သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တော်ဝင်မင်းသား Harryနဲ့ အမေရိကန်သူ Meghanတို့ သားဦးရတနာ အမည် ကြေညာ


ဗြိတိန်နိုင်ငံ တော်ဝင်မင်းသား Sussex မြို့စား Harry နဲ့ မြို့စားကတော် အမေရိကန်သူ Meghan Markle တို့ ရဲ့ သားဦးလေးကို မေလ ၆ ရက် တနင်္လာနေ့ မနက် ၅ နာရီ ၂၆ မိနစ်မှာ မွေးဖွားခဲ့ပါတယ်။ မွေးဖွားတဲ့ နေရာကိုတော့ အတိအကျ ဖော်ပြခြင်း မရှိပါဘူး။ မနေ့ ဗုဒ္ဓဟူး နေ့မှာတော့ သားတော် မင်းသားလေးကို ဝင်ဆာနန်းတော် က St. George ခန်းမဆောင်မှာ သတင်းထောက်တွေကို ပြသခဲ့ပါတယ်။ ဒီအကြောင်း VOA သတင်းထောက် Sandra Lemaire သတင်းပေးပို့ထားတာကို မမြသဇင်အောင် က ပြောပြပေးပါမယ်။

ဗြိတိန်နိုင်ငံ တော်ဝင်မင်းသား Sussex မြို့စား Harry နဲ့ မြို့စားကတော် အမေရိကန်သူ Meghan Markle တို့ရဲ့ သားဦးလေးကို မေလ ၆ ရက် တနင်္လာနေ့က ဖွားမြင်ခဲ့ပြီး မွေးဖွားစဉ် ကလေးငယ်ရဲ့ အလေးချိန်က ၇ ပေါင် ၃ အောင်စ ရှိပါတယ်။ မနေ့ ဗုဒ္ဓဟူးနေ့ မှာတော့ ဝင်ဆာနန်းတော်က St. George ခန်းမဆောင်မှာ မြို့စား Harry နဲ့ မြို့စားကတော် Meghan တို့က စောင်အဖြူလေး နဲ့ထွေးပိုက်ထားတဲ့အိပ်ပျော်နေတဲ့ ကလေးငယ်ကို သတင်းထောက်တွေကို ဂုဏ်ယူစွာနဲ့ ပြသခဲ့ပါတယ်။ သတင်းထောက်တွေက Meghan ကို မိခင်တယောက်ဖြစ်ရတဲ့ အပေါ်မေးမြန်းတာမှာ Meghan က

“ သားလေးက သန္ဓေ သိပ်ကောင်းပါတယ်။ သူ့ကို ပြုစုစောင့်ရှောက် သွားဖို့ကို အရမ်း စိတ်လှုပ်ရှားနေပါပြီ။ ”

သားတော်လေးကို ပိုင်ဆိုင်ရတာ အရမ်း ကြည်နူးမိတယ်လို့ လည်း Meghan က ပြောပါတယ်။ သားဦးလေး မွေးဖွားလာတဲ့ အပေါ်မှာလည်း မိဘ နှစ်ပါးဖြစ်တဲ့ Harry နဲ့ Meghan တို့ နှစ်ယောက်လုံး အရမ်းကို ပျော်ရွှင်နေကြတာကို တွေ့ရပါတယ်။

“ တကယ်ကို စိတ်ကြည်နူးစရာပါ။ ယုံတောင်မယုံနိုင်ဘူး။ ကမ္ဘာမှာ အကောင်းဆုံး အမျိုးသား ၂ ယောက်ကို ကျွန်မ ရထားတာပါ။ ကျွန်မ အရမ်းကို ပျော်ပါတယ်။ ”

သားတော်လေး ကို Archie Harrison Mountbatten-Windsor လို့ အမည်မှည့်ခေါ်မယ့် အကြောင်းကို မနေ့ ဗုဒ္ဓဟူးနေ့မှာ ပဲ Harry နဲ့ Meghan တို့က Instagram လူမှုကွန်ယက် မှာ ရေးသား ဖော်ပြခဲ့ပါတယ်။ ဘိုးတော်၊ ဘွားတော်၊ မိဘ ၂ ပါးတို့နဲ့ အတူ ရိုက်ထားတဲ့ ကလေးငယ်ရဲ့ ပုံကို လည်း Instagram မှာ တင်ထားတာပါ။

မနေ့ နေ့လည်ပိုင်းမှာတော့ သားတော်ကလေးကို အဘွားဖြစ်သူ ဘုရင်မကြီး Elizabethနဲ့ အဘိုး Philip တို့ဆီ သွားရောက်ပြသခဲ့ပါတယ်။ အခုဖွားမြင်တဲ့ သားတော်လေး Archie က ဘုရင်မကြီး Elizabethရဲ့ ၈ ယောက်မြောက် မြစ်တော်ဖြစ်ပါတယ်။ ကလေးငယ်ကို ဘုရင်မကြီးနဲ့ ကြင်ယာတော်ဆီ သွားရောက်ပြသတာမှာ Meghan ရဲ့ မိခင်ဖြစ်သူ ကလေးငယ်ရဲ့ အဖွားလည်း လာရောက်ခဲ့ပါတယ်။

သားတော်လေး Archie က က ဗြိတိန် ထီးနန်း အမွေကို ဆက်ခံခွင့်ရှိသူ သတ္တမမြောက်မင်းသားလေး တဦးဖြစ်ပြီး သူဟာ ဗြိတိန် ထီးနန်း ဆက်ခံခွင့် ရှိသူတွေထဲ ပထမဆုံး ဗြိတိသျှ - အမေရိကန် လူမျိုး တော်ဝင်မင်းသားလေး တပါးပဲ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG