သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နိုင်ငံရေး စိန်ခေါ်မှုများစွာနဲ့ NLD အမတ် ဦးစည်သူမောင်


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားလှယ် ဦးစည်သူမောင်
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားလှယ် ဦးစည်သူမောင်
NLD ရွေးကောက်ခံအမတ် စည်သူမောင်
please wait

No media source currently available

0:00 0:13:42 0:00
တိုက်ရိုက် လင့်ခ်

နိုဝင်ဘာလ (၈) ရက်နေ့ ရွေးကောက်ပွဲမှာ အာဏာရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားလှယ်အဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ အစ္စလာမ်ဘာသာဝင် အမတ်လောင်းနှစ်ဦးစလုံး အနိုင်ရရှိခဲ့ပါတယ်။ ရန်ကုန်တိုင်း ပန်းဘဲတန်းမြို့နယ်ဆန္ဒနယ်မြေမှာ အနိုင်ရရှိခဲ့တဲ့ ဦးစည်သူမောင်ကတော့ ဘာသာရေး၊ လူမျိုးရေး ခွဲခြားဆက်ဆံလိုသူတွေကြား နိုင်ငံရေးအရ ဖြတ်သန်းရတဲ့ စိန်ခေါ်မှုတွေ ရှိခဲ့တယ်လို့ ပြောပါတယ်။ ရွေးကောက်ခံကိုယ်စားလှယ် ဦးစည်သူမောင်ကို မအဂ္ဂနွန်က ဆက်သွယ်မေးမြန်းထားပါတယ်။

မေး ။ ။ ကိုစည်သူမောင်က ဒီနိုင်ငံရေးမှာ ပါဝင်လုပ်ဆောင်လာခဲ့ပြီး ၂၀၂၀ ရွေးကောက်ပွဲမှာလည်း ဝင်ပြိုင်ပြီးတော့ အနိုင်ရရှိခဲ့တယ်ဆိုတော့ အဓိက ပထမဦးဆုံး ဘာတွေလုပ်မယ်လို့ စဉ်းစားထားပါလဲ။ ကိုစည်သူမောင်အနေနဲ့ ဘာတွေလုပ်နိုင်မယ်လို့ ယုံကြည်ပါလဲ။

ဖြေ ။ ။ ကျနော်တို့ Campaign မဲဆွယ်ကတိတွေ ပေးတဲ့အခါမှာ ဖြစ်နိုင်တဲ့နေရာ၊ လုပ်နိုင်တဲ့ အခြေအနေကနေ စလုပ်ဖို့ ပြောဆိုခဲ့တယ်။ ကျနော်တို့ဟာ ကျနော်တို့ရဲ့ ခံစားချက်ကို ကျနော်တို့ထက်ပိုပြီးတော့ ဘယ်သူကမှ မသိနိုင်ဘူးဆိုပြီး Campaign မှာ ပြောဆိုခဲ့တယ်။ နောက်တစ်ခုက ကျနော်တို့ အဖွဲ့ချုပ်ရဲ့ နိုင်ငံရေးရည်မှန်းချက်နဲ့အညီ ဆောင်ရွက်သွားမယ်ဆိုတာကို ပြောခဲ့ပါတယ်။ နောက်တစ်ချက်က ကျနော်တို့ ယုံကြည်တာသည် နိုင်ငံသားတိုင်း၊ နိုင်ငံသားတိုင်းသည် ဥပဒေရဲ့ ရှေ့မှောက်မှာ တန်းတူညီမျှ အခွင့်အရေး ရှိရမယ်လို့ ကျနော်တို့ ယုံကြည်တယ်။ ဒီမိုကရေစီနဲ့ ဆန့်ကျင်တဲ့ အမိန့်ညွှန်ကြားချက်တွေ၊ ဒီမိုကရေစီနဲ့ ဆန့်ကျင်တဲ့ ဥပဒေတွေ ရှိနေမယ်ဆိုရင် ပယ်ဖျက်ဖို့ကိစ္စ၊ ပြန်ပြီးတော့ ပြင်ဆင်ဖို့ကိစ္စတွေက လွှတ်တော်နိုင်ငံရေးလမ်းကြောင်းကနေ ဆောင်ရွက်သွားရမှာဖြစ်တယ်လို့ ကျနော် ယုံကြည်တယ်။ နောက်တစ်ချက်က ပန်းဘဲတန်းမြို့နယ် ပြည်သူတွေကို ဘာလုပ်ပေးမယ်လို့ ပြောတာထက် ပန်းဘဲတန်းမှာ ဘာတွေလိုအပ်တယ်ဆိုတာကို ကျနော်တို့က အသံနားထောင်ပြီးတော့ ကျနော်တို့အနေနဲ့ ဒီအသံတွေကိုပဲ ကိုယ်စားပြုပြီးတော့ မေးခွန်းမေးမြန်းတာ၊ အဆိုတင်သွင်းတာနဲ့ လွှတ်တော်နိုင်ငံရေးလမ်းကြောင်းမှာ ပါဝင်ရမယ့်ဟာတွေကို ဆောင်ရွက်သွားမယ်ဆိုတာတွေကို ကျနော် ကတိပေးပြောကြားခဲ့ပါတယ်။

မေး ။ ။ ကိုစည်သူမောင်က ဒီနိုင်ငံရေးမှာ ပါဝင်လုပ်ဆောင်ဖို့ ပြင်ဆင်ကြိုးစားခဲ့တယ်။ မူစလင်ကိုယ်စားလှယ်တစ်ယောက်အနေနဲ့ ဒီနိုင်ငံရေးမှာ ပါဝင်ခွင့်ရတဲ့အပေါ် ဘယ်လိုခံစားမိသလဲ။

ဖြေ ။ ။ ပထမဦးဆုံး ပြောချင်တာက ကျနော်က မူစလင်အမတ် မဟုတ်ပါဘူး။ မူစလင်ဆိုတာကတော့ ဘာသာတရားတစ်ခုကို ယုံကြည်လို့၊ အစ္စလာမ်ဘာသာကို ကိုးကွယ်ယုံကြည်သူကို မူစလင်လို့ ပြောတာပါ။ ကျနော်က ကိုယ်စားလှယ်လောင်းက မူစလင်ကိုယ်စားလှယ် မဟုတ်ပါဘူး။ NLD အမတ် ဖြစ်ပါတယ်။ NLD ကိုယ်စားလှယ်ဖြစ်တဲ့အတွက်ကြောင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ရည်မှန်းချက်တွေကို ဖော်ဆောင်သွားမှာ ဖြစ်ပါတယ်။ တိုင်းပြည်ရဲ့ အကောင်းဘက်ကို ပြောင်းလဲစေဖို့အတွက်ကို အဖွဲ့ချုပ်ရဲ့ ကြေညာစာတမ်းမှာလည်း ထုတ်ဖော်ကြေညာထားပြီးလည်း ဖြစ်ပါတယ်။ အဲဒီတော့ ပန်းဘဲတန်းမြို့နယ်က ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်တာ ဖြစ်တဲ့အတွက် ပန်းဘဲတန်းမြို့နယ်မှာရှိတဲ့ ဘာသာပေါင်းစုံ၊ လူမျိုးပေါင်းစုံ၊ ဟိန္ဒူ၊ ခရစ်ယာန်၊ ဗုဒ္ဓဘာသာ၊ ကရင်၊ ရခိုင် တိုင်းရင်းသားအားလုံး - ဒီမှာနေထိုင်ကြတဲ့ မိဘပြည်သူ၊ မဲဆန္ဒရှင်အားလုံးရဲ့ အရေးကို ဆောင်ရွက်ရမှာဖြစ်တယ်။ ကျနော်တို့က ဘာသာဝင်တစ်စု၊ လူမျိုးစုတစ်စုအတွက်လုပ်တဲ့ နိုင်ငံရေးက အလွန်ကျဉ်းမြောင်းတဲ့ နိုင်ငံရေး ဖြစ်တယ်။ အဲဒါကို လုပ်တာထက်စာရင် ကျနော်တို့တလျှောက်လုံး နိုင်ငံရေးဘဝကို ဖြတ်သန်းလာတဲ့အခါမှာ ကျနော်တို့က ဘာသာဝင်ဆိုတဲ့ ခံစားချက်နဲ့ ဖြတ်သန်းခဲ့တာ မဟုတ်ဘူး။ နိုင်ငံသားတစ်ယောက်ဆိုတဲ့ ခံစားချက်နဲ့ ဖြတ်သန်းခဲ့တာ ဖြစ်တယ်။ ကျနော်တို့ နိုင်ငံ ပြုပြင်ပြောင်းလဲရေးမှာ ထားပါတော့ ကျနော်က အစ္စလာမ်ဘာသာဝင်ဖြစ်တယ်။ အစ္စလာမ်ဘာသာဝင်တစ်ဦးဟာ နိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေးမှာလည်း ကျနော်တို့ဟာ လူ့အဖွဲ့အစည်းမှာရှိတဲ့ လူစွမ်းအားအရင်းအမြစ်တွေက အကျိုးပြုနေတယ်ဆိုတဲ့ စိတ်ဓါတ်နဲ့ပဲ ဖြတ်သန်းခဲ့တာ။ ဒီလူ့စွမ်းအားအရင်းအမြစ်သည် တိုင်းပြည်ကို တနည်းနည်းဖြင့် အကျိုးပြုနေတယ်ဆိုတာကိုပဲ ကျနော်တို့ ပေါ်လွှင်စေချင်တယ်။ ဒါပဲ။

ဘာသာတရားဆိုတာက ထပ်ပြောပါမယ် တစ်ဦးချင်းရဲ့ တသီးပုဂ္ဂလိက ဘဝထဲကနေ ရွေးချယ်မှု ဖြစ်တယ်။ ဒါဟာ ဘာသာတရားနဲ့ နိုင်ငံရေးကို ရောသမမွှေတဲ့ထဲမှာ ကျနော်ပါလည်းမပါဘူး။ စိတ်လည်းမဝင်စားဘူး။ အဲဒီအတွက်ကြောင့် ကျနော်တို့ နိုင်ငံရေးကို ဖြောင့်ဖြောင့်တန်းတန်းပဲ နိုင်ငံ့အရေးကိုပဲ လုပ်ဆောင်သွားမယ်။ အဲဒီမှာမှ ဒီလူ့အဖွဲ့အစည်းမှာ ပိုပြီးတော့ ခွဲခြားဆက်ဆံခံနေရတဲ့ လူ့အဖွဲ့အစည်းရှိမယ်။ နှိမ့်ချစော်ကားခံနေရတဲ့ လူ့အဖွဲ့အစည်း ရှိနေမယ်ဆိုရင် အဲဒီအတွက် ကျနော် ပိုပြီးတော့ အားစိုက်ဖို့ ပိုတာဝန်ရှိတယ်။ ဒါဟာ ဒီမိုကရေစီအခွင့်အရေး စိတ်သုဉ်းနေတာကို ကျနော်တို့ ကြိုးပမ်းဆောင်ရွက်ဖို့ဆိုတာ လွှတ်တော်နိုင်ငံရေးဆိုတဲ့ အခန်းကဏ္ဍကနေ ဆောင်ရွက်ရမယ့် တာဝန်တွေ ရှိလာလိမ့်မယ်လို့ ကျနော် ယုံကြည်တယ်။

မေး ။ ။ NLD ကို ကိုယ်စားပြုပြီးတော့ ရွေးချယ်ခံရတဲ့ ပထမဦးဆုံး မူစလင်ဘာသာဝင်တွေ ဖြစ်တဲ့အတွက် မဲဆွယ်ပွဲကာလတွေအတွင်းမှာ အခက်အခဲတွေ ရှိခဲ့လား။

ဖြေ ။ ။ ရှိခဲ့တယ်။ အများကြီးရှိခဲ့တယ်။ ကိုဗစ်ကာလမှာမှ မဟုတ်ပါဘူး။ ဒီကိုယ်စားလှယ်လောင်း စပြီးတော့ စာရင်းအတည်ပြုပြီး ထုတ်ပြန်လိုက်တဲ့အချိန်ကတည်းက အခက်အခဲ၊ စိန်ခေါ်မှုတွေ အများကြီး ကြုံခဲ့ရတယ်။ ဘာတွေကြုံခဲ့ရသလဲဆိုတော့ ကျနော့်ကို အလွတ်သတင်းထောက် မတရားသတ်ဖြတ်ခံလိုက်ရတဲ့ ကိုပါကြီးနဲ့ ပတ်သက်ပြီးတော့ ကိုပါကြီးနဲ့ ကျနော်နဲ့ ဓါတ်ပုံတစ်ပုံကို အသုံးပြုပြီးတော့ စည်သူမောင်က ဖောက်ခွဲရေးသင်တန်းတွေမှာ တက်ခဲ့ဖူးတယ်ဆိုတဲ့ သတင်းတု၊ သတင်းမှားတွေကို လုပ်ကြံဖန်တီးခဲ့တာ ရှိတယ်။ နောက်တစ်ကြိမ်မှာတော့ ဘကကျောင်းတွေ - ဘုန်းတော်ကြီးသင် ပညာရေးကျောင်းတွေကို ကိုစည်သူမောင်က ဖျက်သိမ်းဖို့ ကြိုးစားပြီးတော့ အာရဗီစာကို ပညာရေးစနစ်ထဲမှာ သင်ကြားဖို့အတွက် သူက ကြိုးပမ်းဆောင်ရွက်ခဲ့ဖူးတယ်ဆိုတဲ့ ၂၀၁၅ ပညာရေးပြုပြင်ပြောင်းလဲရေးကာလ လှုပ်ရှားမှုကိစ္စတစ်ခုကို သတင်းတု၊ သတင်းမှားနဲ့ လုပ်ခဲ့တာပေါ့။ အဲဒီကာလမှာ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းတွေဆိုတာ ပညာရေးစနစ်မှာ သီးသန့်၊ နယ်တွေမှာ အဓိကအားထားနေရတဲ့ စနစ်တစ်ခု ဖြစ်တယ်။ အဲဒါကို ကျနော်တို့က တရားဝင်ဥပဒေတစ်ခုထဲမှာ ပုဒ်မတွေနဲ့ ဖြစ်လာဖို့အတွက် ကျနော်တို့က ဆွေးနွေးခဲ့တာကို လုပ်ကြံပြီးတော့ သတင်းတု၊ သတင်းမှားတွေအနေနဲ့ ဖြန့်ဝေမှုက တော်တော်လေး အားကောင်းခဲ့တယ်။

နောက်ဆုံးကြုံလိုက်ရတာက ဘာကြုံလိုက်ရလဲဆိုတော့ မင်းကင်းလွှတ်တော်ကိုယ်စားလှယ်လောင်း ဦးမောင်မြင့် (ပြည်ခိုင်ဖြိုးပါတီ) က သူ့ရဲ့ မဲဆွယ်စကားတစ်ခုမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ကုလားကို နေရာပေးထားတယ်ဆိုတဲ့ဟာမျိုး စည်သူမောင်ဆိုတဲ့ ကုလား ပန်းဘဲတန်းမှာ နေရာပေးထားတယ်။ သူတို့ လေးဆယ်ကျော်တောင် ရာထားတယ်။ ကိုယ်စားလှယ်တွေထဲမှာ ပါတယ်ဆိုပြီး အချက်အလက်မှားတွေနဲ့ ဘာသာရေး၊ လူမျိုးရေးနဲ့ တိုက်ခိုက်တာတွေ ရှိလာခဲ့တယ်။ ဆိုတော့ ကျနော်တို့ ရွေးကောက်ပွဲ ဥပဒေမှာ ကျနော်တို့ နားလည်တာက ဘာသာရေး၊ လူမျိုးရေးကို အကြောင်းပြပြီးတော့ မဲဆွယ်စည်းရုံးခွင့် မရှိပါဘူး။ ဒါပေမဲ့ အဲဒီဟာက ကြုံလိုက်ရတဲ့ အဖြစ်အပျက်ပါ။ နောက်တစ်ချက်ကတော့ အကန့်အသတ်ရှိတဲ့ နောက် စိန်ခေါ်မှုကတော့ အကန့်အသတ်တစ်ခုရှိတဲ့ ကိုဗစ်ကာလရဲ့ စည်းရုံးရေးလှုပ်ရှားမှုမှာ ကျနော်တို့ တော်တော်လေး စိန်ခေါ်မှုအသစ်တွေ၊ ပုံစံအသစ်တွေနဲ့ အားလုံး ရွေးကောက်ပွဲမဲဆွယ်မှုကို ပုံသဏ္ဍာန်တစ်ခု ပြောင်းပြီးတော့ လှုပ်ရှားခဲ့ရတယ်။ အဲဒါတွေ ကြုံခဲ့ရပါတယ်။

မေး ။ ။ လက်ရှိမြန်မာနိုင်ငံမှာ ဖြစ်နေတဲ့ လူမျိုးဘာသာအစွန်းရောက် လှုပ်ရှားမှုတချို့အပေါ် ကိုစည်သူမောင် ဘယ်လိုမြင်လဲ။ ရှေ့ဆက်ပြီး ဘယ်လိုကိုင်တွယ်လုပ်ဆောင်ဖို့ လိုပါသလဲ။

ဖြေ ။ ။ ဆိုတော့ ဒီနိုင်ငံမှာ ပြီးခဲ့တဲ့ ၂၀၁၅ ကာလတုန်းက အမျိုးသားရေးအမည်ခံ တက်ကြွလှုပ်ရှားသူတွေ၊ ဘာသာရေး၊ လူမျိုးရေးကို အခြေခံပြီးတော့ ဆူပူလှုံဆော်မှုတွေ၊ လူစုလူဝေး ဖြစ်ပေါ်မှုတွေ ဒါတွေ ရှိခဲ့တယ်။ ဆိုတော့ ဒါကတော့ ဝမ်းနည်းစရာပါ။ ကျနော်တို့နိုင်ငံမှာ မီးဟုန်းဟုန်းတောက်ခဲ့တဲ့ အခြေအနေတွေ၊ ပဋိပက္ခ၊ အဓိကရုဏ်းတွေ ဖြစ်ခဲ့တဲ့ အခြေအနေတွေကို ပြန်ကြည့်မယ်ဆိုရင် သတင်းတု၊ သတင်းမှားတွေကြောင့် ဖြစ်ခဲ့တာပါ။ ဆိုတော့ တကယ်တော့ ကျနော်တို့ ရွှေဝါရောင်သံဃအရေးအခင်းကို ပြန်ပြီးတော့ ဥပမာပေးရရင် - ရွှေဝါရောင်သံဃအရေးအခင်းမှာ ကျနော်တို့ ဘာသာမတူတဲ့၊ ဘာသာဝင်တွေအားလုံးက လက်ချင်းချိတ်ပြီးတော့ သံဃာတော်တွေကို ကာကွယ်ပေးပြီးတော့၊ ကျနော်တို့ မတူညီတဲ့လက်တွေချိတ်ပြီးတော့ တူညီတဲ့ပန်းတိုင်ကို အတူတူချီတက်ခဲ့ကြတယ်။ အဲဒါဟာ ဦးတည်ချက်တစ်ခုပဲ ရှိခဲ့တယ်။ အဲဒါက စနစ်ဆိုးတစ်ခုအောက်က လွတ်မြောက်ရေးနဲ့ အာဏာရှင်စနစ်ကို လက်မခံတော့ဘူး။ ကျနော်တို့ ဒီမိုကရေစီ အသွင်းကူးပြောင်းရေးကို ကျနော်တို့က မက်မောတမ်းတနေပြီဆိုတာကို ပြည်သူတွေက အခိုင်အမာ ပြသခဲ့တာ။ အဲဒီမှာ ဘာသာပေါင်းစုံ၊ လူမျိုးပေါင်းစုံ ပါဝင်ခဲ့ပါတယ်။ အားလုံးက ခေတ်သမိုင်းတလျှောက်မှာ ချစ်ချစ်ခင်ခင်၊ ညီညီညွှတ်ညွှတ်နဲ့ပဲ ဖြတ်သန်းခဲ့ကြတဲ့ သမိုင်းကောင်းတွေကို ကျနော်တို့က ဆက်ပြီးထိန်းသိမ်းရပါမယ်။

ဒီအချိန်မှာ လူမျိုးရေး၊ ဘာသာရေး အဓိကရုဏ်းတွေအတွက်ကို သွေးထိုးလှုံဆော်မှုအားလုံးဟာ ဥပဒေအရ ထိထိရောက်ရောက် အရေးယူဆောင်ရွက်သင့်တယ်။ ပြီးခဲ့တဲ့အခေါက်ကလဲ အတိုင်းအတာတစ်ခုအထိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဘာသာရေး၊ လူမျိုးရေးနဲ့ ပတ်သက်ပြီး လှုံဆော်သူတွေကို အတိုင်းအတာတစ်ခုအထိ တည်ငြိမ်အေးချမ်းရေးကို တည်ဆောက်ပြီး၊ ဥပဒေစိုးမိုးရေးကို လုပ်နိုင်ခဲ့တာဆိုတာ ငြင်းလို့မရတဲ့အချက်ပါ။ ဒါတွေဟာ ပြန်ပြီးတော့ တလျှောက်လုံး ဖြစ်ခဲ့တဲ့ သတင်းတွေကို ပြန်သုံးသပ်မယ်ဆိုရင်၊ ဖြစ်ရပ်တွေကို ပြန်သုံးသပ်မယ်ဆိုရင် ဒါက အင်မတန်ပေါ်လွင်တယ်လို့ ပြောလို့ရတယ်။

ကျနော့်အတွေ့အကြုံအရ သီရိလင်္ကာနိုင်ငံကို သွားရောက်ပြီး လေ့လာရေးမှာ ပါဝင်ခဲ့ဖူးပါတယ်။ သီရိလင်္ကာနိုင်ငံမှာ တမီးလ်ကျားသူပုန်တွေနဲ့ တမီးလ်တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ အစိုးရအဖွဲ့နဲ့ ဖြစ်ခဲ့တဲ့ ပြည်တွင်းစစ် နှစ်ရှည်လများ ဖြစ်ခဲ့တယ်။ အဲဒီပြည်တွင်းစစ်အလွန် အမျိုးသားပြန်လည်သင့်မြတ်ရေးကို ဘယ်လိုတည်ဆောက်တယ်ဆိုတဲ့ လေ့လာရေးခရီးတစ်ခုမှာ ကျနော် ပါဝင်ခဲ့တဲ့အခါမှာ သီရိလင်္ကာနိုင်ငံမှာဆိုရင် အမျိုးသားပြန်လည်သင့်မြတ်ရေးဝန်ကြီးဌာနဆိုပြီးထားကာ ဘာသာပေါင်းစုံ၊ လူမျိုးပေါင်းစုံ Dialogue Center မျိုးတွေကို ဖွင့်ပြီးတော့ ဘာသာဝင်အသီးသီး၊ ခေါင်းဆောင်အသီးသီး၊ Community Leaders အသီးသီးဟာ အဲဒီ Dialogue Center မျိုးတွေမှာ လာရောက်ပြီးတော့ အမြဲတမ်း တွေ့ဆုံပြီးတော့၊ ဆွေးနွေးကြတယ်။ တစ်ဘာသာနဲ့ တစ်ဘာသာတို့ရဲ့ ဘသာရေးတရားဆိုင်ရာ အနစ်သာရတွေကို သူတို့တွေအနေနဲ့ ဆွေးနွေးအဖြေရှာကြတယ်။ သိနားလည်အောင် ကြိုးစားကြတယ်။ ကိုယ့်ဘာသာကိုယ်လည်း ပိုပြီးတော့ သိလာတယ်။ တန်းဖိုးထားလာကြတယ်။ ဘာသာတရားက လူတွေရဲ့ စိတ်နှလုံးသားကို နူံညံ့သိမ့်မွေ့စေဖို့ပဲ သွန်သင်တယ်ဆိုတာကို အဲဒီမှာ ကောင်းကောင်းလုပ်နိုင်ခဲ့တယ်။ အဲဒီလို အစီအစဉ်မျိုးတွေ လုပ်နိုင်ခဲ့တယ်။ အဲဒါလေးကို ကျနော် အလွန်အင်မတန် သဘောကျပါတယ်။ ဆိုတော့ သီရိလင်္ကာနိုင်ငံမှာလည်း သိတဲ့အတိုင်း အစွန်းရောက်လှုပ်ရှားမှုတွေ ရှိနေတယ်။ ဒါပေမဲ့ ဖြစ်လာခဲ့သည်ဆိုရင် သူတို့က ထိရောက်တဲ့ တုံ့ပြန်ဆောင်ရွက်မှုတွေကို ဆောင်ရွက်နိုင်ခဲ့တယ်ဆိုတာကို ကျနော်တို့ သိရတယ်။ ကျနော်တို့ကလည်း အကန့်အသတ်နဲ့ သိရတဲ့အသိပါ။ အဲဒီကာလ လေ့လာရေးခရီး သွားခဲ့ရတဲ့ ကျနော် ရလာခဲ့တဲ့ အတွေ့အကြုံလေးတွေက တော်တော်အကျိုးရှိတယ်လို့ ထင်ပါတယ်။ ကျနော်တို့ လူ့အဖွဲ့အစည်းကို နောင်တချိန်မှာ အခု Interfaith လိုဟာမျိုးတွေ ဘာသာတရားချင်း သဟဇာတဖြစ်ဖို့အတွက်ကို လုပ်တဲ့အစီအစဉ်တွေမှာဖြစ်ဖြစ် ဒါတွေက ကျနော်တို့ ကောင်းကောင်းအသုံးချနိုင်ရမယ်။

နောက်တစ်ခုက ပန်းဘဲတန်းအတွက် ထူးခြားတာက ပန်းဘဲတန်းက တကယ့်ကို Multi-culture နေရာဖြစ်တယ်။ ဟိန္ဒူ၊ ဗုဒ္ဓဘာသာ၊ ခရစ်ယာန်၊ အစ္စလာမ် အကုန်ရှိတယ်။ ရှိတော့ ဒီမှာက ဘာသာပေါင်းစုံ၊ လူမျိုးပေါင်းစုံက ငြိမ်းချမ်းစွာနဲ့ အတူယှဉ်တွဲ နေထိုင်ကြတဲ့ဆိုတဲ့ သမိုင်းကောင်း ရှိပြီသား။ အဲဒီအစဉ်အလာကောင်း ရှိပြီသား။ ဒီမှာ သဟဇာတဖြစ်တဲ့ လူ့အဖွဲ့အစည်းတစ်ခုက ပန်းဘဲတန်းက စံပြ ဖြစ်တယ်။ ဘာပဋိပက္ခမှ မရှိခဲ့ဘူး။ အခြားနေရာတွေမှာ ပဋိပက္ခတွေ ရှိနေခဲ့ပေမယ့် ပန်းဘဲတန်းက ငြိမ်းငြိမ်းချမ်းချမ်းနဲ့ နေကြတယ်။ အဲဒါဟာ အားလုံးက ချစ်ချစ်ခင်ခင်၊ ညီညီညွှတ်ညွှတ်နဲ့ နေကြတယ်ဆိုတဲ့ အစဉ်အလာကောင်းကို ဆက်ပြီးတော့ ထိန်းဖို့အတွက် ကျနော့်အနေနဲ့ ရွေးကောက်ပွဲမှာ အဲဒီရည်မှန်းချက်တွေ ထားပြီးတော့ ဝင်ရောက်ယှဉ်ပြိုင်တာလည်း ဖြစ်ပါတယ်။ တချို့ကထင်တာက ကိုစည်သူမောင်က အစ္စလာမ်ဘာသာဝင်ဖြစ်လို့ ပန်းဘဲတန်းက ဝင်ရောက်ယှဉ်ပြိုင်တယ်ဆိုတဲ့ အချက်က အင်မတန်မှားပါတယ်။ အဲဒါ အဓိကက ပန်းဘဲတန်းက ကျနော် ပြီးခဲ့တဲ့ အင်တာဗျူးတွေမှာလည်း ပြောခဲ့ပါတယ်။ ပန်းဘဲတန်းက ခေတ်သမိုင်းတလျှောက်မှာ လူထုလှုပ်ရှားမှုတွေမှာ မြို့လယ်ခေါင် ဖြစ်တဲ့အတွက်ကြောင့် အဲဒီမြို့လယ်ခေါင်ရဲ့ ချီတက်ဆန္ဒပြပွဲတွေမှာ ပန်းဘဲတန်းပြည်သူတွေက ထိတွေ့ခဲ့တာ။ အဲဒီတော့ အဲဒီမှာ ဘာတွေကြုံရသလဲဆိုရင် ပစ်ခတ်နှိမ်နှင်းခံရတဲ့ ကာလတွေတုန်းက နေအိမ်တံခါးတွေဖွင့်ပြီး လုံခြုံမှုပေးခဲ့တယ်။ ကျနော်တို့မှာ အဲဒီပြည်သူတွေပေါ် အဲဒီအကြွေးလေးတွေ တင်နေသေးတယ်။ အဲဒီအကြွေးတွေ ဆပ်ချင်တယ်။ အဲဒါကို ကျနော်အနေနဲ့ ဆက်ပြီးတော့ ထိန်းချင်တဲ့သဘောလည်း ပါတယ်။ ဆိုလိုတာက ဒီပန်းဘဲတန်းမြို့က ပြည်သူတွေက နိုင်ငံရေးရေချိန်းက မနိမ့်ဘူးဆိုတာကို ပြသတယ်။ ဒီကလူတွေရဲ့ နိုင်ငံရေးရေချိန်းက အင်မတန်မြင့်မားတယ်။ သူတို့ဟာ သူတို့ကိုယ်တိုင် ထိတွေ့ခံစားခဲ့ရသူတွေ ဖြစ်တဲ့အတွက်ကြောင့်မို့ သူတို့ရဲ့ နိုင်ငံရေးရေချိန်းက မြင့်မားတယ်။ ဒါကို ယုံကြည်လို့လည်း ဝင်ရောက်ယှဉ်ပြိုင်တာ ဖြစ်ပါတယ်။ အဲဒါကြောင့် ပါတီကိုယ်စားလှယ်လောင်းအဖြစ် ဒီနေရာကို အဆိုပြုတဲ့အခါမှာ အဲဒီအချက်အလက်ကိုလည်း ပါတီရဲ့ ကိုယ်စားလှယ်လောင်း အဆိုပြုလွှာမှာလည်း ဖော်ပြထားခဲ့တယ်။

မေး ။ ။ ၂၀၂၀ ရွေးကောက်ပွဲမှာ ပန်းဘဲတန်းမြို့နယ်မှာ အပြိုင်အဆိုင်တွေများပေမယ့် ကိုစည်သူမောင်က ရွေးချယ်ခံခဲ့ရတယ်။ အနိုင်ရခဲ့တယ်။ ဆိုတော့ ကိုစည်သူမောင် ဘယ်လိုများ ကြိုးစားခဲ့တာတွေ ရှိပါလဲ။

ဖြေ ။ ။ ကျနော် ဒီမှာဝင်ရောက်ယှဉ်ပြိုင်တော့ သတိထားမိတာတစ်ခုက မနက်ခင် (၆) နာရီ မဲရုံတွေ စပြီးမဖွင့်ခင်ကတည်းက မနက် (၄) နာရီခွဲ (၅) နာရီမှာ ကျနော် အောက်ရောက်နေခဲ့တယ်။ အဲဒီမှာ မဲရုံတွေရှေ့မှာ လူတန်းကြီးတွေ အများကြီး ရှိနေတာကို သတိထားမိတယ်။ ဘာကြောင့် အဲဒါကို သတိထားမိသလဲဆိုရင် ဒီမှာက မဲဆန္ဒရှင်တွေ တချို့မှာ အစ္စလာမ်ဘာသာဝင်တွေ ရှိကြတယ်။ အစ္စလာမ်ဘာသာဝင်တွေက သူတို့ရဲ့ မနက်ခင်း အာရုဏ်ဦးဝတ်ပြုမှုအပြီးမှာ ဆုတောင်ပြုပြီးနောက်မှာ သူတို့အားလုံးက တက်တက်ကြွကြွနဲ့ မဲရုံတွေရှေ့မှာ လာရောက်တန်းစီးနေတာကို တွေ့ရတယ်။ အဲဒီမှာ သူတို့ဘာသာတရားနဲ့ ပတ်သက်တဲ့ အမှတ်သင်္ကေတတွေ အားလုံးဦးထုပ်လေးတွေ ဆောင်ထားကြတာကိုလည်း တွေ့ရတယ်။ သန့်သန့်ရှင်းရှင်းလေးနဲ့ လာရောက်ပြီးတော့ မဲပေးကြတယ်။ အဲဒီမှာ ကျနော် ဘာသတိထားမိလဲဆိုတော့ ကျနော်သွားတဲ့ မဲရုံတွေကို လှည့်လည်ကြည့်ရှုတဲ့အခါမှာ သူတို့ရဲ့ မျက်ဝန်းတွေထဲမှာ ကျနော့်ကို နွေးထွေးတဲ့အကြည့်နဲ့ အားပေးထောက်ခံတဲ့ အကြည့်တွေကို အဲဒီမှာ တွေ့ရခံစားရပါတယ်။ အဲဒီမှာကတည်းက စိတ်ချလက်ချ ကျနော် နိုင်လိမ့်မယ်။ အဖွဲ့ချုပ်ကို ပြည်သူတွေက ယုံကြည်တယ်။ ကျနော်တို့ အဖွဲ့ချုပ်ရဲ့ နိုင်ငံရေးရည်မှန်းချက်တွေကို ယုံကြည်တယ်။ အဲဒီလိုပဲ ကျနော့်ကိုလည်း အချစ်ထားကြတယ်လို့ ဒီလိုယုံကြည်ပြီးတော့ အနိုင်ရခဲ့တာလို့ ကျနော်မြင်ပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ နိုင်ငံရေးရည်မှန်းချက်တွေ၊ နိုင်ငံရေးဆိုင်ရာ မူဝါဒတွေ၊ ရွေးကောက်ပွဲဆိုင်ရာ ကြေညာစာတမ်းတွေ - ဒါတွေကို ပြည်သူတွေကို ထုတ်ပြန်ထားပြီး ဖြစ်တဲ့အတွက်ကြောင့်မို့ ပြည်သူတွေက ဒီအပေါ်မှာ ယုံကြည်တယ်။ ကျနော်တို့ မဲဆွယ်လိုက်လံဟောပြောတဲ့အခါမှာ ပြည်သူတွေကို ရှင်းပြဟောပြောခဲ့တာ ဖြစ်ပါတယ်။ ရွေးကောက်ပွဲဆိုတာက နိုင်ငံတစ်ခုရဲ့ အန္တိမ ရည်မှန်းချက်လည်း မဟုတ်သလို၊ ပန်းတိုင်လည်း မဟုတ်ပါဘူး။ ရွေးကောက်ပွဲတစ်ခုဆိုတာက ဒီမိုကရေစီစနစ်ကို ကျင့်သုံးတဲ့နိုင်ငံတိုင်းဆိုတာက ငါးနှစ်တစ်ကြိမ်၊ ဖြတ်သန်းနေရအုံးမယ့် မှတ်တိုင်တစ်ခုပါ။ ဆိုတော့ ကျနော်တို့နိုင်ငံမှာက ရွေးကောက်ပွဲပြီးသွားတဲ့အခါ လွှတ်တော်နိုင်ငံရေးအခင်းအကျင်းတစ်ခု ပေါ်လာမယ်။ အဲဒီလိုပဲ လွှတ်တော်ပြင်ပမှာရှိတဲ့ အင်အားစုအသီးသီးကလည်း သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနဲ့ ပတ်သက်တဲ့ တက်ကြွလှုပ်ရှားသူတွေ၊ လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူတွေ၊ နောက်ပြီးတော့ ကလေးသူငယ်၊ အမျိုးသမီးအရေးနဲ့ ပတ်သက်တဲ့ တက်ကြွလှုပ်ရှားသူတွေ။ ဒီလိုရေးရာပေါင်းမြောက်မြားစွာကို စိတ်ဝင်စားစွာဖြင့် တက်ကြွလှုပ်ရှားနေတဲ့ အရပ်ဘက်အဖွဲ့အစည်းတွေလည်း ရှိနေလိမ့်မယ်။ အဲဒီလိုပဲ လွှတ်တော်တွင်းနိုင်ငံရေးမှာ ဆောင်ရွက်နေသူတွေလည်း ရှိနေလေတော့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကလည်း လွှတ်တော်ပြင်ပမှာ ရှိနေလိမ့်မယ်။ ဆိုတော့ အင်အားစုအသီးသီးက ဆုံမှတ်တစ်ခုကို ရှာဖွေပြီးတော့ ကျနော်တို့ လိုချင်တဲ့ ဖယ်ဒရယ်ဒီမိုကရေစီခရီးကို ကျနော်တို့ ဆက်ပြီးတော့ လျှောက်လှမ်းနိုင်မယ်ဆိုရင် ကျနော်တို့ အကောင်းဘက်ကို ပိုပြီးတော့ ပြုပြင်ပြောင်းလဲရေးကို ရောက်လာလိမ့်မယ်လို့ ကျနော် ယုံကြည်တယ်။ ဆိုတော့ ရွေးကောက်ပွဲ ပြီးသွားပါပြီ။ ဖြစ်ခဲ့တာတွေအားလုံးကို ရွေးကောက်ပွဲမှာ ချန်ထားခဲ့ပါမယ်။ ဆက်ပြီးတော့ မခေါ်လာပါဘူး။ ကျနော်တို့အားလုံးဟာ ရန်သူတွေ မဟုတ်ပါဘူး။ နိုင်ငံရေးအရ တစ်ယောက်နဲ့တစ်ယောက် သဘောထားအမြင်တွေ မတူတာရှိမယ်။ တူတာရှိမယ်။ ဒါတွေကို ကျနော်တို့ ဒါကသာလျှင် မတူတာတွေကပင် ဒီမိုကရေစီ ယဉ်ကျေးမှု၊ ဒီမိုကရေစီရဲ့ အလှတရား ဖြစ်တယ်။ မတူကွဲပြားခြင်းက။ အဲဒါတွေကို ပြည်သူတွေရဲ့ အဆုံးအဖြတ်ကို ခံယူပြီးတော့ ကျနော်တို့က ဘယ်သူကို ငါးနှစ်တာ တာဝန်အပ်နှင်းမယ်ဆိုတဲ့ ရွေးကောက်ပွဲက ပြီးသွားပြီဖြစ်တဲ့အတွက်ကြောင့် ကျနော်တို့ အကောင်းဆုံးဆက်ပြီးတော့ ကျနော်တို့ တိုင်းပြည်ကို အားလုံးလက်တွဲပြီးတော့ ပူးပေါင်းဆောင်ရွက်ချင်ပါတယ်လို့ ကျနော် ပြောလိုပါတယ်။


==Unicode===


















XS
SM
MD
LG