သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်တပ်နဲ့ဆက်ဆံရေး ပြန်သုံးသပ်ဖို့ Burma Campaign UK တိုက်တွန်း


နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်။
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်။

မြန်မာနိုင်ငံမှာ မကြာသေးခင်က တွေ့မြင်လာရတဲ့ အခြေအနေတွေကြောင့် စစ်တပ်နဲ့ ဆက်ဆံရေးတွေကို ပြန်လည်သုံးသပ်သင့်ကြောင်း ဗြိတိန်အခြေစိုက် မြန်မာ့အရေး လှုပ်ရှားမှုအဖွဲ့တဖွဲ့က တိုက်တွန်းလိုက်ပါတယ်။ လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ ဆက်နွယ်နေတဲ့ စစ်တပ်အပေါ် နိုင်ငံတကာအနေနဲ့ ဖိအားပေးနိုင်မယ့် နည်းလမ်းတွေ ရှာဖွေဖို့လည်း Burma Campaign UK အဖွဲ့က တိုက်တွန်းလိုက်တာပါ။ အပြည့်အစုံကိုတော့ ဆက်သွယ်စုံစမ်းထားတဲ့ အိသန့်စင်က ပြောပြပေးမှာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံ တိုင်းရင်းဒေသတွေမှာ ဖြစ်နေတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ အတွက် မြန်မာနိုင်ငံ NLDအစိုးရသစ်ကို နိုင်ငံတကာက တွန်းအားပေးပြောဆိုနေသလို နှစ်နဲ့ချီပြီး လူ့အခွင့်အရေးချိုးဖောက်မှုတွေ လုပ်ဆောင်နေဆဲဖြစ်တဲ့ မြန်မာ့တပ်မတော်ကိုလည်း နိုင်ငံတကာက ပိုအာရုံစိုက်ပြီး ဖိအားပေးလာဖို့လည်း လိုတယ်လို့ Burma Campaign UK ကနေ ထုတ်ပြန်တဲ့ အစီအရင်ခံစာသစ်မှာ ဖော်ပြထားပါတယ်။

ဦးသိန်းစိန်အစိုးရလက်ထက်တပ်မတော်က ပြုပြင်ပြောင်းလဲရေးကိစ္စရပ်တွေမှာ ပါဝင်ကူညီလာတဲ့အတွက် အားလုံးက ဝိုင်းချီးကျူးကြပေမယ့် လက်ရှိအစိုးရ လက်ထက်မှာ တပ်မတော်က အကောင်းဖက်က လုပ်ဆောင်မှုမျိုးကို လုံးဝမတွေ့ရပါဘူးလို့ Burma Campaign UK က Mark Farmaner က ပြောပါတယ်။

"လတ်တလော မြန်မာ့တပ်မတော်က ရခိုင်ဒေသမှာ ရိုဟင်ဂျာတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှုတွေ အများအပြားတွေ့နေရသလို ရှမ်းပြည်နယ်နဲ့ ကချင်ပြည်နယ်တွေမှာ ဆက်တိုက်ဖြစ်နေတဲ့ ပရိပက္ခတွေကို တွေ့နေရပါတယ်။ တပ်မတော်က ကလေးလုပ်သားတွေ စစ်တပ်ထဲ သွင်းနေတုန်းပါ။ မြန်မာ့ တပ်မတော်က အခြေခံဥပဒေပြင်ဆင်ဖို့ကို လက်မခံနိုင်သေးတာက မြန်မာနိုင်ငံက ဒီမိုကရေစီရေးပြုပြင်ပြောင်းလဲဖို့အဓိက အဟန့်အတား တစ်ခုဖြစ်နေတာပါ။

မြန်မာနိုင်ငံက ကြုံနေရတဲ့ ပြဿနာပေါင်းစုံထဲမှာ တပ်မတော်က အကြီးဆုံးပြဿနာတစ်ခုဖြစ်နေတဲ့ လက်ရှိအခြေအနေကို နိုင်ငံတကာအသိုင်းအဝိုင်းက နားမလည်နိုင်သေးဘဲ တပ်မတော်ကို နိုင်ငံတကာအစည်းအဝေးတွေထိ ပင့်ခေါ်တာတွေ၊ စစ်ရေးသင်တန်းတွေ အခမဲ့ပေးနေတာတွေ လုပ်နေပြီး တပ်မတော်က အကောင်းဖက်ဆောင်တဲ့ လုပ်ဆောင်မှုတွေ လုပ်နေသရောင် ကောင်းကောင်းမွန်မွန်ဆက်ဆံနေကြတာပါ။ လက်တလောမှာ တပ်မတော်က လူ့အခွင့်အရေးချိုးဖောက်မှုတွေ ဆက်တိုက်လုပ်နေပြီးတော့ ဒီမိုကရေစီအသွင်ကူးပြောင်းရေးအတွက် အဟန့်အတားဖြစ်နေတာပါ။"

NLD ဦးဆောင်တဲ့ အရပ်သားအစိုးရနဲ့ မြန်မာ့တပ်မတော်တို့က မြန်မာနိုင်ငံရဲ့ အချုပ်အခြာအာဏာအပေါ်မှာ ပူးတွဲပြီး ဆောင်ရွက်နေရတဲ့အချိန်မှာ လူ့အခွင့်အရေးချိုးဖောက်မှုတွေမှာ နိုင်ငံတကာအနေနဲ့ တပ်မတော်ကိုလည်း NLD အစိုးရနည်းတူ ဖိအားပေးပြီး တိုက်တွန်းဖို့လိုနေတဲ့ အခြေအနေမှန် ကို နိုင်ငံတကာက သိလာစေဖို့ ရည်ရွယ်ချက်နဲ့ဒီအစီအရင်ခံစာသစ်ကို ထုတ်လိုက်ရတဲ့အကြောင်း Mark Farmaner က ပြောပါတယ်။

လူ့အခွင့်အရေးချိုးဖောက်မှုတွေရပ်အောင် နိုင်ငံတကာက ဘယ်လို တွန်းအားပေးနိုင်မလဲဆိုတာကိုလည်း ဒီအစီအရင်ခံစာထဲမှာ ဖော်ပြထားပါတယ်။

"ခုမြန်မာနိုင်ငံရဲ့အာဏာပိုင်းမှာ NLD အစိုးရက တစ်ပိုင်း တပ်မတော်က တစ်ပိုင်း ရှိနေတဲ့အချိန်မှာ နိုင်ငံတကာအနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ NLD အစိုးရကို ထောက်ခံအားပေးရင်း တပ်မတော်ရဲ့ လုပ်ဆောင်ချက်တွေပြင်ဆင်ဖို့တော့ ဆက်ဖိအားပေးနိုင်ဖို့လိုပါတယ်။

တပ်မတော်က ပြုပြင်ပြောင်းလဲမှုတွေလုပ်ဖို့လက်ခံလာတာကို ဂုဏ်ပြူတဲ့အနေနဲ့ အမေရိကန်ပြည်ထောင်စုက ဒဏ်ခတ်ပိတ်ဆို့မှုတွေ ဖယ်ရှား လိုက်တာ၊ မြန်မာနိုင်ငံ တွင်း လူ့အခွင့်အရေးချိုးဖောက်မှုတွေအပေါ် ကုလသမဂ္ဂ အထွေထွေ ညီလာခံက ထားတဲ့ရည်မှန်းချက်ကို ရပ်ဆိုင်း လိုက်တာတွေ နိုင်ငံတကာအသိုင်းအဝိုင်းက လုပ်ဆောင်ခဲ့ပါတယ်။

နိုင်ငံတစ်နိုင်ငံချင်းရဲ့ အခြေအနေတွေက မတူတော့ ပိတ်ဆို့မှုတွေ ဖယ်လိုက်တာလိုမျိုး အလွယ်ဖြေရှင်းတဲ့နည်းမလုပ်သင့်ပါဘူး။ မြန်မာနိုင်ငံမှာတော့ စစ်တပ်က စစ်ရာဇဝတ်မှုတွေ၊ လူသားချင်းစာနာမှုဆိုင်ရာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ လုပ်နေတဲ့တစ်ချိန်ထဲမှာ တပ်မတော် ကာကွယ်ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင်ကို အဆင့်မြင့်ဥရောပစစ်ရေး ညီလာခံကိုဖိတ်ပြီး စစ်လက်နက်စက်ရုံတွေကို လည်ပတ်စေတာတွေ မလုပ်သင့်ပါဘူး။"

တပ်မတော်ကို ဖိအားပေးတဲ့နေရာမှာ စီးပွားရေးဖက်ကလည်း ဖိအားပေးနိုင်တယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ နိုင်ငံတကာကုမဏီကြီးတွေအနေနဲ့တပ်မတော်ပိုင်လုပ်ငန်းတွေနဲ့စီးပွားရေးလုပ်ဆောင်တာ ရပ်လိုက်နိုင်ပါတယ်။ ပြီးခဲ့တဲ့ ၂လအတွင်း လူ့အခွင့်အရေးချိုးဖောက်မှုတွေလုပ်နေတဲ့ အခြေအနေဥပမာတွေကို ကုလသမဂ္ဂရဲ့အစီအရင်ခံစာမှာ ဖော်ပြထားတာကို အခြေခံပြီး တပ်မတော်အပေါ် ကုလ စုံစမ်းစစ်ဆေးမှုတွေ လုပ်သင့်တဲ့အကြောင်းလည်း Mark Farmaner က ပြောပါတယ်။

ဒါ့အပြင် မြန်မာအရပ်သားအစိုးရကိုယ်တိုင်မလုပ်ဆောင်နိုင်တဲ့ နိုင်ငံတကာဥပဒေအရလည်း အရေးယူတာမျိုးကို နိုင်ငံတကာအသိုင်းအဝိုင်းက လုပ်ဆောင်မှသာ တပ်မတော်အပေါ်မှာ နိုင်ငံရေးအရရော အခြေအနေမှန်တွေကို စုံစမ်းဖော်ထုတ်နိုင်မှာလည်းဖြစ်ပါတယ်။

တပ်မတော်က သူ့ရဲ့ ပြရုပ်အပေါ် အင်မတန် ဂရုစိုက်တတ်ပြီး နိုင်ငံတကာ ရဲ့ ထောက်ခံမှုနဲ့ပြည်သူတွေရဲ့ အားပေးမှုကိုလည်း လိုချင်တော့ ဒီအချက်ကို အသုံးချပြီး ပြင်ဆင်မှုတွေလုပ်ဖို့ဖိအားပေးနိုင်မှာလည်း ဖြစ်ပါတယ်။ ဒီနည်းကို နိုင်ငံတကာက အသုံးမချသေးတဲ့အခြေအနေမှာ ဒီလိုလုပ်ဖို့စဉ်းစားကြ ဖို့လည်း နိုင်ငံတကာအသိုင်းအဝိုင်းကို တိုက်တွန်းလိုတဲ့ အကြောင်း ဒီအစီရင်ခံစာမှာ ဖော်ပြထားတာပါ။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG