သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

New York ရောက် မြန်မာ့အနုသုခုမ ဖက်ရှင်


ဒီဇိုင်းနာ ကိုလင်းလွန်း (Hygh Hope)
ဒီဇိုင်းနာ ကိုလင်းလွန်း (Hygh Hope)
New York ရောက် မြန်မာ့အနုသုခုမ ဖက်ရှင်
please wait

No media source currently available

0:00 0:12:18 0:00
တိုက်ရိုက် လင့်ခ်

မြန်မာ့ယဉ်ကျေးမှု အနုသုခုမလက်ရာတွေ နယူးယောက်မြို့မှာ နိုင်ငံတကာဖန်တီးသူတွေနဲ့ပေါင်းပြီး Hygh Hope ဆိုတဲ့ ခေတ်ပေါ်ပေါင်းစပ် အဝတ်အထည်တွေကို ထုတ်လုပ်နေတာ အောင်မြင်မှုတွေ တွေ့ရပြီလို့ Hygh Hope ကုမ္ပဏီ စတင်တည်ထောင်တဲ့ ကိုလင်းလွန်းက ပြောပါတယ်။ ကိုလင်းလွန်း ကို ကိုဇော်ဝင်းလှိုင် က တွေ့ဆုံမေးမြန်းထားပါတယ်။

မေး ။ ။ ပထမဦးဆုံးတော့ ကိုလင်းလွန်းက အနုပညာနဲ့ ပတ်သက်ပြီး လုပ်နေတယ်။ T-shirt design လေးတွေလုပ်ပြီးတော့ ကိုယ့်နည်းကိုယ့်ဟန်နဲ့ ဒီမှာထိုးဖောက်ဖို့ ကြိုးစားနေတယ်။ ကိုလင်းလွန်း လုပ်နေတဲ့ အနုပညာအကြောင်းလေး - ဘယ်လိုပုံစံလဲ။ ဘာတွေလဲဆိုတာတွေကို ပြောပြပေးပါ။

ဖြေ ။ ။ ကျနော်က ဒီမှာတော့ ဒီဇိုင်းနဲ့ ပတ်သက်ပြီးတော့ New York မှာ လေ့လာနေတယ်။ သင်ယူနေတယ်။ အခု Hygh Hope ဆိုတဲ့ Clothing brand လေး လုပ်ထားတယ်။ အဲဒီမှာ ကျနော်က Creative ပိုင်းနဲ့ ပတ်သက်ပြီးတော့ အဓိကဆောင်ရွက်ပြီးတော့ လုပ်နေတယ်။ နိုင်ငံခြားသား Artists တွေနဲ့ပေါင်းတယ်။ ကျနော့်ရဲ့ Ideas တွေ Sharing လုပ်တယ်။ သူတို့နဲ့ ပေါင်းစပ်ဖန်တီးပြီးတော့ Hygh Hope ဆိုတဲ့ Brand လေးနဲ့ ကျနော်တို့ရဲ့ မြန်မာမှုတွေ၊ အငွေ့အသက်တွေနဲ့ လုပ်နေတယ်။ New York ကတော့ ကမ္ဘာမှာ၊ ဖက်ရှင်မှာ နံပတ်တစ် မြို့တော်ဖြစ်တဲ့အတွက် ဒီကနေ စတင်ထိုးဖောက်ဖို့ဆိုပြီးတော့ ရည်ရွယ်ပြီးတော့ အဲဒီကနေ New York မှာ ခေတ်စားနေတဲ့ ဒီနေ့ခေတ် Fusion Streetwear Fashion တွေနဲ့ ကျနော်တို့ မြန်မာမှုတွေနဲ့ ပေါင်းစပ်ပြီးတော့ Fusion Streetwear သဘောမျိုး ဖြစ်တယ်။ အထူးသဖြင့် မြန်မာယဉ်ကျေးမှု၊ အနုသုခုမလက်ရာတွေကို ကျနော့်ရဲ့ Creation နဲ့ ဒီက Artists တွေနဲ့ ပေါင်းပြီးတော့ Fusion Streetwear ဆိုပြီးတော့ ထိုးဖောက်နေပါတယ်။

