သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဗြိတိန်ဝန်ကြီးချုပ် အပေါ် အယုံအကြည်မရှိအဆို လွှတ်တော်မှာ ရှုံးနိမ့်


ဗြိတိန်ဝန်ကြီးချုပ် မေ
ဗြိတိန်ဝန်ကြီးချုပ် မေ

ဗြိတိသ ျှ ပါလီမန်မှာ ဗုဒ္ဓဟူးနေ့က ဝန်ကြီးချုပ် ထရီဆာမေ အစိုးရ အပေါ် အယုံအကြည်မရှိ မဲခွဲဆုံးဖြတ်ရာမှာ အဆိုပြုချက် အရေး ရှုံးနိမ့်သွားပါတယ်။ အင်္ဂါနေ့ကတော့ ပါလီမန်မှာ ဝန်ကြီးချုပ်မေရဲ့ EU ကနေ ဗြိတိန်နုတ်ထွက်ဖို့ ဆိုတဲ့ Brexit သဘောတူညီမှုကို မဲအပြတ်အသတ်နဲ့ ပယ်ချခဲ့ပြီး နောက်တနေ့ အခုလို ပါလီမန်က ဝန်ကြီးချုပ် မေ အပေါ် အယုံအကြည်မရှိ အဆိုကိုလည်း ပယ်ချခဲ့တာ ဖြစ်ပါတယ်။ ဝန်ကြီးချုပ် မေ အနေနဲ့ သူ့အစိုးရ အပေါ် ပါလီမန်ရဲ့ ယုံကြည်မှုမဲ ကို ရလိုက်တဲ့ အတွက် နောက်သတင်းပတ် တနလာၤနေ့မှာ Brexit သဘောတူညီမှု အသစ်ကို တင်သွင်းရမှာ ဖြစ်ပါတယ်။ အကြောင်းစုံကို ဒေါ်လှလှသန်းက ပြောပြမှာပါ။

ထောက်ခံမဲ ၃၀၆ မဲ၊ ကန့်ကွက်မဲ ၃၂၅ မဲ ရတဲ့ အတွက် ကန့်ကွက်တဲ့ဘက်က အနိုင်ရကြောင်း ဗုဒ္ဓဟူးနေ့က ဗြိတိသ ျှ လွှတ်တော် ဥက္ကဌ ကနေ ဝန်ကြီးချုပ် ထရီဆာမေ ရဲ့ အစိုးရ အပေါ် အယုံအကြည်မရှိ အဆိုတင်သွင်းမှု ရလဒ်ကို အခုလို ကြေညာသွားခဲ့တာ ဖြစ်ပါတယ်။ တကယ်လို့သာ ဒီအဆို အောင်မြင်ခဲ့ရင် သူ့အနေနဲ့ ရာထူးကနေ နုတ်ထွက်ပေးရမယ့် အလားအလာ ဆိုက်နိုင်ပြီး အထွေထွေ ရွေးကောက်ပွဲ မဖြစ်မနေ ကျင်းပပေးဖို့လည်း အခြေစိုက်နိုင်ပါတယ်။

EU ကနေ အခုလာမယ့် မတ်လ ၂၉ ရက်နေ့ နုတ်ထွက်ရမယ့် ကန့်သတ်ရက် နီးကပ်လာတာနဲ့ အတူ Brexit နုတ်ထွက်မှု သဘောတူညီမှု ရရှိရေး အတွက် ကြိုးပမ်းမှုဟာ ပိုပြီး အရေးကြီးလို့ လာနေပါပြီ။ အင်္ဂါနေ့ညတုန်းကတော့ ဝန်ကြီးချုပ် မေ တင်သွင်းတဲ့ Brexit သဘောတူညီမှုကို ကန့်ကွက်မဲ ၄၃၂ မဲ ထောက်ခံမဲ ၂၀၂ မဲနဲ့ အပြတ် ပယ်ချခဲ့တာဖြစ်ပြီး အတိုက်အခံ လေဘာပါတီ ခေါင်းဆောင် ဂျရမီကိုဘန်က အစိုးရ အပေါ် အယုံအကြည်မရှိ အဆိုကို တင်သွင်းခဲ့တာ ဖြစ်ပါတယ်။

သူ့အစိုးရ အပေါ် အယုံအကြည်ရှိကြောင်း လွှတ်တော်က မဲနဲ့ အတည်ပြုခဲ့ပြီးတဲ့နောက် ဝန်ကြီးချုပ် မေက သူ့အနေနဲ့ တာဝန်ကို အလေးအနက်ထားကြောင်း အခုလို ပြောခဲ့ပါတယ်။

“ ကျမ အစိုးရ အပေါ် အယုံအကြည်ရှိကြောင်း ထုတ်ဖော်ခဲ့တဲ့ အတွက် ကျမက ဝမ်းသာပါတယ်။ ကျမ အနေနဲ့ ဒီတာဝန်ကို လေးလေးနက်နက် သဘောထားပြီး ကျမတို့ အစိုးရ အနေနဲ့ နိုင်ငံရဲ့ ကြီးပွားတိုးတက်ရေး၊ လုံခြုံရေး အာမခံချက် ရရှိရေးနဲ့ ကျမတို့ နိုင်ငံ စည်းလုံးမှု အင်အားကြီးစေဖို့ ကြိုးပမ်းသွားမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ဒီနိုင်ငံသားတွေ မဲပေးခဲ့ကြတဲ့ လေးနက်တဲ့ ကတိ အတိုင်း ဥရောပ သမဂ္ဂကနေ ခွဲထွက်ဖို့ လူထုဆန္ဒသဘောထား ခံယူပွဲရဲ့ ရလဒ်ကို အကောင်အထည်ဖော်သွားဖို့လည်း ကတိပေးပါတယ် ” လို့ ဝန်ကြီးချုပ်က ပြောသွားခဲ့တာပါ။

ဗြိတိန်ဟာ ဥရောပ သမဂ္ဂကနေ ခွဲထွက်ဖို့ ၂၀၁၆ ဇွန်လက လူထုမဲဆန္ဒ သဘောထား ခံယူပွဲကနေ ဆုံးဖြတ်ခဲ့တာ ဖြစ်ပြီး မကြာမီ ဝန်ကြီးချုပ် ထရီဆာမေ တာဝန်ထမ်းဆောင်ခဲ့တာလည်း ဖြစ်ပါတယ်။ ဒါကြောင့် အခုလို လွှတ်တော်က ယုံကြည်မှုကို ပြသတဲ့ အတွက် EU ကနေ နုတ်ထွက်ရေး သဘောတူညီမှုကို အောင်မြင်အောင် ညှိနှိုင်းယူသွားမှာ ဖြစ်တယ်လို့ သူက အခုလို ပြောပါတယ်။

“ ဒီတာဝန်ကို လွှတ်တော် အဖွဲ့ဝင်တိုင်းမှာ မ ျှဝေခံစားကြတယ်လို့ ကျမ ထင်ပါတယ်။ ကျမတို့ အနေနဲ့ လွှတ်တော်ရဲ့ ထောက်ခံမှု ရစေဖို့ ရှေ့ ဘယ်လို ဆောင်ရွက်ရမလဲ ဆိုတဲ့ နည်းလမ်းတွေ ရှာကြရမှာ ဖြစ်ပါတယ်။ ဒီလို ဖြစ်နိုင်ဖို့က ဝါရင့် လွှတ်တော် အမတ်တွေ၊ အစိုးရ ကိုယ်စားလှယ်တွေနဲ့ လာမယ့်ရက်တွေမှာ ဆွေးနွေးသွားလိုပါတယ်။ ဒါ့အပြင် လွှတ်တော် ပါတီ ခေါင်းဆောင်တွေနဲ့လည်း ကျမနဲ့ တဦးချင်းစီ တွေ့ဆုံ ကြဖို့ ဖိတ်ခေါ်ပါတယ်။ ဒီညဘဲ ကျမ စတွေ့လိုပါတယ်။ အစိုးရ အနေနဲ့ ဒီဆွေးနွေးပွဲတွေကို အပြုသဘော ဆောင်စွာ ပြုလုပ်သွားမှာ ဖြစ်သလို တဖက်ကလည်း အလားတူ စိတ်ထားဖို့ တိုက်တွန်းပါတယ်။ ကျမတို့ အနေနဲ့ ညှိနှိုင်းယူရမယ့် အဖြေကို ရှာဖို့လိုပြီး လွှတ်တော်ရဲ့ ထောက်ခံမှုကိုလည်း ရရှိဖို့ လိုအပ်ပါတယ်။ ကျမ ပြောခဲ့သလို တနလာၤနေ့မှာ လွှတ်တော်ကို ပြန်လာပြီး ရှေ့ ဘယ်လို ဆက်လုပ်ကြမလဲ ဆိုတာကို ပြင်ဆင်ချက် အဆိုပြုဖို့ တင်သွင်းရမှာ ဖြစ်ပါတယ် ” လို့ ထရီဆာမေက ပြောသွားတာပါ။

လေဘာ အတိုက်အခံ ခေါင်းဆောင် ဂျရယ်မီကိုဘန်ကတော့ မဲခွဲဆုံးဖြတ်မှု မတိုင်မီက ထရီဆာမေ အစိုးရဟာ Zumbi စက်ရုပ် အစိုးရ ဖြစ်တယ်လို့ စွပ်စွဲခဲ့ပါတယ်။ မဲခွဲဆုံးဖြတ် အပြီးမှာတော့ သူက ဝန်ကြီးချုပ် ထရီဆာမေ အနေနဲ့ Brexit သဘောတူညီမှု မပါဘဲ EU ကနေ နုတ်ထွက်တာကို လုံး၀ မလုပ်ဘူးဆိုတာကို အာမခံချက်ပေးဖို့ တောင်းဆိုလိုက်ပါတယ်။

“ မနေ့ညက လွှတ်တော်ကနေ Brexit သဘောတူညီမှုကို ပြတ်ပြတ်သားသားဘဲ ပယ်ချခဲ့တာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ သတင်းပတ်ကလည်း လွှတ်တော်ကနေ Brexit သဘောတူညီမှု မရဘဲ EU က နုတ်ထွက်မှု အဆိုကို ပယ်ချခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့် အပြုသဘောဆောင်မယ့် ဆွေးနွေးမှုတွေ ရှေ့ဆက် မလုပ်မီ အစိုးရ အနေနဲ့ EU ကနေ နုတ်ထွက်ရာမှာ သဘောတူညီမှု မရဘဲ နုတ်ထွက်မယ့် အလားအလာ မှန်သမ ျှကို အပြီးသတ် ဖယ်ရှားပေးရမှာ ဖြစ်သလို EU ကနေ နုတ်ထွက်ရာမှာ ကမောက်ကမ ဖြစ်စေမယ့် အခြေအနေ အားလုံးကိုလည်း ဖယ်ရှားပေးရမှာ ဖြစ်ပါတယ်။ EU ကနေ နုတ်ထွက်ရာမှာ သဘောတူညီမှု မရဘဲ နုတ်ထွက်ခြင်း မပြုပါဘူး ဆိုတာကို ဝန်ကြီးချုပ် အနေနဲ့ အတည်ပြု ပေးစေလိုပါတယ်။ ”

နောက်တနလာၤနေ့မှာ ဝန်ကြီးချုပ်က လွှတ်တော်မှာ Brexit သဘောတူညီမှုနဲ့ ပတ်သက်လို့ ရှေ့ ဘယ်လို လုပ်ဆောင်မလဲ ဆိုတာကို ချပြဖို့ ရှိပြီး သဘောတူညီမှု မပါဘဲ EU ကနေ နုတ်ထွက်ဖို့ နောက်ထပ် ပြည်လုံးကျွတ် လူထုဆန္ဒခံယူပွဲ ကျင်းပရေး အပါအဝင် လွှတ်တော်အမတ်တွေ အနေနဲ့ တခြား ရွေးလမ်းတွေကို အကြံပေးနိုင်ကြမှာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG