သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အီးယူကနေ ခွဲထွက်ဖို့ဆုံးဖြတ်ခဲ့ပြီး ပြည်တွင်းပြဿနာ ဗြိတိန်ရင်ဆိုင်


ဗြိတိန်နိုင်ငံအနေနဲ့ ဥရောပသမဂ္ဂကနေ ခွဲထွက်ဖို့ ပြီးခဲ့တဲ့သီတင်းပတ်အတွင်း ဆုံးဖြတ်ခဲ့ပြီးတဲ့နောက် ပြည်တွင်းမှာ စီးပွားရေးထိခိုက်နေတဲ့အပြင် အဓိက နိုင်ငံရေးပါတီကြီး နှစ်ရပ်ကြားမှာလည်း ထိပ်တိုက်ရင်ဆိုင်မှုတွေ ကြုံတွေ့နေရပါတယ်။ အာဏာရ ကွန်ဆာဗေးတစ်ပါတီအတွင်းမှာရော၊ အတိုက်အခံ လေဘာပါတီအတွင်းမှာပါ ပြဿနာတွေ တက်နေကြပါတယ်။ အကြောင်းစုံကို ကိုရဲခေါင်က တင်ပြထားပါတယ်။

ဗြိတိန်နိုင်ငံဟာ ဥရောပသမဂ္ဂကနေ ခွဲထွက်ဖို့ ပြီးခဲ့တဲ့အပတ်က ဆုံးဖြတ်ခဲ့ပြီးနောက်ပိုင်း စီးပွားရေးအရ အခက်အခဲတွေ ကြုံနေရတယ်လို့ ဗြိတိန်ဝန်ကြီးချုပ် David Cameron က ဗုဒ္ဒဟူးနေ့က ပြောလိုက်ပါတယ်။

"လက်ရှိ အခြေအနေမှာ စီးပွားရေးအခက်အခဲတွေနဲ့ ကြုံတွေ့ရမယ်ဆိုတာ ကျနော့်စိတ်ထဲမှာ သံသယ မရှိပါဘူး။”

ဒါကတော့ David Cameron ဗြိတိလျှ ပါလီမန်မှာ ပြောသွားတာပါ။

David Cameron က အစိုးရအနေနဲ့ အများပြည်သူ အသုံးစရိတ်တွေအတွက် ဘဏ္ဍာငွေ သုံးစွဲမှုကို ကန့်သတ်တဲ့ စည်းမျဉ်းတွေ ချမှတ်ထားတာကို ပြောင်းလဲဖို့ မရှိတဲ့အကြောင်းပြောပြီး အတိုက်အခံ လေဘာပါတီ ခေါင်းဆောင် Jeremy Corbyn ရဲ့ ရင်းနှီးမြှုပ်နှံမှုတွေ ပိုလုပ်ဖို့ တောင်းဆိုမှုတွေကို ငြင်းဆို လိုက်ပါတယ်။

Corbyn က လူကြိုက်နည်းတဲ့ ကွန်ဆာဗေးတစ်ပါတီရဲ့ စီးပွားရေးမူဝါဒတွေကို ပြန်လည် ပြင်ဆင်ဖို့ David Cameron ကို တောင်းဆိုလိုက်တာပါ။ အဲဒီကိစ္စကြောင့်ပဲ ဗြိတိန်ပြည်သူတွေဟာ အစိုးရရဲ့ သဘောထားကို ဆန့်ကျင်ပြီး အီးယူကနေ ထွက်ခွာဖို့ ရွေးချယ်ခဲ့ကြတာ ဖြစ်တယ်လို့ Corbyn က ပြောပါတယ်။ အာဏာရ ကွန်ဆာဗေးတစ် ပါတီဝင်တွေဟာ ဝန်ကြီးချုပ် David Cameron ရဲ့ နေရာမှာ အစားထိုးနိုင်ဖို့ ပါတီခေါင်းဆောင်သစ်ကို ရွေးချယ်ဖို့ နာမည်စာရင်း တင်သွင်းတာတွေကို မနေ့က စတင်လိုက်ပါတယ်။ ဒီနေ့ ကြာသာပတေးနေ့ နေ့လည်အချိန်မှာ အမည်စာရင်း တင်သွင်းတာတွေ အဆုံးသတ်မှာ ဖြစ်ပါတယ်။

David Cameron နေရာကို အစားဝင်ဖို့ နာမည်စာရင်းတင်သွင်းခံရမယ့် သူတွေထဲမှာ အီးယူကနေ ခွဲထွက်ရေး လှုပ်ရှားမှုတွေရဲ့ ခေါင်းဆောင် လန်ဒန်မြို့တော်ဝန်ဟောင်း Boris Johnson က ရှေ့ဆုံးက ပြေးနေပါတယ်။ အလားတူ ပါဝင်လာနိုင်သူတွေကတော့ ပြည်ထဲရေးဝန်ကြီး Theresa May နဲ့ ကျန်းမာရေးဝန်ကြီး Jeremy Hunt တို့ ဖြစ်ပါတယ်။ အင်္ဂါနေ့ကတော့ အတိုက်အခံ လေဘာပါတီက အမတ်တွေက အတိုက်အခံပါတီ ခေါင်းဆောင် Corbyn ကို အယုံအကြည် မရှိတဲ့ အကြောင်း အဆိုတခု တင်သွင်းခဲ့ပါတယ်။ Corbyn ဟာ ဗြိတိန်နိုင်ငံ အီးယူထဲကနေ မခွဲထွက်ဖြစ်အောင် လုံလောက်တဲ့ မဲဆွယ်စည်းရုံးမှုတွေ မလုပ်ခဲ့ဘူးလို့ သူတို့က စွပ်စွဲခဲ့ကြတာပါ။

ဒါပေမဲ့ Corbyn ကတော့ ရာထူးကနေ ဆင်းပေးဖို့ ငြင်းဆိုထားခဲ့ပါတယ်။ ခုလို လေဘာပါတီ ရဲ့ ခေါင်းဆောင် Corbyn ကို ရာထူးကနေ နှုတ်ထွက်ပေးဖို့ တောင်းဆိုမှုတွေမှုတွေနဲ့ ပက်သက်လို့ David Cameron က ခုလို ပြောပါတယ်။

“သူ လွှတ်တော်ထဲမှာ ဝင်ထိုင်နေတာဟာ ကျနော်တို့ ပါတီအတွက် အကျိုးရှိကောင်း ရှိနိုင်ပေမဲ့ နိုင်ငံအတွက် အကျိုးမရှိပါဘူး။ ကျနော်ကတော့ သူ့ကို “သွားပေတော့” လို့ပဲ ပြောချင်ပါတယ်”

ဒါကတော့ မနေ့က David Cameron က ဗြိတိသျှ အောက်လွှတ်တော်မှာ ပြောသွားတာ ဖြစ်ပါတယ်။

မျက်မှောက်ခေတ်မှာ ဗြိတိန်နိုင်ငံအနေနဲ့ အဆိုးရွားဆုံး နိုင်ငံရေး အကျပ်အတည်း ကြုံနေရချိန်မှာ အတိုက်အခံ လေဘာပါတီဝင်တွေက ကိုယ့်ခေါင်းဆောင်ကို ပြန်ဖြုတ်ချဖို့ ကြိုးစားနေကြတာ ဖြစ်ပါတယ်။ သူတို့ရဲ့ ကြိုးပမ်းအားထုတ်မှု အောင်မြင်မှု ရှိမရှိ ဆိုတာဟာ ဆန္ဒခံယူပွဲ နောက်ပိုင်း ဗြိတိန်နိုင်ငံနဲ့ အီးယူ ရဲ့ ဆက်ဆံရေးကို အဆုံးအဖြတ်ပေးမှာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG