၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးအောင်မြင်ဖို့ နိုင်ငံရေးစိတ်ဆန္ဒနဲ့ အဖြေရှာဖို့ လိုတယ်လို့ ဖွဲ့စည်းပုံပြင်ဆင်ရေး ပူးပေါင်းကော်မတီဝင်လည်းဖြစ်၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်၊ မိုင်းရယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် စိုင်းသီဟကျော်က ပြောပါတယ်။ ဒေါ်ခင်စိုးဝင်းက သီးသန့်တွေ့ဆုံ မေးမြန်းထားပါတယ်။
မေး ။ ။ ဖွဲ့စည်းပုံပြင်ဆင်ရေး ပူးပေါင်းကော်မတီကနေ အစီရင်ခံစာ ထွက်တဲ့နေရာမှာ အချက်ပေါင်း (၃၇၆၅) ချက် တင်သွင်းခဲ့တယ်။ အဲဒီအထဲမှာ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်က စံချိန်တင် (၁၁၁၂) ချက် ဦးဆောင်ပြီးတော့ တင်သွင်းထားပါတယ်။ အဲဒီတစ်ထောင့်တစ်ရာကျော်က လာမယ့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးမူကြမ်း ရေးဆွဲတဲ့နေရာမှာ အလားအလာ ဘယ်လောက်လောက် ရှိပါလဲရှင့်။
ဖြေ ။ ။ ကျနော်တို့ပါတီရဲ့ တင်သွင်းတဲ့ ပြင်ဆင်ချက်တဲ့ များတဲ့အကြောင်း အနည်းအကျဉ်းလောက်တော့ ကျနော် နည်းနည်းပြောပြပါရစေ။ အဓိကတော့ ကျနော်တို့ လွှတ်တော်ထဲဝင်လာတဲ့ အကြောင်းရင်းထဲမှာ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်နိုင်ရေးဆိုတဲ့ ရည်မှန်းချက်တခု ပါဝင်ပါတယ်။ ဒါပေမဲ့လဲ လွှတ်တော်ထဲမှာ ကျနော်တို့ ပါတီ ပါဝင်နိုင်မှု အင်အားနည်းပါတယ်။ ဒါကြောင့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ဖို့ဆိုတာက လွှတ်တော်ကိုယ်စားလှယ်များထဲက (၂၀) ရာခိုင်နှုန်းလောက်မှသာ စပြီးတော့ ဦးဆောင်ပြီးပြင်ဆင်ဖို့ တင်သွင်းနိုင်မယ့် အနေအထားပါ။ အဲဒီအနေအထားမှာ ကျနော်တို့ပါတီက ဆောင်ရွက်နိုင်ဖို့ အင်အားမရှိပါဘူး။ ဆိုတဲ့အခါကြတော့ အခု အန်အယ်လ်ဒီ က ဦးဆောင်ပြီးမှ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးကို ဆောင်ရွက်လာတဲ့အချိန်မှာ ကျနော်တို့က အခွင့်အလမ်းတရပ်အနေနဲ့ ကျနော်တို့ပါတီရဲ့ မူဝါဒရပ်တည်ချက်သဘောထား။ ကျနော်တို့ ခံယူချက်တွေကို အများပြည်သူ သိရှိနိုင်ဖို့တချက်ရယ်။
နောက်ပြီးတော့ တခြားသောအဖွဲ့အစည်းတွေဆိုတာ အင်အားကြီးတဲ့ နိုင်ငံရေးပါတီတွေ၊ တပ်မတော်အပါအဝင် သဘောထားတွေ သိသွားဖို့ ဖြစ်ပါတယ်။ အဲဒီလို လုပ်တဲ့အချိန်မှာ ကျနော်တို့ပါတီရဲ့ ပြင်ဆင်ချက်က များသွားပါတယ်။ အမှန်အတိုင်းပြောရရင်တော့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး အောင်မြင်နိုင်မယ့် အနေအထားကို သိပ်မျှော်မှန်းလို့ မရပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးက ခက်ခဲကြောင်း အားလုံးသိပါတယ်။ (၇၅) ရာခိုင်နှုန်းအထက် သဘောတူညီမှု မရဘူးဆိုရင် တစ်ချက်မှ ပြင်လို့ရမှာ မဟုတ်ပါဘူး။
အဲဒီလို မျှော်မှန်းချက် နည်းရဲ့သားနဲ့ ဘာဖြစ်လို့ ကျနော်တို့ အများကြီးတင်ရသလဲဆိုတော့ ကျနော်တို့ သွားလို့တဲ့ဆန္ဒက ကျနော်တို့ပါတီရဲ့ ရပ်တည်ချက်က ဒီအနာဂတ်မှာ ဖယ်ဒရယ် ဒီမိုကရေစီနိုင်ငံတော်စနစ်ကို သွားဖို့ မျှော်မှန်းထားပါတယ်။ အဲဒီတော့ ဖွဲ့စည်းပုံအခြေခံဥပဒေကို တစ်ပုဒ်မ၊ တစ်ခုတစ်လေ ကိုယ့်ရဲ့အကျိုးစီးပွား လိုလားချက်တွေလောက် ပြင်မယ်ဆိုရင် အဲဒီစနစ် ပြုပြင်ပြောင်းလဲရေးကို ရောက်မှာမဟုတ်ဘူးဆိုတဲ့ ရည်ရွယ်ချက်ကြောင့် ကျနော်တို့က ပြင်လိုက်တဲ့အချိန်မှာ အခြေခံမူကအစ စပြင်လိုက်ပြီးတော့မှ တကယ့်ဖယ်ဒရယ်ပုံစံဖြစ်တဲ့ ဒီမိုကရေစီစံနှုန်းတွေနဲ့ ကိုက်ညီတဲ့ စနစ်တခုလုံးကို လုပ်နိုင်ဖို့အတွက် ကျနော်တို့ ပြင်လိုက်လို့ ပုဒ်မပေါင်း (၁၁၁၂) ချက် ပြင်ဆင်ဖို့ ဖြစ်သွားပါတယ်။
မေး ။ ။ NLD ကလည်း ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်လိုပဲ သူတို့ရဲ့ ရည်မှန်းချက်တွေက အရေးကြီးတဲ့တစ်ခုက ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး၊ ငြိမ်းချမ်းရေးနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးကြွေးကြော်သံနဲ့ ရွေးကောက်ပွဲကို ဝင်ခဲ့ကြတယ်။ အဲဒီတော့ အခု သူတို့ ၂၀၁၅-၂၀၁၆ မှာ အာဏာရလာခဲ့တဲ့ ပါတီတစ်ရပ်အနေနဲ့ အခုအချိန်၊ နောက်ရွေးကောက်ပွဲတစ်ခု ကျင်းပခါနီး တဲတဲလေး အချိန်ရောက်မှ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးကို လုပ်လာတာ နောက်ကျတယ်လို့ မယူဆဘူးလားရှင့်။
ဖြေ ။ ။ နောက်ကျတယ်လို့ ပြောလို့ရပါတယ်။ တကယ်တမ်း ပြောရရင် သူတို့ရဲ့ ရွေးကောက်ပွဲကြေညာစာတမ်းမှာလည်း ဖွဲ့စည်းပုံပြင်ဆင်ရေး ပါပါတယ်။ ဆိုတဲ့အခါကြတော့ သူ အာဏာရလာပြီ၊ လွှတ်တော်ထဲ ရောက်လာပြီ၊ လုပ်နိုင်ကိုင်နိုင်တဲ့ အနေအထား ဖြစ်လာမယ့်အနေအထားမှာ စတင်ပြီးဆောင်ရွက်သင့်တဲ့ အနေအထားပါ။ သို့သော်လဲပဲ တခြားကိစ္စကို ပြောရတာထက် ကိုယ့်ပါတီ ကိုယ့်အကြောင်းကို ပိုပြောရတာ ပိုကောင်းပေမယ့်လဲ အခုလက်ရှိ NLD က အမှန်တော့ လွှတ်တော်ထဲမှာ သူသိပ်ပြီးတော့ လုပ်တာကိုင်တာ မရှိတဲ့အတွက်ကြောင့် နောက်ထပ် လွှတ်တော်ပြင်ပဖြစ်တဲ့ (၂၁) ရာစုပင်လုံ ညီလာခံဆိုတဲ့ အမျိုးသားအဆင့် ဆွေးနွေးပွဲတွေကို သူဆောင်ရွက်လာခဲ့တာ တွက်ကြည့်လိုက်ရင် လွှတ်တော်ထဲမှာလည်း ဖွဲ့စည်းပုံပြင်ဖို့အတွက် တော်တော်ခက်ခဲတဲ့ အနေအထား သူကြုံကြိုက်ခဲ့လို့ ကျနော် ထင်ပါတယ်။
မေး ။ ။ ပြည်ခိုင်ဖြိုးပါတီ အဓိက အတိုက်အခံပါတီကနေ ပြင်ဆင်တဲ့အခါမှာ သူတို့ဘက်က ပြင်ဆင်လိုချင်တဲ့ (၁၀) ချက် - သူတို့ပြောတာကတော့ အမှန်တော့ ပူးပေါင်းကော်မတီနဲ့ ပါခဲ့တာ မဟုတ်ဘူး။ ဒါပေမဲ့ ပူးပေါင်းကော်မတီထဲမှာ၊ လွှတ်တော်ရဲ့ တွန်းအားကြောင့် သူတို့ရဲ့ ဆယ်ချက်က ပါသွားတယ်။ အဲဒီ ဆယ်ချက်ထဲမှာ သူတို့တင်တဲ့ထဲမှာ နိုင်ငံတော်သမ္မတရဲ့ လုပ်ပိုင်ခွင့်တွေ လျှော့ချဖို့တို့ ဘာတို့ပါတယ်။ အဲဒီတော့ ရှမ်းတိုင်းရင်းသားအဖွဲ့ချုပ်ရဲ့ အချက်ပေါင်း တစ်ထောင်ကျော်ကတည်းက အရေးကြီးတဲ့ အချက်ကလေး တစ်ချက်၊ နှစ်ချက်လောက် ပြောပြလို့ရမလား။ ဘယ်လိုဟာလေးတွေ ပြင်ချင်သလဲဆိုတာ။
ဖြေ ။ ။ တကယ်တမ်းကြတော့ ကျနော်တို့က အရေးကြီးတဲ့ အချက်ဆိုတာ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုတာ ရှေ့နောက်က ချိတ်ဆက်နေတယ်။ ရှေ့ကတစ်ခု ပြင်လိုက်ရင် သူနဲ့ ဆက်နွယ်နေတဲ့ နောက်က အကြောင်းအရာအားလုံကို လိုက်ပြင်ရပါတယ်။ အနောက်က အချက်တချက် လိုက်ပြင်လိုက်နဲ့ သူနဲ့ ဆက်နွယ်နေတဲ့ တခြာပုဒ်မတွေလည်း ချိတ်ဆက်ပြီး ပြင်ရပါတယ်။ ကျနော်တို့က ပုဒ်မ တစ်ခုတစ်လေ လိုက်ပြင်ပြီးတော့ ကိုယ့်ကိုယ်ကျိုးစွာ အဖြစ်သော်လည်းကောင်း၊ ပါတီအကျိုးပွားသော်လည်းကောင်း ဒါမှမဟုတ် လူမျိုးတစ်စုအတွက်၊ ပြည်သူတစ်ခုအတွက် အကျိုးစီးပွား ရှိရုံတင် တစ်ခုတည်းနဲ့ စဉ်းစားတာ မဟုတ်ဘဲနဲ့ စနစ်တခုလုံးအပေါ်မှာ အခြေခံတဲ့ အချက်အလက်တွေကို စဉ်းစားတာ ဖြစ်တဲ့အတွက်ကြောင့်မို့ ဘယ်ဟာအရေးကြီးတယ်လို့ ပြောရင်တော့ နည်းနည်းခက်ပါတယ်။ ကျနော်တို့က အဓိက ပြင်ချင်တာက စနစ် ဖြစ်တဲ့အတွက်ကြောင့်မို့ အပေါ်ကနေ ဥပဒေပြုရေးပိုင်းက ဥပဒေပြုမဏ္ဍိုင်ဖြစ်တဲ့ အထက်လွှတ်တော်၊ အောက်လွှတ်တော် ဖွဲ့စည်းပုံကိစ္စတွေ။ အုပ်ချုပ်ရေးပိုင်းဆိုင်ရာမှာ သမ္မတစနစ်နဲ့ ဝန်ကြီးချုပ်စနစ်တွေ။ နောက်ပြီးတော့ ပြည်နယ်အဆင့်မှာ ပြည်နယ်က အုပ်ချုပ်ရေးပိုင်းနဲ့ဆိုင်တဲ့ ကိစ္စရပ်တွေ၊ ဥပဒေပြုရေးဆိုင်ရာ ကိစ္စရပ်တွေ၊ နောက်ဆုံးတော့ ပြည်နယ်အခြေခံ ဥပဒေ ရေးဆွဲနိုင်ခွင့် စတာတွေကို ပြည်နယ်တွေက လွတ်လွတ်လပ်လပ် သူ့ဟာသူ မူဝါဒဆွဲ၊ သူ့ဟာသူ ဖွဲ့စည်းပုံဆွဲပြီး သူ့ရဲ့ အုပ်ချုပ်ရေး၊ ဥပဒေပြုရေး မဏ္ဍိုင်တွေကို ဖော်ဆောင်သွားဖို့ စသည်ဖြင့် တရားစီရင်ရေးလည်း ထိုနည်းလည်းကောင်းပါပဲ - ပြည်ထောင်စုအဆင့် တရားစီရင်ရေး၊ ပြည်နယ်တိုင်းဒေသကြီးအဆင့် ဒါတွေက ဖယ်ဒရယ်ကို အခြေခံထားတဲ့ အနေအထားပေါ်မှာ ဖွဲ့စည်းပုံပြင်ဖို့ တင်သွင်းထားတာ ဖြစ်တဲ့အတွက်ကြောင့် ကျနော်တို့က တစ်ခုတစ်လေလောက် စွဲထုတ်ပြီး ပြင်လိုက်ရင် တစ်ခုလုံးရဲ့ ချိတ်ဆက်ထားမှုက ပျက်ပြယ်သွားတဲ့ အနေအထား ဖြစ်ပါတယ်။
မေး ။ ။ ကဲ ဒီလောက်တောင်မှ အချက်အလက်တွေ အများကြီးပြင်ချင်။ အကုန်လုံးကလည်း ပြင်ဆင်နေချင်လို့ဆိုရင် မမှားပါဘူး။ ဒါကြီးကို ပြင်နေမယ့်အစား အသစ်တစ်ခု ပြန်ရေးလိုက်ရင်ကော မဖြစ်နိုင်ဘူးလား။ အဲဒါကို ထည့်ပြီးတော့ စဉ်းစားကြကြမှာပါ။ ကျမလဲ ဘေးကနေကြည့်ပြီးပြောတဲ့ လူပိန်းတစ်ယောက်အနေနဲ့ မေးတာ။ ဒီလောက် ခက်ခဲနေတဲ့ ဖွဲ့စည်းပုံကြီးကို ပြင်မနေတော့ဘဲနဲ့ အသစ်တခု ရေးလိုက်ကြရင် ပိုမကောင်းလေဘူးလားဆိုတဲ့ လူပိန်းအတွေးနဲ့ မေးကြည့်လိုက်တာပါ။
ဖြေ ။ ။ တကယ်တမ်းကြတော့ ဖွဲ့စည်းပုံကြီးကို ကျနော်တို့ ပြန်စဉ်းစားလိုက်ရင် ကနဦး စတင်ရေးဆွဲတဲ့အချိန်ကို ပြန်လည်သုံးသပ်ဖို့ လိုတယ်။ ကျနော်တို့ ပါတီအနေနဲ့ တကယ်တမ်း ကျနော်တို့ပါတီ တည်ထောင်ပြီးတော့ ရပ်တည်လာတဲ့ အနေအထားက ပင်လုံကတိကဝတ်တွေ၊ ပင်လုံစာချုပ်ကနေ ပေါက်ဖွားလာတဲ့ နောက်ပြီးတော့ ၁၉၄၇ ခုနှစ်မှာ ရေးဆွဲခဲ့တဲ့ ဖွဲ့စည်းပုံ အခြေခံ၊ အုပ်ချုပ်ပုံအခြေခံ ဥပဒေကြီးကို ပြင်ဆင်ဖို့ ကြိုးစားပြီးတော့ ၁၉၆၁ မှာ အားလုံးလဲ သိပြီးတဲ့အတိုင်းပဲ ဖယ်ဒရယ်မူလို့လည်း ခေါ်တယ်။ ရှမ်းမူလို့လည်းခေါ်တဲ့ ပြည်နယ်ပေါင်းစုံညီလာခံ လုပ်ပြီ၊ တောင်ကြီးမှာလုပ်ပြီး အားလုံးသဘောတူ ဆုံးဖြတ်ချက်ထားတဲ့ မူ ရှိပါတယ်။ အမှန် အဲဒီမူကို ကျနော်တို့က လွှတ်တော်မှာ လာတင်ပြီးတော့ အတည်ပြုတော့မယ့် အချိန်လေးမှာပဲ ဗိုလ်ချုပ်နေဝင်းက အာဏာသိမ်းလိုက်တာ။ ဒါက သမိုင်းကြောင်းနဲ့ ကျနော်တို့ ပါတီက အဲဒီမပြီးပြတ်သေးတဲ့၊ မပြီးဆုံးသေးတဲ့ လူကြီးများရဲ့ တာဝန်ကို ကျနော်တို့ပါတီက ဆက်လက်ဆောင်ရွက်ပါမယ်ဆိုတဲ့ အခြေအနေကတော့ ပါတိ ဖြစ်လာတာ ဖြစ်ပါတယ်။
ဆိုတော့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ဖြစ်လာမယ့် ညောင်နှစ်ပင် ညီလာခံ - ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲရေး ဖြစ်စဉ်ကတည်းကိုက ကျနော်တို့ လူကြီးများ ပါဝင်ခဲ့ပါတယ်။ အဲဒီတုန်းက အခြေအနေက ကျနော်တို့ ဆန္ဒသဘောထားတွေနဲ့ မကိုက်ညီတဲ့ အချက်အလက်တွေ ထည့်သွင်းပါဝင်လာပြီးတော့ ဘယ်လိုမှ ပြောဆိုဆွေးနွေးလို့ မရတဲ့အဆုံး နောက်ဆုံးမှာ NLD နဲ့ ကျနော်တို့အပါအဝင် ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲရေးမှာ ဆက်လက်ပါဝင်ခြင်းမရှိဘဲ ထွက်ခဲ့လိုက်တယ်။ အဲဒီနောက်ဆက်တွဲ အကျိုးဆက်တွေကိုလည်း ကျနော်တို့ ထောင်ကျတန်းကျ၊ ဖြစ်ခဲ့ပါတယ်။ အဲဒီအခါကြတော့ ဖွဲ့စည်းပုံအခြေခံဥပဒေ စဆွဲကတည်းက ကျနော်တို့ မနှစ်သက်တဲ့၊ ကျနော်တို့ သဘောထားနဲ့ မတိုက်ဆိုင်တဲ့ အချက်တွေ အများကြီး ပါခဲ့တဲ့အတွက်ကြောင့်မို့ ကျနော်တို့ပါတီရဲ့ ဦးခွန်ထွန်းဦးက ဒီဖွဲ့စည်းပုံ အခြေခံဥပဒေ အသစ်ရေးမှ ဖြစ်မယ်ဆိုတာကို ပြောခဲ့ဖူးပါတယ်။
ဆိုတဲ့အခါကြတော့ ကျနော်တို့ အောက်ခြေလူငယ်တွေ အခုပြန်ပြီး ပါတီတာဝန်တွေ ယူလာတဲ့အနေအထားမှာ ကျနော်တို့က ခေါင်းဆောင်ကြီးပြောတဲ့ အသစ်ရေးဆွဲမယ်ဆိုတဲ့ မူအတိုင်း ဆက်သွားလိုက်မယ်ဆိုရင် ဒါက ကျော်ဖြတ်ရမယ့် အခက်အခဲတွေ ကြုံဆုံရမယ့် အနေအထားတွေက သိပ်ပြီးတော့ မလွယ်ကူတဲ့ အနေအထားမှာ အခုအခါလို အခွင့်အခါသင့်လို့ ဖွဲ့စည်းပုံ ပြင်နိုင်မယ့် အနေအထား ဖြစ်မယ်ဆိုရင်တော့ ကျနော်တို့ သဘောထား ရပ်တည်ချက် ပြင်နိုင်ဖို့ တင်သွင်းလိုက်တဲ့ အနေအထား။
မေး ။ ။ တပ်မတော်သားတွေရဲ့ ကိုယ်စားလှယ်တွေရဲ့ ပူးပေါင်းဆောင်ရွက်မှု မရှိဘဲနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးက ရှေ့ရောက်နိုင်မယ့် အလားအလာ ရှိပါလား။
ဖြေ ။ ။ ဒီနေရာမှာ ကျနော်တို့အမြင် မကြာခဏပြောတဲ့ အမြင်တစ်ခု ရှိပါတယ်။ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ဖို့ဆိုတာက လွှတ်တော်ထဲမှာရှိတဲ့ ကိုယ်စားလှယ်အားလုံးရဲ့ (၇၅) ရာခိုင်နှုန်းအထက် သဘောတူညီနိုင်မှ ပြင်လို့ရမယ်ဆိုတဲ့ အနေအထားပါ။ ဆိုတဲ့အခါကြတော့ တပ်မတော် ပါသည်ဖြစ်စေ၊ မပါသည်ဖြစ်စေ ဒီဘက်တခြမ်းတည်းနဲ့ NLD နဲ့ တိုင်းရင်းသားပါတီဘက်နဲ့ ပြင်လို့မရပါဘူး။ တပ်မတော်ကလည်း ကြံ့ခိုင်ရေးပါတီနဲ့ တပ်မတော်နဲ့ ပြင်ချင်တိုင်းလဲ ဒီဘက်က NLD နဲ့ တိုင်းရင်းသားပါတီတွေက လက်မခ့ဘူးဆိုရင် ပြင်ဆင်လို့ မရပါဘူး။ ဆိုတဲ့အခါကြတော့ ကျနောတို့အားလုံးက ဘုံရည်မှန်းချက် တူညီတဲ့ ဆုံမှတ်တခုကိုရဖို့ လိုပါတယ်။ အဲဒါမှ မရဘဲနဲ့ ဘယ်လိုမှ ပြင်လို့မရပါဘူး။ အခုနပြောတဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲကတဆင့် ပြင်ဆင်ဖို့ ဖြစ်လာနိုင်တဲ့ အနေအထားကို ပြန်တွက်ကြည့်လိုက်ရင် (၂၁) ရာစု ပင်လုံကနေ သဘောတူညီချက် ရလာတဲ့ (၅၁) ချက် ဆိုတာက တကယ်တမ်းပြောရင် ပြန်တွက်ကြည့်လိုက် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈) ကတည်းက ပေးထားချက်ကို သိပ်ပြီးတော့ ကွဲပြားခြားနားတာ မရှိပါဘူး။ ဆိုတဲ့အခါကြတော့ အဲဒါနဲ့ယူပြီးတော့ ဒီအတိုင်းပြန်မယ်ဆိုရင် တစ်လုံးတည်းလည်း ရပါတယ်။ ဒီမိုကရေစီ-ဖယ်ဒရယ် တည်ထောင်မယ်ဆိုတဲ့ သဘောတူညီချက် တစ်ခုလောက်ပဲ ရနိုင်ပါတယ်။ အဲဒီတော့ နောက်ပိုင်းဘယ်လို ဆက်လုပ်မလဲဆိုတာ တော်တော်လေး ခက်ခဲပါတယ်။
ဆိုတဲ့အခါကြတော့ ပြင်ပကနေ ငြိမ်းချမ်းရေးဆွေးနွေးပွဲ စကားဝိုင်းကနေ ဆွေးနွေးပြီး ရလာတဲ့ အချက်တွေနဲ့ ဒီထဲမှာ ပြန်ပြင်မယ် ဆိုပြန်တော့လဲ ဒီဖွဲ့စည်းပုံ အခြေခံကြီးက သိပ်ပြီးတော့ ထူးထူးခြားခြား ပြောင်းလဲသွားတာ ဘာမှမရှိပါဘူး။ အဲဒီလိုတွေ ဖြစ်နေတဲ့အတွက်ကြောင့်မို့ အခု ကျနော်တို့ မြင်နေတဲ့ အနေအထားက တကယ်တမ်းကြတော့ ဖွဲ့စည်းပုံအခြေခံ ပြင်ဆင်ဖို့ဆိုတာ တကယ့်နိုင်ငံရေး စိတ်ဆန္ဒအရ၊ တိုင်းပြည်ကြီးအပေါ် ဘယ်လောက်အထိ စိတ်စေတနာထားကြမလဲဆိုတဲ့ စိတ်ရင်းအမှန်နဲ့ သူ့ဘက်ကိုယ့်ဘက်ကို မပြောဘဲနဲ့ ပြည်ထောင်စုအရေးကြီးကို ကျနော်တို့ ကောင်းအောင် ဘယ်လိုတွေ ဝိုင်းဝန်းပြီးတော့ ဆောင်ရွက်ကြမလဲဆိုတဲ့ စိတ်လေးထားခဲ့ပြီးတော့ ဖြစ်နိုင်ချေရှိတဲ့ ဖြစ်သင့်ဖြစ်ထိုက်တဲ့ဟာကို တပ်မတော်လည်း လက်ခံပေးဖို့ လိုသလို၊ အင်အားအများဆုံးဖြစ်တဲ့ NLD ကလည်း ဒါကို သဘောပေါက်ပြီး တိုင်းရင်းသားတွေရဲ့ ဆန္ဒတွေကိုလည်း ကောင်းအောင်ဆောင်ရွက်ပေးဖို့ လိုပါတယ်။ အခု NLD ပြင်တဲ့ ပြင်ဆင်ချက်တွေကို လေ့လာကြည့်လိုက်ရင် ပုဒ်မ တစ်ရာကျော်မှာ တိုင်းရင်းသားတွေ မျှော်မှန်းတဲ့ လိုလားချက်တွေက သိပ်ပြီးတော့ အားရကျေနပ်စရာ လုံးဝမကောင်းတဲ့ အနေအထားမှာ ဖြစ်နေတဲ့အတွက်ကြောင့်မို့ တိုင်းရင်းသားတွေက ဘယ်လောက်အထိ ထောက်ခံမလဲဆိုတာကို ဖြစ်လာပါတယ်။ ဒီအပြင်လဲ အခုဆိုရင် တပ်မတော်သားကိုယ်စားလှယ်တွေကလည်း ထိုင်ပဲထိုင်ကြည့်နေတဲ့ အနေအထားဆိုတော့ သူတို့သဘောထား ဘယ်လို ရှိမလဲဆိုတာ ပြောရခက်ပါတယ်။ ဆိုတော့ သူတို့က သဘောတူ လက်ခံနိုင်ခြင်း မရှိရင် ဖွဲ့စည်းပုံပြင်ဆင်ရေး လုပ်ငန်းစဉ် အောင်မြင်နိုင်မယ့်လမ်းကြောင်း ရောက်လာလိမ့်မယ်လို့ မယူဆပါဘူး။ သိပ်ပြီးတော့ ဖြစ်နိုင်ချေနည်းတယ်။ အဲဒီလိုပဲ သုံးသပ်ပါရစေ။
မေး ။ ။ ကျေးဇူးအများကြီးတင်ပါတယ်ရှင့်။