သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သမ္မတ၊ တပ်ချုပ်၊ ဒေါ်စု တွေ့ဆုံပွဲ သုံးသပ်ချက်


ဒီတပတ် မြန်မာ့ဒီမိုကရေစီရေးရာ ဆွေးနွေးခန်းအစီအစဉ်မှာ သမ္မတဦးသိန်းစိန်၊ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့နဲ့ ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံခဲ့ခြင်းဟာ မြန်မာနိုင်ငံမှာ ဒီမိုကရေစီအစိုးရသစ်တရပ် ပေါ်ထွန်းလာစေရေး ကောင်းမွန်တဲ့အဆင့်တဆင့် ဖြစ်တယ်လို့ မြန်မာ့အရေးအကဲခတ် ဒေါက်တာတင့်ဆွေ က ပြောလိုက်ပါတယ်။ ၁၉၉၀ ပြည့် ရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အနိုင်ရ လွှတ်တော်ကိုယ်စားလှယ်တယောက်ဖြစ်ပြီး အခု အမေရိကန်ပြည်ထောင်စု၊ အင်ဒီးယားနားပြည်နယ်မှာ နေထိုင်နေတဲ့ ဒေါက်တာတင့်ဆွေ ကို VOA မြန်မာဌာနမှူး ဦးသန်းလွင်ထွန်း က ဆက်သွယ်မေးမြန်း ဆွေးနွေးတင်ပြထားပါတယ်။

ဦးသန်းလွင်ထွန်း ။ ။ ပြီးခဲ့တဲ့ အထွေထွေရွေးကောက်ပွဲမှာ ပြည်လုံးကျွတ်နီးပါး အနိုင်ရရှိထားတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီဇင်ဘာလ (၂) ရက်နေ့က နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၊ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့နဲ့ သီးခြားဆီ တွေ့ဆုံဆွေးနွေးမှုတွေ လုပ်ခဲ့ပါတယ်။ ဒီလို ဆွေးနွေးမှုတွေနဲ့ ပတ်သက်ပြီးတော့ အခု အမေရိကန်ပြည်ထောင်စု Indianapolis မြို့မှာရှိနေတဲ့ ဒေါက်တာတင့်ဆွေ ကို ကျနော် ဆက်သွယ်မေးမြန်းထားပါတယ်။ ဆရာဦးတင့်ဆွေ ခင်များ … အခု တွေ့ဆုံဆွေးနွေးပွဲမှာ ဘာတွေပြောခဲ့တယ်။ ဘာတွေ ဆွေးနွေးခဲ့တယ်ဆိုတာ ဒေါ်အောင်ဆန်းစုကြည် နဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တို့က ထုတ်ဖော်ပြောကြားတာတွေ မရှိသေးပေမယ့် နိုင်ငံတော်သမ္မတရုံးရဲ့ အဆိုအရကတော့ အစိုးရသစ်၊ အဖွဲ့သစ်ကို တာဝန်တွေ ချောချောချူချူ လွှဲပေးနိုင်ရေးအတွက် ဆွေးနွေးခဲ့ကြတယ်လို့ ဆိုပါတယ်။ ဒါနဲ့ ပတ်သက်ပြီးတော့ ဆရာရဲ့ အမြင်ကို နည်းနည်းလေး ပြောပြပါလား။

ဦးတင့်ဆွေ ။ ။ နိုင်ငံတော်အစိုးရရဲ့ သတင်းစာတွေမှာ သတင်းခေါင်းစဉ်ကို ဖတ်လို့ရှိရင်တော့ အာဏာလွှဲပြောင်းပေးရေးမှာ နောက် အစိုးရသစ်ကို လွှဲပြောင်းပေးရေးမှာ စနစ်တကျနဲ့ ချောချောမွေ့မွေ့ လွှဲပြောင်းရေးလို့ သူက သုံးထားတယ်။ ဒီ အသုံးအနှုန်းက ဒီဆွေးနွေးပွဲမှာ အဓိက ခေါင်းစဉ် ဖြစ်မယ်ပေါ့။ အဲဒါကလဲ ကျနော်မြင်တယ် ဒါက ဖြစ်လည်းဖြစ်သင့်တယ်။ ဖြစ်လည်းဖြစ်ထိုက်တယ်လို့ ယူဆပါတယ်။

ဦးသန်းလွင်ထွန်း ။ ။ အခု ကျနော်တို့ ရင်ဆိုင်နေရတဲ့၊ လက်တွေ့ မြင်နေရတဲ့ အကြောင်းအရာက ဆရာကိုယ်တိုင် ကြုံခဲ့ရတဲ့ အခြေအနေနဲ့လဲ ပတ်သက်နေပါတယ်။ အထူးသဖြင့် ၁၉၉၀ တုန်းကဆိုရင် အထွေထွေရွေးကောက်ပွဲအပြီးမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က အဲဒီတုန်းကဆိုရင် အခုထက်တော့ ပိုပြီးတော့ ရာခိုင်နှုန်း များအုံးမလား မသိဘူး။ အသေအချာတော့ မသေချာပါဘူး။ အဲဒီတော့ အဲဒီတုန်းက အနိုင်ရပြီးတော့ အာဏာလွှဲပြောင်းပေးရေးဆိုတာကို တော်တော်နဲ့ လေသံတောင်မှ မဟတဲ့အပြင်ကို လမ်းကြောင်းသွေဖိသွားတာကို တွေ့ရတယ်။ ဒါပေမဲ့ အခုတခေါက်မှာတော့ တာဝန်တွေ လွှဲပြောင်းပေးမယ်ဆိုတာကို အစိုးရကိုယ်တိုင်က တရားဝင်ပြောကြားလာပြီ၊ ဆွေးနွေးမှုတွေ ဖြစ်လာပြီဆိုတော့ ဒါဟာ ကောင်းတဲ့အလားအလာလို့ ဆရာအနေနဲ့ မသုံးသပ်ဘူးလား။

ဦးတင့်ဆွေ ။ ။ မှန်ပါတယ်။ လာမယ့်ကာလမှာ အရပ်သားအစိုးရသစ်၊ သို့မဟုတ် အုပ်ချုပ်ရေးစနစ်သစ်နဲ့ လွှတ်တော်ကို ပြောင်းလဲရေး ဖြစ်တဲ့အတွက်။ သမိုင်းကိုလှန်လိုက်တဲ့ ဆုံးဖြတ်ချက်ကြီး သို့မဟုတ် လုပ်ရပ်ကြီး ဖြစ်နေတယ်လို့ ကျနော် အများကြီး ဝမ်းသာတယ်။ ကြိုဆိုတယ်။ တိုင်းပြည်ကလည်း ကြိုဆိုသင့်တယ်။

ဦးသန်းလွင်ထွန်း ။ ။ ဒီနေရာမှာ ကျနော် သတိထားမိတဲ့ အချက်တခုက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ ဒေါ်အောင်ဆန်းစုကြည်ဘက်က ပြောဆိုမှု တစုံတရာ မရှိတဲ့အပြင်၊ အသေးစိတ် ဘာတွေ ဆွေးနွေးမှု ရှိတယ်ဆိုတာကို ထုတ်ပြန်ဖို့ မရှိသေးတဲ့ အခြေအနေ။ တဘက်ကတော့ အစိုးရဘက်က ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်က သတင်းစာရှင်းလင်းပွဲ လုပ်ပေးခဲ့ပြီးတော့ ဘာတွေ ဆွေးနွေးတယ်ဆိုတာကိုတော့ သဘောလောက်တော့ ပြောသွားတာပေါ့။ ဒါပေမဲ့ ပြည်သူတွေအနေနဲ့ ဒီလို ဆွေးနွေးတဲ့ အကြောင်းအရာတွေကို မသိသင့်ဘူးလား။ ဥပမာအားဖြင့် ဘယ်လို အချက်အလက်တွေ ဆွေးနွေးသလဲ။ အခု ကျနော်တို့ VOA က ရထားတဲ့ အခြေအနေအရ ဆိုရင်တော့ တာဝန်လွှဲပြောင်းရေးမှာ ချောချောချူချူဖြစ်ဖို့ အဖွဲ့လေးတွေ ဖွဲ့စည်းမယ်ဆိုတဲ့ အခြေအနေမျိုးလေးတွေ ကျနော်တို့ ကြားထားတာလေးတွေ ရှိပါတယ်။ ဒါတွေနဲ့ ပတ်သက်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ မီဒီယာတွေနဲ့ ပြည်သူကို ပိုပြီးတော့ သတင်းပွင့်ပွင့်လင်းလင်း ထုတ်ပြန်ပေးဖို့ မသင့်ဘူးလား။

ဦးတင့်ဆွေ ။ ။ ပြည်သူလူထုရော၊ မီဒီယာရော နောက်ဆုံး နိုင်ငံတကာကရော သိချင်ကြမှာ မှန်တယ်။ သို့သော် ကျနော် NLD ဘက်က ပြန်စဉ်းစားလို့ရှိရင် အထူးသဖြင့် ဒေါ်အောင်ဆန်းစုကြည်ဘက်က ပြန်စဉ်းစားကြည့်လို့ရှိရင် သူ့မှာ စီစဉ်စရာတွေ အမြောက်အမြားရှိမယ်။ အဲဒီ စီစဉ်စရာတွေကလဲ သူတယောက်တည်း ဆုံးဖြတ်လို့ မသင့်တဲ့ကိစ္စတွေ ရှိပြီးတော့ တိုင်းတည်ဆွေးနွေးစရာတွေလည်း ရှိတယ်။ နောက်တနည်းအားဖြင့် လွယ်လွယ်လေးပြောရင် အကွက်ချစရာတွေလည်း ရှိတယ်ပေါ့။ အဲဒီတော့ ဒီဟာတွေဟာ မရေရာသေးဘဲနဲ့ စကားပြောလို့ရှိရင် မဆီလျော်ဘူး။ အထူးသဖြင့် ရွေးကောက်ပွဲမတိုင်ခင်တုန်းက ဒေါ်အောင်ဆန်းစုကြည် နှုတ်ကနေ ထွက်တာတွေနဲ့ အခု ရွေးကောက်ပွဲအပြီး အခုလို ကာလမျိုးမှာ ဒေါ်အောင်ဆန်းစုကြည် ထွက်တဲ့ စကားတခုက တာဝန်ရှိပုဂ္ဂိုလ် တနည်းအားဖြင့် တိုင်းပြည်ရဲ့ ဥပဒေကြောင်းအရ တာဝန်ရှိပုဂ္ဂိုလ် တယောက်က ထွက်ရမယ့်စကား ဖြစ်သွားပြီ။ ဒါကြောင့်မို့ ဒေါ်အောင်ဆန်းစုကြည် က ထိန်းထိန်းသိမ်းသိမ်းနဲ့ ပြောသင့်တာကိုပဲ ပြောပြီးတော့ မပြောသင့်တဲ့အချိန် ရေငုံနှုတ်ပိတ် နေတဲ့ သဘောလို့ ယူဆပါတယ်။ သို့သော် ဒီကာလကလဲ ကြာမယ်လို့ မထင်ပါဘူး။

ဦးသန်းလွင်ထွန်း ။ ။ ကျနော်တို့လည်း ဒီအခြေအနေကို နားလည်သင့်သလောက် နားလည်ပါတယ်။ ဒါပေမဲ့ အခု အထူးသဖြင့် ရွေးကောက်ခံထားရတဲ့ လွှတ်တော်ကိုယ်စားလှယ်ကိုယ်နှိုက်က မီဒီယာတွေကို ဘာမှ ပြောခွင့်မရှိတဲ့ အခြေအနေမျိုး။ နောက်ပြီးတော့ အစောက ဆရာပြောသလို တာဝန်ရှိတဲ့ လူတွေအနေနဲ့ ပြောသင့်ပြောထိုက်တဲ့ အနေအထားမျိုး ဆိုတဲ့နေရာမှာ ပြောသင့်ပြောထိုက်တဲ့ အနေအထားကို တာဝန်ရှိရှိနဲ့ ပွင့်ပွင့်လင်းလင်း ထုတ်ဖော်ပြောကြားပေးနိုင်တယ်ဆိုတဲ့ ထုံးတမ်းအစဉ်အလာတခုကို ဒီမိုကရေစီ စံနှုန်းတခုအနေနဲ့ အခုကတည်းက လုပ်မပေးသင့်ဘူးလား။ ဘာကြောင့်လဲဆိုတော့ ဒီ ကိစ္စတွေမှာ အခု ဆွေးနွေးနေတဲ့ ကိစ္စတွေမှာ ပြည်သူတွေ သိသွားလို့ရှိရင်၊ အများသိသွားလို့ရှိရင် ပျက်သွားနိုင်တဲ့အချက် ဘာများ ရှိလို့လဲ။

ဦးတင့်ဆွေ ။ ။ ဒါကလဲ မေးသင့်မေးထိုက်၊ ထောက်လဲထောက်ပြသင့်တဲ့ အချက်လည်း မှန်ပါတယ်။ သို့သော် ကျနော်က NLD အဖွဲ့ဝင်တယောက်အနေနဲ့ ကာကွယ်ပြောတာတော့ မဟုတ်ဘူးပေါ့။ လာမယ့် အစီအစဉ်မှာ ဒေါ်အောင်ဆန်းစုကြည်ဘက်က အများကြီး စဉ်းစားစရာတွေလည်း ရှိတယ်။ နောက်တခုက ဗမာပြည်ရဲ့ အပြောင်းအလဲ။ တနည်းအားဖြင့် စနစ်၊ အုပ်ချုပ်ရေး အပြောင်းအလဲမှာ သာမန်၊ ပုံမှန်အပြောင်းအလဲတွေနဲ့ မတူဘူး။ ပုံမှန် အပြောင်းအလဲဆိုတာက ဥပမာ အမေရိကန်ပြည်ထောင်စု သမ္မတတယောက်ကနေ တယောက် ပြောင်းလို့ရှိရင် ချက်ချင်း ဒိုင်းကနဲ ဒိုင်းကနဲ ပြောလို့ရတယ်။ သို့သော် ဗမာပြည်က ပုံမှန်မဟုတ်တဲ့ ကာလကြီး အပြောင်းအလဲမှာက ဒီမိုကရေစီ စံနှုန်းပဲပြောပြော၊ ပွင့်လင်းမြင်သာမှုပဲပြောပြော၊ ပွင့်ပွင့်လင်းလင်း ပြောဆိုမှုကိုပဲပြောပြော ထိန်းသင့်တဲ့အပိုင်းတွေ ထိန်းနေရတဲ့ကာလ ဖြစ်တဲ့အတွက် ဒီလို နှောင့်နှေးမှု၊ တနည်းအားဖြင့် ပြည်သူလူထု နဲ့ မီဒီယာ သိပ်မသိသေးတဲ့ ကာလတခု ဖြစ်တယ်။ တနည်းအားဖြင့် ကျနော် ပြောချင်တာက ပုံမှန်ကာလ မဟုတ်သေးတဲ့အတွက်ကြောင့် ဖြစ်တယ်လို့ ထင်ပါတယ်။

ဦးသန်းလွင်ထွန်း ။ ။ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တွေ့ဆုံဘက်ကို ဆက်ရအောင်ပါ။ သမ္မတဦးသိန်းစိန်နဲ့ တွေ့တဲ့အချိန်တုန်းကတော့ အစိုးရအဖွဲ့ကို အာဏာ၊ တာဝန် လွှဲပြောင်းပေးရေး။ ဒါမှမဟုတ် လွှတ်တော်ခေါ်ယူရေး။ ဒီအချိန်ဇယားတွေ ဆွေးနွေးကြမယ်လို့ ယူဆတယ်။ ဒါပေမဲ့လဲ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ တွေ့တဲ့အချိန်မှာတော့ ဒါက စစ်တပ်နဲ့ တပ်မတော်ကိုယ်စားလှယ်တွေကလဲ လွှတ်တော်ထဲမှာ (၂၅) ရာခိုင်နှုန်း ပါနေလေတော့ လွှတ်တော်ပိုင်းဆိုင်ရာ၊ ဒါမှမဟုတ် အဖွဲ့အစည်း အုပ်ချုပ်ပုံ အခြေခံဥပဒေပိုင်းဆိုင်ရာတွေကိုပဲ အဓိက ဆွေးနွေးခဲ့မယ်လို့ ကျနော် ယူဆမိပါတယ်။ အဲဒီတော့ ဆရာရဲ့ သုံးသပ်ချက်က ဘယ်လိုရှိလဲ။

