သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သေဒဏ်စီရင်မည့်ဥပဒေပြင်ဆင်ချက် ဘရူးနိုင်းအပေါ် နိုင်ငံတကာ ဝေဖန်မှုတိုး


ဘရူးနိုင်း ဥပဒေပြုရေး အဆောက်အအုံ
ဘရူးနိုင်း ဥပဒေပြုရေး အဆောက်အအုံ

ဘရူးနိုင်းနိုင်ငံမှာ မနက်ဖြန် ဗုဒ္ဓဟူးနေ့မှာ စတင်သက်ရောက်မယ့် ပြန်လည်ပြင်ဆင်ထားတဲ့ ပြစ်မှုဆိုင်ရာ ဥပဒေကို ကျင့်သုံးခြင်း မပြုဖို့ ကုလသမဂ္ဂ လူ့အခွင့်အရေး မဟာမင်းကြီး Michelle Bachelet က တောင်းဆိုလိုက်ပါတယ်။ ဥပဒေသစ် အရ ကျင့်သုံးမယ့် သေဒဏ် ပြစ်ဒဏ်စီရင်မှုဟာဆိုရင် လူမဆန်အောင် ရက်စက်ပြီး နိုင်ငံတကာ လူ့အခွင့်အရေး ဥပဒေကို ချိုးဖောက်တယ်လို့လည်း ကုလ လူ့အခွင့်အရေး မဟာမင်းကြီးက ပြောဆိုထားတာပါ။ လူ့အခွင့်အရေး မဟာမင်းကြီးရုံး ရုံးချုပ်တည်ရှိရာ Geneva ကနေ ဗွီအိုအေ သတင်းထောက် Lisa Schlein သတင်းပေးပို့ထားပါတယ်။ မသိင်္ဂ ီထိုက် ပြောပြပေးမှာပါ။

ဘရူးနိုင်း နိုင်ငံရဲ့ ခရီးသွား ကြော်ငြာတွေမှာတော့ သိပ်ကို ငြိမ်းချမ်းလှတဲ့ နိုင်ငံဆိုပြီး ဖော်ညွှန်းကြပါတယ်။ တချိန်ကတော့ ဒီအခြေအနေ ရှိခဲ့ပါတယ်။ မူဆလင် ဘုရင် အုပ်ချုပ်တဲ့ ဘရူးနိုင်း နိုင်ငံမှာ ၁၉၅၇ ခုနှစ်ကစလို့ တဦးတယောက်ကိုမှ သေဒဏ်စီရင်ခဲ့တာမျိုး မရှိခဲ့ပါဘူး။ ဒါပေမယ့်လည်း မကြာသေးခင်ကတော့ ကျောက်ခဲနဲ့ အသေ ပစ်ပေါက်မှု အပါအဝင် သေဒဏ် အပြစ်ပေးတာကို ကျင့်သုံးဖို့ ဆုံးဖြတ်ခဲ့တာကြောင့် နိုင်ငံတကာမှာ မကျေနပ်မှုတွေ ပေါ်ပေါက်ခဲ့ပါတယ်။ ပြန်လည် ပြင်ဆင်လိုက်တဲ့ ပြစ်မှုဆိုင်ရာ ဥပဒေအရ မုဒိမ်းမှု၊ အိမ်ထောင်ရေး ဖောက်ပြန်မှု၊ လိင်တူ ဆက်ဆံမှု၊ လုယက်မှုနဲ့ တမန်တော် မိုဟာမက်ကို စော်ကားမှုတွေလို ပြစ်မှုတွေမှာ သေဒဏ် အပြစ်ပေးခံရနိုင်ပါတယ်။

ပြင်ဆင်လိုက်တဲ့ ပြစ်မှုဆိုင်ရာ ဥပဒေကိုသာ လက်တွေ့ကျင့်သုံးခဲ့မယ်ဆိုရင် ဘရူးနိုင်း နိုင်ငံတွင်း လူ့အခွင့်အရေး အကာအကွယ်ပေးမှုမှာ အကြီးအကျယ် ဆုတ်ယုတ်သွားမယ်လို့ ကုလ လူ့အခွင့်အရေး မဟာမင်းကြီး Michelle Bachelet က သတိပေးပါတယ်။ ပြစ်မှုဆိုင်ရာ ဥပဒေက ကျယ်ပြန့်လွန်းတာကြောင့် ဥပဒေနဲ့ ငြိစွန်းဖို့ သိပ်လွယ်တယ်လို့ လူ့အခွင့်အရေး မဟာမင်းကြီးရဲ့ ပြောခွင့်ရ Ravina Shamdasani က ဗွီအိုအေကို ပြောပါတယ်။

“ဥပမာ ပြောရရင် အစ္စလာမ် ဘာသာကလွဲရင် တခြား ဘာသာရေးတွေကို ယုံကြည်သက်ဝင် ကိုးကွယ်ရင် ပြစ်မှုမြောက်တယ်ဆိုတာမျိုး မူဆလင် ကလေးငယ်တွေကို ပုံဖော်ပြသထားတာပါ။ နောက် ကိုယ်ဝန်ဖျက်ချမှုအတွက် ပြစ်ဒဏ်အဖြစ် လူမြင်ကွင်းမှာ ကြိမ်ဒဏ် အပြစ်ပေးဖို့လည်း ပါပါတယ်။ ဒါဟာဆိုရင် အားနည်းချက် ရှိသူတွေကို အကြီးအကျယ် ထိခိုက်စေမှာ ဖြစ်သလို အမျိုးသမီး အများစု အပေါ်မှလည်း အကြီးအကျယ် သက်ရောက်မှာပါ။”

လူ့အခွင့်အရေးနဲ့ ဘာသာ အယူဝါဒယုံကြည်မှုကြားမှာ ကွဲလွဲ ဆန့်ကျင်မှု မရှိပါဘူးလို့လည်း ပြောခွင့်ရ Shamdasani က ပြောပါတယ်။ ကုလသမဂ္ဂ လူ့အခွင့်အရေး မဟာမင်းကြီးရုံး အနေနဲ့ အခွင့်အရေးအတွက် ကိုးကွယ်ယုံကြည်မှု ဆိုင်ရာ Beirut ကြေညာချက် မူကြမ်းတရပ် ရေးဆွဲဖို့ ကမ္ဘာတလွှားက ဘာသာရေး ခေါင်းဆောင်တွေနဲ့ ဆောင်ရွက်နေကြောင်းလည်း ပြောပါတယ်။

“ဒီမူကြမ်းက သိပ်ကို ခိုင်မာပါတယ်။ ဘာသာရေး ယုံကြည်ချက်တွေကို ဥပဒေထဲမှာ ထည့်သွင်းပြဌာန်းလိုတဲ့ နိုင်ငံတွေ အနေနဲ့ နိုင်ငံတကာ လူ့အခွင့်အရေး စံတွေကို အပြည့်အ၀ လိုက်နာ ဆောင်ရွက်ဖို့ နိုင်ငံတွေကို အားပေးတိုက်တွန်းထားတာကြောင့် အားလုံးအတွက် လူ့ဂုဏ်သိက္ခာနဲ့ တန်းတူညီမျှမှုကို အတူပူးတွဲ ဆောင်ရွက်နိုင်ပါတယ်။”

လူသတ်မှု၊ ရည်ရွယ်ချက်နဲ့ သတ်ဖြတ်မှုတွေ အတွက်ဘဲ သေဒဏ် အပြစ်ပေးဖို့ နိုင်ငံတကာ ဥပဒေက ခွင့်ပြုထားပါတယ်။ ဘာသာရေးကို အခြေခံတဲ့ ဥပဒေပြဌာန်းမှုတွေမှာ လူ့အခွင့်အရေး မချိုးဖောက်ရဘူးလို့လည်း ကုလသမဂ္ဂ လူ့အခွင့်အရေး မဟာမင်းကြီးက ပြောပါတယ်။ လိုက်နာရမယ့် နိုင်ငံတကာ လူ့အခွင့်အရေး ဥပဒေတွေနဲ့ လိုက်လျောညီထွေ ဖြစ်လာစေရေး ဘရူးနိုင်း အစိုးရနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ အဆင်သင့် ရှိတယ်လို့လည်း ကုလ လူ့အခွင့်အရေး မဟာမင်းကြီးက ပြောပါတယ်။ ကမ္ဘာ့ အချမ်းသာဆုံး ပုဂ္ဂိုလ် တဦး ဖြစ်တဲ့ ဘုရင် Hassanal Bolkiah က ရေနံကြွယ်ဝတဲ့ ဘရူးနိုင်း နိုင်ငံကို အုပ်ချုပ်နေတာ နှစ် ၅၀ ကျော် ရှိခဲ့ပါပြီ။ မူဆလင် ဘုရင်စနစ်နဲ့ အုပ်ချုပ်နေတဲ့ ဘရူးနိုင်း နိုင်ငံက လိင်တူ လိင်ကွဲ စုံမက်သူတွေ၊ လိင်ပြောင်းထားသူတွေကို ကျောက်ခဲနဲ့ အသေ ပစ်ပေါက် အပြစ်ပေးခွင့်ပြုထားတဲ့ မူဆလင် ရှာရီယာ ဥပဒေကို ပြဌာန်းခဲ့တာပါ။

ဘရူးနိုင်းပိုင် ဟိုတယ်တွေမှာ တည်းခိုကြတာဆိုရင် လိင်တူဆက်ဆံမှုနဲ့ အိမ်ထောင်ရေး ဖောက်ပြန်မှု စွပ်စွဲချက်တွေနဲ့ ကိုယ့်နိုင်ငံသားတွေကို ကြာပွတ်နဲ့ ရိုက်၊ ခဲနဲ့ပေါက် သေဒဏ် စီရင်ဖို့ စီစဉ်တဲ့ အမျိုးသားတွေရဲ့ လက်ထဲကို ငွေတွေထည့်ပေးနေကြတာ ဖြစ်တယ်လို့ ဟောလီးဝုဒ် သရုပ်ဆောင် အကျော်အမော် George Clooney က ပြောဆိုပြီး ဒီဟိုတယ်တွေကို သပိတ်မှောက်ကြဖို့ တိုက်တွန်းထားတာပါ။ ဒီတိုက်တွန်းချက်ကို ဗြိတိန် ရောခ့်ဂီတ အကျော်အမော် Elton John လည်း ပူးပေါင်းပါဝင်လာပါတယ်။ ဟောလီးဝုဒ်က Beverly Hills ဟိုတယ်၊ နောက် လန်ဒန်က Dorchester ဟိုတယ်တွေလိုမျိုး ဇိမ်ခံ ဟိုတယ်ကြီးတွေကို ဘရူးနိုင်းက ပိုင်ဆိုင်ထားတာပါ။ ဒီသပိတ်မှောက်မှု ပူးပေါင်းပါဝင်လာကြသူတွေထဲမှာ အမေရိကန် ဒုတိယ သမ္မတဟောင်း Joe Biden ၊ ရီပတ်ပလီကန် အထက်လွှတ်တော် အမတ် Ted Cruz နဲ့ သရုပ်ဆောင် Jamie Lee Curtis တို့လည်း ပါဝင်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG