သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဘရူနိုင်းရဲ့ ရက်စက်တဲ့ ဥပဒေပြဌာန်းမှု အပေါ် နိုင်ငံတကာ ဝေဖန်မှုတိုး


ဘရူနိုင်းနိုင်ငံမှာ မနေ့ ဧပြီလ ၃ ရက်နေ့ ဗုဒ္ဓဟူးနေ့က စတင် အာဏာသက်ရောက်ခဲ့တဲ့ လိင်တူစုံမက်သူတွေ၊ အိမ်ထောင်ရေး ဖောက်ပြန်သူတွေကို ခဲနဲ့ပစ်ပေါက် သေဒဏ်စီရင်တဲ့ ဥပဒေကို နိုင်ငံတကာက ပြင်းပြင်းထန်ထန် ရှုံ့ချမှုတွေ ထွက်ပေါ်နေပါတယ်။ ဒီပြစ်မှုဆိုင်ရာ ဥပဒေသစ်ကို ဆိုင်းငံ့ပေးဖို့ ကုလသမဂ္ဂ အတွင်းရေးမှုးချုပ်နဲ့ လူ့အခွင့်ရေးဆိုင်ရာ မဟာမင်းကြီးတို့က တောင်းဆိုလိုက်သလို၊ အမေရိကန်ပြည်ထောင်စု ကလည်း နိုင်ငံတကာ ဥပဒေနဲ့ ဆန့်ကျင်တဲ့ ဘရူနိုင်းရဲ့ ဒီဥပဒေအတွက် စိုးရိမ်ကြောင်း ပြောပါတယ်။ အပြည့်အစုံကို ဒေါ်ခင်မျိုးသက်က ပြောပြပေးမှာပါ။

မူစလင် အများစုနေထိုင်ပြီး ဘုရင်စနစ်နဲ့ အုပ်ချုပ်တဲ့ သေးငယ်တဲ့ ဘရူနိုင်းနိုင်ငံဟာ ၂၀၁၄ ခုနှစ်မှာ အာရှတိုက်ရဲ့ ပထမဆုံး အစ္စလာမ်ဘာသာရေး ဥပဒေနဲ့ အုပ်ချုပ်တဲ့ နိုင်ငံဖြစ်လာတာပါ။ အရင်က ဗြိတိသျှ ကာကွယ်စောင့်ရှောက်ခံ နိုင်ငံဖြစ်ခဲ့တဲ့ ရေနံကြွယ်ဝတဲ့ ဘရူနိုင်းနိုင်ငံမှာ လူဦးရေ ၄ သိန်းခွဲလောက် ရှိပြီး သြဇာကြီးတဲ့ ဘရူနိုင်းစော်ဘွား Hassanal Bolkiah က ဝန်ကြီးချုပ် တာဝန်ကိုပါ အနှစ် ၅၀ ကျော် ယူပြီး အုပ်ချုပ်နေတာဖြစ်ပါတယ်။

အိမ်ထောင်ရေး ဖောက်ပြန်သူ၊ လိင်တူစုံမက်သူတွေအဖြစ် အပြစ်ရှိကြောင်း ဆုံးဖြတ်ခံရမယ် ဆိုရင် ခဲနဲ့ပစ်ပေါက် သေဒဏ်ပေးတာ အပါအဝင် အစ္စလာမ်ဘာသာရေး ဥပဒေနဲ့ အရေးယူမယ့် ပြစ်ဒဏ်သတ်မှတ်ချက် အသစ်တွေ ဧပြီလ ၃ ရက်နေ့မှာ စတင်သက်ဝင် ခဲ့တာ ဖြစ်ပါတယ်။

ဘရူနိုင်းစော်ဘွား Bolkiah ချမှတ်ခဲ့တဲ့ ရှရီယာ အစ္စလာမ် ဥပဒေမှာ ပြင်းထန်တဲ့ ပြစ်ဒဏ်တွေကို ထပ်မံထည့်သွင်းခဲ့တာ ဖြစ်ပြီး ဒီဥပဒေသစ် အရ ကလေးတွေ၊ နိုင်ငံခြားသားတွေနဲ့ မူဆလင်မဟုတ်တဲ့ သူတွေကိုပါ အရေးယူမှာ ဖြစ်ပါတယ်။ ဥပဒေအရ ခိုးမှုကျုးလွန်သူကို ပထမတကြိမ်မှာ ညာဖက်လက် အဖြတ်ခံရမှာဖြစ်ပြီး၊ ဒုတိယ တကြိမ်မှာတော့ ဘယ်ဖက်ခြေထောက် အဖြတ်ခံရမှာ ဖြစ်ပါတယ်။

အိမ်ထောင်ရေးဖေါက်ပြန်သူတွေနဲ့ လိင်တူစုံမက်သူတွေထဲက အမျိုးသားချင်း ဆက်ဆံသူတွေကို ခဲနဲ့ပစ်ပေါက်ပြီး သေဒဏ်ပေးခွင့် ပေးထားသလို အမျိုးသမီးချင်း ဆက်ဆံမှုအတွက် ကြိမ်ဒဏ် (၁၀၀) ရိုက်ပြီး အပြစ်ပေးခွင့် ရှိတာပါ။

ကမ္ဘာပေါ်မှာ လူတိုင်းဟာ လွတ်လပ်စွာ နေထိုင်ခွင့်တွေ၊ ဂုဏ်သိက္ခာနဲ့ ရပိုင်ခွင့်တွေ ရှိတဲ့အတွက် ဘရူနိုင်းအစိုးရရဲ့ အခု ချမှတ်လိုက်တဲ့ ပြစ်မှုဆိုင်ရာ ဥပဒေသစ်ပါ အချက်တွေကို ကုလသမဂ္ဂ အတွင်းရေးမှုးချုပ် Antonio Gueterres က ပြတ်ပြတ်သားသား ဆန့်ကျင်ကြောင်း အတွင်းရေးမှုးချုပ်ရုံး ပြောခွင့်ရ Stephane Dujarric က ဗုဒ္ဓဟူးနေ့ နယူးယောက် ကုလသမဂ္ဂရုံးချုပ် သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

“အတွင်းရေးမှုးချုပ် အပိုင်းက ပြောရရင် ဘယ်လို ရက်ရက်စက်စက် အပြစ်ပေးမှုမျိုးကို မဆို အတွင်းရေးမှုးချုပ်က ပြတ်ပြတ်သားသား ဆန့်ကျင်ပါတယ်။ ကိုယ်ချစ်ချင်တဲ့ သူကိုချစ်ဖို့နဲ့ ကိုယ်အတူနေချင်တဲ့ သူနဲ့ နေခွင့်ရရေးလို - လူသားအားလုံးရဲ့ ရပိုင်ခွင့်တွေကို အကာကွယ်ပေးဖို့ လုပ်ဆောင်မှာ ဖြစ်ပါတယ်။”

ကုလသမဂ္ဂ လူ့အခွင့်ရေးဆိုင်ရာ မဟာမင်းကြီး Michelle Bachelet က ဘရူနိုင်းရဲ့ အခုလို ဥပဒေသစ် ထုတ်ပြန်မှုအတွက် ရှုံ့ချလိုက်ပြီး ဘာသာရေးနဲ့ လူ့အခွင့်ရေးဆိုင်ရာ ယုံကြည်ချက်တွေဟာ ခွဲခြားလို့ မရတဲ့အတွက် ဒီလို အပြစ်ပေးတာမျိုးကို ဥပဒေအဖြစ် မပြဌာန်းဖို့ တောင်းဆိုခဲ့ကြောင်း ဒီသီတင်းပတ် အစောပိုင်းမှာပဲ ကုလသမဂ္ဂ လူ့အခွင့်ရေးဆိုင်ရာ OHCHR ရုံးပြောခွင့်ရ Ravina Shamdasani ကပြောခဲ့တာပါ။

"ဘာသာရေးနဲ့ လူ့အခွင့်ရေးဟာ တခုနဲ့တခု ဆန့်ကျင်ဘက် အင်အားတွေ မဟုတ်ပါဘူးလို့ လူ့အခွင့်ရေးဆိုင်ရာ ကော်မရှင်နာ မင်းကြီးက အလေးအနက်ထား ပြောပါတယ်။ တကယ်တော့ ဒီ ၂ မျိုးစလုံးရဲ့ အခြေခံယုံကြည်ချက် အများအပြားက တကယ့်ကို တူတာပါ။ ဘရူနိုင်းအစိုးရ အနေနဲ့ ဒါတွေကို ဥပဒေ တရပ်အနေနဲ့ မပြဌာန်းဖို့ ကျမတို့က တောင်းဆိုပါတယ်။ ဒီလို ပြဌာန်းမယ့်အစား ဘာသာရေးခေါင်းဆောင်တွေ၊ အစိုးရခေါင်းဆောင်တွေ၊ အသိုင်းအဝိုင်းမျိုးစုံက လူမှုလူ့အဖွဲ့အစည်းတွေ၊ ပြည်သူတွေနဲ့ တိုင်ပင်ပြီး ဘရူနိုင်းပြည်သူအားလုံးရဲ့ လူ့အခွင့်ရေး ကိုပါ မထိခိုက်ဘဲ ရာဇဝတ်မှု တိုက်ဖျက်နိုင်မယ့် ဥပဒေမျိးကို ရေးဆွဲဖို့ ပန်ကြားပါတယ်။”

အမေရိကန်၊ ဗြိတိန်၊ ဂျာမဏီနဲ့ ပြင်သစ်နိုင်ငံတွေကလည်း ဒါကို ဥပဒေသစ်အဖြစ် မပြဌာန်းဖို့ ဆက်ပြီး တိုက်တွန်းနေကြတာပါ။ အမေရိကန် အစိုးရက ဘရူနိုင်းရဲ့ အခုလို လုပ်ဆောင်ချက်အတွက် စိုးရိမ်ကြောင်း ပြောကြားခဲ့သလို အမေရိကန် နိုင်ငံခြားရေးဌာန ပြောခွင့်ရ Robert Palladino က ဘရူနိုင်း အစိုးရရဲ့ ဆုံးဖြတ်ချက်ဟာ အမေရိကန်နဲ့ရော၊ လူ့အခွင့်ရေးဆိုင်ရာ နိုင်ငံတကာ လိုက်နာရမယ့် အချက်တွေနဲ့ပါ ကိုက်ညီမှု မရှိကြောင်း ပြောပါတယ်။ နိုင်ငံတကာ လိုက်နာရမယ့် အချက်တွေထဲမှာ တဦးနဲ့တဦး လူမဆန်တဲ့ နှိပ်စက် အကြမ်းဖက်မှုတွေ မလုပ်ဖို့နဲ့ အားနည်းသူတွေကို အကာကွယ်ပေးဖို့တွေ ပါဝင်ပြီး ဘရူနိုင်း နိုင်ငံ အနေနဲ့ ကုလသမဂ္ဂ ပဋိဉာဉ် စာတမ်းမှာ တားမြစ်ထားတဲ့ အတိုင်း ညှင်းပမ်းနှိပ်စက်မှုတွေ မလုပ်ဖို့နဲ့ ရပိုင်ခွင့်တွေ အကာကွယ်ပေးဖို့ပါ တောင်းဆိုခဲ့ပါတယ်။

နယူးယောက်အခြေစိုက် Human Rights Watch လူ့အခွင့်ရေးအဖွဲ့ရဲ့ အာရှဒေသ ဆိုင်ရာ ဒါရိုက်တာ Phil Robertson ကတော့ ဘရူနိုင်းရဲ့ ပြစ်မှုဆိုင်ရာ ဥပဒေသစ်ဟာ လူမဆန်တဲ့ ရက်စက်မှုဖြစ်ပြီး ခေတ်ဟောင်းက အပြစ်ပေးတဲ့ပုံစံ ဖြစ်နေတဲ့အပြင် ဒါမျိုးဟာ ရာဇဝတ်ပြစ်မှု အဖြစ်တောင် မသတ်မှတ်သင့်ဘူးလို့ ပြောပါတယ်။

ဒီဥပဒေသစ်ကို နာမည်ကျော် အနုပညာရှင်တွေ ဖြစ်ကြတဲ့ Elton John၊ Ellen DeGeneres နဲ့ George Clooney တို့က ပြစ်တင်ရှုတ်ချလိုက်ကြပြီး၊ အမေရိကန်နဲ့ ဥရောပမှာရှိတဲ့ ဘရူနိုင်းစော်ဘွားနဲ့ ဆက်နွယ်တဲ့ ဟော်တယ် ၉ ခုကို သပိတ်မှောက်ကြဖို့လည်း လှုံ့ဆော်နေကြပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG