သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာရှအလင်းရောင်ဆရာတော်နှင့် တွေ့ဆုံမေးမြန်းခန်း


အာရှအလင်းရောင်ဆရာတော်နှင့် တွေ့ဆုံမေးမြန်းခန်း
အာရှအလင်းရောင်ဆရာတော်နှင့် တွေ့ဆုံမေးမြန်းခန်း
တိုက်ရိုက် လင့်ခ်

ဝါရှင်တန်မြို့တော်မှာကျင်းပတဲ့ ဘာသာရေး လွတ်လပ်ခွင့်ဆိုင်ရာညီလာခံကို ဥရောပပါလီမန်၊ ဘာသာရေးဌာနရဲ့ သဟဇာတဆုရှင်၊ ပြင်ဦးလွင် အာရှအလင်းရောင်စာသင်တိုက်ရဲ့ ကျောင်းထိုင်ဆရာတော် ဘဒ္ဒန္တစိန္တိတလည်း ပါဝင်ပါတယ်။ ဆရာတော်ကို ဗွီအိုအေစတူဒီယိုမှာ ကိုကျော်ကျော်သိန်းက လျှောက်ထားမေးမြန်းထားပါတယ်။

မေး ။ ။ အရှင်ဘုရားရဲ့ ခရီးစဉ်က အမေရိကန်ပြည်ထောင်စု နိုင်ငံခြားရေးဝန်ကြီးဌာနက ကြီးမှူးကျင်းပတဲ့ ဘာသာရေးလွတ်လပ်ခွင့် ညီလာခံကို လာတက်တာလို့ တပည့်တော် သိထားပါတယ်။ ဆိုတော့ ဘာသာရေးလွတ်လပ်ခွင့် ညီလာခံကလည်း ဇူလိုင်လ (၁၆) ရက်နေ့ကနေ (၁၈) ရက်နေ့အထိ (၃) ရက် လုပ်ခဲ့တယ်။ အရှင်ဘုရား အဲဒီညီလာခံကနေ ရရှိခဲ့တဲ့ တွေ့ခဲ့တဲ့ အတွေ့အကြုံတွေကို အကျဉ်းချုပ်လေး မိန့်ကြားပေးပါဘုရား။

ဖြေ ။ ။ ဒီညီလာခံကနေ ဘုန်းဘုန်းတို့ ရရှိတဲ့ အတွေ့အကြုံတွေက ဘုန်းဘုန်းတို့ ဘဝတသက်တာမှာတော့ အကြီးဆုံးနဲ့ တကယ့်ကို အများဆုံးရတဲ့ အတွေ့အကြုံတခုလို့ ဘုန်းဘုန်းတို့ ပြောလို့ရပါတယ်။ တကမ္ဘာလုံးက လာကြတဲ့ လူထောင်ကျော်လောက်နဲ့၊ နောက်ပြီး အမေရိကန်မှာ တကယ့်ကို တာဝန်ရှိတဲ့ ပုဂ္ဂိုလ်တွေနဲ့ တွေ့ရတယ်။ နောက်တချက်က ဒီပွဲမှာ ဘာသာရေးလွတ်လပ်ခွင့်နဲ့ ပတ်သက်ပြီးတော့ မလွတ်လပ်တဲ့ ပုဂ္ဂိုလ်တွေ၊ သူတို့ပြောတာဟောတာ၊ သူတို့အတွေ့အကြုံတွေကို နားထောင်ရတယ်။ ဘုန်းဘုန်းတို့ ဗမာပြည်မှာ ဖြစ်နေတယ်ဆိုတာ အသေးလေးတွေဆိုတာလည်း သိလာရတယ်။

မေး ။ ။ အသေးလေးတွေဆိုတာ ဗမာပြည်မှာ ဖြစ်နေတာတွေက အခုအချိန်အထိ ဖြေရှင်းလို့၊ ကိုင်တွယ်လို့ ရသေးလား။

ဖြေ ။ ။ ရသေးတယ်။

မေး ။ ။ အရှင်ဘုရားက နှင်းဆီဖြူလှုပ်ရှားမှု - White Rose Campaign - တခြားဘာသာခြားတွေကို ကူညီတဲ့လှုပ်ရှားမှုမှာ အဓိကပါဝင်ခဲ့တယ်လို့လည်း တပည့်တော် ကောင်းကောင်းသိထားပါတယ်။ ဒီနှင်းဆီဖြူ လှုပ်ရှားမှုကို အရှင်ဘုရားပါဝင်တဲ့ အဓိကသဘောထား အရင်ခံလေးကို မိန့်ကြားပေးပါ။

ဖြေ ။ ။ ရိုးရိုးလေးပါ။ တောင်ဒဂုံမှာ ဖြစ်တဲ့ပြဿနာက (၁၅) ရက်နေ့ညမှာ ဖြစ်တယ်။ အဲဒီ (၁၅) ရက်နေ့ညမှာ ဘုန်းဘုန်းက ရန်ကုန်မှာ အစည်းအဝေးတခုရှိလို့ ရောက်နေခဲ့တယ်။ (၁၆) ရက်နေ့ကျတော့ မနက်ပိုင်း၊ နေ့လယ်ပိုင်း အစည်းအဝေးတွေပြီးတော့ ညနေပိုင်းမှာ ဘုန်းဘုန်း နားနေတုန်း ကိုသက်ဆွေဝင်း က ‘ဘုန်းဘုန်း .. တောင်ဒဂုံကိစ္စကို တပည့်တော်တို့ သွားအားပေးမလို့၊ ဘုန်းဘုန်း လိုက်အုံးမလာ’ ဆိုပြီးတော့ လှမ်းပြီးတော့ လျှောက်တယ်။‘အလုပ်ကလေးပြီးရင် လိုက်မယ်ဆိုပြီးတော့’ ပြန်ပြောလိုက်တယ်။ အဲဒါနဲ့ပဲ အလုပ်ပြီးတဲ့အခါမှာ သူတို့ကို လှမ်းဖုန်းဆက်တော့၊ သူတို့က ဘုန်းဘုန်းမလိုက်ဘူးဆိုတော့ အုပ်စုက ကွဲထွက်သွားတယ်။ ဒါပေမဲ့ ဘုန်းဘုန်းသွားမယ်ဆိုရင် လိုက်ပို့မယ်ဆိုပြီး ဘုန်းဘုန်းတို့ သွားဖို့အတွက် အစီအစဉ်ဆွဲလိုက်တယ်။ ဒါပေမဲ့ သူတို့က တခြားမီဒီယာတွေကို လှမ်းပြီးတော့ သွားမယ်အစီအစဉ်တွေကို ပြောလိုက်တော့ ဘုန်းဘုန်းက မသွားရသေးဘူး၊ Online မှာ ဒီအစီအစဉ်က တက်လာတယ်။

အစတုန်းကတော့ ရိုးရိုးလေးနဲ့ သွားမယ်ဆိုတဲ့ကိစ္စက သိပ်ပြီးတော့ ထွေထွေထူးထူးတော့ မဟုတ်ဘူး။ မသွားရသေးခင်မှာ Online ပေါ် ရောက်သွားတဲ့အခါကြတော့ ရန်ကုန်မှာရှိတဲ့ ဘုန်းဘုန်းမိတ်ဆွေတွေက လှမ်းပြီးပြောကြတယ် - ‘ဆရာတော် Online မှာတော့ တက်နေပြီ၊ ဆရာတော် ကြွမယ်ဆိုတာ ဟုတ်လား’ လို့ မေးကြတယ်။ ဘုန်းဘုန်းက အဲဒီကိစ္စကို သူတို့လျှောက်မှ သိရတယ်။ မသိဘူး။ ‘ဆရာတော် သိပ်စိုးရိမ်စရာကောင်းမယ် ထင်တယ်။ မကြွဘဲနေလို့ မရဘူးလား။’ လို့ ပြောကြတယ်။ အဲဒီ Online တက်လိုက်လို့ကြောင့် သွားကိုသွားရမယ့် အနေအထားဖြစ်သွားပါပြီကွယ် ဆိုပြီးတော့ ဘုန်းဘုန်းသွားဖြစ်သွားတယ်။

မေး ။ ။ တောင်ဒဂုံ ဖြစ်ရပ်ပေါ့။ ဒီမတိုင်ခင်လဲ အခြားဖြစ်ရပ်တွေလည်း ရှိခဲ့တယ်ဆိုတာ တပည့်တော်တို့လည်း သိပြီသာ။ အဲဒါတွေရဲ့ အခြေခံက အမျိုးဘာသာ၊ သာသနာဆိုတဲ့ အယူပေါ့။ အဲဒီအယူကိုမှ ပိုပြီးတော့ ပြင်းထန်းအယူရှိတဲ့ လူတွေရဲ့ သဘောထားကနေ စခဲ့တယ်လို့ တပည့်တော် အကြမ်းမျဉ်းလေး နားလည်ပါတယ်။ တပည့်တော်က အမျိုးဘာသာ၊ သာသနာဆိုတာကို တပည့်တော်ကိုယ်တိုင်နဲ့ နိုင်ငံသားတွေ ဘယ်လိုနားလည်ပေးသင့်ပါလဲ။

ဖြေ ။ ။ ဒီဟာကလဲ အမျိုးဘာသာ၊ သာသနာဆိုတဲ့ စကားကလည်း ဒီနောက်ပိုင်းမှာ အရမ်းတွင်ကျယ်လာတဲ့ အသုံးပေါ့။ ဘုန်းဘုန်းတို့ သမိုင်းကိုပြန်ကြည့် - ကိုလိုနီခေတ်တုန်းကတော့ နိုင်ငံခြားသားကို တော်လှန်တဲ့အခါမှာ YMCA တို့ စပေါ်တုန်း ဒီဟာကို သုံးခဲ့ဖူးတယ်။ အခု ဒီဟာကို ထပ်ပြီးတော့ သုံးတာကို တွေ့ရတယ်။ ဘုန်းဘုန်းအနေနဲ့ အံ့လည်းအံ့ကြတယ်။ ခေတ်များနောက်ပြန်ဆုတ်သွားပြီလားပေါ့။ ပိုပြီးတိုးတက်လာရမှာပေါ့။ ပိုပြီးအမြင်ကျယ်လာရမှာပေါ့။ ဒီဟာက အမြင်ကကျဉ်းသွားပြီးတော့ ဒါကိုထပ်သုံးတော့ ဘုန်းဘုန်းအနေနဲ့ ပြုံးလည်းပြုံးဖြစ်တယ် - တကယ့်တကယ်ကြတော့ အမျိုးဘာသာ၊ သာသနာဆိုတာ လူတိုင်းလူတိုင်း တယောက်ချင်းဆီမှာ အမျိုးရှိကြတယ်။ ကိုးကွယ်တဲ့ ဘာသာတရား ရှိကြတယ်။ သာသနာ ရှိကြတယ်။ အဲဒီတော့ အမျိုးဘာသာ၊ သာသနာကို လုပ်မယ်ဆိုလို့ရှိရင်တော့ ပြည့်စုံတဲ့စကားတော့ မဟုတ်ဘူး။ ဘုန်းဘုန်းတို့က ဒီခေတ်ဒီအခါမှာကြတော့ အမျိုးဘာသာ၊ သာသနာ သုံးမယ့်အစား နိုင်ငံသားအားလုံးဆိုတာမျိုးကို သုံးမယ်ဆိုရင်တော့ ပိုလှတယ်လို့ ဘုန်းဘုန်းကတော့ ခံယူတယ်။

မေး ။ ။ တပည့်တော်ခေါင်းထဲမှာ အဲဒါနဲ့တဆက်တည်း အတွေးရောက်တာက နိုင်ငံတော်အစိုးရနဲ့ အဓိကနိုင်ငံရေးပါတီကြီးတွေက ပြီးခဲ့တဲ့ ရွေးကောက်ပွဲအသီးသီးမှာ လွှတ်တော်ကိုယ်စားလှယ်လောင်းတွေ ရွေးကြတဲ့အခါမှာ ဗုဒ္ဓဘာသာဝင်တွေကလွဲလို့ အခြားဘာသာဝင်တွေ မပါခဲ့သလောက်။ အထူးသဖြင့် တိုက်ရိုက်ပြောရရင် အစ္စလာမ်ဘာသာဝင်တွေ မပါခဲ့သလောက်ပါပဲ။ မပါဘူးလို့ပဲ နားလည်ထားပါတယ်။ ဆိုတော့ ဒါက အစိုးရနိုင်ငံရေးပါတီတွေ၊ မြန်မာနိုင်ငံရဲ့ တခြားကဏ္ဍတွေ၊ တခြားဒေသမှာလည်း ရှိနိုင်ပါတယ် - ဒီလိုအခြေအနေမျိုးက - အဲဒါက တပည့်တော်မြန်မာနိုင်ငံမှာ လူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံ ငြိမ်းငြိမ်းချမ်းချမ်း၊ သဟဇာတ ရှိရှိ အတူယှဉ်တွဲနေထိုင်ကြမယ်၊ အားလုံးက လုံခြုံတယ် ဘေးကင်းတယ်လို့ ခံစားရတယ်ဆိုတဲ့ အခြေအနေမျိုးကို ဒီလိုမျိုး ခွဲလိုက်ချင်လိုက်တော့ အဲဒီလူတွေက ငါတို့မပါတော့ဘူးဆိုပြီး စိုးရိမ်စိတ်နဲ့ တိုင်းပြည်ရဲ့ ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေး၊ သဟဇတ ဖြစ်ရေးမှာ အထိအခိုက် ရှိနိုင်တယ်လို့ မြင်လို့ရနိုင်ပါလား။

ဖြေ ။ ။ ရနိုင်တာပေါ့။ ကိုယ့်ကိုယ်ကို ပြန်ပြီးတော့ စဉ်းစားကြည့်ပေါ့။ သူငယ်ချင်းလေးယောက်သွားတယ်။ ကိုယ့်ကိုချန်ထားရင် ဘယ်လိုခံစားရမယ်ဆိုတာလေး။ တခုခုတော့ တော်လှန်တာ၊ ပြဿနာ မလုပ်တောင်မှ သူ့ရဲ့ မပြေမလည်တဲ့၊ မငြိမ်းချမ်းတဲ့ မျက်နှာကြီးနဲ့ အင်းမလုပ်၊ အဲမလုပ် ဆိုတာကြီး - တော်တော်လေး ပြဿနာကြီးပါ။ အဲဒီတော့ ဘုန်းဘုန်းတို့ နိုင်ငံတခု တည်ဆောက်တဲ့အခါ ဘယ်အစိုးရပဲဖြစ်ဖြစ်၊ ပါတီတွေ နိုင်ငံရေးလုပ်ကြတယ်ဆိုတာ လူမျိုးတခုအတွက် မဟုတ်ဘူး။ ဘာသာတခုအတွက် မဟုတ်ဘူး။ နိုင်ငံသားအားလုံးအတွက်ကို စောင့်ရှောက်ဖို့၊ ဒါမှမဟုတ်ရင် တခုခု အကျိုးရှိအောင်လုပ်ဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ လုပ်ကြတာဖြစ်တယ်။ နိုင်ငံရေးလုပ်တယ်ဆိုတာ ဘာသာတခုအတွက်လည်း မဖြစ်ရဘူး။ လူမျိုးတခုအတွက်လည်း မဖြစ်ရဘူး။ အဲဒီလိုလုပ်ရင် နိုင်ငံရေးလုပ်တာ မဟုတ်ဘူး။ သူက အကြမ်းဖက်သမားလိုတောင် ပြောလို့ရတယ်လို့ ဘုန်းဘုန်းက အဲဒီလိုသုံးသပ်ပြောချင်တယ်။

မေး ။ ။ မြန်မာနိုင်ငံက ဗုဒ္ဓဘာသာဝင် အများစုရှိတဲ့ နိုင်ငံပါ။ တခြားဘာသာဝင်ကွဲတွေ ရှိတယ်။ လူမျိုးတွေလည်း အသီးသီးရှိကြတယ်။ ဒါပေမဲ့ မြန်မာနိုင်ငံလို ဗုဒ္ဓဘာသာဝင် အများစုရှိတဲ့ နေရာမှာ ဗုဒ္ဓဘာသာကို လွှမ်းမိုးပြီးတော့ တခြားဘာသာတခုခုက သြဇာလွှမ်းမိုးမယ်။ တခြားဘာသာတခုက ကြီးစိုးသွားမယ်။ တခြားဘာသာအုပ်စိုးသွားမယ် ရှိနေတယ်ဆိုပြီး ပြောဆိုကြတာကို တပည့်တော် ကြားဖူးပါတယ်။ အဲဒီလို အန္တရာယ် တကယ်ရှိနေတယ်လို့ အရှင်ဘုရားကိုယ်တိုင် မြင်မိပါသလား။

ဖြေ ။ ။ မရှိပါဘူး။ ဒီခေတ်ဒီအခါမှာ ဒါကြီးတွေက မရှိဘူး။ ရှေးရှေးတုန်းက လွန်ခဲ့တဲ့နှစ်သုံးရာလောက်က ဖြစ်စဉ်တွေက ဒီနေ့ဒီဟာကြီးကို ချပြီးတော့ ဗုဒ္ဓဘာသာ ဖြစ်ကြတဲ့ ပုဂ္ဂိုလ်တွေ၊ အထူးသဖြင့် ဗုဒ္ဓဘာသာတွေထဲမှာ ရိုးရိုးသားသားနဲ့ သိပ်ပြီးတော့ စာဖတ်အားနည်းတာလဲ တပိုင်း။ နောက် အတွေးအခေါ်မှု အားနည်းတာလဲတပိုင်း အဲဒီလို ပုဂ္ဂိုလ်တွေကလဲ ဘာသာအသီးသီးမှာလည်း ရှိပါတယ်။ အဲဒီ ပုဂ္ဂိုလ်တွေကိုတော့ ဒါမျိုးလေးတွေနဲ့ ချဲ့လိုက်မယ်ဆိုလို့ရှိရင် လူတွေက တုန်လှုပ်သွားကြတယ်။ ဒါတွေက ဒီခေတ်ဒီအခါမှာ တကယ်လဲ မရှိပါဘူး။ တကယ်လဲ မဖြစ်နိုင်ပါဘူး။ ဗြောင်းပြန်ပြန်စဉ်းစားကြည့်ရင် ဘာသာငယ်လေးတွေက ပိုပြီးတော့ ကြောက်ရမှာပေါ့။ ဘာဖြစ်လို့လဲဆိုတော့ ကြီးတာနဲ့ငယ်တာ ပြိုင်ကြမယ်ဆိုရင် ကြီးတာပဲ ပိုပြီးတော့ ဝါးလို့ရတာပေ့ါ။

မေး ။ ။ အစွန်းရောက်အမြင်၊ အစွန်းရောက်အယူ - ဒီဟာဖြစ် ဘာသာရေး၊ လူမျိုးရေး ပတ်သက်လို့ အစွန်းရောက်အမြင်၊ အစွန်းရောက်အယူ အဲဒီဟာတွေရဲ့ အန္တရာယ်က တပည့်တော်တို့ လက်ရှိမြန်မာနိုင်ငံမှာ ဘယ်လောက်အထိ ကြီးမားနေတယ်လို့ အရှင်ဘုရား မြင်မိပါလဲဘုရား။

ဖြေ ။ ။ မြန်မာလူမျိုးတွေက ရိုးရိုးလေးတွေနဲ့ သိမ်သိမ်မွှေ့မွှေ့လေးတွေနဲ့ ကြောက်တတ်တဲ့ လူတွေ။ ရုံးကနား သိပ်ကြောက်တတ်တာ။ ဘုန်းဘုန်းတို့ ၈၈ ဖြစ်ဖြစ်၊ ရွှေဝါရောင်ပဲဖြစ်ဖြစ် သေနတ်လေးတချက်ဖောက်လိုက်ရင် များစွာသောလူတွေအနက် အနည်းငယ်ပဲ ကျန်နေတတ်တယ်။ သိပ်ပြီးတော့ ရုံးကနားတို့၊ ဖမ်းဆီးခံရမှာကို သိပ်ကြောက်ကြတယ်။ အဲဒီတော့ ဥပဒေစိုးမိုးအောင်၊ တရားဥပဒေစိုးမိုးအောင် လုပ်နိုင်ခဲ့မယ်ဆိုရင်တော့ ဒါက ဘာမှစိုးရိမ်စရာ မရှိပါဘူး။

မေး ။ ။ သဘောထားပြင်းထန်တဲ့ လူတွေရဲ့ အသံနဲ့ သဘောထား မပြင်းထန်ဘူး၊ သဘောထား အလယ်အလတ် - သဘောထားပျော့ပျောင်းတဲ့လူတွေရဲ့ အသံဆိုရင် သဘောထားပြင်းထန်တဲ့ လူတွေရဲ့အသံက ပိုကျယ်နေပါတယ်။ သဘောထား ပြင်းထန်သူတွေရဲ့ အသံက ပိုကျယ်ပါတယ်။ သူတို့အသံက ပိုကျယ်တော့ လူတွေရဲ့ နားထဲကို ပိုကြားရပြီး လူတွေကြားထဲမှာ စိုးရိမ်မှုရှိလာတယ်။ ဒါကြီးက ဒီလိုဖြစ်နေပြီလား။ ဘယ်လောက်စိုးရိမ်ရလဲ .. ဘာကြောင့် သဘောထားမတင်းမာတဲ့ သဘောထားမှန်မှန်ကန်ကန်၊ မျှမျှတတ အလယ်မှာရှိတဲ့လူတွေက သဘောထား ပြင်းထန်တဲ့ လူတွေလောက် အသံမကျယ်ကြတာလဲ။

ဖြေ ။ ။ ဒါက သဘာဝတခုပါပဲ။ နှိုင်းတာကတော့ ရိုင်းလိမ့်မယ်လို့တော့ မအောက်မေ့ပါနဲ့ - ခွေးရုးနဲ့ ခွေးကောင်းဆိုရင် ခွေးရူးကတော့ တွေ့ကရာကိုက်မှာပဲ။ ခွေးကောင်းကတော့ မကိုက်ရဲဘူး။ သူကကိုက်ရင် သူပြန်ပြီးရူးမှာ။ ဟိုကောင်ကကိုက်လည်း သူကပြန်ရူးမှာဆိုတော့ ထိန်းထိန်းသိမ်းသိမ်း ရှိတယ်။ ဒီလိုပါပဲ သဘောထားပြင်းထန်တဲ့ ပုဂ္ဂိုလ်တွေကတော့ ကျယ်ကျယ်လောင်လောင်နဲ့ လုပ်ကြတာ သဘာဝပါပဲ။ ဒါကလဲ မြန်မာနိုင်ငံမှာတော့ ဒီလိုမျိုး သဘောထားတင်းမာတဲ့ ပုဂ္ဂိုလ်တွေ အခွင့်အလမ်းရဖို့ဆိုတာ သူ့နောက်က အကာအကွယ်ပေးထားတဲ့ အဖွဲ့အစည်းရှိလို့သာ လုပ်ကြကိုင်ကြ၊ ပြောကြဆိုကြတာ။ တကယ်တော့ မြန်မာနိုင်ငံမှာ အဲဒီလောက်အထိ အစွန်းရောက်တဲ့ အနေအထားမျိုး၊ အခွင့်အရေးမျိုးက ပင်ကိုယ်အားဖြင့်လဲ ဖြစ်လေ့ဖြစ်ထ မရှိဘူး။ သူက အားကိုးလေးရှိရင် ဖြစ်တတ်တယ်။ အမှန်ကတော့ ဘုန်းဘုန်းတို့ သဘောထား မတင်းမာ ပုဂ္ဂိုလ်တွေက ရိုးရိုးလေးပြောကြပြီး ပံ့ပိုးသွားနိုင်ပါတယ်။ သူတို့လောက် အင်အားစိုက်စရာ မလိုပါဘူး။ ဒါပေမဲ့ သူတော်ကောင်း ဓမ္မ၊ သူတို့ကောင်း ပုဂ္ဂိုလ်တွေရဲ့ သွားနှုန်းက အေးအေးချမ်းချမ်း၊ ငြိမ်းငြိမ်းချမ်းချမ်း သွားကြတဲ့အခါကြတော့ လူလောကကြီးက တော်တော်များများ ပြင်းထန်တဲ့ သဘောထားပြင်းထန်တဲ့ ပုဂ္ဂိုလ်တွေ တထပ်တည်းကျတဲ့ လူတွေက အားကောင်းတာ ပိုများတယ်။ ရိုးရိုးရှင်းရှင်းလေး ပြောမယ်ဆိုရင် တွေးတတ်တဲ့လူတွေ အားကောင်းတဲ့နိုင်ငံမှာဆိုရင်တော့ ဒါက ရယ်စရာလေး သွားဖြစ်မှာပေါ့။ တွေးတတ်တဲ့ လူတွေအားနည်းရင်တော့ သူတို့ဘက်က အားကောင်းသွားတတ်ပါတယ်။

မေး ။ ။ VOA ကို ကိုယ်တိုင်ကြွရောက်ပြီး တွေ့ဆုံဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ဘုရား။

XS
SM
MD
LG