သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဖွဲ့စည်းပုံပြင်ဆင်ရေး ဒေါက်တာ အန်ဒရူး ငွန်ကျုံးလျန် အမြင်


Dr. Andrew Ngun Cung Lian on current situation of amending the constitution
Dr. Andrew Ngun Cung Lian on current situation of amending the constitution
ဖွဲ့စည်းပုံပြင်ဆင်ရေး
please wait

No media source currently available

0:00 0:10:43 0:00
တိုက်ရိုက် လင့်ခ်

၂၀၀၈ အခြေခံဥပဒေ ပြင်ဆင်ရေးနဲ့ပတ်သက်ပြီး NLD ပါတီဘက်ကနေ ပြည်ထောင်စု လွှတ်တော်တွင်း ပထမဆုံးအကြိမ် တင်သွင်းတဲ့အပေါ် သုံးသပ်ချက်၊ ရှေ့ဆက်အလားအလာ၊ ဘယ်ပုဒ်မတွေကို ပြုပြင်နိုင်ခြေရှိသလဲ စတာတွေနဲ့ ပတ်သက်ပြီး အခြေခံဥပဒေရေးရာ ကျွမ်းကျင်သူ ဒေါက်တာ အန်ဒရူး ငွန်ကျူံးလျန်ကို ကိုကျော်ကျော်သိန်းက တွေ့ဆုံမေးမြန်းထားပါတယ်။

မေး ။ ။ အင်္ဂါနေ့က ပြည်ထောင်စုလွှတ်တော်မှာ ဖြစ်ပျက်သွားတဲ့ အခြေအနေ - တပ်မတော်သားကိုယ်စားလှယ်ဘက်က NLD ဘက်က တင်ပြတာ လုပ်ထုံးလုပ်နည်း မကိုက်ညီဘူး။ လုပ်ထုံးလုပ်နည်းအတိုင်း တင်ပါလို့ ပြောတယ်။ ဒါပေမဲ့ လွှတ်တော်နာယက က ခွင့်ပြုပြီးတော့ ဆက်ပြီးတော့ မဲခွဲတဲ့အဆင့်ကို ရောက်သွားခဲ့တယ်။ ဒီနေရာမှာ ကျနော်တို့ မြန်မာလူထု ရှင်းရှင်းလင်းလင်းသိအောင် ရှင်းပြပေးစေချင်တာက ဘယ်သူကမှန်လဲ။ လုပ်ထုံးလုပ်နည်း တင်တဲ့အပိုင်းနဲ့ ပတ်သက်ပြီတော့။

ဖြေ ။ ။ လုပ်ထုံးလုပ်နည်း တင်တဲ့ဟာထက် အခြေခံဥပဒေ ပြင်ဆင်ရေးဆိုတာ NLD ပါတီ တခုတည်းကိစ္စ မဟုတ်ဘူး။ USDP ပါတီကိစ္စလည်း မဟုတ်ဘူး။ တိုင်းရင်းသားပါတီတွေကိစ္စလည်း မဟုတ်ဘူး။ တနိုင်ငံလုံးနဲ့၊ မြန်မာနိုင်ငံသားတွေအားလုံးနဲ့ သက်ဆိုင်တဲ့ကိစ္စ ဖြစ်တယ်။ အဲဒီအခြေခံကနေ စဉ်းစားမယ်ဆိုရင် ဒါမျိုးက ဘာကြောင့်ပြင်ချင်လဲ။ ဘယ်ပုဒ်မကို ပြင်ချင်လဲ။ အဲဒီလို ပြင်နိုင်ဖို့အတွက် ဘယ်ကော်မရှင်မျိုး ဖွဲ့သင့်လဲဆိုတာတွေကို ကြိုပြီတော့ ပြောထားဖို့လိုတယ်လို့ ထင်တယ်။ ဒါပေမဲ့ မနေ့တနေ့က သူတို့လုပ်လိုက်တဲ့ ကိစ္စမှာတော့ Hijack လုပ်သွားတာပေါ့။ အခွင့်အရေးယူပြီးတော့ ငါတို့ တင်လို့ရတယ်။ ၂၀ ရာခိုင်နှုန်း ထောက်ခံတယ်ဆိုပြီးတော့ ဝုန်းဒိုင်းဆိုပြီးတော့ အရေးပေါ်အဆိုနဲ့ တင်လိုက်တယ်။

တင်တာကိုတော့ မှားတယ်လို့တော့ မပြောဘူး။ ဒါပေမဲ့ အဲဒီလိုတော့ မလုပ်သင့်ဘူးလို့ ကျနော်က ယူဆတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကြိုပြီတော့ ညှိနှိုင်းပါ။ ကော်မရှင်၊ ကော်မတီတွေမှာလည်း အကုန်လုံး ညှိနှိုင်းပါ။ တပ်မတော်နဲ့လည်း ညှိနှိုင်းပါ။ ဘာဖြစ်လို့လဲဆိုတော့ ဒီဥပဒေက တပ်မတော်ဥပဒေ မဟုတ်ဘူး။ NLD ဥပဒေလည်း မဟုတ်ဘူး။ အားလုံးနဲ့ဆိုင်တာဟာ ဖြစ်တယ်။ အဲဒီတော့ အားလုံးနဲ့ ညှိနှိုင်းပြီးတော့လုပ်ရင်တော့ မှန်မယ်လို့ထင်တယ်။

မေး ။ ။ NLD က ဒီလိုလုပ်လိုက်တဲ့နည်းလမ်း၊ ဒီလိုလုပ်လိုက်တဲ့ ပုံစံလေးက လက်ရှိ ကျနော်တို့နိုင်ငံမှာရှိတဲ့ အခြေခံဥပဒေရေးရာ အကျပ်အတည်း - ဒါကို ဖြေရှင်းဖို့အတွက် ပိုပြီတော့ ဝေးသွားစေမယ်လို့ ပြောရင်ကော ဒါကို ဒေါက်တာအင်ဒရူး ဘယ်လိုသဘောရလဲ။

ဖြေ ။ ။ ဆရာ မှန်တယ်လို့ထင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ အခြေခံဥပဒေပြင်ရေးဆိုတာ NLD အခြေခံဥပဒေမှ မဟုတ်တာ။ တပ်မတော် အခြေခံဥပဒေမှ မဟုတ်တာ။ တိုင်းရင်းသားပါတီတွေရဲ့ အခြေခံဥပဒေမှ မဟုတ်တာ။ အားလုံးနဲ့ ဆိုင်တယ်။ အားလုံးနဲ့ ညှိညှိနှိုင်းနှိုင်း လုပ်ရမယ့်ဟာကို မလုပ်ဘဲနဲ့ အခုနလိုမျိုး ဝုန်းကနဲ အရေးပေါ် အဆိုတို့ဘာတို့ညာတို့နဲ့ လုပ်လိုက်တဲ့အခါကြတော့ ပူးပေါင်းဆောင်ရွက်ပြီတော့ အခြေခံဥပဒေ ပဋိပက္ခကို ဖြေရှင်းရေး၊ ပြင်ဆင်ရေးဆိုတဲ့ဟာက တော်တော်လေး ဝေးလာတယ်လို့ ကျနော် ထင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ တပ်မတော်က မကြိုက်ရင်လဲ ပြင်လို့ရမှာ မဟုတ်ဘူး။ NLD က ကြိုက်ပေမယ့် တိုင်းရင်းသားပါတီနဲ့ NLD ပါတီ မဟုတ်တဲ့ ပါတီတွေက မကြိုက်ရင်လဲ ပြင်လို့ရမှာ မဟုတ်ဘူး။ (၄၃၆) လည်း ခံနေတယ်။ အဲဒီ (၄၃၆) ခံနေတဲ့ကိစ္စကို ကျော်ချင်တယ်ဆိုရင် အားလုံးက စည်းစည်းလုံးလုံးလုပ်ဖို့ လိုတယ်လို့ ကျနော်က ထင်တယ်။

မေး ။ ။ ဒေါက်တာအင်ဒရူး ပြောတာကို ကျနော်က ကိုယ်တိုင်တွေ့ကြုံလာခဲ့တယ်။ တနင်္လာနေ့မှာ သတင်းအစတခု စထွက်လာတယ်။ အဲဒီ စထွက်လာတဲ့သတင်းကို ကျနော်တို့က အတည်ပြုဖို့ တော်တော်များများကို ကြိုးစားခဲ့တယ်။ လွှတ်တော်ကိုယ်စားလှယ်တွေ၊ ပါတီတာဝန်ရှိသူတွေ လူတော်တော်များများကို ဆက်သွယ်ကြိုးစားတယ်။ ဒါပေမဲ့ ဘယ်သူကမှ တရားဝင် မှတ်တမ်းနဲ့တကွ အသံဖမ်းခွင့် မပြောဘူး။ အဲဒါက တော်တော်လေးကို ဝေဝေဝါးဝါး ဖြစ်စေတဲ့ အခြေအနေကို ရောက်သွားတယ်။ NLD က ဒီလိုလုပ်လိုက်တဲ့အပေါ်ကို ဝေဖန်တဲ့ အချက်တချက်ရှိတယ်။ ဒါက ၂၀၂၀ နီးလာလို့ NLD က နိုင်ငံရေးကစားကွက်သက်သက် တခုအနေနဲ့ ကစားလိုက်တာ။ တကယ့်တကယ် လက်တွေ့မှာ ဒီဥစ္စာက ထိရောက်တဲ့ဟာ ဖြစ်မှာမဟုတ်ဘူးလို့ ဝေဖန်ကြတာရှိတယ်။ ဒေါက်တာအင်ဒရူးအနေနဲ့ ဒီဝေဖန်ချက်ကို သဘောတူလား။

ဖြေ ။ ။ နိုင်ငံရေးပါတီတွေကတော့ အာဏာရဖို့ အရေးကြီးတယ်။ သူအနေနဲ့ ကစားမှာပဲ။ NLD မဟုတ်တဲ့ တခြားနိုင်ငံရေးပါတီကလည်း ကစားမှာပဲ။ ဒါပေမဲ့ ဒီအခြေခံဥပဒေ ပြင်ဆင်ရေးဆိုတာ နိုင်ငံရေးကစားကွက်၊ အာဏာရဖို့အနေနဲ့ အသုံးမချသင့်ဘူးလို့ ကျနော်ကထင်တယ်။ ဥပမာ ဒီ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံထဲမှာ လွယ်လွယ်ကူကူနဲ့ အားလုံးက သဘောတူလို့ ပြင်လို့ရတဲ့ကိစ္စတွေ ရှိတယ်။ NLD အာဏာရလာကတည်းက ဒီနေ့အထိ ဘာတခုမှ အဲဒီပုဒ်မတခုကိုမှ မပြင်ခဲ့ဘူး။ အရင်တုန်းက ၂၀၁၀ နဲ့ ၂၀၁၅ - ဦးသိန်းစိန်အစိုးရခေတ်တုန်းက ဦးရွှေမန်းတို့ လွှတ်တော်ခေတ်တုန်းက ပြင်ထားတဲ့ (၅၀) အချက်လည်း အခုထိ သေသေချာချာကို အကောင်အထည်ဖော်တာ မရှိသေးဘူး။ ဥပမာတခု ပြောပြမယ် - တိုင်းရင်းသားရေးရာ အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာနဖွဲ့တယ်။ အခုအချိန်အထိ ဘာမှ အလုပ်မဖြစ်ဘူး။

မေး ။ ။ အခုန ကိုအင်ဒရူး ပြောသွားတဲ့အထဲမှာ တခုပါတယ်။ ပြီခဲ့တဲ့ သက်တမ်းကာလတုန်းက လုပ်ခဲ့တာ အချက် (၅၀) ပါတယ်။ အခု အဲဒီဟာတွေအပြင် အခုစလိုက်တဲ့ လုပ်ငန်းစဉ်ကနေ ဒေါက်တာအင်ဒရူးအနေနဲ့ ပညာရှင်တယောက်အနေနဲ့ တကယ်တမ်း လက်တွေ့ကျကျ ပြင်လို့ရနိုင်တဲ့၊ ပြင်ဖို့လိုတဲ့ အခြေခံဥပဒေပါ အချက်တွေဆိုရင် ဒေါက်တာအင်ဒရူးအနေနဲ့ ဘယ်ဟာတွေကို အဓိကပြောချင်လဲ။

ဖြေ ။ ။ ကျနော် (၃) ခု ပြောမယ်။ နံပတ် (၁) က တိုင်းဒေသကြီးနဲ့ ပြည်နယ် ဝန်ကြီးချုပ်တွေကို သက်ဆိုင်ရာ တိုင်းဒေသကြီးနဲ့ ပြည်နယ်က အမတ်တွေက ခန့်သင့်တယ်ဆိုတဲ့ဟာကို ချက်ချင်းပြင်သင့်တယ်။ ဘာဖြစ်လို့လဲဆိုတော့ NLD က သူက ၁၉၉၀ ကနေစပြီးတော့ ဖယ်ဒရယ်စနစ်ကို ထူထောင်နိုင်ဖို့အတွက် ကြိုးစားခဲ့တယ်ဆိုပြီတော့ အကြိမ်ကြိမ် သူတို့ Statement တွေ ထုတ်ခဲ့တယ်။ ဟိုတလောတုန်းက ထိပ်သီး (၃) ယောက်တွေ့တဲ့ အချိန်မှာ တပ်ချုပ်က ပြောတယ် - ဒါက ဝန်ကြီးချုပ်တွေကိုတော့ သက်ဆိုင်ရာ ပြည်နယ်ရဲ့ လွှတ်တော်တွေက ရွေးသင့်တယ်လို့ ပြောတယ်။ အဲဒီလို တပ်ချုပ်က ပြောလိုက်တာနဲ့ (၂၅) ကတော ရသလိုပဲ ထားလိုက်ပါတော့။ NLD က တဘက်က တိုင်းရင်းသားအရေးနဲ့ ဖယ်ဒရယ်ကိစ္စကို လိုချင်တဲ့ပါတီ။ အခု Majority နောက်ပြီတော့ ဒီကိစ္စကိုလည်း USDP ဖြစ်ဖြစ်၊ တခြားတိုင်းရင်းသားပါတီတွေက ဆန့်ကျင်နေတာ မဟုတ်ဘူး။ လိုချင်နေတာ။ ဘာဖြစ်လို့ (၂၆၄) ကို မပြင်နိုင်ရမှာလဲ။ အဆိုသွင်းကြည့်၊ လုပ်ကြည့်၊ အဲဒီမှာ ဆန့်ကျင်တဲ့လူက ဖယ်ဒရယ်အတွက် ရန်သူ။ မဟုတ်ရင် တိုင်းရင်းသားလူနည်းစု ရန်သူ။ ဘယ်သူလုပ်ရဲမလဲ .. လုပ်မယ့်လူ မရှိဘူး။

နံပတ် (၂) ရွေးကောက်ပွဲကော်မရှင် က အရင်တုန်းက နယကခေတ်တုန်းက ၂၀၁၀ မှာ ၁/၂၀၁၀ ထင်တယ် - အဲဒီမှာ သူတို့က ဥပဒေပြုထားတယ်။ နောက် ၂၀၁၂ ဦးသိန်းစိန်ခေတ်တုန်းက အဲဒါကို ပြင်ဆင်တဲ့ဟာ ရှိတယ်။ အဲဒီမှာ အပိုဒ် (၆) မှာ ဘာဖြစ်လဲဆိုတော့ ရွေးကောက်ပွဲကော်မရှင်၏ သက်တမ်းသည် နိုင်ငံတော်သမ္မတ၏ သက်တမ်းနဲ့ တူသည်။ တကယ်လို့ အဲဒီသမ္မတ သက်တမ်းပြီသွားလို့ အသစ်မဖွဲ့ခင်မှာ လိုအပ်ရင် ဆက်လက်ဆောင်ရွက်ခွင့် ရှိတယ်။ အဲဒီတော့ ခင်များနဲ့ ကျနော်တို့ ရွေးကောက်ပွဲကောင်မရှင်မှာ လုပ်မယ်။ အစိုးရသက်တမ်းနဲ့ တူတယ်ဆိုတော့ ခင်များ ရွေးကောက်ပွဲ အနိုင်မရတာနဲ့ ကျနော်လည်း ခင်များကို ဆက်ခန့်လို့ မရတော့ဘူး။ အဲဒီအခါကြတော့ တရားမျှတပြီတော့ လွတ်လပ်တဲ့ ရွေးကောက်ပွဲကော်မရှင် ဖြစ်ဖို့က တော်တော်လေးကို အခက်အခဲ ရှိတယ်။

နံပတ် (၃) က ကျနော်တို့ဆီမှာ အခြေခံဥပဒေခုံရုံး ရှိတယ်။ ဘယ်နှစ်ယောက်က အဲဒီခုံရုံးမှာ အမှု ဖွင့်လို့ရလဲ။ လူလေးဆယ် မပြည့်ဘူး။ ဒီတနိုင်ငံလုံးမှာ လူသန်းပေါင်း (၅၀) ရှိတဲ့ တိုင်းပြည်မှာ - အဲဒီတော့ အဲဒီခုံရုံးကို ခင်များ အားကိုးမလား။ နိုင်ငံသားအခွင့်အရေးဆိုတဲ့ အခွင့်အရေးအောက်မှာ ခင်များ ရထားတဲ့ အခွင့်အရေးတွေ အများကြီးရှိတယ်။ အဲဒါကို ရဲကဖြစ်ဖြစ်၊ အစိုးရကဖြစ်ဖြစ်၊ တပ်မတော်ကဖြစ်ဖြစ် လာကျူးကျော်တယ်။ Citizen Rights လာကျူးကျော်တဲ့ အချိန်မှာ အဲဒီခုံရုံးကို ကျနော်က သွားမတင်နိုင်ဘူးဆိုရင် အဲဒီခုံရုံးလည်း ဘာမှအသုံးမကျဘူး။ ကန်တော့ပါရဲ့ အခု (၃) နှစ် ရှိပြီ၊ အမှု (၁) ခုပဲ ရှိတယ်။ ကျနော်က စဉ်းစားတယ် - အဲဒီခုံရုံးမှာ ကျနော် တကယ်အလုပ်လုပ်ချင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ လုပ်စရာကို မရှိတာ။ လခစားမယ်။ အေးအေးဆေးဆေး ထိုင်နေမယ်။ အဲဒီတော့ ဒီဟာမျိုးတွေကို တပ်မတော်ဘက်ကရော၊ NLD ဘက်ကရော၊ USDP ဘက်ကရော၊ တိုင်းရင်းသားတွေဘက်ကရော အကုန်လုံးက သဘောတူနိုင်တဲ့ဟာလေးတွေကို စပြီးတော့ ရွှေ့သင့်တယ်။ ရွေးကောက်ပွဲကော်မရှင် ဥပဒေကို ပြင်လိုက်တာနဲ့ ဘာဖြစ်မလဲဆိုရင် တရားမျှတတဲ့ ရွေးကောက်ပွဲတွေ ဖြစ်လာမယ်။ တိုင်းဒေသကြီးနဲ့ ဝန်ကြီးချုပ်တွေကို သက်ဆိုင်ရာ တိုင်းဒေသကြီး ပြည်နယ်တွေရဲ့ လွှတ်တော်အမတ်တွေရဲ့ ရွေးခွင့်ပြုနိုင်တာနဲ့ Ownership က ရှိလာမယ်။

ခြေဥခုံရုံးကြီးမှာ ခင်များနဲ့ ကျနော်တို့ သွားတိုင်ခွင့် ရှိတဲ့အခါကြရင် ကျနော်မှာလည်း Redress - ပြန်လည်ပြင်ဆင်ခြင်း - အဲဒါရှိတယ်ဆိုတဲ့ ဒါမျိုးတွေ အများကြီးရှိတယ်။ ၂၀၀၈ ထဲမှာ ပြင်စရာတွေ။

မေး ။ ။ ဒါတွေကို အဓိကဦးစားပေး ပြင်မယ်ဆိုရင် ပြင်နိုင်တယ်။ လုပ်သင့်လည်း လုပ်သင့်တယ်ပေါ့။ ဆိုတော့ မြန်မာလူထုက တိုင်းပြည်ကို သိပ်ပြီတော့ ကောင်းစေချင်နေပြီ။ ပြောရရင် တိုင်းပြည်မှာ ဝမ်းသာစရာတွေ၊ ပျော်စရာတွေ - မြန်မာလူထုသည် နှစ်ပေါင်းများစွာ စိတ်ညစ်လာခဲ့ကြတယ်။ ဆိုတော့ လူထုပျော်နိုင်မယ် အလားအလာ၊ အခြေအနေနဲ့ ပတ်သက်လို့ ဒေါက်တာအင်ဒရူးအနေနဲ့ ဘယ်လောက်အထိ မြင်ထားသလဲ။

ဖြေ ။ ။ ဒါကတော့ တော်တော်ခက်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့ မြန်မာတွေက ၁၉၆၂ ကနေ၊ ၂၀၀၈ အထိ၊ (၄၈) နှစ် အာဏာရှင်တော့ မဟုတ်ပါဘူး။ အဖိနှိပ်ခံတဲ့အောက်မှာ ကြီးပြင်းလာတော့ ကျနော်တို့မှာ အတွေးအခေါ်၊ စဉ်းစားလုပ်ကိုင်တဲ့ ပုံစံတွေက တော်တော်လေး မှားနေတယ်။ တခုက တချို့က စနစ်ကြောင့် မှားသွားတာရှိတယ်။ တချို့က စိတ်ဓါတ်ကြောင့် မှားသွားတာ ရှိတယ်။ အဲဒီတော့ ဆိုပါစို့ အမှိုက်ကောက်မယ် - ဒါပေမဲ့ တွေ့တဲ့နေရာမှာ တံခါးဖွင့်ပြီတော့ ကွမ်းသွေး ထွေးပစ်လိုက်တယ် မဟုတ်ဘူးလား။ ဟိုမှာ လူကြီးက အမှိုက်လိုက်ကောက်ပြနေတယ်။ ဒါပေမဲ့ ဒီမှာ ကွမ်းသွေးထွေးနေတယ်။ အဲဒီတော့ လူကြီးရဲ့ စိတ်ဓါတ်မှာရှိတဲ့ဟာနဲ့ အမှိုက်ကောက်ဖို့ သန့်ရှင်းတဲ့ဟာနဲ့၊ ဒီမှာ ကွမ်းသွေးထွေးနေတဲ့ လူရဲ့ စိတ်ဓါတ်နဲ့က အဲဒီနှစ်ခုကြားမှာ ဘာကြောင့်ဖြစ်လဲဆိုတဲ့ဟာက ကျနော်တို့ စဉ်းစားနိုင်ရင် ကျနော်တို့ လိုချင်တဲ့ဟာ ဘာဖြစ်လာမလဲဆိုတာကို ခန့်မှန်းလို့ရမယ်။

နောက်တချက်က အရေးကြီးတာက ဥပမာ - NCA လက်မှတ်ထိုးတယ်။ တိုင်းရင်းသားတွေက နိုင်ငံရေးရလဒ်များကနေ ထွက်လာမယ့် ရလဒ်နဲ့အညီ ၂၀၀၈ ကို ပြင်မယ်ဆိုပြီတော့ သူတို့က စဉ်းစားနေတယ်။ ဘာပြဿနာ ဖြစ်လဲဆိုရင် တိုင်းရင်းသားတွေ တင်လာတဲ့ (၂၁) ရာစု ပင်လုံ ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ သဘောတူညီချက် (၁) နဲ့ (၂) (၅၂) ချက်။ သေချာသွားဖတ်ကြည့် - (၈၀) ရာခိုင်နှုန်းက ၂၀၀၈ မှာ ပါပြီသာ။ ကျနော်တို့က ဘာပြောမလဲ။ ပေါ်လစီပဲ ပြောနေတာ။ ဆရာကျော် ဘာပေါ်လစီ လိုချင်လဲ - ဒီပေါ်လစီ လိုချင်တယ်။ ကျနော်က ဆရာကျော်ကို အဲဒီပေါ်လစီတော့ ထားလိုက်တော့၊ နောက်တခါကြရင် ဒီအမှိုက်ပုံထဲမှာ အမှိုက်ပုံ (၃) ခုထားမယ်။ ဘယ်ဟာမှာ Recycle လုပ်မယ်၊ Substantive issue ကို မရောက်နိုင်ဘူး။ ကျနော် မြင်တာကတော့ တော်တော်လေး ဝေးသေးတယ်။

XS
SM
MD
LG