သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

EU က တရားဝင်နှုတ်ထွက်နိုင်ဖို့ ဗြိတိန်ပြင်ဆင်


လန်ဒန်မြို့က Big Ben နာရီစင်ကြီးကို ဗြိတိန်အလံတွေကြားတွေ့ရ (Feb. 8, 2017)
လန်ဒန်မြို့က Big Ben နာရီစင်ကြီးကို ဗြိတိန်အလံတွေကြားတွေ့ရ (Feb. 8, 2017)

Brexit လို့ သိကြတဲ့ EU ဥရောပ သမဂ္ဂထဲကနေ ဗြိတိန်နိုင်ငံ နှုတ်ထွက်မယ့်ကိစ္စကို ဒီလ မကုန်ခင်မှာ ဥရောပကောင်စီကို တရားဝင် အကြောင်းကြားမယ်လို့ ဝန်ကြီးချုပ်Theresa May က ဗြိတိန် အောက်လွှတ်တော်ကို အင်္ဂါနေ့က ပြောကြား လိုက်ပါတယ်။ EU ထဲက နှုတ်ထွက်တဲ့ ကိစ္စတွေကို ညှိုနှိုင်းဆွေးနွေး တဲ့အခါ ဗြိတိန်နိုင်ငံထဲမှာ ရှိနေသူ အားလုံးအတွက် အဆင်ပြေစေမယ့် သဘောတူညီမှုတွေ ရရှိအောင် ကြိုးစားသွားမယ် လို့လည်း ဗြိတိန်ဝန်ကြီးချုပ်က ကတိပေးခဲ့ပါတယ်။ EU ထဲကနေ နှုတ်ထွက်မယ့် လုပ်ငန်းတွေကို တရားဝင် စတင်လိုက်ပြီး နောက်ဆက်တွဲ ဘာတွေဖြစ်လာမလဲ ညှိနှိုင်းမှုတွေ ဘယ်လောက် ကြာနိုင်မလဲ ဆိုတာကို မစုမြတ်မွန်က တင်ပြပါမယ်။

၂၀၁၆ ဇွန်လ လူထုဆန္ဒ ခံယူပွဲကနေ ဗြိတိန်နိုင်ငံ၊ ဥရောပသမဂ္ဂ ထဲကနေ နှုတ်ထွက် မယ်လို့ ဆုံးဖြတ် ခဲ့ကြပြီးနောက် ရလဒ်အတိုင်း အကောင်အထည်ဖော်ဖို့ ဗြိတိန်အစိုးရက ကြိုးစားနေပါတယ်။ ဥရောပသမဂ္ဂရဲ့ Lisbon ဘဘောတူစာချုပ် Article 50 စာပိုဒ် ၅၀ မှာ အဖွဲ့ဝင်အဖြစ်က နှုတ်ထွက်ချင်တယ်ဆိုရင် ဥရောပကောင်စီ ဥက္ကဋ္ဌကို တရားဝင် စာရေးသားပေးပို့ အကြောင်းကြားရမယ်လို့ ပြောထား ပါတယ်။ ဒါကြောင့် ဒီလမကုန် ခင်မှာ ဗြိတိန်နိုင်ငံ နှုတ်ထွက်မယ့်အကြောင်း တရားဝင် အသိပေးမှာဖြစ်တယ်လို့ ဝန်ကြီးချုပ် Theresa May က ဗြိတိန်အောက်လွှတ်တော်ကို အင်္ဂါနေ့က ပြောကြား ခဲ့ပါတယ်။ EU ထဲက နှုတ်ထွက်ရေး ဥပဒေကြမ်းကို လွှတ်တော် ၂ ရပ်လုံးမှာ အတည် ပြုနိုင် ခဲ့ပြီးနောက် ဘုရင်မကြီးရဲ့ အတည်ပြုချက်ရရင် အရင် အစီအစဉ်အတိုင်း နှုတ်ထွက် မှု လုပ်ငန်းတွေကို စတင်မှာဖြစ်တယ်လို့ ဝန်ကြီးချုပ် May ကပြောကြားခဲ့ပါတယ်။

“EU နဲ့ဆက်ဆံရေးသစ်ကို စတင်ပြီး ကမ္ဘာ့အလည်မှာ ဗြိတိန်နိုင်ငံရဲ့ အခန်းကဏ္ဍသစ်ကို စတင်မှာဖြစ်တဲ့အတွက် ဗြိတိန်နိုင်ငံရဲ့ အနာဂတ်ကို အဆုံးအဖြတ်ပေးမယ့် အချိန်ရောက်လာတော့မှာပါ။ ဗြိတိန်ဟာ ခိုင်မာပြီး ကိုယ်ပိုင်အုပ်ချုပ်တဲ့ ကမ္ဘာ့နိုင်ငံ တခုအဖြစ်နဲ့ ကိုယ့်ရဲ့ဥပဒေတွေ၊ နယ်စပ်တွေကို ကိုယ်တိုင် ထိန်းချုပ်တဲ့နိုင်ငံအဖြစ် ရှိသွားမှာပါ။ ဒီအခွင့်အရေးကို အမိအရ ဆုပ်ကိုင်ပြီး ခိုင်မာတဲ့စီးပွားရေး၊ လူမှုအသိုင်းအဝိုင်း အားလုံးအတွက် ပိုပြီးမျှတတဲ့ အခြေအနေတွေ ရရှိအောင် လုပ်သွားမှာဖြစ်ပါတယ်။ ဒါမှသာ နိုင်ငံရပ်ခြားမှာ ရှိနေကြတဲ့ ဗြိတိန်လူမျိုးတွေနဲ့ နိုင်ငံထဲမှာ ရှိနေကြသူတွေ အားလုံးအတွက် သင့်တော်တဲ့ သဘောတူညီမှု ဖြစ်ပါလိမ့်မယ်။”

EU ထဲကနေ ဗြိတိန်နိုင်ငံနှုတ်ထွက်မှာကို မကျေနပ်တဲ့ Scotland အစိုးရက Scotland နယ်သီးခြား ခွဲထွက်သင့် မသင့် နောက်တကြိမ် ဆန္ဒ ခံယူပွဲကို ၂၀၁၈ အကုန် ဒါမှမဟုတ် ၂၀၁၉ အစောပိုင်းလုပ်ဖို့ တနင်္လာနေ့ကပဲ တောင်းဆိုထားပါတယ်။ ဒါကြောင့် Scotland နယ် အစိုးရ အပါအဝင် နိုင်ငံထဲမှာ ရှိကြသူအားလုံးအတွက် သင့်တော်တဲ့ သဘောတူညီမှု ရရှိအောင် ကြိုးစားသွားမှာ ဖြစ်တယ်လို့ ဝန်ကြီးချုပ် Theresa May ကပြောကြား ခဲ့တာပါ။ အခုအချိန်ဟာ နိုင်ငံရေးကစားဖို့ အချိန်မဟုတ်သလို၊ နိုင်ငံထဲမှာ မရေရာမှုတွေ ကွဲပြားမှုတွေကို ဖန်တီးရမယ့် အချိန် မဟုတ်ဘူးလို့လည်း ဝန်ကြီးချုပ်က ပြောကြားသွားပါတယ်။ EU ထဲကနေ ဗြိတိန်နှုတ်ထွက်မယ့်အကြောင်း အသိပေးစာကို မတ်လ ၃၁ ရက်နေ့မှာ နောက်ဆုံးထားပြီး ဥရောပကောင်စီ ဥက္ကဋ္ဌဆီကို ပေးပို့လိမ်မယ်လို့ မျှော်လင့်ရပါတယ်။ အဲဒီလိုပေးပို့ လိုက်ပြီးတာနဲ့ ဘာတွေ ဆက်ဖြစ် လာမှာလဲဆိုတာကို Free University of Brussels တက္ကသိုလ်ရဲ့ ဥရောပရေးရာလေ့လာရေး သိပ္ပံက နိုင်ငံတကာ ဆက်ဆံရေး ပါမောက္ခ Mario Telo က ခုလိုရှင်းပြပါတယ်။

“အကြောင်းကြားစာ ရတာနဲ့ ဥရောပကောင်စီမှာ အစိုးရ အကြီးအကဲတွေ ခေါင်းဆောင်တွေကြား ဆွေးနွေးမှုတွေ စတင်ပါလိမ့်မယ်။ နှုတ်ထွက်ရေးနဲ့ ပတ်သက်လို့ ညှိနှိုင်းဆွေးနွေး ကြတဲ့အခါ လိုက်နာရမယ့် စည်းမျဉ်းစည်းကမ်းတွေကို ဥရောပကောင်စီမှာ ဆွေးနွေးချမှတ် ကြရမှာဖြစ်ပါတယ်။ အဲဒီနောက်မှာ EU ဖက်က ဦးဆောင်ဆွေးနွေးမယ့်သူကို သတ်မှတ်ပြီး ညှိုနှိုင်းမှုတွေကို စတင်မှာဖြစ်ပါတယ်။ အရင်ဒါမျိုး တခါမှ မဖြစ်ဖူးတဲ့အတွက် အချိန်ကြာနိုင်ပါတယ်။”

လောလောဆယ် အဖွဲ့ဝင် ၂၈ နိုင်ငံပါဝင်တဲ့ EU ထဲကနေ ဘယ်အဖွဲ့ဝင်ကမှ ထွက်သွားဖူးတာ မရှိခဲ့ဖူးတာကြောင့် ဆွေးနွေးမှုတွေဟာ အချိန်ယူ လိမ့်မယ်လို့ လေ့လာသူတိုင်းက သုံးသပ်နေကြတာပါ။ ရှုပ်ထွေး ခက်ခဲတဲ့ဆွေးနွေးမှုတွေ လုပ်ကြရလိမ့်မယ်လို့ Egmont Royal Institute က ဥရောပရေးရာ အစီအစဉ် ဒါရိုက်တာ Alexander Mattelaer ကပြောပါတယ်။

“အတိတ်က လူတွေချန်ရစ်ခဲ့တဲ့ အစဉ်အလာ အတိုင်းပြောရမယ်ဆိုရင် EU ထဲက ထွက်တဲ့အတွက် ဘယ်လောက်ဆုံးရှုံး နစ်နာသွားမှာလဲ ဆိုတာနဲ့ အင်္ဂလိပ်ရေလက်ကြား တဖက်တချက်မှာ ရှိကြတဲ့ နိုင်ငံသားတွေရဲ့ ရပိုင်ခွင့်တွေက အဓိက ဆွေးနွေးစရာ အချက်တွေဖြစ်ပါတယ်။ ဒါပေမယ့် ယူကေနဲ့ ဥရောပသမဂ္ဂရဲ့ အနာဂတ် ဆက်ဆံရေး ဘယ်လိုဖြစ်သွားမှာလဲဆိုတဲ့အပိုင်းမှာ ပိုပြီးကြီးကျယ်၊ ရှုပ်ထွေးတဲ့ ဆွေးနွေးမှုတွေ ရှိလာနိုင်ပါတယ်။”

ညှိုနှိုင်းဆွေးနွေးမှုတွေဟာ ပုံမှန်အားဖြင့် ၂ နှစ် ကြာမယ်လို့ ခန့်မှန်းထားပေမဲ့ ဗြိတိန်နဲ့ EU အဖွဲ့ဝင်တွေ အားလုံးကြား သဘောတူညီမှုတွေ ရရှိနိုင်ဖို့အတွက် ဒီထက်မက ကြာနိုင်တယ်လို့ တွက်နေကြပါတယ်ရှင်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG