သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အပြောင်းအလဲအတွက် တိုက်ပွဲဝင်နေသူ


ဗဟန်းမြို့နယ် အမှတ် (၂) တသီးပုဂ္ဂလ ကိုယ်စားလှယ် ဒေါက်တာညိုညိုသင်း
ဗဟန်းမြို့နယ် အမှတ် (၂) တသီးပုဂ္ဂလ ကိုယ်စားလှယ် ဒေါက်တာညိုညိုသင်း

ဒီတပတ် မြန်မာ့အရေး ဆွေးနွေးခန်းမှာ အပြောင်းအလဲ ဖြစ်စေချင်တယ်ဆိုရင် အပြောင်းအလဲဖြစ်အောင် ကိုယ်တိုင် ဖန်တီးရမယ်လို့ ရန်ကုန်တိုင်းဒေသကြီး ဗဟန်းမြို့နယ်အမှတ် (၂) လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာညိုညိုသင်းက ပြောလိုက်ပါတယ်။ ပြီးခဲ့တဲ့ (၅) နှစ်အတွင်း တိုင်းဒေသကြီးလွှတ်တော်ထဲမှာ မလုပ်နိုင်ခဲ့တာတွေကို ပြည်ထောင်စု လွှတ်တော်အဆင့်မှာ ဆက်လုပ်သွားချင်တဲ့အတွက် တသီးပုဂ္ဂအနေနဲ့ ရွေးကောက်ပွဲ ထပ်ဝင်မယ်လို့ VOA နဲ့ မေးမြန်းခန်းမှာ သူကပြောပါတယ်။ အမျိုးသမီးကိုယ်စားလှယ်တယောက် ဖြစ်နေတာကြောင့်ရော၊ တသီးပုဂ္ဂလ ကိုယ်စားလှယ် ဖြစ်နေတာကြောင့်ပါ လွှတ်တော်ထဲမှာ အခက်အခဲ စိန်ခေါ်မှုတွေကို ရင်ဆိုင်ကြုံတေ့ွရတယ်လို့ ဒေါက်တာညိုညိုသင်းက ပြောပါတယ်။ ပြီးခဲ့တဲ့ (၅) နှစ်လွှတ်တော်အတွင်း ဘယ်လိုကိစ္စတွေကို အောင်မြင်အောင် လုပ်နိုင်ခဲ့သလဲ။ ရှေ့ဆက် ဘာတွေ လုပ်သွားဖို့ရှိသလဲဆိုတာကို VOA ရန်ကုန်ရုံးတာဝန်ခံ ဒေါ်ခင်စိုးဝင်း က ဒေါက်တာညိုညိုသင်း ကို တေ့ွဆုံမေးမြန်းထားပါ။

ဒေါ်ခင်စိုးဝင်း ။ ။ မင်္ဂလာပါရှင်။ ကျမတို့ ဗွီအိုအေ အမေရိကန်အသံ စတူဒီယိုရုံးခန်းထဲကိုလာပြီးတော့ တွေ့ဆုံမေးမြန်းခွင့်ပြုတဲ့အတွက် ကျေးဇူးအများကြီး တင်ပါတယ်ရှင့်။

ဒေါ်ညိုညိုသင်း ။ ။ မင်္ဂလာပါရှင်။ ကျမကလည်း ကျေးဇူးတင်ပါတယ်ရှင်။

ဒေါ်ခင်စိုးဝင်း ။ ။ ဒေါက်တာဒေါ်ညိုညိုသင်းအနေနဲ့ လာမယ့် ၂၀၁၅ ရွေးကောက်ပွဲမှာ ဗဟန်းမြို့နယ်ကနေ တသီပုဂ္ဂလ ကိုယ်စားလှယ်၊ လွှတ်တော်ကိုယ်စားလှယ်အဖြစ် ဝင်ရောက်အရွေးခံဖို့ ဆုံးဖြတ်ပြီးပြီလို့ ကြားရပါတယ်။ အဲဒီ ဆုံးဖြတ်ချက်လေးနဲ့ ပတ်သက်ပြီး နည်းနည်းလေး ရှင်းပြပေးလို့ ရမလားမသိဘူးရှင့်။

ဒေါ်ညိုညိုသင်း ။ ။ ကျမကတော့ ပွင့်ပွင့်လင်းလင်း ပြောရရင် ကျမက ဒီ ၂၀၁၅ ရွေးကောက်ပွဲကို အစက မဝင်တော့ဘူးလို့ ထားခဲ့တာပါ။ ဒါပေမဲ့လဲ ကျမကို NLD က မိတ်ဆွေများက ဖိတ်ခေါ်မှုကြောင့် ဝင်ဖို့ ဆုံးဖြတ်ပြီးတော့ NLD နဲ့ လက်တွဲမယ်ဆိုပြီးတော့ ဝင်ရောက်ခဲ့တာပါ။ ဒါပေမဲ့ နောက်ဆုံးတော့ အကြောင်းအမျိုးမျိုးကြောင့် တသီးပုဂ္ဂလအနေနဲ့ ဝင်ပြိုင်ဖို့ အနေအထား ဖြစ်လာတယ်ပေါ့။ အဲဒီတော့ တသီးပုဂ္ဂလအနေနဲ့ ဝင်ပြိုင်ဖို့ ဆုံးဖြတ်ချက်ကို ကျမ ခက်ခက်ခဲခဲ ချခဲ့ရခြင်း ဖြစ်ပါတယ်။ နောက် ပြည်သူလူထုရဲ့ ဖိအား၊ ကျမကို လွှတ်တော်ထဲမှာ မြင်ချင်တဲ့ လူထုလူတန်းစားအသီးသီးရဲ့ ဖိအားတွေကို ကျမ ဘယ်လိုမှ မလွန်ဆန်နိုင်ပါဘူး။ တခါ ကျမအနေနဲ့လည်း လွှတ်တော်ထဲမှာ အများကြီး လုပ်စရာတွေ ကျန်နေပါသေးတယ်။ ကျမ လွှတ်တော်ကာလ (၅) နှစ်တာ ကာလအတွင်းမှာ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်တယောက်အနေနဲ့ ဖွဲ့စည်းပုံ အခြေခံရဲ့ အတားအဆီးတွေကြောင့် ကျမ မလုပ်နိုင်ခဲ့တာတွေကို ပြည်ထောင်စုအဆင့်မှာ သွားပြီးတော့လုပ်ဖို့အတွက်လည်း ကျမအနေနဲ့ အများကြီး တာဝန်တွေ ရှိသေးတယ်လို့ ခံယူတဲ့အတွက်ကြောင့်မို့ အခုလို ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ဝင်ရောက်ယှဉ်ပြိုင်ဖို့ ဆုံးဖြတ်ခဲ့ရခြင်း ဖြစ်ပါတယ်။

ဒေါ်ခင်စိုးဝင်း ။ ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ကနေ ဒေါက်တာညိုညိုသင်းရဲ့ လျှောက်လွှာ ကိုယ်စားလှယ်လောင်းအဖြစ် တင်သွင်းတဲ့လျှောက်လွှာကို ဘာကြောင့် ပယ်လိုက်တယ်ဆိုတာကို အကြောင်းပြချက် ရှိပါလားရှင့်။

ဒေါ်ညိုညိုသင်း ။ ။ ကျမကတော့ သြဂုတ်လ (၃) ရက်နေ့မှာ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ကို မေးခွန်းလေး စုံစမ်းမေးမြန်းခဲ့ပါတယ်။ ဘာကြောင့်လဲဆိုတော့ ပြည်သူလူထုက ကျမကို မေးလို့ပါ။ ဆရာမကို ဘာကြောင့် NLD က ကိုယ်စားလှယ်စာရင်းကနေ ပယ်လိုက်တာလဲဆိုတာ ဆရာမ မမေးကြည့်ဘူးလားဆိုတော့ ကျမလည်း မေးခွန်းမေးမြန်းရတာပေါ့။ စုံစမ်းမေးမြန်းဖို့ တာဝန်ရှိလို့ ကျမ စုံစမ်းမေးမြန်းခဲ့ပါတယ်။ ဒါပေမဲ့လဲ သတ်မှတ်ကာလတခုအထိ ဖြေကြားချက်မရတဲ့အတွက်ကြောင့်မို့ ကျမ ဒီကိစ္စကို ပြည်ဖုံးကားချပြီးတော့ ကျမ တသီးပုဂ္ဂလအနေနဲ့ပဲ ဝင်ပြိုင်ဖို့ ဆုံးဖြတ်ခဲ့တာပါ။

ဒေါ်ခင်စိုးဝင်း ။ ။ နောက်တခု သိချင်တာက လွှတ်တော်သက်တမ်း (၅) နှစ်ကာလအတွင်းမှာ ရန်ကုန်တိုင်းဒေသကြီး ဗဟန်းမြို့နယ်ကို ကိုယ်စားပြုပြီးတော့ လွှတ်တော်ကိုယ်စားလှယ်တယောက်အနေနဲ့ စွမ်းဆောင်ခဲ့တာတွေကို အများပြည်သူကနေ ထောက်ခံချက်တွေ အများကြီးရတာတွေကိုလည်း ကျမတို့ သတင်းတွေထဲမှာ သိပါတယ်။ ကျမတို့ကိုယ်တိုင်လည်း တွေ့မြင်နေတာပါ။ အဲဒီ သက်တမ်းတလျှောက်မှာ ကိုယ်အဆိုပြုခဲ့တဲ့ဟာ၊ ကိုယ်ထောက်ခံတဲ့ဟာ အောင်မြင်မှုရခဲ့တဲ့ အတိုင်းအတာတွေ ရှိသလို၊ မအောင်နိုင်ခဲ့တာတွေလည်း အများကြီးပေါ့။ ကျမ အဲဒီအထဲမှာ မှတ်မှတ်ရရလေးပေါ့ ရန်ကုန်မြို့သစ်စီမံကိန်းနဲ့ ပတ်သက်ပြီး ဒေါက်တာညိုညိုသင်းရဲ့ ဆောင်ရွက်ချက်ကလေးတွေ။ အဲဒီအပေါ်မှာ ဒေါက်တာညိုညိုသင်းအနေနဲ့ ဘယ်လို သုံးသပ်လို့ရလဲ။ အောင်မြင်ခဲ့တယ်လို့ ယူဆလား။ ဘယ်လို ယူဆပါလဲ။

ဒေါ်ညိုညိုသင်း ။ ။ ကျမကတော့ ရန်ကုန်မြို့သစ်စီမံကိန်းနဲ့ ပတ်သက်ပြီးတော့ ကျမတို့ ပြည်သူလူထုအနေနဲ့ အောင်မြင်မှု ကြီးကြီးမားမား ရရှိခဲ့တယ်လို့ ခံယူထားပါတယ်။ အခုတော့ ရန်ကုန်တိုင်းအစိုးရအဖွဲ့အနေနဲ့ ပြန်လည်အကောင်အထည်ဖော်ဖို့ ကြိုးစားတာပေါ့။ ဒါပေမဲ့ ကြိုးစားပေမယ့်လဲ စည်းမဲ့ကမ်းမဲ့ ဗရမ်းဗတာတော့ လုပ်လို့ မရတော့ပါဘူး။ ဥပဒေနဲ့ စည်းမျဉ်းနဲ့ လွှတ်တော်ကို တင်သင့်တင်ထိုက်တာတွေတင်ပြီး၊ တင်ဒါစည်းကမ်းချက်တွေနဲ့အညီ ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ အဲဒီတော့ ဒီမြို့သစ်စီမံကိန်းကို အကောင်အထည်ဖော်ရင်တောင်မှ ဒီ အကောင်အထည်ဖော်တာကို တာဝန်ယူပြီး ဆောင်ရွက်ရမယ့်အစိုးရ၊ နောက်အစိုးရဖြစ်တယ်။ နောက်အစိုးရဖြစ်တဲ့အတွက်ကြောင့် ကျမအနေနဲ့ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်မှာ အစိုးရကို မေးမြန်းခဲ့တဲ့ မေးခွန်းတွေကို အခြေခံပြီးတော့ နောင်တိုင်းဒေသကြီး လွှတ်တော်က၊ ရန်ကုန်တိုင်းလွှတ်တော်က နောက်အစိုးရကို မေးခွန်းများစွာ ဆက်လက်မေးမြန်းနိုင်မှာ ဖြစ်တဲ့အတွက်ကြောင့်မို့ ကျမဟာ မြို့သစ်စီမံကိန်းအတွက်ဆိုလို့ရှိရင် တကယ့်ကို မျိုးစေ့ကောင်းတွေ၊ အစိုးရကို ထိန်းကြောင်းပေးဖို့ မျိုးစေ့ကောင်းတွေ ချမှတ်ပေးခဲ့ပြီ ဖြစ်ပါတယ်။ နောက်လွှတ်တော်သက်တမ်းမှာ ပါဝင်တဲ့ ပြည်သူ့ဘက်တော်သားများက ဆက်လက်ပြီးတော့ ရန်ကုန်တိုင်းအစိုးရကို ဒီမြို့သစ်စီမံကိန်းနဲ့ ပတ်သက်ပြီးတော့ ထိန်းကျောင်းသွားနိုင်မယ်လို့ ယူဆပါတယ်။ ဒါကြောင့်မို့ ဒီ စီမံကိန်းဟာ အခုပြန်လည်အကောင်အထည်ဖော်ဖို့ ကြိုးစားနေသည် ဖြစ်သော်လည်းပဲ ပြည်သူလူထုအတွက် တကယ်အကျိုးရှိမယ့် စီမံကိန်းတခု ဖြစ်လာအောင် ဘယ်အစိုးရပဲတက်တက်၊ နောင့်လာမယ့်လွှတ်တော်က ထိန်းကျောင်းသွားနိုင်တဲ့ အနေအထားရှိတဲ့အတွက်ကြောင့်မို့ ဒါ အောင်မြင်တယ်လို့ ကျမ ပြောရမှာပါ။

ဒေါ်ခင်စိုးဝင်း ။ ။ နောက် ရွှေတိဂုံ ပရဝုဏ်နဲ့ မနီးမဝေးမှာ တည်ရှိမယ့်၊ ဆောက်လုပ်ဖို့ လုပ်ခဲ့တဲ့ Dagon City စီမံကိန်းနဲ့ ပတ်သက်ပြီးတော့လည်း ဒေါက်တာညိုညိုသင်း တော်တော်လေး အားထုတ်ခဲ့တယ်လို့ ကြားရပါတယ်။ အဲဒီကိစ္စနဲ့ ပတ်သက်လိုကော နောက်ဆုံးအခြေအနေလေး ပြောပြပေးပါအုံး။

ဒေါ်ညိုညိုသင်း ။ ။ ရွှေတိဂုံစေတီ ပတ်ဝန်းကျင်မှာရှိတဲ့ သိင်္ဂုတ္တရကုန်းမြေနားမှာရှိတဲ့ စီမံကိန်းတွေကို ရပ်ဆိုင်းပေးဖို့ကိစ္စကို ကျမက လွှတ်တော်မှာ လွှတ်တော်ရဲ့ ဥပဒေအရ အစောကြီးကတည်းက တင်ထားခဲ့ရတာပါ။ တချို့မီဒီယာတွေမှာ တချို့သော ပုဂ္ဂိုလ်တွေက ပြောဆိုကြတာ ရေပန်းစားတဲ့ကိစ္စတွေ မတိုင်ခင်ကတည်းက ကျမ လွှတ်တော်မှာ အကြာကြီးတင်ထားခဲ့ရတဲ့ ကိစ္စဖြစ်တယ်။ ဒါပေမဲ့ လွှတ်တော်ရဲ့ စည်းမျဉ်းစည်းကမ်းတွေအရ ကျမက ပြင်ပကို ထုတ်ဖော်ပြောကြားနိုင်ခဲ့ခြင်း မရှိဘူးပေါ့။ ကျမ အဆိုတင်ထားတဲ့ကိစ္စကိုပေါ့။ အဲဒီတော့ ဒီအဆိုကို ပြီးခဲ့တဲ့ ရန်ကုန်တိုင်းဒေသကြီးမှာ ဆွေးနွေးတင်ပြတဲ့အခါ ကျမအနေနဲ့ ပြင်းပြင်းထန်ထန် ဒီ စီမံကိန်းကို ကန့်ကွက်ခဲ့ပါတယ်။ ကန့်ကွက်ခဲ့ပေမယ့် ထုံစံအတိုင်းပဲ ကျမတို့ ရန်ကုန်တိုင်းဒေသ အစိုးရအဖွဲ့က ကျမရဲ့ ကန့်ကွက်ချက်တွေကို လက်မခံပါဘူး။ ဒီ စီမံကိန်းတွေဟာ ပြည်ထောင်စုအစိုးရက လုပ်တာဖြစ်တယ်။ ရန်ကုန်တိုင်းအစိုးရက သိရှိချင်းမရှိပါဘူးဆိုပြီး ကျမရဲ့အဆိုတွေကို ပယ်ချခဲ့ပါတယ်။ သို့သော်လဲ ကျမရဲ့ဘက်က ပြည်သူလူထုဖက်က မားမားမတ်မတ် ရပ်တယ့် မီဒီယာတွေရဲ့ ကျေးဇူးကြောင့် ဒီကိစ္စက တိုင်းသိပြည်သိကိစ္စ ဖြစ်ပါတယ်။ ဒါကြောင့်မို့လဲ တချို့သော အစုအဖွဲ့များ၊ သံဃာတော်များ ဦးဆောင်တဲ့အဖွဲ့တွေက ဆက်လက်ပြီးတော့ ကျမလွှတ်တော်ထဲမှာ မပြီးဆုံးခဲ့တဲ့ တာဝန်ကိုယူပြီးတော့ ဆက်လက်ပြီး လူထုလူတန်းစားပေါင်းစုံနဲ့ တိုက်ပွဲဆင်နွှဲတဲ့အခါမှာ အခုလိုမျိုး စီမံကိန်းကြီးတခုလုံး ရပ်စဲသွားတဲ့အထိ ဖြစ်သွားတဲ့အတွက်ကြောင့် ကျမတို့သည် ရွှေတိဂုံစေတီမြတ်ကြီးကို ကာကွယ်နိုင်ခဲ့သည် ဖြစ်ပါတယ်။ အဲဒီအတွက်ကြောင့်လည်း ကျမက ဘဝတလျှောက်လုံးမှာ အမြဲတမ်း ဂုဏ်ယူနေမယ့်ကိစ္စ ဖြစ်ပါတယ်။

ဒေါ်ခင်စိုးဝင်း ။ ။ ဒေါက်တာညိုညိုသင်းအနေနဲ့ ကိုယ်ကိုယ်တိုင်လည်း အမျိုးသမီး ဖြစ်တယ်။ အမျိုးသမီးဖြစ်တဲ့အပြင်ကို အမျိုးသားတွေ အများစုလွှမ်းမိုးနေတဲ့ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်မှာ တဦးတည်းမားမားမတ်မတ် ရပ်တည်တဲ့အခါမှာ ပြုပြင်ပြောင်းလဲရေးကို မလိုလားတဲ့လူတွေ ရှိကောင်းရှိပါလိမ့်မယ်။ ဒါပေမဲ့လဲ ဒေါ်ညိုညိုသင်းရဲ့ ပြောင်းလဲဖို့ တွန်းအားပေးနေတဲ့ တွန်းအားတွေကို တချို့ မကြိုက်နှစ်သက်တာ၊ မထောက်ခံတာတွေ ရှိမှာပေါ့။ အဲဒီတော့ စိန်ခေါ်မှုတွေ အများကြီးနဲ့ ရင်ဆိုင်နေရတယ်လို့ ကျမ ကြားသိခဲ့ပါတယ်။ ခြိမ်းခြောက်မှုတွေတောင် ခံခဲ့ရတယ်လို့ တချို့သတင်းတွေက ပြောပါတယ်ဆိုတော့ အဲဒီ အတွေ့အကြုံတွေနဲ့ ပတ်သက်လို့ ဘာများပြောချင်ပါလဲရှင့်။

ဒေါ်ညိုညိုသင်း ။ ။ ကျမရဲ့ လွှတ်တော်သက်တမ်းတလျှောက်မှာ မမေ့နိုင်တဲ့ ဖြစ်ရပ်တွေ လွှတ်တော်ထဲမှာ ရှိခဲ့ပါတယ်။ တနေ့ကျရင်တော့ ဒါတွေကို ပြန်ပြီးတော့ ပြောနိုင်တဲ့ အခွင့်အရေးတွေ ရနိုင်မယ်လို့ ကျမ ထင်ပါတယ်။ စိန်ခေါ်မှုတွေကတော့ အများကြီးပါပဲ။ အထူးသဖြင့် အမျိုးသမီးလွှတ်တော်ကိုယ်စားလှယ် ဖြစ်တဲ့အတွက်ကြောင့်မို့ ကျမကို မထိလေးစား နည်းအမျိုးမျိုးနဲ့ ခြိမ်းခြောက်တာတွေကို ကြုံတွေ့ခဲ့ရပါတယ်။ အနုနည်းနဲ့ ခြိမ်းခြောက်တာ၊ အကြမ်းနည်းနဲ့ ခြိမ်းခြောက်တာ၊ ဒီဘက်ကနည်းနဲ့ စီးပွားရေးနဲ့ ခြိမ်းခြောက်တာ၊ လူမှုရေးနဲ့ ခြိမ်းခြောက်တာ၊ နောက်ဆုံးအဆင့်ဆိုရင် မြို့သစ်စီမံကိန်းပြီးတဲ့ကာလ၊ မြို့သစ်စီမံကိန်း ဖြစ်နေတဲ့ကာလဆိုရင် အသက်အန္တရာယ်အထိ ခြိမ်းခြောက်တာတွေဖြစ်တယ်။ နောက်ပိုင်းမှာလဲ ၂၀၁၅ ရွေးကောက်ပွဲဝင်လို့ရှိရင်တော့ ဘာဖြစ်မယ်၊ ညာဖြစ်မယ်ဆိုတဲ့ ခြိမ်းခြောက်သံတွေအထိ ဖြစ်လာခဲ့ပါတယ်။ ဒါပေမဲ့ ကျမကတော့ ဆုံးဖြတ်ထားတာရှိပါတယ်။ လူဆိုတာ တသက်မှာ တခါပဲ သေရတာပေါ့။ ကျမကတော့ ဆက်တိုက်ပဲ မှန်တယ်၊ ပြည်သူ့အကျိုးစီးပွားဘက်က မားမားမတ်မတ်ရပ်ပြီးတော့ ကာကွယ်သွားမယ်လို့ ကျမ သံဓိဌာန်ချထားတယ်။ ကျမ ၂၀၁၀ ရွေးကောက်ပွဲ ဝင်တုန်းကလဲ ကျမ ပြည်သူလူထုကို ပြောခဲ့တာ ရှိပါတယ်။ ကျမရဲ့ message က အပြောင်းအလဲလိုချင်ရင်၊ အဲဒီ အပြောင်းအလဲကို ကိုယ်ကိုယ်တိုင် ဖန်တီးပါ။ အင်္ဂလိပ်လိုဆိုရင်တော့ be the shake you want ပေါ့။ အဲဒီတော့ အပြောင်းအလဲကို လိုချင်ရင် ကိုယ်တိုင်ပြောင်းလဲမှ ဖြစ်မယ်။ ကျမတို့က သန့်ရှင်းတဲ့ အစိုးရ လိုချင်ရင် ကိုယ်ကိုယ်တိုင် သန့်ရှင်းတဲ့ ပုဂ္ဂိုလ်ဖြစ်အောင် နေဖို့ကတော့ အင်မတန် အရေးကြီးတယ်။ ခြစားမှုကင်းတဲ့ အစိုးရ လိုချင်ရင်၊ ကျမတို့ လွှတ်တော်တွေကလဲ ခြစားမှုကင်းတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ဖွဲ့ထားတဲ့ လွှတ်တော်ကြီး ဖြစ်ရမယ်။ တချိန်တည်းမှာပဲ ကျမ ပြောခဲ့တာရှိတယ်။ ကျမကို မေးတယ် ၂၀၁၀ ရွေးကောက်ပွဲတုန်းက “အန်တီ ရွေးကောက်ခံရလို့ရှိရင် ကျနော်တို့အတွက် ဘာလုပ်ပေးမလဲ” ဆိုတော့ အဲဒီကတည်းက ကျမပြောတယ် ကျမ လုပ်ပေးနိုင်မှာ မဟုတ်ဘူး။ ဒါပေမဲ့ material ပိုင်းက တံတားကြီးတွေဆောက်တာ၊ လမ်းကြီးတွေ ဖောက်တာတို့ ဒါမျိုးတွေ ကြီးကြီးကျယ်ကျယ် လုပ်ပေးနိုင်မှာ မဟုတ်ဘူး။ ဒါပေမဲ့ ပြည်သူလူထုရဲ့ အကျိုးစီးပွားကို အာဏာပိုင်များက ချိုးဖောက်ခဲ့သည်ရှိသော်၊ ပြည်သူပြည်သူချင်းဖြစ်တဲ့ ကိစ္စဆိုရင်တော့ ဝင်ရောက်စွက်ဖက်ဖို့ ခဲယဉ်းမယ်။ တကယ်လို့ ပြည်သူတွေရဲ့ အကျိုးစီးပွား၊ ရှင်တို့ရဲ့ အကျိုးစီးပွားကို အာဏာပိုင်တွေက ချိုးဖောက်မယ်ဆိုရင်တော့ ကျမက ရှင်တို့နဲ့အတူ လက်တွဲပြီးတော့ ကျမ တိုက်ပွဲဝင်မယ်ဆိုတဲ့ message ကို ကျမ ပြတ်ပြတ်သားသား ပေးခဲ့တယ်။ အဲဒီ မူအတိုင်းပဲ ကျမရဲ့ လွှတ်တော် (၅) နှစ် သက်တမ်းကိုလည်း ကျမ ဖြတ်သန်းတာ ဖြစ်ပါတယ်။ လူထုရဲ့ အကျိုးစီးပွား ထိခိုက်တဲ့ ကိစ္စရပ်မှန်သမျှကို စီမံကိန်း အကောင်အထည်ဖော်တဲ့လူက ဘယ်လောက်ပဲ သူ့ရဲ့နောက်မှာ ဘယ်လိုအင်အားကြီး ပုဂ္ဂိုလ်ကြီးတွေရှိရှိ ကျမ တစိုက်မတ်မတ် ကန့်ကွက်ခဲ့ပါတယ်။ ထောက်ပြခဲ့တယ်။ ဝေဖန်ခဲ့တယ်။ ဒါကြောင့်မို့ ကျမတို့ ဒီမိုကရေစီ စံနှုန်းနဲ့ မကိုက်ညီတဲ့ အစိုးရရဲ့ စီမံကိန်းတွေ တော်တော်များများ ဖြစ်မလာခဲ့ပါဘူး။ အဲဒီတော့ ပြည်သူ့အကျိုးစီးပွားကို ကျမက ဒီနည်းနဲ့ ကျမ ကာကွယ်နိုင်ခဲ့တယ်လို့ ယုံကြည်ပါတယ်။

ဒေါ်ခင်စိုးဝင်း ။ ။ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်မှာလည်း တခြားအမျိုးသမီး လွှတ်တော်အမတ်တွေ၊ တခြားပါတီက အမျိုးသမီးလွှတ်တော်အမတ်တွေလည်း ရှိပါလိမ့်မယ်။ အဲဒီ အမျိုးသမီးလွှတ်တော်အမတ်အချင်းချင်းမှာ ကူညီယိုင်းပင်းမှု ရှိပါလားရှင့်။

ဒေါ်ညိုညိုသင်း ။ ။ အဲဒါကတော့ ပွင့်ပွင့်လင်းလင်း ပြောရရင်တော့ အမျိုးသမီး လွှတ်တော်ကိုယ်စားလှယ်က ကျမတို့ဆီမှာ (၆) ဦးပဲ ရှိပါတယ်။ ခြောက်ဦးပဲရှိတော့ သူတို့ အသီးသီးသည် ကျမလို တသီးပုဂ္ဂလ မဖြစ်ဘူး။ ကျမကတော့ တသီးပုဂ္ဂလ ၂၀၁၂ ထဲက ဖြစ်လာတဲ့အခါကြတော့ ပိုပြီးလွတ်လပ်တယ်။ ပါတီရဲ့ စည်းမျဉ်းတွေ စည်းကမ်းတွေကို ကျမက လှည့်ကြည့်စရာ မလိုဘူးပေါ့။ ကျန်သော ကျမရဲ့ မိတ်ဆွေသူငယ်ချင်းများကတော့ သူတို့မှာ ပါတီက ချမှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်း၊ မူဝါဒတွေကို လိုက်နာရပါတယ်။ လိုက်နာရတဲ့အခါကြတော့ တော်တော်များများ ကျမရဲ့ အဆိုတွေမှာ၊ ကျမရဲ့ ထောက်ခံချက်တွေကို ကြည့်လိုက်လို့ရှိရင် အမျိုးသမီးထဲက ထောက်ခံသူဆိုလို့ တဦးပဲ ရှိပါတယ်။ အဲဒါကတော့ အမျိုးသားဒီမိုကရေစီပါတီသစ်ကပါ ဒေါ်စန်းစန်းမြင့် ပါ။ ကျမ ကျေးဇူးတင်ပါတယ်။

ဒေါ်ခင်စိုးဝင်း ။ ။ ဘာပဲပြောပြော လာမယ့် လွှတ်တော်ရွေးကောက်ပွဲမှာ အနိုင်ရခဲ့မယ်ဆိုလို့ရှိရင်လဲ တသီးပုဂ္ဂလအနေနဲ့ ပိုပြီးလွတ်လပ်မယ်လို့ ကျမ ယူဆပါတယ်။

ဒေါ်ညိုညိုသင်း ။ ။ ကျမလည်း အဲဒါကို ပိုပြီး သဘောကျပါတယ်။ သို့သော် ကျမ အဆိုတွေ တင်တဲ့အခါကြတော့ ပါတီတခုက မဟုတ်တဲ့အတွက်ကြောင့်မို့ လွှတ်တော်ထဲမှာ ကျမရဲ့ Agenda, Issue လွှတ်တော်ရဲ့ Agenda ထဲမှာပါအောင် ကြိုးစားဖို့ကတော့ အတော်ခက်ပါတယ်။ တသီးပုဂ္ဂလ ကိုယ်စားလှယ်ဖြစ်တဲ့အတွက်ကြောင့်မို့ လွှတ်တော်ရဲ့ Agenda ထဲ ထည့်တဲ့အခါမှာ အင်အားကြီးတဲ့ပါတီတွေ၊ အနိုင်ရတဲ့ပါတီတွေကို ဦးစားပေးပြီး Agenda ထဲမှာ ထည့်ချင်းအားဖြင့် ကျမရဲ့ Issues တွေ Agenda ထဲ မဝင်မှာကိုလဲ စိုးရိမ်ရတဲ့ အန္တရာယ်လည်း ရှိပါတယ်။ သို့သော်လဲ ကျမရဲ့ အားသာချက်က ကျမက လွှတ်တော်ထဲမှာ မပြောနိုင်လဲ လွှတ်တော်ပြည်ပမှာ နည်းအမျိုးမျိုးနဲ့ ပြောဆိုတင်ပြနိုင်တဲ့ အခွင့်အရေးကို မရရအောင် ယူနိုင်တဲ့လူ ဖြစ်တဲ့အတွက်ကြောင့် ပြည်သူ့အကျိုးစီးပွားကို လွှတ်တော်အတွင်း၊ လွှတ်တော်ပြင်ပကနေ တောက်လျှောက်ပြောနေနိုင်မှာ ဖြစ်ပါတယ်။ လွှတ်တော်ထဲရောက်ခဲ့ရင်တော့ ပိုပြီးတော့ ကောင်းတာပေါ့။

ဒေါ်ခင်စိုးဝင်း ။ ။ ကျေးဇူးအများကြီး တင်ပါတယ်ရှင်။

ဒေါ်ညိုညိုသင်း ။ ။ ကျမကလည်း ကျေးဇူးတင်ပါတယ်။

XS
SM
MD
LG