သုံးရလွယ်ကူစေသည့် Link များ

logo-print
နောက်ဆုံးရသတင်း

ဗြိတိန်ဝန်ကြီးချုပ် Brexit သဘောတူညီမှု လွှတ်တော် မဲအပြတ်နဲ့ ပယ်ချ


အီးယူထဲက ဗြိတိန်နုတ်ထွက်ဖို့ ၀န်ကြီးချုပ် Theresa May တင်သွင်းတဲ့ Brexit သဘောတူညီမှုကို အင်္ဂါနေ့ညက ဗြိတိန်လွှတ်တော်မှာ မဲခွဲဆုံးဖြတ်ရာမှာ အပြတ်အသတ် ရှုံးနိမ့်ပြီးတော့ ပယ်ချခံခဲ့ရပါတယ်။ ၀န်ကြီးချုပ် Theresa May အနေနဲ့ နောက်သဘောတူညီမှုအသစ်ကို တင်သွင်းဖို့ တနင်္လာနေ့အထိ အချိန်ရမှာပါ။ အင်္ဂါနေ့ညကမဲခွဲဆုံးဖြတ်ပြီး ရှေ့ဆက်လုပ်ဖို့ လွှတ်တော်မှာ ၀န်ကြီးချုပ်က ဘယ်လို တုံ့ပြန်ခဲ့သလဲ ၊ အတိုက်အခံပါတီဘက်ကတော့ အစိုးရအပေါ် အယုံအကြည်မရှိအဆိုတင်သွင်းဖို့ ဆန္ဒရှိနေတာ တွေ့ရပါတယ် အကြောင်းစုံကို ဒေါ်လှလှသန်းက ပြောပြမှာပါ။

ထောက်ခံမဲ ၂၀၂ မဲ ၊ ကန့်ကွက်မဲ ၄၃၂ မဲနဲ့ ဗြိတိန်လွှတ်တော်အမတ်တွေက ၀န်ကြီးချုပ် Theresa Mayက အီးယူကနေ ဗြိတိန်ခွဲထွက်တဲ့ Brexit သဘောတူညီမှုကို ပယ်ချတဲ့အကြောင်း လွှတ်တော်တာဝန်ခံက အင်္ဂါနေ့ညက ကြေညာသွားတာပါ။ ဒါဟာ ၉၅ နှစ်တာ ဗြိတိန်သမိုင်းမှာ အစိုးရတရပ်ရဲ့ လွှတ်တော်မှာ အဆိုးဆုံး ဆုံးရှုံးမှုလို့လဲ ဆိုပါတယ်။ ၀န်ကြီးချုပ် Theresa Mayရဲ့ ကွန်ဆာဗေးတစ်ပါတီဝင် လွှတ်တော်အမတ်တွေဖြစ်တဲ့ Brexit ကိုထောက်ခံခဲ့ကြသူတွေရော အီးယူမှာ ဆက်လက် ပါဝင်လိုကြသူတွေရော ဒီသဘောတူညီမှုကို ကန့်ကွက်ရာမှာ ပါဝင်ခဲ့ကြပါတယ်။ ဒါကြောင့်လည်း ၁၉၇၃ ခုနှစ်က စတင်ဝင်ခဲ့တဲ့ EU ကနေ ဗြိတိန်နုတ်ထွက်မှုကို ဘယ်ပုံဘယ်နည်း ဆက်ကိုင်တွယ်ရမလဲဆိုတဲ့ ပြဿနာဟာ နိုင်ငံအတွက် နှစ် ၅၀ အတွင်း အဆိုးဆုံး နိုင်ငံရေးပြဿနာ ဖြစ်လို့လာနေပါပြီ။ EU ကနေ ဗြိတိန်နုတ်ထွက်ဖို့ ဥပဒေအရ သတ်မှတ်ထားတဲ့ရက်ဟာ မတ်လ ၂၉ ဖြစ်တဲ့အတွက်ကြောင့်လည်း အချိန်ကတော့ တဖြေးဖြေးနီးကပ်လို့ လာနေပါပြီ ။ အခုလို အင်္ဂါနေ့က လွှတ်တော်ရဲ့ မဲအပြတ်နဲ့ ကန့်ကွက်ချက်ကို တွေ့ရှိခဲ့ပြီးတဲ့နောက် ၀န်ကြီးချုပ် Theresa Mayက ရှေ့ဆက်လို့ရမယ့် ခြေလှမ်း ၃ ရပ်ကို ချပြခဲ့ပါတယ်။

