၊ နယ်သာလန်၊ တောင်ကိုရီးယား နိုင်ငံတို့ဖြစ်ပြီး၊ အိမ်နီးချင်းဖြစ်တဲ့ တရုတ်၊ ထိုင်း၊ ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယနိုင်ငံတို့နဲ့ နယ် စပ်ကုန်သွယ်ရေးကို အဓိက ပြုလုပ်နေကြတာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံအတွက် လိုအပ်တဲ့ ကုန်ပစ္စည်းတွေကိုတော့ တရုတ်၊ စင်ကာပူ၊ ထိုင်း၊ အင်ဒိုနီးရှား၊ မလေးရှား၊ အိန္ဒိယ၊ တောင်ကို ရီးယား၊ ဂျပန်၊ ဗီယက်နမ်နှင့် အမေရိကန်နိုင်ငံတို့ကနေ တင်သွင်းကြပါတယ်။
နယ်စပ်ကုန်သွယ်ရေး
နယ်စပ်ကနေ ဆန်နဲ့ ဆန်ကွဲ၊ ပြောင်းဆံ၊ ပဲမျိုးစုံ၊ နှမ်း၊ ဖရဲ၊ သခွားနဲ့ ရေထွက်ကုန်တို့ကို တင်ပို့မှု အများဆုံး ပြုလုပ်နေကြတာ ဖြစ်ပြီး၊ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ၁၀၂၇ စစ်ဆင်ရေး မြို့သိမ်းတိုက်ပွဲကြီးတွေ စတင်ခဲ့တဲ့ ၂၀၂၃ ခုနှစ် အောက်တိုဘာလက စလို့ လက်ရှိအချိန်ထိ မူဆယ် ၁၀၅ မိုင် အပါအဝင် နယ်စပ်ကုန်သွယ်ရေးဇုန်ကြီးတွေမှာ ကုန်သွယ်မှု ရပ်နားထားရပြီး၊ လမ်း ပန်းဆက်သွယ်ရေး ပြတ်တောက်မှုတွေလည်း ဖြစ်ပေါ်နေပါတယ်။
လက်ရှိမှာ ကချင်ပြည်နယ်ထဲက တရုတ်-မြန်မာနယ်စပ်ဂိတ်တွေဖြစ်တဲ့ ကန်ပိုက်တည်၊ လိုင်ဇာ၊ ပန်ဝါ၊ လွယ်ဂျယ်၊ ဖီမော် စ တဲ့ နယ်စပ်ဂိတ်တွေကို ကချင်လွတ်မြောက်ရေး တပ်မတော် (KIA/KIO) တပ်တွေက ထိန်းချုပ်ထားပြီး၊ နယ်စပ်ဂိတ်တွေ ဖွင့် ထားပေမယ့် ကုန်သွယ်မှုကတော့ မရှိသလောက် နည်းပါးနေပါတယ်။
အလားတူ ကိုးကန့်တပ်ဖွဲ့ MNDAA ထိန်းချုပ်ထားတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းက ကျင့်စန်းကျော့၊ ချင်းရွှေဟော်၊ ကြူကုတ် ပန်ဆိုင်း နယ်စပ်ဂိတ်တွေကလည်း ကုန်သယ်မှု ရပ်တန့်နေပါတယ်။
လက်ရှိမှာ တရုတ်-မြန်မာ နယ်စပ်ဂိတ်တွေထဲမှာ ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်-မိုင်းလား-တာလေ့ာ နယ်စပ်ဂိတ်က နေ ဖရဲသခွား တင်ပို့မှု အနည်းငယ်ရှိသလို၊ မူဆယ်မြို့ ဆင်ဖြူဂိတ်ကတော့ မီးဖိုချောင်သုံး အသီးအနှံနဲ့ အသား၊ ငါးကိုသာ တစ် ရက်မှာ ကားအစီးရေ ၅၀ နဲ့ ဆိုင်ကယ်အစီးရေ ၂၀၀ ခန့် ဝင်ရောက်ဖြတ်သန်းခွင့် ပြုထားပါတယ်။ ကျန်တဲ့ အေးခဲအသား အပါအဝင် လူသုံးကုန်ပစ္စည်း အားလုံး သယ်ယူခွင့် ပိတ်ပင်ထားတယ်လို့ ကုန်သည်တွေက ပြောဆိုထားပါတယ်။
လတ်တလောမှာ တရုတ်-မြန်မာ နယ်စပ်ဂိတ်ကနေ ဆန်တင်ပို့မှု လုံးဝရပ်တန့်သွားသလို၊ ကျန်တဲ့လယ်ယာထွက်ကုန်ပစ္စည်း တင်ပို့မှုတွေလည်း ရပ်တန့်နေတာ ဖြစ်ပါတယ်။
ထိုင်း-မြန်မာနယ်စပ် ကုန်သွယ်ရေးကလည်း လက်ရှိမှာ မြဝတီဇုန်က ကုန်သွယ်မှု ရပ်နားထားရသလို၊ မြဝတီ-အာရှလမ်းက သွားလာလို့ မရသေးတာကြောင့် တောလမ်းကနေ သွားရတဲ့အတွက် လမ်းပန်းဆက်သွယ်ရေး ခက်ခဲပြီး၊ အန္တရာယ်များသလို၊ သယ်ယူပို့ဆောင်ရေး စရိတ်တွေလည်း ပိုမိုကုန်ကျနေတယ်လို့ ကုန်သည်တွေက ပြောပါတယ်။
ဘင်္ဂလားဒေ့ရှ်နဲ့ အိန္ဒိယနယ်စပ်က ကုန်သွယ်ရေးစခန်းတွေကိုလည်း ဒေသခံတိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့တွေက ထိန်း ချုပ်ထားပြီး၊ ၂၀၂၃ ခုနှစ်ကစလို့ ကုန်သွယ်မှုက ရပ်တန့်သလောက်နီးပါး ဖြစ်နေတာပါ။ ပင်လယ်ရေကြောင်း ကုန်သွယ်မှုက တော့ စာရိတ်စကများပြီး အကျိုးအမြတ် ရရှိမှု နည်းပါးလို့ လုပ်ကိုင်သူ အနည်းငယ်သာ ရှိတယ်လို့ ဆိုကြပါတယ်။
ကုန်စျေးနှုန်း မြင့်တက်ရခြင်း
ဒါကြောင့် အာဏာသိမ်းပြီးနောက်ပိုင်း ပြည်တွင်းမှာ တရုတ်နဲ့ ထိုင်းကနေ မြန်မာဘက်ကို တင်သွင်းရတဲ့ ဆောက်လုပ်ရေး၊ လယ်ယာသုံး သွင်းအားစု၊ လူသုံးကုန်၊ ဆေးဝါး၊ စားသောက်ကုန်၊ စာရေးကိရိယာ၊ အိမ်ဆောက်ပစ္စည်း အပါအဝင် ကုန်ပ စ္စည်းအားလုံး စျေး ၃ ဆလောက် မြင့်တက်နေတာ ဖြစ်ပါတယ်။
ကုန်သွယ်မှုလျော့ကျပြီး ကုန်စျေးနှုန်းမြင့်တက်ရတဲ့ အကြောင်းအရင်းတွေထဲမှာ ပြည်ပလယ်ယာထွက်ကုန် တင်ပို့မှုကနေ ရရှိလာတဲ့ ပို့ကုန်ရငွေ၊ အမေရိကန်ဒေါ်လာဝင်ငွေရဲ့ ၆၀ ရာခိုင်နှုန်းကို ဗဟိုဘဏ်က သတ်မှတ်စျေးအတိုင်း လဲလှယ်ပေးရတာ အပါအဝင် မူဝါဒ အပြောင်းအလဲတွေနဲ့ ကုန်သည်တွေရဲ့ စျေးကစားမှုကြောင့်လည်း ပါဝင်တယ်လို့ ကျွမ်းကျင်သူတွေက ထောက်ပြထားပါတယ်။
ဒါ့အပြင် စစ်ကောင်စီဒုတိယဥက္ကဌ ဒုဗိုလ်ချုပ်မှူးကြီးစိုးဝင်းရဲ့ အမိန့်ပေးမှုကြောင့် ပြီးခဲ့တဲ့ စက်တင်ဘာလကစလို့ စိုက်ပျိုး ရေးသွင်းအားစု အရောင်းဆိုင်တွေ အပါအဝင် ကုန်စုံဆိုင်တွေနဲ့ ဂိုထောင်တွေက တရုတ်နဲ့ ထိုင်းနိုင်ငံထုတ် ကုန်ပစ္စည်းတွေကို တရားမဝင် တင်သွင်းခြင်း ရှိ၊ မရှိ စစ်ဆေးဖမ်းဆီးမှုတွေ ပြုလုပ်နေတာကြောင့် ကုန်စည်ပြတ်လပ်မှုနဲ့ စျေးအဆမတန် ကြီးမြင့်မှုတွေ ထပ်မံဖြစ်ပေါ်လာတာ ဖြစ်တယ်လို့လည်း ကုန်သည်တွေနဲ့ တောင်သူတွေက ဝေဖန်ထားပါတယ်။
အာဏာမသိမ်းခင် ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလအထိ ပြည်တွင်းမှာ စားအုန်းဆီ တစ်ပိဿာကို ၂,၂၀၀ ကျပ်သာ ရှိခဲ့ပေမဲ့ လက်ရှိ ရန်ကုန်မြို့ မှာ စားအုန်းဆီ တစ်ပိဿာကို ၁၅,၀၀၀ ကျပ်လောက် ပေါက်စျေးရှိနေပြီး၊ နယ်ဒေသတွေမှာတော့ တစ်ပိဿာကို ၂၀,၀၀၀ ကျပ်လောက်အထိ မြင့်တက်နေတာကို တွေ့ရပါတယ်။
အာဏာမသိမ်းခင် ၂၀၂၀ ခုနှစ်က ပြည်တွင်းမှာ စားသုံးမှုများတဲ့ ရွှေဘိုပေါ်ဆန်းမွှေးက တစ်အိတ်ကို ၅၇,၀၀၀ ကျပ်လောက် သာ ပေါက်စျေးရှိခဲ့ပြီး ၂၀၂၄ ခုနှစ်မှာတော့ တစ်အိတ်ကို ကျပ် ၂ သိန်းဝန်းကျင်လောက်ထိ စျေးမြင့်တက်လာတာ ဖြစ်ပါတယ်။
တခြားအခြေခံ စားသောက်ကုန်စျေးနူန်းတွေလည်း အဆမတန်မြင့်တက်နေပြီး အသားစျေးကွက်မှာဆိုရင်လည်း ကြက် သား၊ ဝက်သား၊ ငါး၊ အမဲသားစျေးက တစ်ပိဿာကို အနိမ့်ဆုံး ၂၀,၀၀၀ ကျပ်လောက်ထိ ဖြစ်ပေါ်နေတာပါ။
လယ်ယာထွက်ကုန် စျေးကျဆင်းမှု
နယ်စပ်ကုန်သွယ်ရေး အဆင်မပြေမှုကြောင့် ပြည်ပကနေ တင်သွင်းရတဲ့ စက်သုံးဆီ၊ စိုက်ပျိုးရေးသွင်းအားစုနဲ့ စားသောက် ကုန်စျေးနှုန်းတွေ အဆမတန် မြင့်တက်လာပေမယ့် ပြည်တွင်းမှာ စိုက်ပျိုးထွက်ရှိတဲ့ လယ်ယာထွက်ကုန် သီးနှံတွေကတော့ ပြည်ပတင် ပို့ခွင့်မရတာကြောင့် စျေးနှုန်းကျဆင်းမှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။
စားဖိုဆောင်သီးနှံတွေ အများဆုံးစိုက်ပျိုးထွက်ရှိတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ တိုက်ပွဲတွေ ဖြစ်ပွားနေတာကြောင့် အဲဒီဒေ သကထွက်တဲ့ လယ်ယာထွက်ကုန်ပစ္စည်းတွေကို ရန်ကုန်၊ မန္တလေးနှင့် ပြည်မဒေသဘက်ကို သယ်ယူပို့ဆောင်ရောင်းချဖို့ ခက်ခဲနေသလို ရန်ကုန်၊ မန္တလေး၊ ဧရာဝတီတိုင်းဘက်က ထွက်ရှိတဲ့ ကုန်ပစ္စည်းတွေကိုလည်း ကျန်ဒေသတွေကို တင်ပို့နိုင် ခြင်းမရှိလို့ တောင်သူတွေ ဒုက္ခရောက်နေကြပါတယ်။
ရေကြီးနစ်မြှုပ် ပျက်စီးမှု
ဒါ့အပြင် ၂၀၂၄ ခုနှစ် မိုးရာသီကာလဖြစ်တဲ့ ဇွန်၊ ဩဂုတ်၊ စက်တင်ဘာလတွေမှာ မြန်မာပြည်နေရာ အများစုမှာ သုံးကြိမ်ဆက် တိုက် ရေကြီးနစ်မြုပ်မှု ဖြစ်ပွားခဲ့ပြီး၊ လက်ရှိအချိန်ထိ တချို့ကျေးရွာက နေအိမ်တွေဆိုရင် နေထိုင်လို့ မရသေးဘူးလို့ ဒေသခံ တွေက ပြောဆိုထားပါတယ်။
စက်တင်ဘာ ၁၁ ရက်နေ့က မြန်မာနိုင်ငံကို ဝင်ရောက်ခဲ့တဲ့ စူပါတိုင်ဖွန်းမုန်တိုင်း ရာဂီကြောင့် ကရင်ပြည်နယ်၊ ကယားပြည် နယ်၊ မွန်ပြည်နယ်နှင့် ရှမ်းပြည်နယ် အပါအဝင် နေပြည်တော်၊ ပဲခူးတိုင်း၊ မကွေးတိုင်း၊ မန္တလေးတိုင်းဒေသကြီးတို့မှာ ရေကြီး ရေလျှံမှုတွေနဲ့ မြေပြိုမှုတွေပါ ကြုံတွေ့ခဲ့ရပါတယ်။
အောက်တိုဘာ ၁ ရက်နေ့ မနက်ပိုင်းထိ ရရှိတဲ့ စာရင်းတွေအရ ရေကြီးရေလျှံမှုနဲ့ မြေပြိုမှုတွေကြောင့် လူပေါင်း ၅၀၀ နီးပါး သေဆုံးခဲ့ရပြီး၊ နိုင်ငံတစ်ဝန်း အနည်းဆုံး လူပေါင်း ၆၃၁,၀၀၀ ခန့် ရေဘေးသင့်ခဲ့သလို၊ လယ်ယာလုပ်ငန်းခွင်သုံး ကျွဲ၊ နွား အပါအဝင် တိရစ္ဆာန် အကောင်ရေပေါင်း တစ်သိန်းရှစ်သောင်းကျော် (၁၈၁,၄၉၁) သေဆုံးခဲ့တယ်လို့လည်း စစ်ကောင်စီက စာရင်းထုတ်ပြန်ခဲ့ပါတယ်။
ဒါ့အပြင် ရာဂီမုန်တိုင်း တိုက်ခတ်ခဲ့တဲ့ အရှိန်ကြောင့်လည်း ရှမ်းပြည်နယ် အပါအဝင် မြန်မာနိုင်ငံတဝှမ်းမှာ စိုက်ပျိုးထားတဲ့ စပါးစိုက်ဧက ရှစ်သိန်းနီးပါး (၇၉၃,ဝဝဝ) ပျက်စီးခဲ့သလို အခြားသီးနှံ စိုက်ဧက ခုနစ်သောင်းကျော် (၇၃,၄၂၄) ပျက်စီးဆုံးရှုံးခဲ့ တယ်လို့ ဆိုပါတယ်။
မုန်တိုင်းကြောင့် လယ်ယာစိုက်ခင်းတွေ ရေကြီးနစ်မြုပ် ပျက်စီးခဲ့ရတဲ့ တောင်သူအများစုဟာ စိုက်ပျိုးစာရိတ် အရင်းအနှီး မလုံလောက်တာ အပါအဝင် လယ်တွေထဲကနေ ရေပြန်ကျဆင်းမှု နောက်ကျတာကြောင့် စပါး အပါအဝင် သီးနှံအများစုကို ထပ်မံစိုက်ပျိုးနိုင်ခြင်း မရှိသေးဘူးလို့ တောင်သူတွေက ပြောပါတယ်။
မကွေးတိုင်းဘက်မှာတော့ မိုးခေါင်ရေရှားလို့ မြေပဲ၊ နှမ်းစိုက်ခင်းတွေ နေလောင်ပြီး ပျက်စီးဆုံးရှုံးကုန်တယ်လို့ ဆိုကြပါ တယ်။
ချေးငွေကဏ္ဍ
မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်ကတော့ အခုနှစ် နွေစပါးရာသီအတွက် ချေးငွေထုတ်ယူလိုတဲ့ တောင်သူတွေ အနေနဲ့ လယ် ယာမြေ ပိုင်ဆိုင်ခွင့်လက်မှတ် (ပုံစံ- ၇) မူရင်းကို အာမခံအဖြစ် အပေါင်အပ်နှံထားရမှာ ဖြစ်သလို၊ ချေးငွေပြန်ဆပ်ရမယ့် ကာ လကို စပါးသီးနှံ တစ်ရာသီစာဖြစ်တဲ့ (၄) လကနေ (၅) လအထိ သတ်မှတ်ထားပြီး၊ အတိုးနှုန်းကိုတော့ (၁) နှစ် (၁၀) ရာခိုင်နှုန်း သတ်မှတ်ထားတယ်လို့ ပြောဆိုထားပါတယ်။
ချေးငွေကိုတော့ နေပြည်တော် အပါအဝင် ဧရာဝတီတိုင်း၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်းက တောင်သူ တစ်သိန်း လောက်ကို တစ်ဧက ၄ သိန်းနူန်းနဲ့ ကနဦး ထုတ်ချေးပေးမှာဖြစ်ပြီး၊ လတ်တလောမှာတော့ နွေစပါး စိုက်ပျိုးစရိတ်ချေးငွေ လျှောက်ထား လာတဲ့ တောင်သူဦးရေ ၅၀,၀၀၀ ကျော်လောက်အထိ လက်ခံရရှိထားတယ်လို့ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်က ထုတ် ပြန်ထားပါတယ်။
စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ဖြစ်ပေါ်လာတဲ့ တိုက်ပွဲတွေကြောင့် မြေဩဇာ၊ ပိုးသတ်ဆေး၊ စက်သုံးဆီ၊ အလုပ်သမားနဲ့ လယ်ယာသုံးစက်ငှားရမ်းခ စတဲ့ အထွေထွေကုန်ကျစရိတ်အားလုံး ၃ ဆလောက် မြင့်တက်လာပြီး အခုနှစ်မှာ လယ် တစ်ဧက စိုက်ပျိုးစာရိတ်က ကျပ် ၇ သိန်းလောက်ထိ ကုန်ကျနေပါတယ်။
တောင်သူ အခက်အခဲ
လတ်တလောမှာ တောင်သူလယ်သမား ပြည်သူတွေဟာ စစ်ဘေးဒဏ် အပါအ၀င် စိုက်ပျိုးစာရိတ်နှင့် ကုန်စျေးနှုန်းမြင့်တက်မှု ၊ စားသောက်ကုန် ရှားပါးပြတ်လပ်မှုဒဏ်တွေကိုပါ ပူးတွဲရင်ဆိုင်နေကြရတာ ဖြစ်ပါတယ်။
ပဲခူးတိုင်းအတွင်းက စပါးစိုက်တောင်သူတွေကတော့ လက်ရှိ မြန်မာ့လယ်ယာစိုက်ပျိုးစီးပွားစနစ်က ကုန်သည်တွေအတွက် သေချာတဲ့ ရင်းနှီးမှုဖြစ်ပြီး၊ စိုက်ပျိုးတောင်သူတွေ အတွက်ကတော့ မသေချာတဲ့ အခြေအနေတွေနဲ့ ရင်ဆိုင်နေရတယ်လို့ ဝေ ဖန်ပါတယ်။
စက်သုံးဆီ၊ သွင်းအားစု အပါအဝင် စိုက်ပျိုးစာရိတ်က နှစ်စဉ် မြင့်တက်လာပေမယ့် အထွက်နှုန်းနဲ့ လယ်ယာထွက်ကုန်စျေးနှုန်းက သိသာသာလိုက်ပါမြင့်တက်မလာတာကြောင့် မြန်မာနိုင်ငံမှာ စိုက်ပျိုးရေးလုပ်ငန်းကို စွန့်ခွာလာသူ မြင့်တက်လာ တယ်လို့လည်း ဧရာ၀တီတိုင်း ပုသိမ်မြို့ နယ်က မတ်ပဲစိုက်တောင်သူ ဦးသိန်းအောင်က ထောက်ပြပြောဆိုထားပါတယ်။
Forum