သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဗုဒ္ဓနေ့ ဝါရှင်တန်ဒီစီမှာကျင်းပ


Vesak Day, Washington D.C, May 23, 2024
Vesak Day, Washington D.C, May 23, 2024

မေလ ၂၃ ရက်နေ့က ကျရောက်တဲ့ ဗုဒ္ဓနေ့ကို ကမ္ဘာတဝန်းက ဗုဒ္ဓဘာသာဝင်တွေလိုပဲ အမေရိကန်ပြည်ထောင်စု မြို့တော် ဝါရှင်တန် ဒီစီမှာလည်း မနေ့က သမ္မတ အိမ်ဖြူတော်နဲ့ ဝါရှင်တန်မြို့တော်က အထင်ကရ လွတ်လပ်ရေး ကျောက်တိုင်နေရာတွေမှာ ဗုဒ္ဓနေ့ အခမ်းအနားတွေ ကျင်းပခဲ့ကြပါတယ်။

ဒီနှစ်ရဲ့ ထူးခြားချက်ကတော့ အရင်က ဗုဒ္ဓနေ့ကို ဘာသာရေး အခမ်းအနား တခုအနေနဲ့ သမ္မတ အိမ်ဖြူတော်မှာသာ ကျင်းပပြီး အစိုးရ အရာရှိတွေနဲ့ အစိုးရ အသိုင်းအဝိုင်းက လူတွေပဲ အဓိက တက်ရောက်ကြပေမဲ့၊ ဒီနှစ်မှာတော့ အများပြည်သူတွေပါ ပါဝင်ဆင်နွှဲနိုင်ဖို့ ရည်ရွယ်ပြီး အိမ်ဖြူတော် အခမ်းအနား အပြင် ဝါရှင်တန်မြို့တော်က လွတ်လပ်ရေး ကျောက်တိုင်ကြီးရှေ့မှာ ပထမဆုံးအကြိမ် စုဝေး ကျင်းပကြတာပါ။

ဗုဒ္ဓဘာသာ အသိုင်းအဝိုင်းတွေ သာမက ဘာသာပေါင်းစုံက ဘာသာရေး ခေါင်းဆောင်တွေပါ တက်ရောက်ပြီး ငြိမ်းချမ်းရေး ဖယောင်းတိုင်မီးထွန်း ဆုတောင်းပွဲကို မေလ ၂၃ ရက် ညနေပိုင်းမှာ ကျင်းပခဲ့ပါတယ်။ မြန်မာ ဗုဒ္ဓဘာသာ မိသားစုတွေလည်း ဒီနှစ် ဝါရှင်တန်မြို့တော်မှာ ကျင်းပတဲ့ ဗုဒ္ဓနေ့ကို ပထမဆုံးအကြိမ် ပူးပေါင်း ပါဝင် ဆင်နွှဲခဲ့ကြပါတယ်။

အမေရိကန်သမ္မတ အိမ်ဖြူတော်မှာတော့ ဗုဒ္ဓနေ့ကို လက်ရှိ သမ္မတ ဂျိုးဘိုင်ဒန် သမ္မတ တာဝန်စယူတဲ့ ၂၀၂၁ ခုနှစ်ကစပြီး နှစ်စဥ် ကျင်းပလာခဲ့တာ ဒီနေ့ ၄ ကြိမ်မြောက်ဖြစ်ပါတယ်။ မေလ ၂၃ ရက်နေ့က အိမ်ဖြူတော် ဗုဒ္ဓနေ့အခမ်းအနားကို ဒုသမ္မတ Kamala Haris ရဲ့ ခင်ပွန်း Douglas Emhoff က ဦးဆောင်ပြီး ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးတွေကို ပင့်ဖိတ် ကျင်းပခဲ့တာ ဖြစ်ပါတယ်။

အမေရိကန်သမ္မတ Joe Biden နဲ့ သမ္မတကတော်တို့ကလည်း ဗုဒ္ဓနေ့မှာ ကမ္ဘာတဝန်းက ဗုဒ္ဓဘာသာဝင်တွေကို မေတ္တာပို့ နှုတ်ခွန်းဆက်ကြောင်း အိမ်ဖြူတော်ကထုတ်ပြန်ပါတယ်။ အမေရိကန်ပြည်ထောင်စုအတွက် အများကြီး အကျိုးပြုကြတဲ့ ဗုဒ္ဓဘာသာဝင် အမေရိကန်တွေကို အသိအမှတ်ပြုကြောင်းနဲ့ ဗုဒ္ဓနေ့ဟာ ဗုဒ္ဓမြတ်စွာဘုရား ဟောကြားတော်မူခဲ့တဲ့ အဆုံးအမတွေကို ပြန်လည် ဆင်ခြင်သုံးသပ်ကြဖို့အချိန် ဖြစ်တယ်လို့လည်း သမ္မတ Biden ရဲ့ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

Forum

XS
SM
MD
LG