မြန်မာနိုင်ငံမှာ ဂီတအပါအဝင် အနုပညာ ဖန်တီးနေကြသူတွေအနေနဲ့ ကိုယ်လုပ်ချင်တာတွေကို ဆက်လက်သွားဖို့ အရေးကြီးတယ်လို့ Electronic ဂီတဖန်တီးသူ Su_Su က ပြောပါတယ်။ စစ်တပ်အာဏာသိမ်းမှုကြောင့် ကိုယ့်ရဲ့ ဖန်တီးနိုင်စွမ်းတွေကို အထိခိုက်မခံဘို့ လောလောဆယ် စပိန်နိုင်ငံ ဘာစီလိုနာမြို့မှာ ရောက်ရှိနေတဲ့ Su_Su က အားပေးပါတယ်။ ဥရောပမှာ မြန်မာနိုင်ငံအကြောင်း လူတွေ ပိုသိရှိ စိတ်ဝင်စားလာအောင် လှုပ်ရှားနေတဲ့ ဂီတဖန်တီးသူ Su_Su ကို မစုမြတ်မွန်က ဆက်သွယ်မေးမြန်းထားပါတယ်။
မေး ။ ။ မင်္ဂလာပါ Su_Su ရှင်။ DJ Su_Su ကတော့ မြန်မာနိုင်ငံက ကျော်ကြားတဲ့ DJ တစ်ယောက် ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းပြီးတဲ့နောက်မှာ အာဏာသိမ်းတာကို လက်မခံလို့၊ လမ်းပေါ်ထွက်ပြီးတော့ ဆန္ဒပြတဲ့လူတွေထဲက လူငယ်ဂီတအနုပညာရှင်တစ်ယောက်လည်း ဖြစ်ပါတယ်။ အခုလောလောဆယ်တော့ Su_Su က စပိန်နိုင်ငံ၊ ဘာစီလိုနာမြို့မှာ ရောက်နေပါတယ်။ မကြာသေးခင်ကလဲ ဘာစီလိုနာမြို့က ရှေ့ဟောင်းအထင်ကရ နာမည်ကြီးနေရာတစ်ခုမှာ မြန်မာနိုင်ငံအတွက်ကို ဆန္ဒပြပွဲတစ်ခု လုပ်ခဲ့ပါတယ်။ အရင်ဆုံး အဲဒီဆန္ဒပြပွဲအကြောင်း ပြောပြပါလားရှင့်။
ဖြေ ။ ။ မင်္ဂလာပါ။ ကျနော်က ဆန္ဒပြတာက --- ဘာစီလိုနာရဲ့ မြို့လယ်မှာရှိတဲ့ အထင်ကရနေရာ (city center iconic building) ဖြစ်ပါတယ်။ အဲဒီနေရာက လူတွေလည်း အများကြီးရှိတယ်။ ဆန္ဒပြဖို့အတွက် အကောင်းဆုံးနေရာ ဖြစ်တယ်။ အဲဒီမှာ ဘယ်လိုဆန္ဒပြသလဲဆိုရင် ငါတို့နိုင်ငံမှာ ဖေဖေါ်ဝါရီလ (၁) ရက်နေ့ကနေ ဒီနေ့အထိ ဘာတွေဖြစ်နေသလဲဆိုတာကို ပိုစတာ (၁၀) ခု လုပ်ပြီးတော့ ဆန္ဒပြပါတယ်။ မြန်မာနိုင်ငံအတွက် ရန်ပုံငွေ ရှာတဲ့ပုံတွေ၊ သေဆုံးသွားတဲ့ သူရဲကောင်းတွေ ဓါတ်ပုံတွေပါတဲ့ ပိုစတာတွေနဲ့ ဆန္ဒပြခဲ့တာပါ။ နိုင်ငံတကာက Generation Z မျိုးဆက်တွေနဲ့ ချိတ်ဆက်ပြီးတော့ မြန်မာနိုင်ငံအကြောင်း သိရအောင်လို့ လူမှုကွန်ရက်တွေပေါ်ကနေ လှုပ်ရှားတဲ့၊ လှုပ်ရှားမှုတစ်ခု ဖြစ်လာအောင် ကျနော် စပိန်မှာ ကြိုးစားနေပါတယ်။ ဥရောပမှာ ကိုဗစ်နဲ့ ပတ်သက်တဲ့ သတင်းတွေ လွှမ်းမိုးနေပြီးတော့၊ မြန်မာနိုင်ငံအတွက် သတင်းလုံလုံလောက်လောက် မရှိတဲ့အတွက် လူတွေပိုသိအောင်လို့ လုပ်ဆောင်မယ်လို့ စဉ်းစားထားပါတယ်။
မေး ။ ။ Su_Su က မြန်မာနိုင်ငံမှာ အာဏာသိမ်းတဲ့ ဖေဖေါ်ဝါရီလ (၁) ရက်တုန်းကတော့ မြန်မာပြည်မှာ ရှိနေတယ်ပေါ့။ ဖေဖေါ်ဝါရီလ (၁) ရက်နေ့ အာဏာသိမ်း မတိုင်ခင်နဲ့ အာဏာသိမ်းပြီးနောက်မှာ လူငယ်တစ်ယောက်အတွက် ဘယ်လိုမျိုး အပြောင်းအလဲတွေ ဖြစ်သွားတယ်ဆိုတာကို ပြောပြပေးပါရှင့်။
ဖြေ ။ ။ တော်တော်လေး အံ့သြထိတ်လန့်ဖို့ ကောင်းပါတယ်။ မနက် (၃) နာရီလောက် နိုးတယ်။ သူငယ်ချင်းတစ်ယောက်က ဖုန်းဆက်လာပြီး စစ်တပ်အာဏာသိမ်းသွားပြီ ပြောပါတယ်။ သူငယ်ချင်းက သူ့အဖေကို ဖမ်းသွားတယ်လို့ ပြောတယ်။ တော်တော်လေး ထိတ်လန့်သွားတယ်။ အထူးသဖြင့် ကိုယ့်မိသားစုအတွက်ပါ။ ကျနော် ဘာလုပ်ရမယ်မှန်းလဲ မသိပါဘူး။ နောက်ပိုင်းတော့ ကျနော့်မိသားစုဝင်တချို့လဲ ထွက်ပြေးရတယ်။ ပုန်းနေရတယ်။ အဖမ်းခံရသူတချို့လဲ ရှိပါတယ်။ ပြီးခဲ့တဲ့ နှစ်ပတ်လောက်ကမှ သိတာဆိုရင် တစ်ယောက်က သေဒဏ်အပြစ်ပေးခံရမယ့် အခြေအနေကို ရင်ဆိုင်နေရပါတယ်။ ပထမဦးဆုံး ကျနော့်တုံ့ပြန်မှုကတော့ မိသားစုဝင် အဖမ်းခံရတော့ ကျနော် ဘာလုပ်ရမလဲပေါ့။ မိသားစုက အရေးကြီးတယ်လေ။ နောက်ပိုင်း ကျနော်လို အခြေအနေနဲ့ လူတော်တော်များများ တွေ့ကြုံနေရတယ်ဆိုတော့ ကျနော်လည်း လမ်းပေါ်တက် ဆန္ဒပြတယ်။ မီဒီယာတွေအတွက် ဆန္ဒပြပွဲ ဓါတ်ပုံတွေ ရိုက်ဖြစ်တယ်။ အကြမ်းမဖက်တဲ့နည်းမျိုးစုံနဲ့ ဆန္ဒပြခဲ့ပါတယ်။ ကျနော်က အကြမ်းမဖက် လှုပ်ရှားမှုကို ယုံကြည်တဲ့လူတစ်ယောက်ပါ။ အဲဒါကြောင့် ပစ်တိုင်းထောင် အရုပ်ကလေးတွေနဲ့ ဆန္ဒပြမှုတွေ လုပ်ခဲ့ပါတယ်။ ကျနော့်သူငယ်ချင်း တော်တော်များများကတော့ သိပ်ကိုဒေါသထွက်ကြပါတယ်။ ကျနော်ကတော့ ရန်ကိုရန်နဲ့ တုံ့ပြန်တာကို မလိုလားပါဘူး။ တော်တော်များများ ကျနော်နဲ့ အမြင်မတူပါဘူး။ ကိုယ့်ဆန္ဒကို ထုတ်ဖော်တောင်းဆိုနေချိန်မှာ ဒီလိုအမြင်မတူတာတွေ ရှိနေတာ သဘာဝကျပါတယ်။ ကျနော်က အကြမ်းမဖက် လှုပ်ရှားမှုတွေ၊ ဗျူဟာတွေအကြောင်းကို အများကြီးလေ့လာဖူးလို့ ဒါကိုလက်ကိုင်ထားတာပါ။
အာဏာသိမ်းပြီးနောက်ပိုင်း ကျနော့်အတွက် ဘာတွေပြောင်းလဲသွားသလဲ ဆိုလို့ရှိရင် ဂီတသမားတစ်ယောက်အနေနဲ့ တော်တော့ကို ထိခိုက်သွားတယ်လို့ ပြောနိုင်ပါတယ်။ ကျနော့်အလုပ်တွေ ပျက်ကုန်တယ်။ လုပ်ရမယ့် Project တွေအတွက် Contract တော်တော်များများ ပျက်ကုန်တယ်။ ကျနော်လိုမျိုး ဂီတဖန်တီးသူ လူငယ်တွေအားလုံးလဲ ကျနော်လိုပဲ ဖြစ်ကုန်ကြပါတယ်။ အနုပညာရှင်တွေအတွက် တော်တော်လေး ခက်ခဲသွားတယ်လို့ ပြောနိုင်ပါတယ်။ အခြားလူတွေလဲ အဲဒီလို ဖြစ်ကြမှာပါ။ အဲဒါကြောင့်လဲ ကျနော် အခုလို လှုပ်ရှားနေရတာ ဖြစ်ပါတယ်။
မေး ။ ။ အခုန Su_Su ပြောသွားတဲ့အထဲမှာ ကိုယ့်ရဲ့မိသားစုဝင်တွေလဲ အဖမ်းခံရတယ်။ သေဒဏ်လဲ အပြစ်ပေးခံရဖို့ တရားစီရင်ခံနေရတာ ရှိနေတယ်ဆိုတော့ အဲဒါကို ပြောနိုင်သလောက် နည်းနည်းထပ်ပြောလို့ ရပါသလား။
ဖြေ ။ ။ သူတို့လုံခြုံရေးအတွက် ကျနော် အများကြီးပြောလို့ မရပါဘူး။ ပြောနိုင်သလောက်ကတော့ တချို့က ထောင်ထဲမှာ အဖမ်းခံနေရတယ်။ တချို့က ပုန်းနေကြတယ်။ သေဒဏ်နဲ့ အပြစ်ပေးခံနေရမယ့် အခြေအနေ ကြုံနေရသူလဲ ရှိပါတယ်။ ဒီလောက်ပဲ ကျနော် ပြောနိုင်ပါတယ်။
မေး ။ ။ Su_Su စောစောကလည်း ပြောသွားပါတယ်။ ကိုယ်ပိုင် အနုပညာဖန်တီးနေတဲ့ လူငယ်တစ်ယောက်အနေနဲ့ အာဏာသိမ်းတယ်ဆိုတဲ့ဟာကို ကိုယ်က မြင်ပါသလဲရှင့်။ အဓိပ္ပါယ်ဖွင့်ဆိုပါသလဲရှင့်။
ဖြေ ။ ။ စစ်တပ်က အာဏာသိမ်းလိုက်တဲ့အတွက် ဖန်တီးမှုတွေကို ကန့်သတ်ခံရတယ်လို့ မြင်ပါတယ်။ အနုပညာရှင်တွေအတွက်က ကိုယ်ပြောချင်တာကို ထုတ်ဖော်ပြောနိုင်ဖို့က အရေးကြီးပါတယ်။ ကိုယ်ဖန်တီးချင်တာကို ဘာမဆို ဖန်တီးနိုင်သင့်ပါတယ်။ ကျနော်တို့ရဲ့ လွတ်လပ်ခွင့်၊ ထုတ်ဖော်ခွင့်တွေ၊ ဖန်တီးနိုင်ခွင့်တွေကို စစ်တပ်က ကန့်သတ်လိုက်တဲ့အခါမှာ ကျနော်တို့ နှစ်ပေါင်းများစွာ ကြိုးစားလာခဲ့တာတွေ သဲထဲရေသွန်း ဖြစ်သွားတယ်လို့ ခံစားရပါတယ်။ အထူးသဖြင့် နိုင်ငံတကာနဲ့ ချိတ်ဆက်လုပ်နေကြတဲ့ လူမျိုးတွေအတွက် တော်တော်လေး ခက်ခဲရပါတယ်။ ဆက်သွယ်ရေးတွေ ဖြတ်လိုက်တော့ နိုင်ငံခြားသွားပြီးတော့ လုပ်ရမယ့်အလုပ်တွေလဲ မလုပ်နိုင်ကြတော့ပါဘူး။ ဘာမှ လုပ်လို့မရ၊ မျှော်လင့်ချက်တွေ မဲ့သလို ဖြစ်သွားပါတယ်။
မေး ။ ။ ပြောချင်တာက စစ်အာဏာသိမ်းလိုက်တဲ့အတွက်ကြောင့် Su_Su တို့လို ဂီတကို ကိုယ်တိုင်ဖန်တီးနေတဲ့လူတွေအတွက်က လုပ်နိုင်တဲ့ ဂီတပဲဖြစ်ဖြစ်၊ လုပ်နိုင်တဲ့ ဖန်တီးနိုင်မှုပိုင်းကို တော်တော်လေး အကန့်အသတ် ဖြစ်သွားတယ်လို့ ပြောချင်တာလား။
ဖြေ ။ ။ Limited ကန့်သတ်မှုတွေ ရှိလာပါတယ်။
မေး ။ ။ အာဏာသိမ်းချိန်မှာလဲ စောစောက Su_Su ပြောသလိုပါပဲ လမ်းပေါ်ထွက်ပြီးတော့ ဆန္ဒပြတာတွေလည်း ရှိတယ်။ ကိုယ်တတ်နိုင်တဲ့ ကိုယ်က ဂီတသမားဆိုတော့ ဂီတပိုင်းနဲ့ ပတ်သက်ပြီး ဖန်တီးတာမျိုးတွေနဲ့ ကိုယ့်ရဲ့ဆန္ဒကို ထုတ်ဖော်နေတယ်ဆိုတော့ အဲဒီလိုမျိုး ကိုယ့်ရဲ့မှန်တယ်၊ မှားတယ်၊ တရားတယ်၊ မတရားဘူးဆိုတာကို ပြဖို့အတွက်က ဂီတသမားတစ်ယောက်အနေနဲ့ ဘယ်လောက်အရေးကြီးတယ်လို့ ခံယူထားလဲရှင့်။
ဖြေ ။ ။ ကျနော်က ဥရောပသွေး တဝက်ပါပါတယ်။ ဒါကြောင့်မို့ ယဉ်ကျေးမှု နှစ်ခုစလုံးနဲ့ ကျွမ်းဝင်ကြီးပြင်းခဲ့တာပါ။ တဝက်က ဒီမိုကရေစီကို အပြည့်အဝ ခံစားရတဲ့ နိုင်ငံမှာ ဖြစ်ပါတယ်။ ဒီမိုကရေစီရဲ့ အနှစ်သာရကို ခံစားသိရှိပါတယ်။ အားလုံးလွတ်လပ်မှု ခံစားသင့်တယ်။ တန်းတူညီမျှတယ်။ စည်းစည်းလုံးလုံး ရှိသင့်တယ်ဆိုတာတွေကို ကျနော် နားလည်သဘောပေါက်ထားပါတယ်။ အာဏာမသိမ်းခင်က မြန်မာနိုင်ငံကလဲ အဲဒီလမ်းကို ဦးတည်နေတယ်ဆိုတာကို တွေ့ရတော့ ကျနော် တော်တော်လေး ဝမ်းသာခဲ့ရပါတယ်။ ဒါပေမဲ့ ဒါတွေအားလုံ ညတွင်းချင်း ပျောက်ပျက်ကုန်တာ သိပ်ကိုဝမ်းနည်းစရာ ကောင်းပါတယ်။ အဲဒါကြောင့် ကျနော် ဘာမှမလုပ်ဘဲ ဒီအတိုင်း မနေနိုင်ပါဘူး။ တစ်ခုခု မှားနေတယ်ဆိုရင် မှားနေတယ်လို့ ထောက်ပြရမယ့်တာဝန် ရှိတယ်လို့ ခံယူထားပါတယ်။
ကျနော်က ဂီတသမားဆိုတော့ အခြားကိစ္စတွေ အများကြီး မသိပါဘူး။ ဒါပေမဲ့ သူတို့ လူ့အခွင့်အရေးတွေ ချိုးဖောက်ကျူးလွန်နေတာကတော့ မှားနေတယ်ဆိုတာကတော့ ကျနော် ပြောနိုင်ပါတယ်။
မေး ။ ။ Su_Su အခုန ပြောခဲ့သလိုပဲ ကံကောင်းတာတစ်ခုကတော့ Su_Su က ပြင်သစ်နိုင်ငံသားတစ်ယောက်လဲ ဖြစ်နေတဲ့အခါကြတော့ အာဏာသိမ်းပြီးတဲ့နောက်မှာ မြန်မာနိုင်ငံထဲကနေ လွယ်လွယ်ကူကူ တခြားနိုင်ငံတွေကို ထွက်သွားနိုင်တယ်ပေါ့။ ဆိုတော့ အခုလောလောဆယ် စပိန်နိုင်ငံကို ရောက်နေတယ်။ စောစောကလဲ ပြောသလိုပဲ စပိန်နိုင်ငံမှာ မြန်မာနိုင်ငံအတွက်ကို ဆန္ဒပြပွဲတစ်ခု လုပ်ထားတယ်ဆိုတော့ နောက်ရှေ့ဆက်ပြီးတော့ မြန်မာနိုင်ငံအတွက် ဘာတွေလုပ်ဖို့၊ အခြားအစီအစဉ်တွေ ရှိသလဲ။ ဘာတွေလုပ်ထားပါလဲရှင့်။
ဖြေ ။ ။ ပြင်သစ်မီဒီယာနဲ့ အလုပ်လုပ်ထားပြီးပြီ။ ပြင်သစ် တယ်လီဗေရှင်း၊ ရေဒီယိုတို့နဲ့ လုပ်ထားပါတယ်။ အတော်စောစော ဖေဖေါ်ဝါရီလ၊ မတ်လကတည်းက ပြင်သစ်ရုပ်သံဌာနတွေ၊ ရေဒီယိုအသံလွှင့်ဌာနတွေနဲ့ မြန်မာနိုင်ငံအကြောင်း အစီအစဉ်တွေကို လုပ်ခဲ့ပါတယ်။ မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ မှတ်တမ်းရုပ်ရှင်ကို အီတလီ မီဒီယာလုပ်ငန်းတစ်ခုနဲ့ သြဂုတ်လကျရင် လုပ်ဖို့ရှိပါတယ်။ စပိန်က သတင်းမီဒီယာ၊ အသံလွှင့်လုပ်ငန်းတွေနဲ့လဲ မြန်မာနိုင်ငံအကြောင်းကို လူတွေပိုသိနိုင်ဖို့ ကိစ္စတွေလုပ်ဖို့ အစီအစဉ်တွေ ရှိပါတယ်။ ဂီတအသားပေးတဲ့ မီဒီယာတွေမှာလဲ သူ့နိုင်ငံအကြောင်းသိအောင် လုပ်နေတဲ့ မြန်မာနိုင်ငံက ကောင်လေးတစ်ယောက်ရဲ့ လှုပ်ရှားမှုဆိုတာမျိုးတွေ ပြောပြနိုင်ဖို့ လုပ်နေပါတယ်။ ဒီနိုင်ငံမှာ ကျနော်တစ်ယောက်ထဲ ဖြစ်နေရင်တောင်မှ မြန်မာပြည်သူတွေအတွက် ကူညီလုပ်ပေးချင်ပါတယ်။ မြန်မာနိုင်ငံက အကြောင်းတွေ သိအောင်လို့ ပြောမပြနိုင်တဲ့ လူတွေကိုယ်စား၊ ကျနော်က ပြောပြပြီးတော့ လူတွေပိုသိသွားအောင်လို့ လုပ်နိုင်ဖို့ ကြိုးစားနေတာပါ။ တချိန်တည်းမှာ ကျနော့်နေရေးထိုင်ရေးအတွက် လုပ်နေရတယ်ဆိုတော့ အဲဒီနှစ်ခုစလုံး အဆင်ပြေအောင် လုပ်နိုင်ဖို့တော့ အတော်လေး ကြိုးစားနေရပါတယ်။
မေး ။ ။ အခု ကိုယ်က ဒါမျိုးတွေ လုပ်နေတယ်ဆိုတော့ တစ်ယောက်ထဲ လုပ်နေတာပေါ့။ ကိုယ်တစ်ယောက်ထဲ လုပ်နေတာက မြန်မာနိုင်ငံတစ်ခုလုံးမှာ ဖြစ်နေတာတွေကို ဘယ်လောက်အထိ ထိရောက်မယ်လို့ ထင်ပါလဲရှင့်။
ဖြေ ။ ။ လူတစ်ယောက်အသက်ကို ကယ်နိုင်တယ်ဆိုရင်တောင် ကျနော် ကျေနပ်ပါတယ်။ ထွက်ပြေးနေရတဲ့ တိုင်းရင်းသားတွေအတွက် အလှူဆယ်ဒေါ်လာပဲ ရတယ်ဆိုရင်လဲ ကျနော် ကျေနပ်ပါတယ်။ အခြားလူတွေလည်း အားကျပြီးတော့ အများကြီးလိုက်လုပ်တာမျိုး ဖြစ်စေချင်တာပါ။ မြန်မာနိုင်ငံနဲ့ ပတ်သက်တာတွေကို ပိုပြီးတော့ သဘောပေါက် သိသွားအောင်လို့ ပြောနေစေချင်တာပါ။ ဆင့်ပွားသက်ရောက်မှုတွေ အများကြီးဖြစ်လာဖို့ကို ဆုတောင်းပါတယ်။
မေး ။ ။ နောက်ဆုံးမေးချင်တာကတော့ Su_Su က အခုဆိုရင် ဘာစီလိုနာမှာ ရောက်နေတယ်ဆိုတော့ ကိုယ်လုပ်ချင်တဲ့ အနုပညာအလုပ်တွေကို DJ တစ်ယောက်အနေနဲ့ ဆက်လုပ်နိုင်တဲ့ အခြေအနေမှာ ရှိတယ်။ ဒါပေမဲ့ မြန်မာနိုင်ငံမှာ ရှိနေတဲ့ တခြားကိုယ့်လိုပဲ DJ တွေ၊ အခြားအနုပညာရှင်တွေ၊ ဂီတသမားတွေကို Su_Su အနေနဲ့ ဘာပြောချင်ပါလဲရှင့်။ ဘယ်လိုအားပေးချင်ပါလဲရှင့်။
ဖြေ ။ ။ အားမလျှော့လိုက်ပါနဲ့။ ကိုယ်ဖန်တီးချင်တာကို ဆက်ပြီးတော့ ဖန်တီးပါ။ ကိုယ်ဖြစ်ချင်တာတွေကို ဆက်လုပ်ပါ။ ကျနော်တို့ အနိုင်ရမှာပါလို့ပဲ တခြားဂီတသမားတွေကို ပြောချင်ပါတယ်။ ခက်ခက်ခဲခဲ ကျော်လွှာသွားရမယ့် ခရီးကြမ်း ဖြစ်ပေမယ့်၊ တစ်နေ့မှာတော့ ကျနော်တို့ နိုင်မယ်လို့ ထင်ပါတယ်။ အားလုံးဖြစ်ချင်တဲ့ ဆန္ဒတွေ တူညီကြပါတယ်။ ကိုယ်ဖန်တီးချင်တာကို ဆက်ဖန်တီးနေဖို့က သိပ်ကိုအရေးကြီးပါတယ်။ သူတို့ကြောင့် ကိုယ့်ဖန်တီးနိုင်စွမ်းတွေ ပျက်မသွားဖို့ လိုတယ်လို့ပဲ ကျနော် ပြောချင်ပါတယ်။
မစုမြတ်မွန် ။ ။ ကျေးဇူးအများကြီးတင်ပါတယ် DJ Su_Su ရှင့်။
DJ Su_Su ။ ။ ကျေးဇူးတင်ပါတယ်။
== Unicode ==