“ကျမအနေနဲ့ ကျမတို့ အတည်ပြုဖို့လိုတာက ကျမတို့အစိုးရအပေါ် လွှတ်တော်က ယုံကြည်မှု ရှိသလားဆိုတဲ့အချက်ပါပဲ။ ယုံကြည်မှု ရှိတယ်လို့ ယူဆပေမယ့် ဒီည မဲခွဲဆုံးဖြတ်မှုရဲ့ ကန့်ကွက်မှု အတိုင်းအတာကို ကြည့်ခြင်းအားဖြင့် တခြားလူတွေလည်း ဒီကိစ္စမှာ ၀င်ပြီး ကြိုးစားခွင့်ပေးသင့်တယ်လို့ ကျမထင်ပါတယ်။ ဒုတိယက လွှတ်တော်အနေနဲ့ ကျမတို့အစိုးရအပေါ် ယုံကြည်တယ်လို့ အတည်ပြုခဲ့ရင် ကျမအနေနဲ့ ကျမယောင်းရင်းတွေ အတိုက်အခံဝါရင့်လွှတ်တော်အမတ်တွေနဲ့ တွေ့ဆုံပြီး ဒီသဘောတူညီမှုနဲ့ ပတ်သက်လို့ လွှတ်တော်ရဲ့ ထောက်ခံမှုကိုရဖို့ ဘာလုပ်ဖို့လိုသလဲဆိုတာကို သိဖို့ ကြိုးစားမှာ ဖြစ်ပါတယ်။ တတိယအနေနဲ့ကတော့ အခုလို ဆွေးနွေးပွဲတွေက ထွက်လာတဲ့အဖြေတွေကို ကျမတို့အစိုးရအနေနဲ့ EU နဲ့ ဆွေးနွေးမှာဖြစ်ပါတယ်။”

လွန်ခဲ့တဲ့ နှစ်က EU ကနေ နုတ်ထွက်ဖို့ လူထုသဘောထားဆန္ဒခံယူပွဲမှာ မဲပေးခဲ့ကြတဲ့ ဗြိတိန်နိုင်ငံသားတွေကိုဝန်ကြီးချုပ်က အခုလိုတုံ့ပြန်ခဲ့ပါတယ်။

“ကျမအနေနဲ့ လူထုသဘောထားဆန္ဒခံယူပွဲအပြီး ၀န်ကြီးချုပ် ဖြစ်လာခဲ့တဲ့အတွက် အဲဒီရလဒ်အတိုင်း အောင်မြင်အောင် ဆောင်ရွက်ဖို့က ကျမတာဝန်ရှိတယ်ဆိုတာ ကျမ ခံယူပါတယ်။ ဒါကြောင့်အတိုက်အခံအပါအ၀င် အုပ်စုအားလုံးတို့ကို ကျမပြောလိုတာက ဗြိတိန်နိုင်ငံသားတွေရဲ့ ဆန္ဒဖြစ်တဲ့ ဒီကိစ္စကို အောင်မြင်စွာဖြေရှင်းပေးနိုင်ဖို့ နားထောင်ကြပါဆိုတာပါပဲ။”

အတိုက်အခံ လေဘာပါတီခေါင်းဆောင် Jeremy Corbyn ကတော့ ၀န်ကြီးချုပ် Theresa Mayက အစိုးရအပေါ် အယုံအကြည်မရှိအဆိုကို တင်သွင်းမယ်လို့ လွှတ်တော်ဥက္ကဋ္ဌကို အခုလို အသိပေးလိုက်ပါတယ်။

“၀န်ကြီးချုပ်အနေနဲ့ ၂ နှစ်ကြာမြင့်တဲ့အထိ ဒီကိစ္စကို အောင်မြင်အောင်လုပ်ဆောင်နိုင်ခြင်းမရှိခဲ့တဲ့အတွက် နိုင်ငံသားတွေ အကျိုးရှေးရှု့ပြီး သဘောတူညီမှုကို ညှိနှိုင်းယူနိုင်လိမ့်မယ်လို့ သူဆက်ပြီး ယုံကြည်နေတာကို ကျနော်အံအားသင့်မဆုံးပါဘူး။ ကျနော်တို့ ရင်ဆိုင်နေရတဲ့ အရေးကြီးဆုံးအချက်က ဒီပါလီမန်နဲ့ နိုင်ငံရဲ့ ယုံကြည်မှုကို ဒီအစိုးရက သူဆုံးရှုံးသွားပြီဆိုတဲ့ အချက်ပါပဲ။ ဒါကြောင့် အစိုးရအပေါ် အယုံအကြည်မရှိအဆိုကို ကျနော့်အနေနဲ့ တင်သွင်းမယ်ဆိုတာ ဥက္ကဋ္ဌကြီးကို အသိပေးလိုပါတယ်။”

၂၀၁၆ ဇွန်လက ပြည်လုံးကျွတ် လူထုဆန္ဒခံယူပွဲမှာ ထောက်ခံမဲ ၅၂ ရာခိုင်နှုန်း ၊ ကန့်ကွက်မဲ ၄၈ ရာခိုင်နှုန်းနဲ့ EU ကနေ နုတ်ထွက်ဖို့ ဗြိတိန်မဲဆန္ဒရှင်တွေက ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။ လွှတ်တော်မှာ အင်္ဂါနေ့က Brexit သဘောတူညီမှုအပေါ် မဲခွဲဆုံးဖြတ်မှုမပြုမှီ ၀န်ကြီးချုပ်က Brexitထောက်ခံသူ အမတ်တွေကို သတိပေးခဲ့တာက သူ့သဘောတူညီမှု ပယ်ချခံရရင် ဗြိတိန်အနေနဲ့ EU ကနေ သဘောတူညီမှုမရပဲ နုတ်ထွက်မယ့်အစား လုံးဝ မနုတ်ထွက်နိုင်မယ့်အခြေအနေ ဆိုက်နိုင်တယ်ဆိုတာပါပဲ။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG