သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အရှေ့အလယ်ပိုင်း ၆ နိုင်ငံ လေယာဉ်ခရီးသွားတွေအပေါ် လျှပ်စစ်ပစ္စည်းသယ်ဆောင်နိုင်မှု ကန့်သတ်


Laptop ကွန်ပြူတာ။
Laptop ကွန်ပြူတာ။

အရှေ့အလယ်ပိုင်း ၆ နိုင်ငံက လေယာဉ်နဲ့ လာကြမယ့် ခရီးသွားတွေအနေနဲ့ Laptop ကွန်ပြူတာနဲ့ တခြား လျှပ်စစ်ပစ္စည်း အကြီးစားတွေ လေယာဉ်ပေါ် ကိုယ်နဲ့တပါတည်း သယ်ဆောင်ခွင့် ပိတ်ပင်လိုက်ကြောင်း ဗြိတိန်က အင်္ဂါနေ့မှာ ကြေညာပါတယ်။ အလားတူ ပိတ်ပင် ကန့်သတ်မှုမျိုး အမေရိကန် ပြည်ထောင်စုက ကြေညာအပြီးမှာ ဗြိတိန်ကလည်း အခုလို ကြေညာလိုက်တာ ဖြစ်ပါတယ်။

တူရကီ၊ လက်ဘနွန်၊ ဂျော်ဒန်၊ အီဂျစ်၊ တူနီးရှားနဲ့ ဆော်ဒီအာရေးဗီးယား နိုင်ငံတို့ကနေ ဗြိတိန်နိုင်ငံကို တိုက်ရိုက် လာကြမယ့် ခရီးသည်တွေအနေနဲ့ အလျား ၁၆ စင်တီမီတာ၊ အနံ ၉.၃ စင်တီမီတာနဲ့ ဇောက် ၁.၅ စင်တီမီတာထက်ကြီးတဲ့၊ တနည်းအားဖြင့် လက်ကိုင်ဖုန်းထက် အရွယ်အစား ကြီးတဲ့ လျှပ်စစ်ပစ္စည်းတွေကို Carry on လို့ခေါ်တဲ့ လေယာဉ်ပေါ်ကို ကိုယ်နဲ့အတူ သယ်ဆောင်လာခွင့် တားမြစ်တဲ့ ကြေညာ ချက်ကို ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။

အဲဒီ ၆ နိုင်ငံကနေ ဗြိတိန်နိုင်ငံကို တိုက်ရိုက် ပျံသန်းကြမယ့် ခရီးသည်တွေအနေနဲ့ အခု ညွန်ကြားချက်အသစ်ကို လိုက်နာကြရမှာဖြစ်ကြောင်း၊ ဒီညွန်ကြားချက်ဟာ လိုအပ်ချက်အရ လုံခြုံစိတ်ချစွာ ခရီးသွားနိုင်ရေးအတွက် အချိုးအစားညီမျှစွာ ထုတ်ပြန်ခြင်းဖြစ်ကြောင်း ဝန်ကြီးချုပ် Theresa May ရဲ့ ပြောခွင့်ရက သတင်းထောက်တွေကို ပြောပါတယ်။

အမေရိကန်ပြည်ထောင်စု သယ်ယူပို့ဆောင်ရေး လုံခြုံရေးဆိုင်ရာ ဌာန TSA ကလည်း အရှေ့အလယ်ပိုင်း ၁၀ နိုင်ငံကနေ လေယာဉ်နဲ့ တိုက်ရိုက်ပျံသန်းလာကြမယ့် ခရီးသွားတွေအပေါ် အလားတူ တားမြစ်ချက်ကို အင်္ဂါနေ့ အစောပိုင်းက ထုတ်ပြန်ခဲ့ပြီး ဖြစ်ပါတယ်။

ဒီတားမြစ်ချက်ဟာ တိကျ ခြိမ်းချောက်မှု တချို့အပေါ် တုန့်ပြန်တာ မဟုတ်ပဲ၊ ခရီးသည်တင် လေယာဉ်တွေကို အကြမ်းဖက် အုပ်စုတွေက ဆက်လက် ပစ်မှတ်ထားလိုတဲ့ ဆန္ဒရှိတာကို လေ့လာတွေ့ရှိရတဲ့ ထောက်လှမ်းရေးသတင်းတွေအရ အခုလိုတားမြစ်မှု ချမှတ်ခြင်းဖြစ်ကြောင်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG