ဒီတပတ် မြန်မာ့အရေး ဆွေးနွေးခန်းအစီအစဉ်မှာ ဒီမိုကရေစီအသွင်ပြောင်းဖို့ ကြိုးစားနေတဲ့ မြန်မာနိုင်ငံအတွင်း ကုလသမဂ္ဂ နဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေရဲ့  အခန်းကဏ္ဍနဲ့ ပတ်သက်ပြီး UNICEF ကုလသမဂ္ဂ ကလေးများရန်ပုံငွေအဖွဲ့ရဲ့  တရုတ်နိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ်တာဝန်အပါအဝင်၊ ကုလသမဂ္ဂမှာ နှစ်ပေါင်း နှစ်ဆယ်ကျော် တာဝန်ထမ်းဆောင်ခဲ့တဲ့ ဒေါက်တာဒေါ်ရင်ရင်နွယ် ကို VOA က ဒေါ်ခင်မျိုးသက်က တွေ့ဆုံမေးမြန်းထားပါတယ်။
ဒေါ်ခင်မျိုးသက် ။ ။ ဆရာမဒေါ်ရင်နွယ် အခု ကျမတို့ VOA ကို လာရောက်ပြီးတော့ ဆွေးနွေးပေးတဲ့အတွက် အများကြီး ကျေးဇူးတင်ပါတယ်။ ဆိုတော့ ပထမဦးဆုံး ဆရာမဒေါ်ရင်နွယ်က တရုတ်နိုင်ငံမှာ UNICEF ရဲ့  ဌာနေကိုယ်စားလှယ်အဖြစ်နဲ့ နှစ်ပေါင်းများစွာ တာဝန်ထမ်းဆောင်ခဲ့တယ်။ နောက် ကုလသမဂ္ဂမှာလည်း နှစ်အကြာဆုံး (၂၁) နှစ်ကျော်ကျော် တာဝန်ထမ်းဆောင်ခဲ့တာပါ။ တရုတ်နိုင်ငံမှာ တာဝန်ထမ်းဆောင်နေတဲ့အချိန်မှာ ကုလသမဂ္ဂရဲ့  လုပ်ပိုင်ခွင့်တွေ၊ ကုလသမဂ္ဂနဲ့ တရုတ်အစိုးရ ဆက်ဆံတာတွေ၊ ဒီကြားထဲမှာ အခြေအနေတွေ ကျမတို့ နည်းနည်းသိပါရစေ။
ဒေါက်တာဒေါ်ရင်ရင်နွယ် ။ ။ ကုလသမဂ္ဂက တရုတ်နိုင်ငံကို UNOHCHR လို့ခေါ်တဲ့ လူ့အခွင့်အရေး ကုလသမဂ္ဂအဖွဲ့ကို တရုတ်ပြည်မှာ ရုံးထောင်ခွင့်တောင်းတယ်။ တရုတ်ပြည်သူ့သမ္မတနိုင်ငံက အစိုးရက မပေးဘူး။ အဲဒါတချက်။ လုံးဝမပေးဘူး။ လာလို့တော့ရတယ်။ ဒါပေမဲ့ မပေးဘူး။ နောင်တခုက ချင်းဟိုင်၊ စက်ချွမ်တို့မှာ ငလျင်ဖြစ်တော့ ကျမ ရှေ့ ဆုံးက။ အဲဒီမှာ ဘာတွေ့ရလဲဆိုတော့ သဘာဝဘေးအန္တရာယ် ကိုင်တွယ်ခဲ့တာ၊ ရှင်ကျန်လူမျိုးတွေနဲ့ တရုတ်လူမျိုးတွေနဲ့ ပဋိပက္ခ ဖြစ်တာတွေကော ကျမတို့သွားတယ်။ သွားချင်တိုင်းသွားလို့ မရဘူး။ အစိုးရ ခွင့်ပြုချက်မပါဘဲ သွားလို့မရဘူး။ လုံးဝလေယာဉ်ပျံပေါ်တောင် တက်ခွင့်မရှိဘူး။ အစိုးရ ခွင့်ပြုချက်မပါဘဲ။ တရုတ်အစိုးရကလည်း ရှင်းလင်းပြတ်သားပါတယ်။ သူ လုံးဝပေးမသွားတဲ့နေရာတွေကို သွားလို့မရဘူး။ လုံခြုံရေးအရဖြစ်ဖြစ်၊ နိုင်ငံရဲ့  ဂုဏ်သိက္ခာကျမှာ စိုးလို့ပဲဖြစ်ဖြစ်၊ ဥပမာ ပြိုသွားတဲ့ ကျောင်းတွေဘာတွေကို နောက်ပိုင်း နိုင်ငံခြားသားတွေကို ဓါတ်ပုံကို ပေးမရိုက်တော့ဘူး။
ဒေါ်ခင်မျိုးသက် ။ ။ ဆရာမက အင်ဒိုနီးရှားမှာလည်း ဆူနာမီငလျင် မလှုပ်ခင်ကတည်းက အဲဒီမှာ (၅) နှစ်ကျော်ကျော်လောုက် တာဝန်ထမ်းဆောင်ခဲ့တာပါ။ ဆိုတော့ အင်ဒိုနီးရှားအစိုးရနဲ့ ကုလသမဂ္ဂနဲ့ ဆက်သွယ်ပြီး ဆောင်ရွက်တဲ့ အခြေအနေလေးတွေ နည်းနည်းတော့ ရှင်းပြပေးပါ။
ဒေါက်တာဒေါ်ရင်ရင်နွယ် ။ ။ အဲဒီအချိန်တုန်းက ဒီဇင်ဘာ (၂၆) ရက်၊ ၂၀၀၄ မှာ ဆူနာမိ ဖြစ်တုန်းက ကျမ အင်ဒိုနီးရှားမှာ UNICEF ဝန်ထမ်း နံပတ် (၂) နေရာမှာ ရှိပါတယ်။ အဲဒီအချိန်တုန်းက ဒေါ်ခင်မျိုးသက်လည်း ကြားဖူးပါလိမ့်မယ်။ အားလုံးပဲ ပျက်ဆီးသွားတယ်။ ရုံးတွေ၊ လူတွေက သိန်းနဲ့ချီ သေတယ်။ အဲဒီတော့ အဲဒီအချိန်တုံးက အင်ဒိုနီးရှားအစိုးရ က ရှင်းရှင်းပြောရင် တရုတ်လောက်တောင် မချမ်းသာပါဘူး။ မချမ်းသာတော့ ရေဘေးဒုက္ခသည်တွေ နေဖို့အတွက် ဒုက္ခသည်စခန်းတွေ ဆောက်ပေးတယ်။ ဆောက်ပေးတော့လည်း သူ့အနေနဲ့ ကောင်းကောင်းမွန်မွန် ဆောက်ပေးတယ်။ တတ်နိုင်သလောက်ပေါ့။ သစ်သားနဲ့ သွပ်မိုးတွေပါနဲ့။ အခိုင်အမာတော့ မဟုတ်ဘူး။ ယာယီဒုက္ခသည်စခန်းဆိုပြီ။ အဲဒီမှာ ဗမာပြည်မှာ နာမည်ကြီးနေတဲ့ UNHCR ဒုက္ခသည်များဆိုင်ရာအဖွဲ့က ပြောတယ် - ဒီဟာတွေဟာ အင်ဒိုနီးရှား ဆောက်တာက မကောင်းဘူး။ ဒါ သူတို့ နိုင်ငံတကာစံနှုန်းနဲ့ မမှီဘူးတဲ့။ ဒုက္ခသည်တွေ ဒီမှာနေဖို့ မသင့်တော်ဘူး။ ဘာညာဆိုပြီး ကန့်ကွက်တယ်။ အပြစ်ရှာတယ်။ အဲဒီတော့ အင်ဒိုနီးရှားအစိုးရက ဘာလုပ်လဲဆိုတော့ သူကပြောတယ် ဒါ ငါတို့တတ်နိုင်သလောက် ဆောက်တာ။ နောက်ပြီး UNHCR ဆိုတာလည်း ဒုက္ခသည်တွေနဲ့ပဲ ဆိုင်တဲ့အတွက် တကယ်တော့ အင်္ဂလိပ်လို တိတိကျကျပြောမယ်ဆိုရင် Refugee နဲ့ ဆိုင်တဲ့အတွက် - Refugee ဆိုတာ ဒီပြင်နိုင်ငံကလာတဲ့ ဒုက္ခသည်ကို ပြောတာ။ အဲဒီတော့ ကိုယ့်နိုင်ငံအတွင်းမှာ ရေဘေးဒုက္ခသည်ကို Refugee လို့ အင်္ဂလိပ်လို မခေါ်ဘူး။ အဲဒီတော့ ခင်များတို့နဲ့ မဆိုင်ဘူး။ ခင်များတို့ထွက်ဆိုပြီး တနှစ်လောက် ထုတ်ပစ်လိုက်တယ်။ နောက်တချက်က အာချဲလ်ပြည်နယ်မှာ ဆူနာမီ မဖြစ်ခင်လေးမှာ နှစ်ရှည်လများ အနှစ် (၃၀) လောက် စစ်ဖြစ်တယ်။ စစ်ဖြစ်တော့ စစ်ဖြစ်တဲ့ နေရာတွေကို သွားချင်တိုင်း သွားလို့မရဘူး။ ကျမတို့အနေနဲ့ ကလေးသူငယ်တွေအတွက် ဆေးတွေပို့တာ၊ ဆေးတွေသိုလှောင်ထားဖို့ ရေခဲသေတ္တာပို့တာတို့ ဒါတွေအတွက်တော့ သူတို့ ခွင့်ပြုတယ်။ သတင်းထောက်တို့ဘာတွေ ခွင့်မပြုဘူး။ UN ကိုလည်း ခွင့်မပြုဘူး။ အဖွဲ့တိုင်းကိုလည်း ခွင့်မပြုဘူး။
ဒေါ်ခင်မျိုးသက် ။ ။ အဲဒီအချိန်က အစိုးရ။ အစိုးရရဲ့  အကြံပေးအနေနဲ့ လုပ်ခဲ့ဖူးပါတယ်ဆိုတော့ အဲဒီက မြန်မာနိုင်ငံနဲ့ လုပ်ရတဲ့ အတွေ့အကြုံလေး နည်းနည်းပြောပြပေးပါ။ ဒီဟာလုပ်ရကိုင်ရတဲ့အနေ။ ကုလသမဂ္ဂ တခြားနိုင်ငံတွေမှာ လုပ်ရတာနဲ့ မြန်မာနိုင်ငံမှာ လုပ်ရတာ ဘာကွာလဲ။ သိချင်လို့ပါ။
ဒေါက်တာဒေါ်ရင်ရင်နွယ် ။ ။ ကျမအနေနဲ့ မြန်မာပညာရှင်အနေနဲ့ အစိုးရကို အကြံပေးတဲ့အဖွဲ့မှာ ဥက္ကဋ္ဌလုပ်တာ။ ရေကြီးရေလျှံ။ ဘာဖြစ်လို့လဲဆိုတော့ တရုတ်အတွေ့အကြုံ၊ ဆူနာမီ ရှစ်နိုင်ငံ အတွေ့အကြုံ။ နောက် အင်ဒိုနီးရှားအတွေ့အကြုံ ဒါတွေပါရှိတော့ အဲဒီတုန်းက ကျမကို ဥက္ကဋ္ဌအနေနဲ့ ခန့်လိုက်တာ။ အကြံပေးအဖွဲ့ ဥက္ကဋ္ဌ ရေကြီးရေလျှံ။ အဲဒီမှာ ကုလသမဂ္ဂအဖွဲ့တွေနဲ့ ကမ္ဘာ့ဘဏ်အဖွဲ့တွေနဲ့ လုပ်တယ်။ သူတို့က လုပ်တာတော့ စေတနာကောင်းပါတယ်။ တော်တော်များများ။ အထူးသဖြင့် UNDP က တော်တော်လေး စေတနာ ကောင်းတယ်။ ဒါပေမဲ့ ကိုယ့်နိုင်ငံအကြောင်း မသိတာတွေ အများကြီးဆိုတော့ အမှားတွေ ရေးတာတွေပါတယ်။ ကျမတို့သာ မရှိဘူးဆိုရင် တော်တော်မှားယွင်းမယ်။ ဥပမာတချက် ပြောမယ်ဆိုရင် သူတို့ကပြောတယ် တုတ်ရှည်ရှည်နဲ့ရမ်းပြီး မြန်မာအမျိုးသမီးတွေက ရေတို့မြေတို့ ပိုင်ဆိုင်ခွင့်မရှိဘူးတဲ့။ အဲဒီတော့ ကျမပြောတယ် -- ဒါ ဘယ်ကလာလဲ။ “ဟုတ်ဘူးတဲ့ .. ဒီဥပဒေကို စာတမ်းတခုကတဲ့။” စာတမ်းကို ကျမ သွားကြည့်တော့ ဒါက အင်္ဂလိပ်မတယောက် ရေးထားတာ။ Oxfarm က အင်္ဂလိပ်မတယောက် ရေးထားတာ။ သူက မင်းဘူးဘက်ကိုသွားပြီး လူတွေ့ အင်တာဗျူးတွေလုပ်ပြီး အဲဒီလိုရေးတယ်။ ခက်တာက သူ အင်တာဗျူးလုပ်တဲ့လူတွောအားလုံးက ဆင်းရဲတဲ့ မိန်းမ၊ ယောက်ျား တယောက်မှ မြေမပိုင်ဘူး။ အဲဒါကြောင့် အဲဒီလိုဟာမျိုး။
ဒေါ်ခင်မျိုးသက် ။ ။ မကြာသေးခင်ကပဲ မြန်မာနိုင်ငံရဲ့  လူ့အခွင့်အရေးနဲ့ ပတ်သက်ပြီးတော့ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် မစ္စယန်ဟီလီ လာတယ်။ လာပြီးတော့ တတိယအကြိမ်မြောက် - ဒီအစိုးရလက်ထက်မှာ လာပြီးတော့ ပြန်သွားတဲ့အခါမှာ အစီရင်ခံစာရေးတယ်။ ရေးတာကို လွှတ်တော်မှာ ပြင်းပြင်းထန်ထန် ကန့်ကွက်ကြပါတယ်။ တချို့ ကဆိုရင် ရခိုင်ဘက်ကဆိုရင် ဘူးသီးတောင်ဘက်က ကိုယ်စားလှယ်တယောက်ကဆိုရင် ကုလသမဂ္ဂနဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေ မြန်မာနိုင်ငံထဲမှာ လုပ်ပုံကိုင်ပုံက ဒေသတွင်းမှာ စိတ်ဝမ်းကွဲပြားမှုတွေ ဖြစ်စေတယ်။ ဒါကြောင့်မို့ နောက်ဆိုမလာဖို့တော့ တောင်းဆိုတဲ့အထိ ဖြစ်လာပါတယ်။ ကုလသမဂ္ဂနဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေ မြန်မာနိုင်ငံထဲ လုပ်ပုံကိုင်ပုံနဲ့ ပတ်သက်ပြီး ဆရာမကိုယ်တိုင် အတွေ့အကြုံ အဲဒါလေးတွေကို နည်းနည်းပြောပြပေးပါ။ ဆရာမအနေနဲ့ ဘယ်လိုမြင်လဲ ကုလသမဂ္ဂရဲ့  အခန်းကဏ္ဍ။
ဒေါက်တာဒေါ်ရင်ရင်နွယ် ။ ။ လူ့အခွင့်အရေးနဲ့ ပတ်သက်တဲ့ ကုလသမဂ္ဂ အထူးကိုယ်စားလှယ်တွေရဲ့  အခန်းကဏ္ဍကို ပြောချင်ပါတယ်။ ဆိုတော့ ဒီကမ္ဘာမှာ UN မှာ (၁၉၂) နိုင်ငံ ရှိပါတယ်။ (၁၉၂) နိုင်ငံထဲက ဒီအထူး လူ့အခွင့်အရေး ကိုယ်စားလှယ်တွေ ခန့်ထားတဲ့ သူတို့ကိုခန့်တဲ့အဖွဲ့ Human Rights Council - လူ့အခွင့်အရေးကောင်စီလို့ ခေါ်တယ်။ ဒီလူ့အခွင့်အရေးကောင်စီရဲ့  တင်ပြချက်တွေက (၂၅) ချက် ရှိတယ်။ အဲဒီ (၂၅) ချက်မှာ (၂၀) က ပြင်းပြင်းထန်ထန် ကန့်ကွက်တဲ့ စာတမ်းတွေ။ အချက် (၂၀) က အစ္စရေးကိုပဲ ကန့်ကွက်တယ်။ အစ္စရေးဆိုတာ အရှေ့ အလယ်ပိုင်းမှာ တခုတည်းသော ဒီမိုကရေစီ။ အစ္စရေးကို ကန့်ကွက်တယ်။ လေးခုက မြန်မာနိုင်ငံကို ကန့်ကွက်တယ်။ တခုက မြောက်ကိုရီးယားကို ကန့်ကွက်တယ်ဆိုတော့ ကျန်တဲ့ (၁၈၉) မှာလည်း လူ့အခွင့်အရေး ချိုးဖောက်တဲ့ နိုင်ငံတွေက အများကြီးရှိတယ်။ အဲဒါ တခုမှ မပြောဘူး။ အဲဒီတော့ မစ္စယန်ဟီလီ ကို ပညာရှင်အနေနဲ့ လေးစားပါတယ်။ သို့သော်လဲပဲ သူကိုခန့်တဲ့ အဖွဲ့ကိုက သမာသမတ်လည်း မရှိဘူး။ နောက်ပြီး နိုင်ငံတိုင်းမှာလည်း သူတို့က မခန့်ရဲဘူး။ ဘာဖြစ်လို့မခန့်လဲ။ တရုတ်ပြည်တို့၊ ဗိယက်နမ်တို့ ဘာတို့က လက်မခံဘူး။ သူတို့ အထူးကိုယ်စားလှယ်တွေ ခန့်ထားတာ ရှစ်ယောက်လောက်ပဲ ရှိတယ်။ နောက်ပြီး ရှိသေးတယ် ပညာရှင်ဆိုပြီး ခန့်ထားတာ အားလုံးပေါင်းမှ (၁၂) ယောက်။ ဘယ်လိုပဲဖြစ်ဖြစ် လက်တစုပ်စာပဲရှိတယ်။ အဲဒီတော့ ကျမတို့နိုင်ငံအနေနဲ့ ငြင်းရင်ရတယ်။ လားအိုတုန်းက ငြင်းတယ်။ မလာနဲ့ဆိုပြီး ပေးမလာဘူး။ သီရိလင်္ကာလည်း ငြင်းမယ်ထင်တယ်။ လားအိုက ငြင်းတယ်။ ဖိလစ်ပိုင်က (၂၃) ခါ တောင်းဆိုခြင်း ခံရတယ်။ လာပါရစေ ဆိုပြီး၊ အင်ဒိုနီးရှားဆို (၂၁) ခါ တောင်းဆိုတယ်။ နှစ်ခါပဲ သူတို့ကို ပေးဝင်တယ်။ အဲဒီတော့ နောက်ဆုံးတော့ မေးစရာရှိတာက ပေးမဝင်တဲ့ အထူးကိုယ်စားလှယ်တွေကို ဘယ်လိုလုပ်လဲဆိုတော့ မြောက်ကိုရီးယားအတွက် ခန့်ထားတဲ့ ကိုယ်စားလှယ်က မြန်မာနိုင်ငံက ပရိသတ်တွေ သိပါတယ်။ မစ္စတာကန်တားနားပါ။ သူက မြောက်ကိုရီးယာအတွက်။ မြောက်ကိုရီးယားက လက်မခံတဲ့အတွက်ကြောင့် တောင်ကိုရီးယား၊ ဂျပန် နဲ့ တခြားနေရာကနေ သူ အစီရင်ခံစာတွေ တင်ရပါတယ်။
ဒေါ်ခင်မျိုးသက် ။ ။ ဆိုတော့ လူ့အခွင့်အရေး ချိုးဖောက်တယ်လို့ ကမ္ဘာက သတ်မှတ်ထားတာ။ အဲဒီအထဲမှာ မြန်မာနိုင်ငံက ပါနေတယ်။ မြန်မာနိုင်ငံကလည်း တနိုင်ငံအနေနဲ့ ပါနေတယ်။ ပါတယ်ဆိုတော့ ဒီလိုနိုင်ငံမျိုးကို ဒီလိုမျိုး အထူးကိုယ်စားလှယ်တွေ ခန့်ပြီးတော့လာဖို့ မသင့်ဘူးလား။
ဒေါက်တာဒေါ်ရင်ရင်နွယ် ။ ။ အဲဒါဆိုလို့ရှိရင် လူ့အခွင့်အရေး ချိုးဖောက်မှု ရှိတာတော့မှန်တယ်။ ဒါပေမဲ့ မြန်မာနိုင်ငံတခုတည်းလားလို့ မေးစရာ ဖြစ်လာတယ်။ ဘာဖြစ်လို့ မြန်မာနိုင်ငံထက် အခြေအနေ အများကြီးဆိုးတဲ့ နိုင်ငံတွေကို သမာသမတ် မဆက်ဆံတာလဲ။ သူတို့ဆီကိုလည်း အားလုံးလွှတ်လေ။ နောက်တခုကလဲ ဒီအထူးကိုယ်စားလှယ်တွေက ဘယ်လို အစီရင်ခံစာတွေ ထွက်လဲဆိုတာ ရှိတယ်။ သူတို့ အစီရင်ခံစာတွေက နိုင်ငံတခုရဲ့  အချုပ်အခြာ အာဏာကို လာထိရင်တော့ ဘယ်နိုင်ငံမှ သည်းညီးခံနိုင်မှာ မဟုတ်ဘူး။ Australia လို နိုင်ငံမျိုးလည်း လူ့အခွင့်အရေးကောင်စီနဲ့ ပြဿနာတတ်တယ်။ သူတို့ ခိုင်းထားတာတွေ Australia က မလုပ်လို့တဲ့။ ဘာဖြစ်လို့လဲဆိုတော့ နိုင်ငံသားအဖြစ် ကျွန်းပေါ်မှာ တင်ထားတဲ့ ဒုက္ခသည်တွေကို Australia က လက်မခံလို့ဆိုပြီ။ မြန်မာနိုင်ငံလိုပဲ။ ဒါပေမဲ့ Australia ကိုကြတော့ မဆူမဆဲရဲဘူးလေ။ နိုင်ငံကြီးဆိုတော့။
ဒေါ်ခင်မျိုးသက် ။ ။ ဆိုတော့ မြန်မာနိုင်ငံရဲ့  ဒီမိုကရေစီအရေး ဒီလိုမျိုး လျှောက်လှမ်းတဲ့အချိန်မှာ ကုလသမဂ္ဂကနေ ကုလသမဂ္ဂရဲ့  အခန်းကဏ္ဍ ဘယ်လိုလုပ်ရင်ကောင်းမလဲ။ အဲဒါလေး အကျဉ်းရုံးပြောပြပေးပါ။
ဒေါက်တာဒေါ်ရင်ရင်နွယ် ။ ။ ကုလသမဂ္ဂက ကောင်းတာတွေ အများကြီးရှိပါတယ်။ ကောင်းတာ မကောင်းတာ ကိုယ်လည်း တာဝန်ထမ်းဆောင်ခဲ့ဖူးတဲ့အလျောက် အဲဒီ တိုင်းပြည်မှာရှိတဲ့ ဌာနေကိုယ်စားလှယ်တွေပေါ် မူတည်ပါတယ်။ လူပေါ် အများကြီးမူတည်တယ်။ နောက် ပိုက်ဆံ ဘယ်လောက်ရှိလဲဆိုတာလည်း မူတည်တယ်။ သူ့ရဲ့  ရုံးအဖွဲ့အစည်းမှာ ပိုက်ဆံ မရှိရင်၊ ပိုက်ဆံပေးတဲ့ နိုင်ငံတွေအကြိုက် လုပ်လိုက်တဲ့ ကုလသမဂ္ဂအဖွဲ့တွေလည်း ရှိပါတယ်။ တော်တော်များများက အဲဒီလိုပါပဲ။ ဒါပေမဲ့ မကောင်းဘူးလို့ မဆိုလိုဘူး။ ကျန်းမာရေး၊ ပညာရေးတို့ လူမှုရေးတို့ ဒါတွေ အများကြီး လုပ်စရာတွေ ရှိပါတယ်။ နိုင်ငံရေးကို ဝင်မစွက်ဘဲနဲ့။ ဘာဖြစ်လို့လဲဆိုတော့ အခု ပြောတာတွေ တချို့  နိုင်ငံရေးကိုထိတယ်။ နောက်တခုက အချုပ်အခြာအာဏာကို လာထိတယ်။
ဒေါ်ခင်မျိုးသက် ။ ။ ကျေးဇူးအများကြီးတင်ပါတယ်။ အခုလို VOA ကို လာပြီးတော့ ဆွေးနွေးပေးတဲ့အတွက်။