သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနိုင်ငံသား ဥပဒေဆိုင်ရာ သိကောင်းစရာ


Myanmar Parliament
Myanmar Parliament

ဒီတပတ် မြန်မာ့အရေး သုံးသပ်ချက်အစီအစဉ်မှာ မြန်မာနိုင်ငံရဲ့ နိုင်ငံသားဥပဒေမှာ အားနည်းချက် တစုံတရာရှိနေသလား။ ဘာတွေကို ပြင်ဆင်ရေးသားဖို့ လိုအပ်နေသလဲဆိုတာတွေကို ပြည်သူ့ရေးရာ ဥပဒေကော်မရှင် ဥက္ကဋ္ဌ ဦးသန်းမောင်၊ အာရှလူ့အခွင့်အရေးကော်မရှင်က ရှေ့နေ ဦးမင်းလွင်ဦး တို့ကို ဦးကျော်ဇံသာ က ဆက်သွယ်မေးမြန်း ဆွေးနွေးသုံးသပ်ထားပါတယ်။

ဦးကျော်ဇံသာ ။ ။ ဒီနေ့ ဆွေးနွေးချင်တဲ့အကြောင်းအရာကတော့ အခု မြန်မာနိုင်ငံမှာ ရှိရင်းစွဲ နိုင်ငံသားဥပဒေတွေဟာ အဓိပ္ပါယ် မရှင်းလင်းဘူးလို့ ပြောတဲ့လူကပြောတယ်။ တချို့ကလည်း ဒါကို ရုတ်သိမ်းပြီးတော့ အသစ်ပြန်ရေးသင့်တယ်လို့ ပြောတဲ့လူက ပြောကြပါတယ်။ ဒီလို တောင်းဆိုတဲ့ အသံတွေဟာ အခုနောက်ပိုင်းမှာ ဒီတပတ်၊ နှစ်ပတ်အတွင်းမှာ ပေါ်ထွက်နေပါတယ်။ နိုင်ငံတကာက တချို့ မြန်မာ့အရေး စိတ်ဝင်စားတဲ့ မြန်မာ့အရေးလှုပ်ရှားတဲ့အဖွဲ့တွေက စုပေါင်းပြီးတော့ ကြေညာချက်ထုတ်ပြီးတော့ မြန်မာနိုင်ငံသားဥပဒေတွေကို ပြန်လည်ပြင်ဆင်ပေးဖို့ တောင်းဆိုတာတွေလည်း ကြားရပါတယ်။ အဲဒါနဲ့ ပတ်သက်ပြီးတော့ ဦးမင်းလွင်ဦးက အကျဉ်းရုံး ရှင်းပြပေးပါ။ သူတို့က ဘာအချက်ကို ထောက်ပြပြီးတော့ ပြင်ဆင်စေချင်ကြသလဲဆိုတာ။

ဦးမင်းလွင်ဦး ။ ။ ၁၉၄၈ ခုနှစ် နိုင်ငံသားဖြစ်မှု ဥပဒေရယ်။ ၁၉၈၂ မြန်မာနိုင်ငံသားကျင့်ဝတ် ဥပဒေတွေပေါ် မူတည်ပြီးတော့ တချို့ကလည်း ပယ်ဖျက်သင့်တယ်။ တချို့ကလည်း ဒီဥစ္စာတွေ ပြင်ဆင်သင့်တယ်ဆိုပြီးတော့ ပြောကြတာတွေ ရှိပါတယ်။ ဥပဒေတရပ် ပြဌာန်းတဲ့အခါမှာ ပြီပြည့်စုံတဲ့ ဥပဒေတရပ်ကတော့ မဖြစ်နိုင်ပါဘူး။ ဘာဖြစ်လို့လည်းဆိုတော့ ဒါက ခေတ်စနစ်နဲ့အညီ ပြောင်းလဲလာတဲ့အခါမှာ လိုအပ်သလို လိုက်လံပြီးတော့ ပြောင်းလဲပေးရတာတွေ ရှိပါတယ်။ နောက်ပြီးတော့ ဥပဒေ ဘာကြောင့် ပြဌာန်းရတယ်ဆိုတဲ့ ရည်ရွယ်ချက်တွေ ရှိပါတယ်။ ဒါတွေကို ကျနော်တို့ ပြန်လည်ကြည့်ပြီးတော့မှ တိုးတက်လာတဲ့ နိုင်ငံတကာအဝန်းအဝိုင်းမှာ ပြဌာန်းထားတဲ့ ဥပဒေနဲ့ လိုက်လျောညီထွေဖြစ်အောင် တချို့ဟာတွေ ပြင်ဆင်ပေးရမှာဖြစ်မယ်။ ဖြည့်စွက်ပေးရမှာတွေရှိမယ်။ ဒါတွေကို ကျနော်တို့ အငြင်းမပွားလိုပါဘူး။ အဲဒီတော့က ကျနော်တို့ မြန်မာနိုင်ငံအစိုးရကိုယ်တိုင်က နိုင်ငံတကာက ပြဌာန်းထားတဲ့ စာချုပ်တွေအပေါ်မှာ ဘယ်စာချုပ်တွေကိုတော့ လက်မှတ်ရေးထိုးထားပြီးပြီ။ ဘယ်အတိုင်းအတာအထိလည်း လက်ခံထားပြီလဲဆိုတာတွေကို ပြန်လည်သုံးသပ်ဖို့လိုတယ်။ မြန်မာနိုင်ငံအစိုးရက ကုလသမဂ္ဂ လူ့အခွင့်အရေး ကြေညာစာတမ်းအချက် (၃၀) ကို လက်ခံထားတယ်။ သို့သော်လည်းပဲ ပြည်တွင်းဥပဒေ မဆန့်ကျင်သရွေ့ လိုက်နာကျင့်သုံးမယ်ဆိုပြီးတော့ ပြောထားတဲ့ အချက်အလက်တွေရှိတယ်။ နောက်ပြီးတော့တခါ ကျနော်တို့ နိုင်ငံတဝှမ်းမှာ အခုတလော ရေပမ်းစားနေကြတဲ့ နိုင်ငံသားနဲ့ နိုင်ငံရေးအခွင့်အရေးပါတဲ့ စာချုပ်တွေ လက်မှတ်ရေးထိုးမယ့်ကိစ္စတွေမှာ ကျနော်တို့ မြန်မာနိုင်ငံအစိုးရအနေနဲ့ အကန့်အသတ်နဲ့ တချို့ လက်ခံထားတာပဲ ရှိပါတယ်။ အားလုံးကို လက်ခံထားတာ မရှိပါဘူး။ အဲဒီတော့က ကျနော်တို့က ကိုယ့်နိုင်ငံအတွင်းမှာ ပြဌာန်းထားတဲ့ ဥပဒေကို နိုင်ငံတကာ စံချိန်စံညွှန်းတွေနဲ့ညီအောင် လိုက်ပြီးတော့ ပြင်ရမယ်၊ ပြောင်းလဲရမယ်ဆိုတဲ့ နေရာမှာ အများကြီးစဉ်းစားရမယ့် အချက်အလက်တွေရှိတယ်။ ဒါက ကျနော်တို့နိုင်ငံရဲ့ ပထဝီနိုင်ငံရေးအရသော်လည်းကောင်း၊ နိုင်ငံကြီးရဲ့ အခြေအနေ၊ သမိုင်းကြောင်းအရသော်လည်းကောင်း ကျနော်တို့မှာ အများကြီး စဉ်းစားစရာရှိတဲ့ကိစ္စတွေ ဖြစ်တယ်လို့ မြင်ပါတယ်။

ဦးကျော်ဇံသာ ။ ။ အခု နိုင်ငံတကာမှာရှိတဲ့ မြန်မာ့အရေးအဖွဲ့တချို့က အဖွဲ့ (၁၂) ဖွဲ့ထင်တယ်။ အဲဒီအဖွဲ့တွေက လက်ရှိ မြန်မာနိုင်ငံရဲ့ နိုင်ငံသားဥပဒေကို ပြန်ပြင်သင့်တယ်လို့ ပြောနေကြတာ ဘယ်အချက်တွေ ပြင်ဖို့လိုတယ်လို့ သူတို့က တောင်းဆိုကြပါသလဲ။

ဦးမင်းလွင်ဦး ။ ။ ပြင်ဖို့လိုတယ်ဆိုတဲ့ ဥစ္စာကတော့ ကျနော်တို့ မြန်မာနိုင်ငံသားဖြစ်မှု ဥပဒေအရ နိုင်ငံသားအဖြစ် လျှောက်ထားလို့ရှိရင် စောင့်ရမယ့်ကာလ။ နောက်ပြီးတော့တခါ ကလေးသူငယ်တွေ ဖြစ်လို့ဆိုရင် ၁၈ နှစ်ပြည့်တဲ့အခါမှာ နိုင်ငံသားအဖြစ် အလွယ်တကူရရှိနိုင်ဖို့ကိစ္စ။ ဒါတွေကိုပြင်ဖို့ လိုတယ်လို့ ကျနော်ကတော့ထင်တယ်။ ဒါတွေကိုပဲ တောင်းဆိုလိမ့်မယ်လို့ မျှော်လင့်ပါတယ်။

ဦးကျော်ဇံသာ ။ ။ ဥပဒေကော်မရှင်ဥက္ကဋ္ဌ ဦးသန်းမောင် ကြားပါသလားခင်များ။

ဦးသန်းမောင် ။ ။ ကျနော်တို့နိုင်ငံမှာရှိတဲ့ မြန်မာနိုင်ငံသား ဥပဒေကတော့ ဆိုရှယ်လစ်သမ္မတ မြန်မာနိုင်ငံတော်ခေတ်က ပြဌာန်းခဲ့တဲ့ ၁၉၈၂ ဥပဒေ။ ဒီနှစ် အောက်တိုဘာလဆိုရင် အနှစ် (၃၀) ပြည့်တော့မယ်။ မြန်မာနိုင်ငံသား ဥပဒေဆိုတာက Citizenship Law ဟာ လူ့အခွင့်အရေးတို့ ကြေညာစာတမ်းတို့နဲ့ သိပ်ပြီးတော့ ဆက်စပ်တာကိုတော့ ကျနော်ကတော့ သိပ်ပြီးတော့ သဘောမတူဘူး။ ဘာဖြစ်လို့လည်းဆိုတော့ နိုင်ငံသားဖြစ်မှု၊ မဖြစ်မှုဆိုတာသည်။ လူ့အခွင့်အရေး ရရှိမှု၊ မရရှိမှုအပိုင်းနဲ့လည်း သိပ်ပြီးတော့လည်း မပတ်သက်ဘူးလို့ ကျနော့်တဦးချင်း အမြင်အရ ယူဆပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ နိုင်ငံသားဖြစ်ရမယ့်လူဟာ ဘယ်လိုအချက်အလက်တွေ ရှိရမယ်ဆိုတာ နိုင်ငံရေးနောက်ခံထက်၊ ကျနော်တို့ရဲ့ သမိုင်းတို့၊ ယဉ်ကျေးမှု၊ လူဦးရေးပြန့်ချက်မှုတို့ရဲ့ နောက်ခံနဲ့ ပိုပြီးပတ်သက်ပါတယ်။ ပတ်သက်ပြီးတော့မှ ဒီလူတွေဟာ၊ ပုဂ္ဂိုလ်တဦးဟာ ဘယ်လိုအခြေအနေမှာ နိုင်ငံသားဖြစ်ရမယ်။ ဘယ်အခြေအနေမှာ နိုင်ငံသားပြုမှု ပြုရမယ့်လူ။ နောက်တခုက ဘယ်သူဆိုရင်တော့ နိုင်ငံခြားသားပဲ။ နောက်တခါ နိုင်ငံသားဖြစ်ရမယ့်လူဆိုရင် နိုင်ငံသားမိဘ နှစ်ပါးက မွေးဖွားရမယ် စတဲ့ ဒီလိုအချက်အလက်တွေက နိုင်ငံရေးအတွေးအမြင်ထက် ကျနော်ကတော့ ကိုယ့်ရှိတဲ့ ပြဌာန်းထားတဲ့ ဥပဒေရဲ့ အခြေခံမူတွေအနေနဲ့ အခုထိ မှန်ကန်နေတယ်လို့ ဥပဒေသမားတယောက်အနေနဲ့ ယူဆပါတယ်။ နှစ်ပေါင်း (၃၀) ကြာလာရင်တော့ ခေတ်နဲ့လျော်ညီအောင် အနည်းအကျင်းတော့ ပြင်ရမယ်။ အခြေခံမူကတော့ ပြောင်းလို့ ရနိုင်လိမ့်မယ်လို့ ကျနော်ကတော့ မယူဆသေးပါဘူး။

ဦးကျော်ဇံသာ ။ ။ အခုန ဦးမင်းလွင်ဦး ပြောတဲ့အထဲမှာ နိုင်ငံသားအဖြစ် လျှောက်ထားသူတယောက် စောင့်ရမယ့်ကိစ္စဆိုတာ သူပြောတာရှိတယ်။ ကလေးသူငယ်ရဲ့ အသက်ဆိုတာ ဟုတ်ပါသလား။

ဦးမင်းလွင်ဦး ။ ။ ဟုတ်ပါတယ်။

ဦးကျော်ဇံသာ ။ ။ အဲဒီအချက်တွေက ဘယ်လောက်အထိ ကြန့်ကြာနေလို့လဲ။

ဦးမင်းလွင်ဦး ။ ။ ကျနော် ပထမဦးဆုံး ပြောချင်တာက ၁၉၄၈ ခုနှစ် နိုင်ငံသားဖြစ်မှု ဥပဒေအရ ကျနော်တို့ မြန်မာနိုင်ငံအတွင်းမှာ မွေးဖွားခဲ့တဲ့ တိုင်းရင်းသားတွေလို့ သတ်မှတ်ထားတဲ့လူတိုင်းက မြန်မာနိုင်ငံသားအဖြစ်ကို အလိုအလျောက် ရောက်ရှိပြီသာဖြစ်တယ်လို့ ပထမသတ်မှတ်ထားတာ ရှိပါတယ်။ အဲဒီတော့က ပြီးခဲ့တဲ့ အစိုးရတက်လာတဲ့အချိန်မှာ တချို့တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ စေ့စပ်ငြိမ်းချမ်းရေးတွေ လုပ်ကြတယ်။ အဲဒီလို စေ့စပ်ငြိမ်းချမ်းရေးတွေ လုပ်တဲ့အခါကြလို့ရှိရင် စေ့စပ်ငြိမ်းချမ်းရေးလုပ်ပြီးတော့ တချို့ နိုင်ငံသားအသိအမှတ်ပြု ကဒ်ပြားတွေ ထုတ်ပေးလိုက်တာရှိပါတယ်။ အဲဒီလို ကဒ်ပြားတွေ ထုတ်ပေးလိုက်တဲ့အခါမှာ ကျနော်တို့ လက်ရှိတွေ့ကြုံနေရတဲ့ အခြေအနေအရ။ ဥပမာ ကျနော်တို့ မန္တလေးဆိုလို့ရှိရင်လည်း တရုတ်နိုင်ငံက လူတော်တော်များများရှိတယ်လို့ ထင်ရလောက်အောင်ပဲ ကိုးကန့်တို့၊ ဝတို့က ကြီးစိုးသွားတာတွေရှိတယ်။ တိုင်းရင်းသားအမှန်ဖြစ်ရဲ့သာနဲ့ လက်နက်ကိုင်အဖွဲ့အစည်းတွေကနေ စေ့စပ်ငြိမ်းချမ်းရေး လုပ်တဲ့အခါမှာ ထုတ်ပေးတဲ့ လက်မှတ်အရောင်တွေက တမျိုးဖြစ်တယ်။ အဲဒီတော့ ယာယီနိုင်ငံသားလက်မှတ်ကို ထုတ်ပေးတယ်ဆိုတဲ့ဟာတွေက ဖွဲ့စည်းပုံအခြေခံ ဥပဒေတွေနဲ့လည်း ဆန့်ကျင်တယ်။ ဒါတွေက မဖြစ်သင့်ဘူးလို့ ကျနော်တို့ ထင်မြင်ယူဆတယ်။

နောက်တခါ ကျနော်ပြောတဲ့ ကလေးသူငယ်ကိစ္စက။ ကလေးတွေ သူတို့ အသက် (၁၈) နှစ်ပြည့်တဲ့အခါမှာ ဥပဒေအရ ခွင့်ပြုထားတဲ့အတိုင်း ကျမ်းသစ္စာကျိန်ဆိုပြီးတော့ မိမိနိုင်ငံသားအဖြစ် ခံယူဖို့ကိစ္စရပ်တွေကို အလေးအနက်ထား၊ အရေးယူဆောင်ရွက်ပေးဖို့လိုတယ်။ ဒါတွေကတော့ ကျနော်တို့ ဥပဒေမှာရှိတဲ့ အချက်အလက်တွေကို ဥပဒေနဲ့အညီ လုပ်ဆောင်ဖို့လိုတဲ့ကိစ္စရပ်တွေလို့ပဲ ကျနော်ကတော့ ပထမဦးဆုံး ပြောချင်ပါတယ်။ အဲဒီတော့ ဒီနိုင်ငံသားဖြစ်ဖို့ကိစ္စရပ်တွေက နယ်စပ်ဒေသတလျှောက်။ နောက်ပြီးတော့ တိုင်းရင်းသားဒေသတွေမှာ အများကြီးအခက်အခဲ ကြုံရတယ်။ လာဘ်ပေးမှု၊ လာဘ်ယူမှုတွေ အများကြီးရှိနေတယ်။ ဒါတွေကို ကျနော်တို့ ကြပ်ကြပ်မတ်မတ် စီမံဆောင်ရွက်သင့်တယ်။

ဦးသန်းမောင်ပြောတာကိုလည်း ကျနော် မငြင်းပါဘူး။ ဥပဒေအရ ပြင်ဆင်သင့်တဲ့ဟာကို ခေတ်အခါနဲ့အညီ ပြင်ဆင်ပေးရမယ်ဆိုတာတွေကို ဒါတွေကိုတော့ ကျနော်တို့ အရေးတယူထားပြီးတော့ အစိုးရအသစ်အနေနဲ့ ဆက်သွယ်ဆောင်ရွက်သင့်တယ်လို့ ထင်မြင်ယူဆပါတယ်။

ဦးသန်းမောင် ။ ။ ဦးမင်းလွင်ဦး ပြောတဲ့ ပြဿနာ၊ အခက်အခဲလေးတွေကို ကျနော်တို့လည်း စာနာပါတယ်။ ကြားပါတယ်။ ဒါပေမဲ့ ဒီပြဿနာက ကျနော်တို့မှာ အခုရှိနေတဲ့ ၈၂ ခုနှစ် မြန်မာနိုင်ငံသားဥပဒေရဲ့ ချိုးယွင်းချက်ကြောင့် မဟုတ်ဘဲနဲ့ အဲဒီ ဥပဒေကို လက်တွေ့ အကောင်အထည်ဖော်တဲ့ လူဂ္ဂိုလ်တွေ၊ သက်ဆိုင်ရာ တာဝန်ရှိပုဂ္ဂိုလ်တွေနဲ့ လုပ်ထုံလုပ်နည်းက အဆင်မပြေတာလေးတွေလို့ပဲ ကျနော်က ယူဆပါတယ်။ ဥပဒေကို အကောင်အထည်ဖော်တဲ့ လူတွေကြောင့်ဖြစ်တယ်ဆိုတာကို ကျနော်တို့ အတွေ့အကြုံ၊ လက်တွေ့မြင်ရတာတွေ၊ အခုဖြစ်နေတဲ့ တိုင်းတပါးသားတွေ ဝင်ရောက်ပြီးတော့ စိမ့်ဝင်ပြန့်နှံမှုတွေက။ အခုမြင်လိုက်မယ်ဆိုရင် ၁၉၈၂ ခုနှစ် ဥပဒေမှာ အားနည်းတဲ့အချက်ကြောင့်လို့ ပြောလို့မရဘဲနဲ့ အဲဒီ ဥပဒေက ပေါက်ဖွားလာတဲ့ လုပ်ထုံးလုပ်နည်းသော်လည်းကောင်း၊ နည်းဥပဒေသော်လည်းကောင်း၊ အဲဒါတွေကို အကောင်အထည်ဖော်တဲ့ ပုဂ္ဂိုလ်တွေရဲ့ မရိုးသားမှု၊ အကျင့်ပျက်မှု ဒါတွေကြောင့် ဖြစ်တာပါ။ ဒါကြောင့် ဥပဒေကို ပြင်တယ်၊ ဥပဒေကို ပြင်ဖို့လိုတယ်လို့ နေရာတကာမှာပြောကြတဲ့အခါကြတော့။ အဖြစ်မှန်ကြတော့ တချို့ဟာတွေက ဥပဒေကို ပြင်စရာမလိုဘဲနဲ့ ဥပဒေကို တကယ်လိုက်နာကျင့်သုံးတဲ့လူတွေကို ပြင်ရမယ့်ကိစ္စတွေ ရှိနေတယ်။ ဥပမာဆိုရင် ဆရာပြောတဲ့ ပြဿနာအခက်အခဲတွေအားလုံးဟာ ကျနော်တို့ ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသား ဥပဒေရဲ့ ပုဒ်မ (၃) (၄) (၅) ဆိုတဲ့ ပုဒ်မတွေနဲ့ အားလုံးကိစ္စက ပြတ်သွားတယ်။ အဲဒါတွေကို လက်တွေ့အကောင်အထည်ဖော်တဲ့ဟာတွေမှာ လုပ်ထုံးလုပ်နည်းတွေကို သက်ဆိုင်ရာဌာနက ထုတ်ပြန့်တဲ့အမိန့်ကြော်ငြာစာတွေနဲ့ တိတိကျကျ ဆောင်ရွက်မယ်ဆိုရင် ဒီဥပဒေကို ပြင်ဆင်ခြင်းဆိုတဲ့အဆင့်ကို မတက်ဘဲနဲ့ လုပ်လို့ရမယ်လို့ ကျနော် ယုံကြည်ပါတယ်။

ဦးကျော်ဇံသာ ။ ။ အဲဒီလို ပြင်ဆင်ဖို့ ဝန်ထမ်းတွေ အကျင့်ပျက်တာ၊ ဥပဒေကို အတိအကျ အကောင်အထည်ဖော်နိုင်အောင် စည်းကြပ်ပေးဖို့ အစီအစဉ်တွေ ဘယ်လောက်ရှိနေပြီးလဲခင်များ။

ဦးသန်းမောင် ။ ။ ကျနော်တို့ ဥပဒေက ရေပက်မဝင် မှန်တယ်လို့ ပြောနေတာ မဟုတ်ပါဘူး။ ဒါပေမဲ့ အနှစ် (၃၀) အတွင်းမှာ ပြောင်းလဲလာတဲ့ အနေအထားအခြေအနေအရ တချို့ဟာတွေကို ပြန်ပိုပြီးတော့ စေ့စေ့စပ်စပ် လုပ်ရမှာတွေ ရှိသလို။ တချို့ဟာတွေလည်း ဆရာဦးမင်းလွင်ဦး ပြောသလို ကမ္ဘာ့အခြေအနေတွေနဲ့ညီအောင် ပြင်ဆင်ရမယ်ဆိုတာလည်း အားလုံးက သဘောပေါက်ကြပါတယ်။ ဒါကြောင့်လည်း ပြည်သူ့လွှတ်တော်တို့၊ အမျိုးသားလွှတ်တော်တို့မှာ သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်တွေက နိုင်ငံသားဖြစ်မှုဥပဒေကို ဒီထက်ပိုပြီး လုပ်ဖို့လည်း တင်သွင်းမယ်လို့ ကျနော်တို့ ကြားသိရပါတယ်။

ဦးကျော်ဇံသာ ။ ။ ဦးမင်းလွင်ဦး ပြောတဲ့ ကိုးကန့်တို့၊ ဝတို့ကြတော့ နိုင်ငံသားလက်မှတ် အပြည့်အဝရပြီးတော့။ စီးပွားရေးတွေ လုပ်ပိုင်ခွင့်တွေ ပေးနေတယ်။ မြန်မာတိုင်းရင်းသားစကားတောင်မှ မတက်ဘဲနဲ့ မြန်မာနိုင်ငံအတွင်းကို ဝင်နေတယ်။ သူတို့ကို နိုင်ငံသားမဖြစ်ရကောင်းလားဆိုပြီး သူတို့က နိုင်ငံတကာကို အော်ပြီးတော့ အခွင့်အရေးတောင်းလာကြတယ်ဆိုရင် နိုင်ငံတကာအဖွဲ့တွေက သူတို့ဖက်က လိုက်ကြသလား။ မြန်မာဥပဒေမှာ ဒီလိုရှိတယ်ဆိုတာကို သူတို့တတွေ နားလည်းကြသလား။

ဦးမင်းလွင်ဦး ။ ။ ဒါကတော့ ကျနော်တို့ ပြောရမယ်ဆိုရင် ရှင်းရှင်းလင်းလင်းတော့ ကျနော်တို့ဆီမှာ သတ်မှတ်ထားတဲ့ ဥပဒေတခုတော့ ရှိပါတယ်။ ၁၉၄၈ ခုနှစ် လွတ်လပ်ရေး မကြေညာမှီအတွင်းမှာ နိုင်ငံသားသော်လည်းကောင်း၊ တိုင်းရင်းသားသော်လည်းကောင်း အသိအမှတ်ပြုပြီးထားတဲ့ သူတွေက မိမိနိုင်ငံသားနဲ့ နိုင်ငံ တိုင်းရင်းသားတွေရဲ့ အခွင့်အရေး မဆုံးရှုံးနိုင်ဘူးဆိုတာ ကျနော်တို့ သတ်မှတ်ထားတာ ရှိပါတယ်။ နောက်ပြီးတော့ ဒီလူတွေက နိုင်ငံသားဖြစ်တယ်ဆိုတာကိုလည်း ကျနော်တို့ သတ်မှတ်ထားတာရှိတယ်။ အဲဒီ အခွင့်အရေးကိုလည်း ကျနော်တို့ ဘယ်တော့မှ ရုတ်သိမ်းလို့မရဘူးဆိုတာကိုလည်း ဖွဲ့စည်းပုံအခြေခံ ဥပဒေအရ အာမခံထားတာရှိတယ်။ အဲဒီတုန်းက နိုင်ငံသား မဟုတ်ဘဲနဲ့ အခုမှ နိုင်ငံသားဖြစ်လာတယ်ဆိုလို့ရှိရင်တော့ ဒါကို ကျနော်တို့ တော်တော်စဉ်းစားရမှာ ဖြစ်ပါတယ်။ နိုင်ငံသားလား၊ နောက်ထပ် တိုင်းရင်းသားမျိုးနွယ်စုကို ကျနော်တို့က လက်ခံပေးရမလားဆိုတာက - ဒါအများကြီး ပြဿရှိတယ်။ အဲဒီတော့ ဒီအပေါ်မှာတော့ မြန်မာနိုင်ငံအတွင်းမှာ နေထိုင်ကြတဲ့ တိုင်းရင်းသားလုပ်သားပြည်သူတရပ်လုံးရဲ့ သဘောထားလည်းပါတယ်။ ဒီကိစ္စကို ဆုံးဖြတ်မယ်ဆိုလို့ရှိရင်တော့ သက်ဆိုင်ရာ အာဏာပိုင်အစိုးရတွေရဲ့ နိုင်ငံသားဖြစ်မှုဆိုင်ရာ ဥပဒေအရ သတ်မှတ်ချက်တွေ၊ လွှတ်တော်ကိုယ်စားလှယ်တွေ၊ ပြည်တွင်းမှာရှိတဲ့ နိုင်ငံရေးကိုယ်စားလှယ်တွေနဲ့ မြန်မာနိုင်ငံသားတွေအားလုံးရဲ့ သဘောတူညီမှုတော့ ယူဖို့လိုတယ်လို့ ထင်မြင်ယူဆပါတယ်။

ဦးကျော်ဇံသာ ။ ။ ကျနော်မေးချင်တာက ဒီကိစ္စအပေါ်မှာ ပြည်ပက လှုံဆော်နေတဲ့ လူ့အခွင့်အရေးဆိုတဲ့ လူတွေရဲ့သဘောထားကို မေးတာ။

ဦးမင်းလွင်ဦး ။ ။ လူ့အခွင့်အရေးအဖွဲ့တွေကလည်း ပြန်ကြည့်မယ်ဆိုရင် သိပ်အများကြီးတော့ မရှိပါဘူး။ အဲဒီလိုမျိုး အဖွဲ့တွေက ဘယ်ဥစ္စာပေါ်မှာ အခြေခံပြီးတောင်းဆိုသလဲဆိုတာကို ကျနော်တို့ကြည့်ရင် မြန်မာနိုင်ငံအတွင်းမှာ နေထိုင်တဲ့ တိုင်းရင်းသားတွေအဖြစ် လက်ခံဖို့ ပြဌာန်းထားတဲ့ ဥပဒေပြဌာန်းချက်ကို သူတို့ ပြန်ဖတ်ဖို့ လိုတယ်ဆိုတာပဲ ကျနော်အနေနဲ့ ပြောချင်ပါတယ်။

XS
SM
MD
LG