မေး ။ ။ Product အနေနဲ့ ထုတ်နိုင်ပြီလား။

ဖြေ ။ ။ ကျနော် Hygh Hope ဆိုတဲ့ ကုမ္ပဏီလေးကို ၂၀၁၇ မှာ New York မှာ မှတ်ပုံတင်လိုက်တယ်။ မှတ်ပုံတင် (registration) ရတဲ့အခါ ဒီဇိုင်းတွေကို အဆင်သင့်ဖြစ်အောင် လုပ်တယ်။ လုပ်ပြီးတော့ ပထမဦးဆုံးအနေနဲ့တော့ ဘီးလူး - ဂုမ္မာန် - နတ်ဘီးလူး၊ စစ်ဘီးလူး၊ သိကြားမင်း၊ နတ်မင်းကြီး၊ ဗြမ္မာမင်းတို့ကို စစ်တိုက်ပေးရတဲ့ စစ်ဘီးလူး၊ နတ်ဘီးလူးကို စစ်သူကြီးဘီးလူးကို ကျနော့်ဒီဇိုင်းပေါ်မှာ စတင်တယ်။ တင်ပြီးတော့ ကျနော့်အတွက် စစ်မျက်နှာဖွင့်ခိုင်းတဲ့သဘော ဖြစ်ပါတယ်။

မေး ။ ။ ဘီးလူးနဲ့ စဖွင့်တဲ့သဘောပေါ့။

ဖြေ ။ ။ ဟုတ် .. ဘီးလူးနဲ့ စဖွင့်တယ်။ ဘီးလူးမှာ အမျိုးမျိုးရှိတယ်။ ဒီဟာက ကောင်းတဲ့ဘီးလူး။ စစ်ဘီးလူး။ ဂုမ္မာန်ကြီးကို စစ်မျက်နှာ စဖွင့်ခိုင်းလိုက်တာပါ။

မေး ။ ။ အခု ထူးထူးခြားခြား မြန်မာလူငယ်တွေကြားထဲမှာ မြန်မာနိုင်ငံမှာတော့ လုပ်ကြကိုင်ကြတာ ရှိတယ်။ Fashion နဲ့ ပတ်သက်ပြီးတော့ ခေတ်ပေါ်တွေနဲ့ ရိုးရာ မျိုးစုံ လုပ်ကြတယ်။ နိုင်ငံခြားမှာ အခုလို ထိုးဖောက်တာ နည်းနည်းအားနည်းသေးတယ်။ အခုလိုမျိုး ဖြစ်လာအောင် ကိုလင်းလွန်းက ဘယ်ကများ influence ရသလဲ။ ဘယ်လို အတွေးအခေါ်တွေ ဝင်လာလဲ။

ဖြေ ။ ။ ကျနော်ကတော့ အဓိကတော့ ငယ်ငယ်လေးကတည်းက အဝတ်အစားကို ရူးတယ်။ အဓိက ဘာကိုရူးတာလဲဆိုတော့ မြန်မာပြည်မှာ အကိုလဲ သိမှာပါ - Made in USA ကို ရူးကြတယ်။ Made in USA ဆိုတာကလဲ Quality မှာ ကမ္ဘာပေါ်မှာ အကောင်းဆုံးလို့ သိထားကြတယ်။ အဲဒီမှာ ဟိုခေတ်တုန်းက (၁၅-၂၀) နှစ်တုန်းကဆိုရင် အသစ်တွေ ဝယ်မဝတ်နိုင်ကြဘူး။ အဟောင်းတွေ Made in USA ဖြစ်ရင်းပြီးရော လိုက်ဝယ်စုကြတယ်။ အဲဒါလေးက ငယ်ငယ်လေးကတည်းက ပါလာတာပါ။ ကျနော်စုထားတဲ့ အင်္ကျ ီတွေဆိုရင် အများကြီးရှိတယ်။ ဒါပေမဲ့ ဒီကိုရောက်တဲ့အချိန်မှာ ဘာစဉ်းစားမိသလဲဆိုတော့ ငါများ၊ ဒါမှမဟုတ် မြန်မာတယောက်ယောက်များ Made in USA Product ထုတ်နိုင်ရင် ဘယ်လိုများနေမလဲလို့ စဉ်းစားကြည့်တယ်။ ကျနော်လည်း ဂုဏ်ယူမှာပဲ။ မြန်မာတယောက်အနေနဲ့ Made in USA T-shirt ထုတ်တယ်။ အဲဒီမှာတင် Made in USA ဖြစ်ရက်သားနဲ့ သူများတွေလို ပုံမှန်မဟုတ်ဘဲနဲ့ ကျနော်တို့ မြန်မာမှုက Made in USA product ပေါ်မှာ ပါလာခဲ့ရင် ကျနော်တို့ မြန်မာနိုင်ငံကြီးတခုလုံးအနေနဲ့ မြန်မာနောင်လာနောင်သားတွေအနေနဲ့ ကျနော့်ကို Inspiration ရစေချင်တယ်။

