သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Yahoo ဖေါက်ထွင်းမှု စွဲချက်တင်ခံရသူ ၄ ဦးထဲ ရုရှား အရာရှိ ၂ ဦး ပါဝင်


အမေရိကန် တရားရေးဌာန လက်ထောက် ရှေ့နေချုပ် Mary McCord
အမေရိကန် တရားရေးဌာန လက်ထောက် ရှေ့နေချုပ် Mary McCord

၂၀၁၄ ခုနှစ်တုန်းက Yahoo Website ကို ဖေါက်ထွင်းပြီး သန်းပေါင်းရာနဲ့ချီတဲ့ လူတွေရဲ့ ကိုယ်ရေးအချက်အလက် တွေကို ခိုးယူမှုနဲ့ သံသယရှိသူ ရုရှားသလျှို ၂ ဦးနဲ့ သံသယရှိသူ နောက်ထပ် ၂ ဦးကို အမေရိကန် တရားရေးဌာနက စွဲချက် တင်လိုက်ကြောင်း ဗုဒ္ဓဟူးနေ့က ကြေညာပါတယ်။

ရုရှားထောက်လှန်းရေး FSB က အရာရှိ ၂ ဦးအပါအဝင် လူပေါင်း ၄ ဦးကို စွဲချက် တင်ခဲ့တယ်လို့ လက်ထောက် ရှေ့နေချုပ် Mary McCord က ပြောပါတယ်။ နောက် ၂ ဦးကတော့ ရုရှားအရာရှိ ၂ ဦး Yahoo ကို ဖေါက်ထွင်းနိုင်ဖို့ အကူညီပေးခဲ့သူ ကွန်ပြူတာ ဟက်ကာ ၂ ဦးဖြစ်ပါတယ်။

ရုရှား ထောက်လှမ်းရေး အရာရှိ ၂ ဦးဟာ Dmitry Dokuchaev နဲ့ Igor Sushchin တို့ဖြစ်ပြီး သူတို့ဟာ အမေရိကန် ပြည်ထောင်စုနဲ့ တခြားနိုင်ငံတွေက ကွန်ပြူတာတွေထဲ ဖေါက်ထွင်း ဝင်ရောက်ခဲ့တယ်လို့ လည်း သူမက ပြောပါတယ်။ သူတို့ ၂ ဦးဟာ ဟက်ကာတွေကို အကာကွယ်ပေး၊ ညွှန်ကြားသလို၊ အကူညီပေး၊ ငွေပေး ခိုင်းစေပြီး အချက်အလက်တွေကို စုဆောင်းခဲ့တယ်လို့ ဆိုပါတယ်။

ဖေါက်ထွင်းတဲ့ ဟက်ကာတွေဟာ ရုရှားနဲ့ အမေရိကန် ပြည်ထောင်စုက အစိုးရ အရာရှိကြီးတွေအပြင် သတင်းသမားတွေ၊ ဘဏ္ဍာငွေကြေး ဝန်ဆောင်မှု လုပ်ငန်းတွေက ဝန်ထမ်းတွေနဲ့ စစ်ဘက်ဆိုင်ရာ ပုဂ္ဂိုလ်တွေရဲ့ ကွန်ပြူတာ အကောင့်တွေကို အဓိက ပစ်မှတ်ထား လုပ်ဆောင်တာ ဖြစ်ကြောင်းလည်း ပြောပါတယ်။

အခုလို ဖေါက်ထွင်းရာမှာ ကြံရာပါ တဦးဖြစ်တဲ့ Alexsey Belan ဟာ အလားတူ ဖေါက်ထွင်း ခိုးယူမှုတွေ ကျူးလွန်ခဲ့မှုကြောင့် အမေရိကန် ပြည်ထောင်စုက ၂ ကြိမ်တိုင်တိုင် တရားစွဲဆို ခဲ့သလို သူ့ကို FBI ထောက်လှမ်းရေးဌာနရဲ့ အလိုအရှိဆုံး ဆိုင်ဘာရာဇဝတ်ကောင် စာရင်းမှာ ထည့်သွင်းထားတာ ၃ နှစ် ကျော်နေပြီ ဖြစ်ပါတယ်။

နောက်ဟက်ကာ တဦး ဖြစ်တဲ့ Karim Baratov ကိုတော့ အင်္ဂါနေ့မှာပဲ ကနေဒါ နိုင်ငံမှာ ဖမ်းဆီး ရမိခဲ့တယ်လို့လည်း မစ္စ McCord က ပြောပါတယ်။

Yahoo ဖေါက်ထွင်းမှု စွဲချက်တင်ခံရသူ ၄ ဦးထဲ ရုရှား အရာရှိ ၂ ဦး ပါဝင်
please wait

No media source currently available

0:00 0:01:23 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG