သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒီမိုကရေစီအသိ အားနည်းနေသေးသလား


တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာဒေါ်လဲ့လဲ့မော်
တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာဒေါ်လဲ့လဲ့မော်
ဒီမိုကရေစီအသိ အားနည်းနေသေးသလား
please wait

No media source currently available

0:00 0:11:36 0:00
တိုက်ရိုက် လင့်ခ်

ဒီတပတ် မြန်မာ့ဒီမိုကရေစီရေးရာ အစီအစဉ်မှာ မြန်မာလူထုကြားမှာ ဒီမိုကရေစီ အသိပညာပေးလုပ်ငန်းတွေ လုပ်ဆောင်ဖို့ အများကြီးလိုနေသေးတယ်လို့ တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာဒေါ်လဲ့လဲ့မော်က ပြောကြားလိုက်ပါတယ်။ ဘယ်လိုပညာပေးမှုတွေ လုပ်နိုင်ပါသလဲ။ တနင်္သာရီတိုင်း ဝန်ကြီးချုပ်ကို ကိုဇော်ဝင်းလှိုင် သီးသန့် တွေ့ဆုံမေးမြန်းထားတဲ့ အပိုင်း (၂) ကို တင်ပြထားပါတယ်။

မေး ။ ။ ခရီးသွားလုပ်ငန်းနဲ့ ပတ်သက်လို့ အခုဆိုရင် မြိတ်ကျွန်းစုတွေက တော်တော်လေး Popular ဖြစ်လာတယ်။ မြန်မာပြည်ထဲမှာတင်မကဘူး၊ ပြည်ပမှာလည်း အမေရိကမှာလည်း လူတိုင်းက မြန်မာပြည်သွားလည်မယ်ဆိုရင် မြိတ်ကျွန်းစုကို သွားလည်မယ်ဆိုတဲ့ ခရီးစဉ်ကို ထည့်စဉ်းစားလာကြတယ်။ ကျနော်တို့ ဗမာတွေ အသိုင်းအဝိုင်းကြားမှာလည်း အဲဒီလို ရှိလာတယ်။ အများကြီးလှတဲ့ ကျွန်းတွေ နိုင်ငံတကာမှာ လက်မထောင်ပြီးတော့ မြန်မာကျွန်းတွေ သာယာလှပတဲ့အကြောင်းပြဖို့ ရှိပေမယ့်လဲ သုံးလေးကျွန်းလောက်ပဲ အခုက ပြခွင့်ရှိတယ်။ ဘာဖြစ်လို့လဲဆိုတော့ အစိုးရကလည်း နိုင်ငံတော်ဝင်ငွေက ပုလဲလုပ်ငန်းက ရနေတာတွေ အများကြီးရှိတော့ အဲဒါတွေကို ကန့်သတ်တဲ့အနေနဲ့ တချို့ကျွန်းတွေကို သွားလို့မရဘူးဆိုပြီးတော့ ခရီးသွားလုပ်ငန်းနဲ့ ပုလဲလုပ်ငန်းကြားထဲမှာ အခြေအတင် ရှိကြတယ်ဆိုတာကို ကြားသိရပါတယ်။ တချို့ကိစ္စတွေကိုလည်း တိုင်းဒေသကြီးအစိုးရနဲ့ နိုင်ငံတော်အစိုးရတို့က ခွင့်ပြုပေးဖို့ စီစဉ်နေတယ်ဆိုတာကို ကျနော်တို့ သိရပါတယ်။ အဲဒါလေးကိုလည်း ရှင်းပြပါအုံး။ ဝန်ကြီးတို့ ဘယ်လိုပုံစံနဲ့ စဉ်းစားပြီးတော့ ကဏ္ဍခွဲဖို့ စီစဉ်ထားတယ်ဆိုတာလေးကို။

ဖြေ ။ ။ ကျမတို့ မြန်မာနိုင်ငံကထွက်တဲ့ ပုလဲက ရွှေရောင်ပုလဲစစ်စစ်ထွက်တာပါ။ အင်မတန်မှ တန်းဖိုးရှိတဲ့ ပုလဲပါ။ တန်းဖိုးရှိတယ်ဆိုတာက ရွှေရောင်ဆိုတော့ ကျမ ထင်ပါတယ် .. တရုတ်၊ ထိုင်ဝမ် အဲဒီဘက်က လူတွေ တော်တော်များများ နှစ်သက်ကြတယ်။ အဖြူပုလဲက နည်းနည်းလေး အရောင်မှိန်းသလိုမျိုး ဖြစ်နေတယ်။ ရွှေရောင်ပုလဲကို ဂျပန် တာဆာကီကုမ္ပဏီက အနှစ် (၂၀) ကျော် ရှိပါပြီ။ (၂၇ - ၂၈) နှစ် ရှိပါပြီ။ လာရောက်ပြီး ရင်းနှီးမြုပ်နံှသူတွေကို ကျမ မေးကြည့်ပါတယ်။ သူတို့ ဟောင်ကောင်ကျွန်းတွေမှာလည်း ရွှေရောင်ပုလဲထွက်တယ်။ ဒါပေမဲ့ ဗမာပြည်က မုတ်ကောင်မျိုး မဟုတ်ပါဘူးလို့ ပြောပါတယ်။ သူတို့က တကယ်တမ်း သုတေသနလုပ်ပြီး ဗမာပြည်က မုတ်ကောင်ရဲ့ နှုတ်ခမ်းနားမှာက ရွှေရောင်တောက်နေတာ။ သူတို့တွေ့ရှိချက်က အားလုံး ရွှေရောင်ဖြစ်တယ်တဲ့။

ကျမတို့အနေနဲ့ ဒီပုလဲလုပ်ငန်းကိုလည်း တခြားဒေသတွေနဲ့ မတူပါဘူး။ ကျမတို့ကိုပေးတဲ့ သဘာဝလက်ဆောင် ဖြစ်တဲ့အတွက်ကြောင့်မို့ ကျမတို့ ကြီးကြီးကျယ်ကျယ် လုပ်ချင်ပါတယ်။ လုပ်ချင်တဲ့အခါကြတော့ ပြဿနာက ခရီးသွားလုပ်ငန်းနဲ့ ပုလဲလုပ်ငန်းတို့ Contrast ဖြစ်နေတယ်။ Conflict ဖြစ်နေတယ်။ ခရီးသွားလုပ်ငန်းကလည်း နီးတဲ့ကျွန်းတွေ လိုက်ကြည့်မယ်။ လှလှပပနေရာတွေမှာ Diving လုပ်မယ်။ Snorkeling လုပ်မယ်ဆိုတော့ ပုလဲလုပ်ငန်းကလည်း မဝင်နဲ့ ပုလဲက အသန့်ကြိုက်တယ်။ ပုလဲတွေက ရေမသန့်တာနဲ့ .. ပုလဲ မဖြစ်လာတော့ဘူး။ အဲဒီလို ဖြစ်နေတော့ ကျမတို့က ဘယ်လိုလုပ်နေလဲဆိုတော့ နောက်ပိုင်းဆိုရင် ပုလဲအတွက် လျှောက်လွှာတင်တဲ့လူတွေကို ကျွန်းတွေရဲ့ နောက်ဘက် လှေတွေ ဥဒဟို ဖြတ်သန်းမသွားလာတဲ့ ကျွန်းတွေရဲ့ နောက်ဘက်ကို အဓိကဦးစားပေးပြီးတော့ လျှောက်ပေးပါဆိုပြီးတော့ ကျမတို့ဆီက Request လုပ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်းတွေနောက်ဘက်ဆို တော်ရုံတန်ရုံ မသွားကြဘူး။ ကျွန်းတွေရှေ့ဘက်ပဲ လှတယ်ဘာညာဆိုပြီးတော့ သွားကြတယ်ဆိုတော့ ရှေ့ဘက်ကို နည်းနည်းချန်ခဲ့ပြီးတော့ နောက်ဘက်ကိုလုပ်ပါဆိုပြီး ပြောပေမယ့် ပြောသော်ငြားလဲ ပုလဲလုပ်ငန်းက နေရာအများကြီးယူရတယ်ဆိုတော့ မုတ်ကောင်တွေကို လိုင်းအလိုက်ချရတယ်ဆိုတော့ မြေဧရိယာတွေ အများကြီးယူရတယ်ဆိုတော့ အခုထက်ထိတော့ Conflict တွေကတော့ ရှိနေဆဲပါ။

ဒါပေမဲ့ ကျမက ဘယ်လိုပြောသလဲဆိုတော့ ကျွန်းရှစ်ရာကျော်မှာ ပုလဲလုပ်တဲ့ ကျွန်းက အခုဆိုရင် နှစ်ဆယ်တောင် မပြည့်သေးပါဘူး။ လက်ချိုးရေလို့ ရပါတယ်။ ကျန်တဲ့ကျွန်းတွေမှာလုပ်ပါ။ ကျန်တဲ့ကျွန်းတွေမှာ ကျွန်းရှစ်ရာရှိတယ်။ ပုလဲကျွန်းက တစ်ရာရှိရင် ကျန် ခုနှစ်ရာမှာ လုပ်လို့ရတယ်လို့ ပြောပါတယ်။ ခုနှစ်ရာမှာ လှတဲ့ကျွန်းတွေကို ရွေးချယ်ပြီးတော့ အားလုံးတော့ မဟုတ်ဘူးပေါ့ .. ခုနှစ်ရာထဲက လှတဲ့ကျွန်း တစ်ရာလောက် ရွေးပြီးတော့ အဲဒီနေရာတွေမှာ သွားလုပ်ရင် မဖြစ်ဘူးလားလို့ ကျမတို့ဘက်က ပြောပါတယ်။ အဲဒီလိုပဲ တယောက်နဲ့တယောက် Conflict က ရှိနေဆဲပါ။

မေး ။ ။ ဝန်ကြီးချုပ်တို့အနေနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးကိစ္စ၊ လေထုညစ်ညမ်းမှုကိစ္စ။ အထူးသဖြင့် ကျွန်းတွေ - စီးပွားရေးလုပ်ငန်းတွေကို ချပေးတဲ့အခါမှာ မူလအတိုင်းတော့ ကျန်မှာမဟုတ်ဘူး - အတတ်နိုင်ဆုံး ထိန်းသိမ်းနိုင်အောင် EIDI ပုံစံမျိုး တွင်းထွက်ပစ္စည်းဆိုရင်လဲ အဲဒီလိုမျိုး ထိန်းသိမ်းတဲ့ နည်းဥပဒေတွေ ချထားတာ ရှိပြီလား။

ဖြေ ။ ။ ရှိပါတယ်။ သတ္တုတွင်း ဥပဒေကလည်း အသစ်ရှိပါတယ်။ အခုလောလောဆယ်မှာ ထုတ်လိုက်တဲ့ သတ္တုတွင်းဥပဒေမှာလည်း သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးကို အကြီးအကျယ်ထည့်ပြီးတော့ ဖော်ပြထားပါတယ်။ အရင်ဥပဒေမှာတော့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး မပါပါဘူး။ ကျမတို့အနေနဲ့ အခုလဲ သတ္တုတွင်း လာလျှောက်မယ်ဆိုရင် ကျမတို့ ENP ကို တောင်းပါတယ်။ ဒီနေရာမှာ သတ္တုလုပ်ငန်းလုပ်မယ်ဆိုရင် ENP ကို အရင်ပြ။ ကျမတို့ ဒီသတ္တုကို စမ်းသပ်ခွင့် မပေးခင်ကတည်းက ENP ကို အရင်တောင်းပါတယ်။ ENP မလုပ်တဲ့ သတ္တုလုပ်ငန်းဆိုရင် ကျမတို့ စမ်းသပ်ခွင့် မပေးပါဘူး။

ဘာဖြစ်လို့လဲဆိုတော့ စမ်းသပ်တယ်ဆိုပေမယ့်လဲ တကယ့်မြေပြင် အနေအထားမှာ တချို့တလေက Open type အနေနဲ့ နည်းနည်းတူးကြည့်တာတွေ ဘာတွေရှိတယ်။ အဲဒီအခါမှာ မြေစာပုံတွေ ဖြစ်ပေါ်လာပါတယ်။

နောက်ပြီးတော့ ဒီမြေစာပုံတွေမှာ သူတို့လိုချင်တဲ့ သတ္တု။ ဥပမာ Tin လိုချင်တယ်ဆိုရင် သူတို့က Tin ပဲ ယူလိုက်တယ်။ ကျန်တဲ့ Copper တွေ၊ သံရိုင်းတွေ ဒီအထဲမှာ ရှိနေတုန်းပဲ။ ဒါတွေကိုလည်း Survey လုပ်လား၊ မလုပ်လားဆိုတာကို ကျမတို့ စမ်းရမှာ ဖြစ်ပါတယ်။ ဒီအတွက်ကြောင့်မို့ ENP မပါတဲ့ ဘယ်လို ကိစ္စမျိုးမဆို ကျမတို့ လက်မခံပါဘူး။ အခုလက်ရှိ ယခင်အစိုးရအဆက်ဆက် လုပ်လာခဲ့တဲ့ သတ္တုတွင်းတွေ - ဖားကန့်လိုပေါ့။ ၂၀၂၀ မှာ ပြည့်ဖို့ရှိပါတယ်။ ဟိန်နားမိုင်း - အင်မတန်မှကြီးတဲ့၊ အင်္ဂလိပ်လက်ထက်ကတည်းက လုပ်နေတဲ့ ဟိန်နားမိုင်းက ENP ကို မလိုက်နာပါဘူး။ သေသေချာချာ မလိုက်နာတဲ့အတွက် Extension နောက်ထပ်ဆက်ပေးဖို့အတွက် ကျမတို့ ခွင့်မပြုပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ENP အတိုင်း လိုက်နာဆောင်ရွက်မှ ခွင့်ပြုပါမယ်လို့ အတိအကျ ဖော်ပြထားပါတယ်။

မေး ။ ။ ကျနော်တို့ မြန်မာနိုင်ငံမှာ အစိုးရအဆက်ဆက်က အားနည်းချက် ရှိခဲ့တာက ဥပဒေတွေ ထုတ်ပြန်တယ်။ နည်းဥပဒေတွေ ထုတ်ပြန်တယ်။ ဒါပေမဲ့လဲ နောက်ပိုင်းမှာ ထုတ်ပြန်ခဲ့တဲ့ ဥပဒေတွေအတိုင်း အရေးယူခြင်းအပိုင်းမှာ အားနည်းခဲ့တာကို အစဉ်တဆက် ရှိခဲ့တယ်။ NLD အစိုးရလက်ထက်မှာ အဲဒီဟာတွေနဲ့ ပတ်သက်ပြီးတော့ ဝန်ကြီးချုပ်တို့လည်း သတိထားမိမှာပဲ။ အရင်အစိုးရနဲ့ ကိုယ့်အစိုးရတို့ရဲ့ အားနည်းချက်တွေကို .. အဲဒီဟာနဲ့ ပတ်သက်ပြီးတော့ အာရုံစိုက်ပြီးတော့ လုပ်ဆောင်တာမျိုး ရှိပါသလား။

ဖြေ ။ ။ လုပ်ဆောင်ပါတယ်။ ကျမတို့ ဒေသမှာလည်း မိုင်းတွေ .. ဟိန်နားမိုင်းဆိုရင် တနှစ်ကျော် ပိတ်လိုက်ပါတယ်။ သူတို့က စွန့်ပစ်မြေစာတွေကို ဟိုနေရာပုံ၊ ဒီနေရာပုံ ဟိုချောင်းပိတ် ဒီချောင်းပိတ် လုပ်နေသမျှပတ်လုံး ကျမတို့ တနှစ်ကျော် ပိတ်ပစ်လိုက်ပါတယ်။ ပိတ်တော့မှ သူတို့ကို အရေးယူတဲ့အခါမှာ သူတို့ တနှစ်ကျော်ကာလမှာ အစိုးရကို ပေးရမယ့်အခွန်ကို သူတို့ ပေးရပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အစိုးရကို ပေးရမယ့် အခွန်ကတော့ မပြတ်တန်ဆိုတော့ အစိုးရကို ပေးရတဲ့အခွန်က သူတို့ကို Burden ဖြစ်လာတဲ့အခါကြမှ မြောင်းတွေ၊ ချောင်းတွေကို သူတို့ ဖော်ပါတယ်။ အဲဒီအချိန်ကာလမှာ ကျမတို့အစိုးရလည်း ဝင်ပါကူညီပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကိုယ့်ဒေသခံတွေ ကျန်းမာရေးအတွက်ဆိုပြီးတော့ ဝင်ကူပြီးလုပ်ပေးပါတယ်။ ဒါပေမဲ့ သူတို့ မြောင်းတွေ၊ ချောင်းတွေ စွန့်ပစ်မြေစာတွေ မပုံသေးသရွေ့၊ သန့်သန့်ရှင်းရှင်း မလုပ်သေးရင် ကျမတို့ ပိတ်လိုက်ပါတယ်။ ပိတ်ထားတာ (၁) နှစ်ကျော်လောက် ကြာပါတယ်။

မေး ။ ။ ကျောက်မီးသွေး

ဖြေ ။ ။ ကျောက်မီးသွေးကိုလည်း ပိတ်ထားပါတယ်။

မေး ။ ။ အခုတူးနေတဲ့ ကျောက်မီးသွေးကို

ဖြေ ။ ။ ပိတ်ထားပါတယ်။ ဘန်ချောင်းဒေသမှာပါ။ အဲဒီမှာလည်း ကျောက်မီးသွေး မြေစာတွေ။ သူတို့က ကျောက်မီးသွေး သက်ရင့်တွေကိုယူတယ်။ သက်နုတွေကို ပုံလိုက်တယ်။ ပုံထားတဲ့ ကျောက်မီးသွေးတွေက သူ့အလိုလို မီးလောင်းတယ်။ အဲဒီက အခိုအငွေ့တွေကို ပြည်သူတွေကို ပြည်သူတွေကို ဒုက္ခပေးတယ်။ ပိတ်ရမယ်။ ကျောက်မီးသွေးမိုင်းက ပိတ်ထားတာ (၉) လလောက် ရှိပါပြီ။ အဲဒီတော့ ကျမကို ပြောပါတယ် - ကျမတို့မှာ သတ္တုတွင်း စောင့်ကြည့်ရေးအဖွဲ့ Surveillance ဖွဲ့ပါတယ်။ ရွာက ရွာလူကြီးတွေ။ သက်ဆိုင်ရာ ဟိန်နားတို့ ဘာတို့မှာဆိုရင် ခရစ်ယာန် ကရင်ဘာသာရေးဆရာတွေနဲ့ ဒေသခံတွေနဲ့ သတ္တုတွင်း စောင့်ကြည့်ရေးအဖွဲ့ဆိုပြီးတော့ ဖွဲ့ပါတယ်။ ဒီသတ္တုစောင့်ကြည့်ရေးအဖွဲ့နဲ့ တိုင်းသတ္တုတွင်း ဝန်ကြီးတို့က (၃) လ (၁) ကြိမ် စည်းဝေးကြပါတယ် - ကျနော်တို့ သတ္တုတွင်းမှာတော့ ဘယ်လိုဖြစ်နေတယ်။ ကျနော်တို့ သတ္တုတွင်းမှာ ဘယ်လိုပုံစံ ဖြစ်နေတယ်။ ဝန်ကြီးက အဆင်မပြေလို့ရှိရင် ဆင်းကြည့်ပါတယ်။ တကယ်တမ်း မှန်နေတယ်ဆိုရင် ကျမတို့ အဲဒီမိုင်းကို ပိတ်ပါတယ်။ ဒီလိုပဲ ကျမတို့ အရေးယူခဲ့ပါတယ်။

မေး ။ ။ Personally frustrate ဖြစ်တဲ့ Issues တွေ ဝန်ကြီးချုပ်ဆီမှာ အများကြီး ရှိမှာပဲ။ ကိုယ့်က ဒီဥပဒေကို ပြဌာန်းချင်တယ်။ လွှတ်တော်က သဘောမတူတာ ရှိမယ်။ ကိုယ်လုပ်ချင်တဲ့ Project အတွက် လုံလောက်တဲ့ ရန်ပုံငွေ မရှိတာ ဖြစ်ကောင်းဖြစ်မယ်။ ဝန်ကြီးချုပ် Personally တကယ်ကို ပုဂ္ဂိုလ်ရေးအရ ကိုယ်ကလည်း လိုလိုလားလား ဖြစ်စေချင်တဲ့ Pet Projects လေးတွေ ရှိတယ်မဟုတ်လား။ အဲဒီဟာမျိုး စိတ်ညစ်မိတဲ့ စီမံကိန်းတွေ၊ လုပ်ငန်းတွေ၊ Frustrate ဖြစ်တာတွေ ဘာတွေရှိလဲ။

ဖြေ ။ ။ အဓိကတော့ ကျမတို့ပြည်သူကို ဒီမိုကရေစီဖယ်ဒရယ် လုပ်နေတယ်လို့ ပြောလို့ရှိရင် ပြည်သူက ဒီမိုကရေစီဖယ်ဒရယ်ရဲ့ အနှစ်သာရတွေကို သိရပါမယ်။ အထူးသဖြင့် လူငယ်ကွန်မြူနီတီမှာဆိုရင် ကျမ သိစေချင်တယ်။ အဲဒါတွေကို ကျမတို့အစိုးရ မလုပ်ပေးနိုင်ဘူး။ အားနည်းနေသေးတယ်။ ဒီမိုကရေစီ ဖယ်ဒရယ်ဆိုတာ ဘယ်လိုမျိုး။ ဒီမိုကရေစီဆိုတာ ဘယ်ကိုအခြေခံလဲ။ ဒီမိုကရေစီရဲ့ အဓိက အကြောင်းအရာတွေကို ကျမတို့ ပညာမပေးနိုင်သေးဘူး။ ပညာ ပေးနိုင်မပေးနိုင်ဆိုတာ ကျမတို့ NLD ပါတီကို ဆိုလိုခြင်း မဟုတ်ဘူး။ ပြည်သူထဲကို ထဲထဲဝင်ဝင်နဲ့ ဥပမာ ကျောင်း၊ တက္ကသိုလ်တွေမှာ သင်တန်းတွေ အခုလို ကျောင်းပိတ်ချိန်မှာ ကလေးတွေကို ဒီမိုကရေစီဖယ်ဒရယ် သင်ကြားပေးရမယ်။ ကျမတို့ ဒီမိုကရေစီဖယ်ဒရယ် သွားနေတယ်ဆိုပြီးတော့ ကလေးတွေက ဘာမှမသိဘဲနဲ့ သွားချင်တဲ့လမ်း သွားနေလို့ မရဘူး။ အားလုံးက ဒီမိုကရေစီဖယ်ဒရယ်ကို သွားရမှာ .. ဒီဟာကို ကျမ သိပ်လုပ်ချင်တယ်။

ကျမတို့ကတော့ နိုင်ငံရေးသမားတွေသက်သက်ဆိုတော့ ဒီကိစ္စကို ကျမ လုပ်ချင်တယ်။ နောက်ပြီးတော့ ပြည်သူတွေက ပရဟိတလုပ်ငန်းခေါ်တဲ့ ကျမတို့ မြန်မာနိုင်ငံဆိုတာ အကိုကြီးတို့လည်း သိပါတယ် - နှစ်အတော်ကြာကြာ ပရဟိတလုပ်ငန်းကို အားမပေးတဲ့ နိုင်ငံဖြစ်ခဲ့လို့ မရဟိတလုပ်ငန်း ဆောင်ရွက်ချက်လေးတွေကို ကျမ အားပေးချင်တယ်။ ဥပမာ လူအိုရုံလုပ်ငန်း၊ ဆေးကုတဲ့ အဖွဲ့အစည်းလေးတွေ၊ အခမဲ့ လုပ်ငန်းတွေ။ ဒါတွေကို ကျမတို့ ကူညီပေးချင်တယ်။ ကျမဆိုရင် အစောပိုင်းက အခမဆေးကုတဲ့ လုပ်ငန်း လုပ်ခဲ့တာ (၅) နှစ်တိတိ ဒီအတိုင်းလုပ်တာ။ ကရင်ရွာတွေသွားတယ်။ ကလေးတွေလည်းတင်တယ်။ ခွေးတွေလည်း တင်တယ်။ စားအိုးစားခွက်တွေယူပြီးတော့ သွားခဲ့တယ်။ ပဲချောင်းဖျားတွေ ကျမ သွားခဲ့တဲ့ နေရာတွေ။

ကျမ ဆေးကုတယ်။ Health Education ပေးတယ်။ ထမင်းနဲ့ ပိန်းဥတွေကြီး စားနေလို့ မရဘူး။ မင်းတို့ အသားစားရမယ်။ ဝက်မွေး၊ ကြက်မွေး - အဲဒီလိုလေးတွေ လုပ်ခဲ့တယ်။ ကျမက တောထဲမှာပျော်တဲ့ လူမျိုးပါ။ ကရင်လူမျိုးလည်း ဖြစ်တော့။ ကရင်သွေးပါတော့ ကရင်လူမျိုးတွေအတွက် မဟုတ်ပါဘူး၊ ဗမာတွေလည်း ပါပါတယ်။ အဲဒီ ကွန်မြူနီတီကြားမှာ နေခဲ့တဲ့လူပါ။ ကျမ ရွေးခံခံရတော့မှ မြို့ပေါ်ရောက်လာသူပါ။ ကျမအနေနဲ့ အုပ်ချုပ်ရေးကို အိပ်မက်ကို တခါမှ ထည့်မမက်ဘူးတဲ့ ကိစ္စတွေ ဖြစ်ပါတယ်။ ကျမအနေနဲ့ တော်တော်လေး Challenges တွေ ဖြစ်ခဲ့ပါတယ်။ နောက်ပြီးတော့ ဘာသာရေး - ဘာသာရေးဆိုရင် ကျမက ဗုဒ္ဓဘာသာ မဟုတ်ဘူးဆိုတော့ ဗုဒ္ဓဘာသာတွေရဲ့ အခင်းအကျင်းတွေမှာ တော်တော်များများ ကျမ ပါဝင်မဆောင်ရွက်ဘူး။ ဒါပေမဲ့ ကျမ လှူတယ်၊ ကူညီတယ်။ လုပ်ဆောင်စရာရှိရင် ကျမ့ခင်ပွန်း ဗုဒ္ဓဘာသာပါ။ ကျမ ခင်ပွန်းကို လုပ်ခိုင်းတယ်။ အဲဒီလိုမျိုးလေးတွေ ရှိပါတယ်။

ဒါပေမဲ့လဲ ကျမ နားထောင်ကြည့်ရသလောက်တော့ ဗုဒ္ဓဘာသာအသိုင်းအဝိုင်းကလည်း ကျမကို လက်ခံပါတယ်။ ဝန်ကြီးချုပ်က လှူတယ်တန်တယ်၊ ဘာသာရေး မခွဲခြားဘူး လုပ်ပါတယ်။ ဒါပေမဲ့လို့ နည်းနည်းတော့ ဥပမာ ကျမက ကချင်ပြည်နယ်ဘက်မှာ ဝန်ကြီးချုပ် ဖြစ်မယ်ဆိုရင်တော့ သိပ်ပြီးတော့ ပြဿနာ မရှိဘူး။ လိုက်လျောညီထွေ ရှိတယ်။ ကရင်ပြည်နယ်မှာဆိုရင်လည်း ကျမ လုပ်လို့ရသေးတယ်။ အခုလို Buddhism Community မှာ လုပ်ရတော့ နည်းနည်းတော့ အခက်အခဲ ဖြစ်ပါတယ်။ ဒါလေးတခုတော့ ရှိပါတယ်။ ဥပမာ ဘုရားတွေ ဘာတွေကိစ္စဆိုရင် ကျမနဲ့ အဆင်မပြေဘူး။ ဘုန်းကြီးနဲ့လည်း စကားပြောလို့ အဆင်မပြေ။ အဲဒီတော့ ကြားထဲက လူတွေနဲ့ဆိုတော့လည်း နည်းနည်း ကိုယ်လိုချင်တဲ့ စကားတွေ မရောက်ဘူး၊ ဘာတွေညာတွေ ရှိပါတယ်။ ဒါပေမဲ့လို့ ကျမတို့က ဘယ်ဘာသာမဆို မေတ္တာတရားနဲ့သွားတဲ့ ဘာသာဆိုရင် ကျမ လက်ခံပါတယ်။ ဗုဒ္ဓရဲ့ အဆုံးအမတွေလည်း ကျမ ဖတ်ဖူးပါတယ်။ ကျမ လေ့လာပါတယ်။ မူစလင်ရဲ့ ဆုံးမစာတွေလည်း ကျမ လေ့လာပါတယ်။ ဘာသာတိုင်းက ကောင်းပါတယ်။ လူတွေက မေတ္တာတရား နည်းနေလို့သာ ဖြစ်တာပါ။ ကျမက အဲဒီလိုပဲ လက်ခံပါတယ်။ ဘာသာရေးကိုလည်း လိုက်စားပါတယ်။ အားလုံးကိုလည်း လှူပါတယ်။

မေး ။ ။ ဝန်ကြီးချုပ် ကျေးဇူးအများကြီးတင်ပါတယ်။ အခုလို စိတ်ရှည်လက်ရှည် အကြာကြီး ရှင်းပြပေးတာ။

XS
SM
MD
LG