သူတောင်မှာ အသက် (၃၀) ကျော်မှ အမေရိကကို ရောက်တာပါ။ သူတောင်မှ အသက် (၃၀) ကျော်မှ ဒါမျိုးတွေ လုပ်နိုင်သေးရင်၊ ငါတို့တွေ (၁၄-၅) နှစ် အသက် (၂၀) ဘာလို့ သူလိုမလုပ်နိုင်ရမှာလဲ။ ကျနော် Inspiration ရတယ်ဆိုတာ ကျနော့်အဖိုးက ရဲဘော်သုံးကျိပ်စပြီးတော့ ဖြစ်တည်ဖို့ ဗိုလ်ချုပ်အောင်ဆန်းနဲ့ အရင်ဆုံး ဂျပန်ကိုသွားခဲ့တဲ့ နှစ်ယောက်တည်းသောသူ ဖြစ်ပါတယ်။ သခင်လှမြိုင်လို့ ခေါ်ပါတယ်။ အဖိုးကတော့ ကျနော့်ဘဝတခုလုံးရဲ့ idol ပါ။ ဘာဖြစ်လို့လဲဆိုတော့ အဖိုးက သူ့ယုံကြည်ချက်ကို နောက်ဆုံးထွက်သက်အထိ မြဲမြဲဆုပ်ကိုင်ပြီးတော့ စွန့်လွှတ်သွားခဲ့သူပါ။ အဖိုးရဲ့ ဆုံးမစကားတွေလည်း ရှိပါတယ်။ ယုံကြည်ချက်တခုကို ကျနော်တို့ စပြီးတော့ အိပ်မက်ကနေစတာ - အိပ်မက်တခုကို အကောင်အထည်ဖော်ရမှာက ကိုယ်က အကောင်အထည်ဖော်ရမှာ။ အိပ်မက်ဆိုတာ မက်ရုံနဲ့ ဘာမှဖြစ်မလာဘူး။ အဓိက အဖိုးဆီက ယူလိုက်တာသည် အဖိုးရဲ့သတ္တိ၊ စွန့်လွှတ်စွန့်စားရဲတဲ့ လုပ်ဆောင်ချက်။ ယုံကြည်ချက်တခုကို မြဲမြဲမြန်မြန်မလုပ်တဲ့စိတ်။ အဲဒါလေးကို ကျနော့်ရင်ထဲထည့်ပြီးတော့ အမေရိကကို ထွက်လာတယ်။ ငါလည်း သမိုင်းလေးတခု ကြီးကြီးမားမား ခမ်းခမ်းနားနား မဟုတ်ဘူးဆိုရင်တောင် ငါ့အနေနဲ့ အခုနပြောသလို အုတ်ကလေးတချပ်ပေါ့။

မေး ။ ။ အမေရိကကို ဘယ်လိုလာဖြစ်ဖို့ ဖြစ်သွားတာလဲ။ ဘယ်တုန်းက ရောက်သလဲ။

ဖြေ ။ ။ ကျနော် လွန်ခဲ့တဲ့ (၂) နှစ် ဒီအချိန်က ရောက်ပါတယ်။ အဓိကလာဖြစ်တာကတော့ အမေ။ ကျနော့်အမေက ကျနော်ကို ဆိုင်းမဆင့်ဗုံမဆင့်နဲ့ ပြောတယ် - သူတို့လည်း တချိန်သေကြရမှာ။ သူတို့မသေခင် အမေရိကနေ တခုခုလေး - ပညာလေးတခုခု သူတို့အတွက် ကျေးဇူးဆပ်တဲ့အနေနဲ့ ယူပေးပါလား။ လုပ်ပေးပါလားဆိုတော့ ကျနော်ကလဲ အမေ့ရဲ့ အဲဒီစကားလေးတခွန်းကြောင့် အဖေတို့၊ အမေတို့ နားထောင်ပြီး - ရတယ်ဆိုပြီး ခေါင်းတချက်ငြိမ့်ပြီး ဘာမှမစဉ်းစားဘဲနဲ့ ကျနော်ထွက်လာခဲ့တယ်။

မေး ။ ။ ဖြစ်အောင်လုပ်ပြီး ထွက်လာခဲ့တယ်ပေါ့။

ဖြေ ။ ။ အဖေနဲ့အမေအတွက် ကျနော် ထွက်လာခဲ့တာပါ။

မေး ။ ။ အနုပညာဆိုတာလဲ ပန်းချီဆွဲချင်တယ်။ T-shirt လေး ထုတ်ချင်တယ်ဆိုပြီးတော့ ကောက်ခနဲလုပ်လို့မရဘူး။ Background ရှိမှာ ရတယ်။ အခြေခံရှိမှာ ရတယ်ဆိုတော့ အဲဒါတွေကို ဘယ်ကရလဲ။ ဘယ်လို Background တွေ ရှိလဲ။

ဖြေ ။ ။ ကျနော်က မြန်မာပြည်မှာတုန်းကတော့ ငယ်ငယ်ကတည်းက ပန်းချီဆွဲတယ်။ ပန်းပုထုတယ်။ သီချင်းရေးတယ်။ သီချင်းဆိုတယ်။ ကဗျာတွေရေးတယ်။ ကျနော့်ကဗျာတွေကလည်း မဂ္ဂဇင်းတွေမှာ အသုံးပြုတာခံရဖူးပါတယ်။ ကျနော်က အနုပညာနဲ့ပတ်သက်ရင် ကျနော်ထင်တယ် - Natural-born artist ဖြစ်မှာပေါ့။ အနုပညာဆိုတာ ကျနော့်ခံယူချက်ကတော့ ကိုယ်ကိုယ်တိုင် ခံစားနေတာမျိုး တချို့အနုပညာရှင်တွေက ခံယူကြတယ်။ ကျနော်ကတော့ အဲဒီလိုမဟုတ်ဘူး - အားလုံးခံစားလို့ရမယ်။ အထူးသဖြင့် ကိုယ့်နိုင်ငံ၊ ကိုယ့်လူမျိုးတွေ။ ဥပမာ ကျနော်တို့မြန်မာပြည်ကို ငါ့အနေနဲ့ မြန်မာပြည်ကို ဘယ်လိုမျိုးလေးသိအောင် ကမ္ဘာကို လုပ်ပြရင်ကောင်းမလဲ။ အဲဒါကြောင့် Hygh Hope ဆိုတာ လုပ်လိုက်တယ်။ Hygh Hope က ဘာကိုယူထားတာလဲဆိုတော့ ရိုးရိုးကျင့် မြင့်မြင့်ကြံကို ယူထားတာဖြစ်တယ်။ Still low key, hope up high ကို့hope up high ဆိုတာ လူရယ်လို့ ဖြစ်လာရင် မျှော်လင့်ချက်ဆိုတာ အမြင့်ကြီးမှာ ထားသင့်တယ်လို့ထင်တယ်။ ကျနော်လည်း ကျနော့်မျှော်လင့်ချက် မြင့်မားလို့၊ ကျနော့်အမေ၊ အဖေတွေရဲ့ မြင့်မားတဲ့ မျှော်လင့်ချက်ကို ဖြည့်ဆည်းပေးချင်လို့ ဒီကိုရောက်လာတာပါ။

မျှောင်လင့်ချက် မြင့်မြင့်မားမား ထားချင်တဲ့အတွက် ကျနော် ရိုးရိုးကျင့် မြင့်မြင့်ကြံကနေ အနှစ်ချုပ်ဆွဲထုတ်ပြီးတော့ Hygh Hope လို့ ပေးလိုက်တာပါ။

မေး ။ ။ အဲဒီတော့ အခုထုတ်နေတဲ့ T-shirt နဲ့ Streetwear တို့က အမေရိကမှာ ဖြန့်နေတာလား။ မြန်မာပြည်ကို ဖြန့်ဖြူးနေပြီလား။ ဘယ်လောက်အထိ အောင်မြင်မှုရပြီလို့ သိရသလဲ။

ဖြေ ။ ။ ကျနော် ထုတ်လုပ်ခဲ့တာတော့ တနှစ်ကျော်ပါပြီ။ တနှစ်ကျော်ပြီး ဒါပေမဲ့ အခြေအနေ အကြောင်းအမျိုးမျိုးကြောင့် - ပြီးတော့ ဒီမှာကြတော့ ကျနော်မှာ Investment လည်း မရှိဘူး။ မရှိတဲ့အတွက် အဲဒီ Investment ရအောင် စုခဲ့တယ်။ အဓိကတော့ ဒီဇိုင်း - ကျနော်က ဒီဇိုင်းဘက်ကို အထူးပြုပြီး လေ့လာနေတာဖြစ်တယ်အတွက် ဒီဇိုင်းကို လွယ်လွယ်လေးနဲ့ မလွှတ်ပေးလိုက်ချင်ဘူး။ နောက်တခုက ဘီးလူးဆိုတဲ့ Mythical Creature ဒဏ္ဍာရီလာ သတ္တဝါကြီးက အင်ဒိုနီးရှားမှာလည်း ရှိတယ်။ ယိုးဒယားမှာလည်း ရှိတယ်။ ကမ္ဘောဒီးယားမှာလည်း ရှိတယ်။ မြန်မာမှာလည်း ရှိတယ်။ ဒါပေမဲ့ ကျနော့်ဘီးလူးကို ဘယ်သူနဲ့မှ မတူချင်ဘူး။ ကိုယ်မူပိုင် - Hygh Hope ရဲ့ ဘီးလူး ဖြစ်ချင်တာ။ အဲဒါ ခက်ခဲပါတယ်။ ရှိနေတဲ့ Formula ထဲကနေ အဆန်းဆုံး ကွဲထွက်နေတာကို ဖန်တီးရတာ ကျနော့်အတွက် တော်တော်ခက်ပါတယ်။ စစ်ဘီးလူးလို့ ပြောထားတယ်။

စစ်ဘီးလူးမှာ စစ်မာန်ရှိရမယ်။ အားကိုးချင်စိတ် ဖြစ်ရမယ်။ ဒီ ဘီးလူးကို Create လုပ်တာကို တော်တော်ကြာတယ်။ ကျနော် ရာနဲ့ချီပြီးတော့ ပြင်ရတယ်။

မေး ။ ။ ဒီမှာ ကိုယ့်လမ်းကိုယ်ပြင်ပြီး စတင်ထိုးဖောက်တယ်။ မြန်မာ့ယဉ်ကျေးမှုနဲ့ အနောက်တိုင်းယဉ်ကျေးမှု ပေါင်းစပ်ပြီးတော့ T-shirt, Streetwear Fusion လေးတွေ ထုတ်မယ်ဆိုတော့ နောက်လူငယ်တွေ သိရအောင် အခက်အခဲတွေ၊ ဘာတွေ ရှိခဲ့သလဲ။ ဒါမျိုး ပစ္စည်း Product တခု ထွက်ဖို့ဆိုတာက မလွယ်ဘူး။ အဲဒါလေးကို ခပ်တိုတိုလေး ရှင်းပြပေးပါ။ ညီလေး ကြုံရတဲ့ အခက်အခဲတွေက ဘာတွေလဲ။

ဖြေ ။ ။ ကျနော်ကြုံရတဲ့ အခက်အခဲတွေကတော့ အစုံပါပဲ။ ကျနော်က စထုတ်တဲ့ဟာကို 100% Made in USA ဖြစ်ချင်တယ်။ ကျနော့်အနေနဲ့ ရိုးရိုးသားသား ပွင့်ပွင့်လင်းလင်း ပြောရရင် ဘာမှမသိဘူး။ မသိတဲ့အတွက် အစအဆုံး လေ့လာရတယ်။ T-shirt ရဲ့ အသားကဘယ်လို ချည်က ဘယ်လိုသွားလဲ။ US Product တွေက ဘာကြောင့် သူများနဲ့ ကွဲထွက်ပြီး ကောင်းနေတာလဲ။ အဲဒါတွေကို ကျနော် လေ့လာတယ် - အစကနေအဆုံး လေ့လာတယ်။ အဲဒီမှာ တော်တော်ကြာတယ်။ နောက်ဆုံး အားလုံးက ပြောတဲ့ဟာက တခုရှိပါတယ်။ ကျနော် ဒီဘီးလူးကို အသက်သွင်းဖို့ - Hygh Hope ကို အသက်သွင်းဖို့ ပထမဦးဆုံး ဒီဘီးလူးကို ထုတ်နိုင်အောင် (၃) လ ခေါက်ဆွဲပြုပ် စားခဲ့ရပါတယ်။ ဒီမှာက နေစရိတ်၊ စားစရိတ် အရမ်းဈေးကြီးပါတယ်။ ဒီဟာလေး ဖြစ်လာဖို့ တကယ်ကို (၃) လကျော်ကျော် ခေါက်ဆွဲပြုပ်စားပြီးတော့ ပိုက်ဆံစုပြီးတော့ ဒီဘီးလူးကို ဖန်တီးခဲ့တာပါ။

အမေရိကလည်းဖြစ်တယ်၊ နေစရိတ်စားစရိတ် အရမ်းဈေးကြီးတဲ့ New York မှာလည်း ဖြစ်တဲ့အတွက် မလွယ်ပါဘူး။ အလုပ်လည်းလုပ်ရတယ်။ စာတွေလည်း လေ့လာရတယ်။ ဒီဇိုင်းတွေလည်း ဆွဲရတယ်။ တနေ့ကို လေးနာရီလောက်ပဲ အိပ်ရပါတယ်။ ဒီဟာကြီး ဖြစ်လာဖို့ကတော့ အခုနပြောတဲ့ အစကနေ ဘီးလူးထွက်လာတဲ့အထိ ခက်ခဲတယ်ဆိုတာထက် အများကြီးကျော်လွန်ပြီး ခက်ခဲ့ပါတယ်။ ဒါပေမဲ့ ပြောခဲ့သလို ဘယ်လောက်ပဲ ခက်ခဲခက်ခဲပါ ဖြစ်အောင်လုပ်မယ်ဆိုတဲ့ စိတ်တခုက အရေးကြီးဆုံးပါ။

မေး ။ ။ အခု ပစ္စည်းက စထွက်လာပြီ။ တဖြည်းဖြည်းနဲ့ ရုပ်လုံးပေါ်လာပြီ။ T-shirt တွေလည်း ထုတ်နိုင်ပြီ။ ဈေးကွက်ကို စဖြန့်နိုင်ပြီ။ ဘယ်လောက်အထိ ရည်မှန်းချက်ထားသလဲ။

ဖြေ ။ ။ အခု New York မှာ လုပ်တဲ့ ရည်ရွယ်ချက်ကိုက ဒီမှာ မထင်မှတ်ဘဲနဲ့ Rihanna နဲ့ ဆုံတယ်။ … ဆုံတယ်။ အဲဒီမှာ ဘာအလင်းလေး ပွင့်သွားလဲဆိုတော့ ငါ့ t-shirt ကို သူတို့များ ဝတ်လိုက်ရင် ကမ္ဘာကျော် celebrity တယောက်ယောက် ကိုယ်ပေါ်မှာ ကျနော်တို့မြန်မာပစ္စည်း တခါမှ မမြင်ဖူးသေးပါဘူး။

မေး ။ ။ အခုလုပ်နိုင်ပြီလား။ တယောက်ယောက် ဝတ်ပြီလား။

ဖြေ ။ ။ ကျနော် အဲဒီလမ်းကြောင်းကို သွားနေတယ်။ တချို့ သူတို့နဲ့ ပတ်သက်ရာ ပတ်သက်ကြောင်းတွေနဲ့ စကားတွေ လိုက်ပြောထားတယ်။ အဲဒီအတွက် သူတို့က ကျနော်ကို ဘာပြန်ပြောသလဲဆိုတော့ ကျနော်ဘက်က Unique ဖြစ်တဲ့ Product တခုကို သူတို့ကို ပြနိုင်ရမယ်။ ဝတ်လာချင်စိတ်ဖြစ်အောင် ကျနော်ဘက်က ပြနိုင်ရမယ်။ ကျနော်က သူများတွေလို ဒေါ်လာသိန်းနဲ့ချီ မပေးနိုင်ဘူး။ ကျနော့်ရဲ့ Goal ကတော့ အဲဒါပါ။ ကျနော်တို့ မြန်မာမှုသည် ကမ္ဘာကျော် celebrity တယောက်ယောက်ကိုယ်ပေါ်မှာ ရောက်ကိုရောက်ရမယ်ဆိုတဲ့ စိတ်ပါ။

မေး ။ ။ ကျေးဇူးအများကြီးတင်ပါတယ်။

XS
SM
MD
LG