သုံးရလွယ်ကူစေသည့် Link များ

logo-print
နောက်ဆုံးရသတင်း

ရွေးကောက်ပွဲ စောကျင်းပရေး ၀န်ကြီးချုပ်အဆို ဗြိတိန်လွှတ်တော် ထပ်မံပယ်ချ


ဥရောပသမဂ္ဂ EU ထဲကနေ ဗြိတိန်နိုင်ငံခွဲထွက်မယ့် Brexit လုပ်ငန်းစဉ် ရှေ့ဆက်နိုင်ဖို့ ကြိုးပမ်းတဲ့ အနေနဲ့ ရွေးကောက်ပွဲတွေ အစောတလျင် ကျင်းပဖို့ပြောနေတဲ့ ဗြိတိန်ဝန်ကြီးချုပ် Boris Johnson ရဲ့အစီအစဉ်ကို ဗြိတိန်လွှတ်တော်က ဒုတိယအကြိမ် ထပ်မံ ပယ်ချလိုက်ပါတယ်။

အီးယူခေါင်းဆောင်တွေရဲ့ ထိပ်သီးဆွေးနွေးပွဲမတိုင်ခင် သူ့ရဲ့ ခွဲထွက်ရေးအစီအစဉ်ကို လွှတ်တော်မှာ အများစုထောက်ခံမဲနဲ့ အတည်ပြုနိုင်ဖို့ အတွက် ၀န်ကြီးချုပ် Johnson က ရွေးကောက်ပွဲတွေကို အောက်တိုလာလ ၁၅ ရက်နေ့မှာ စောကျင်းပဖို့ လှုံ့ဆော်နေတာပါ။ ဒါပေမဲ့ ဒါကို လွှတ်တော်မှာ ဒီကနေ့ပယ်ချလိုက်ပြီးတဲ့နောက်မှာပဲ ၀န်ကြီးချုပ်ကတော့ အငြင်းပွားစရာတွေရှိနေတဲ့ သီတင်း ၅ ပတ်ကြာ လွှတ်တော် ဆိုင်းငံ့မှုကို ဒီကနေ့ စတင်လိုက်ပါတယ်။

လာမယ့်နှစ်အတွက် အစိုးရရဲ့ ဥပဒေပြုရေးအစီအစဉ်တွေကို လွှတ်တော်မှာ ချပြဆွေးနွေးမယ့် အဲလိဇဘက်က် ဘုရင်မကြီး နှစ်ပတ်လည်မိန့်ခွန်းပြောမယ့်အချိန်အထိ လွှတ်တော်လုပ်ငန်းတွေကို သီတင်း ၅ ပတ်ကြာ ရပ်ဆိုင်းထားမှာပါ။ လွှတ်တော်က သူ့ကို ဘယ်လိုနည်းတွေနဲ့ပဲ တားမြစ်ပါစေ သူကတော့ အမျိုးသားအကျိုးစီးပွားကို အခြေခံတဲ့ သဘောတူညီချက်ရအောင် ကြိုးစားသွားမယ်လို့ ၀န်ကြီးချုပ်က ပြောပါတယ်။

အတိုက်အခံ လေဘာပါတီ ခေါင်းဆောင် Jeremy Corbyn ကတော့ ၀န်ကြီးချုပ် အနေနဲ့ အစိုးရရဲ့တာဝန်မဖြစ်အောင် ခေါင်းရှောင်နိုင်ဖို့အတွက် လွှတ်တော်လုပ်ငန်းတွေ ရပ်ပြီး အချိန်ဆွဲနေတာတွေကို သေချာ စဉ်းစားသင့်တယ်လို့ ပြောဆိုပါတယ်။ အီးယူနဲ့သဘောတူညီချက်မရဘဲ ဗြိတိန်ခွဲထွက်မယ့်အစီအစဉ်ကို ဟန့်တားတဲ့ ဥပဒေတရပ် လွှတ်တော်မှာအတည်ပြု ချမှတ်ခဲ့ပြီး ဒါကို ဘုရင်မကြီး အဲလိစ်ဇဘက် ကလည်း အတည်ပြုခဲ့ပြီးတဲ့နောက် နာရီပိုင်းအကြာမှာပဲ ရွေးကောက်ပွဲတွေ စောကျင်းပဖို့ အစီအစဉ်ကို လွှတ်တော်က ထပ်မံ ပယ်ချလိုက်တာဖြစ်ပါတယ်။ ၀န်ကြီးချုပ် ဂျွန်ဆင်ကတော့ အီးယူနဲ့ သဘောတူညီချက် ရရ မရရ အောက်တိုဘာလ ၃၁ ရက်နေ့ နောက်ဆုံးထား ခွဲထွက်နိုင်ရေး ကြိုးပမ်းနေတာပါ။

တိုက်ရိုက် လင့်ခ်


XS
SM
MD
LG