သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

BTS အဖွဲ့ ခေါင်းဆောင် RM ရဲ့ သီချင်းဗွီဒီယိုသစ်


South Korea BTS Military Service
South Korea BTS Military Service

ကမ္ဘာကျော် တောင်ကိုရီးယားကေပေါ့ပ်အဖွဲ့ဖြစ်တဲ့ BTS အဖွဲ့ထဲက RM သူ့သီချင်းသစ်အတွက် ဂီတဗွီဒီယို ထုတ်လိုက်ပါတယ်။ သူတယောက်တည်း သီဆိုတဲ့ ဒုတိယမြောက် တေးအယ်လ်ဘမ် “Right Place, Wrong Person” ကို မေလ ၂၄ ရက်နေ့က ထုတ်လိုက်ပြီးနောက် ဒီကနေ့ထုတ်လိုက်တဲ့ သီချင်း “Domodachi” က ၄ ပုဒ်မြောက် ဗွီဒီယိုဖြစ်ပါတယ်။

ဒီသီချင်းနဲ့ ပတ်သတ်ပြီး ကြေညာချက်ထုတ်ထားတာမှာတော့ ဟစ်ဟော့အမျိုးအစား ဒီသီချင်းက ဥမင်လှိုဏ်ခေါင်းကနေ ထွက်ပေါက်ရောက်ဖို့ ကြိုးစားသူ လူငယ်တဦး အခက်အခဲမျိုးစုံ တွေ့ကြုံပြီး နောက်ဆုံး အပြင်လောကရောက်ပြီးခါမှ ဥမင်လှိုဏ်ခေါင်းထဲ ပြန်ရောက်သွားရတဲ့ အကြောင်း ရေးဖွဲ့ထားတယ်လို့ ပြောထားပါတယ်။ ဒီသီချင်းဗွီဒီယိုကို ဂျပန်ဒါရိုက်တာ Pennacky ပန်နက်ကီက ရိုက်ကူးပြီး ဒီဒါရိုက်တာက RM ရဲ့ နောက်သီချင်းတပုဒ်ဖြစ်တဲ့ “Groin” ကိုလည်း ရိုက်ကူးပေးသူပါ။

BTS အဖွဲ့ခေါင်းဆောင်ဖြစ်တဲ့ RM၊ အမည်အရင်း Kim Namjoon ဟာ အသက် ၂၉ နှစ်ရှိပြီး ကမ္ဘာကျော် ဖက်ရှင်တံဆိပ် Bottega Veneta ရဲ့ ပထမဆုံး ချစ်ကြည်ရေးသံတမန် ဖြစ်ပါတယ်။ ဒီဇင်ဘာ ၁၁ ရက်နေ့ကပဲ စပြီး စစ်မှုထမ်းနေပါတယ်။ တောင်ကိုရီးယားနိုင်ငံမှာက အသက် ၁၈ နှစ်နဲ့ အသက် ၂၈ နှစ်ကြား ကျန်းမာ၊ သန်စွမ်းတဲ့ အမျိုးသားတိုင်း ၁ နှစ်ခွဲကနေ ၂ နှစ် ကြာ စစ်မှုထမ်းရတာဖြစ်ပါတယ်။

စစ်မှုထမ်းနေကြတဲ့ BTS အဖွဲ့သားများရဲ့ ဓာတ်ပုံများရှေ့တွေ့ရတဲ့ ပရိတ်သတ်များ
စစ်မှုထမ်းနေကြတဲ့ BTS အဖွဲ့သားများရဲ့ ဓာတ်ပုံများရှေ့တွေ့ရတဲ့ ပရိတ်သတ်များ

တောင်ကိုရီးယားနိုင်ငံက အနုမြူလက်နက်ပိုင် မြောက်ကိုရီးယားရန်က အမြဲရှိနေတာပါ။ အခုလောလောဆယ် BTS အဖွဲ့သားတွေ အားလုံး စစ်ထဲမှာပါ။ BTS အဖွဲ့ဟာ အမေရိကန်အကောင်းဆုံးတေးစာရင်း ဘေးလ်ဘုတ် ဟော့အဖြစ်ဆုံး သီချင်း အပုဒ် ၁၀၀ စာရင်းမှာ ထိပ်ဆုံး နံပတ် ၁ ရတဲ့ ပထမဆုံးနဲ့ တခုတည်းသော ကိုရီးယားအဖွဲ့ဖြစ်ပါတယ်။

သူတို့ရဲ့ "Dynamite” “Butter” နဲ့ “My Universe” သီချင်းတွေက အမေရိကန် ဘေးဘုတ်စာရင်း ထိပ်ဆုံးရောက်သီချင်းတွေ ဖြစ်ပါတယ်။ ဂရမ်မီဂီတဆုအတွက် တစ်ကြိုရွေးခံရတဲ့ စာရင်းမှာပါတာလည်း ကိုရီးယားအဖွဲ့ သူတို့ တဖွဲ့တည်း ရှိပါတယ်။ သူတို့က တေးအယ်လ်ဘမ်ပေါင်း သန်း ၃၀ ကျော် ရောင်းချထားရပါတယ်။

Forum

XS
SM
MD
LG