ဦးတင့်ဆွေ ။ ။ ဒီနေရာမှာလဲ ထူးခြားတယ်ပေါ့။ သမ္မတကြီး ဦးသိန်းစိန်နဲ့တော့ အာဏာလွှဲပြောင်းရေးကိစ္စက လုပ်ရိုးလုပ်စဉ်၊ လုပ်ထုံးလုပ်နည်းတွေအရ ဘယ်လို ပြောင်းကြ၊ လွှဲကြမလဲဆိုတာကို ဆွေးနွေးရမှာ ဖြစ်ပြီးတော့၊ ထူးခြားတာကတော့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က တပ်မတော်ကိုယ်စားလှယ်နဲ့ ဒေါ်အောင်ဆန်းစုကြည် က နိုင်ငံရေးစကားတွေ သက်သက်ကိုပဲ ပြောရတယ်လို့ ကျနော် ယူဆတယ်။ ဒါက ထူးခြားချက်ပေါ့။ ဘာကြောင့်လဲဆိုတော့ တပ်မတော်က အမျိုးသားနိုင်ငံရေးမှာ ဦးဆောင်ကဏ္ဍကနေ တာဝန်ယူမယ်လို့ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေမှာလည်း ပြဌာန်းထားတယ်။ တကယ်လဲ ရှိနေတယ်။ သို့သော် အဲဒီအခြေအနေဟာ ရာသက်ပန်ဖြစ်ရမယ့်ကိစ္စ မဟုတ်တဲ့အတွက်ကိုလဲ ဒါကို တပ်မတော်ကိုယ်တိုင်ကလည်း နားလည်နေပြီလို့ ယူဆပါတယ်။ အဲဒီတော့ အခုလို ရွေးကောက်ပွဲမှာ NLD အခုလို နိုင်လာတဲ့ကာလမှာ တပ်မတော်က ဘယ်လောက်အထိ ဒီကဏ္ဍကို လျှော့မယ်ဆိုတဲ့ကိစ္စ။ နောက်တခါ အလားတူပဲ လက်ရှိ ဖွဲ့စည်းပုံက မပြောင်းသေးဘူး ထားပါအုံး။ အရေးကြီးဆုံး ဝန်ကြီးဌာန (၃) ခုကို တပ်မတော်က ခန့်ထားမယ်ကိစ္စ ရှိတယ်။ အဲဒီကိစ္စမှာ ဒေါ်အောင်ဆန်းစုကြည် ပါတီက အစိုးရမှာ အကြီးအကဲတာဝန် ယူရတဲ့အခါမှာ အရေးကြီးဆုံး ဝန်ကြီးဌာန (၃) ခု နဲ့ ကျန်တဲ့ ဝန်ကြီးဌာနတွေ ချိတ်ဆက်မှုတွေကို ဒေါ်အောင်ဆန်းစုကြည်တို့ဘက်က စိုးရိမ်ချက်တွေကို ပြောကောင်းပြောနိုင်တယ်။ နောက် အရေးကြီးတာ တခုကတော့ ဒေါ်အောင်ဆန်းစုကြည်က အမျိုးသားရင်ကြားစေ့ရေးကို ဦးစားပေးလုပ်မယ်လို့ ပြောတော့ကာ ဒီနေ့ဖြစ်နေတဲ့ တိုက်ပွဲတွေကိစ္စ ရှိတယ်။ ဒီနေ့ လုပ်နေတဲ့ ငြိမ်းချမ်းရေးကိစ္စတွေ ရှိတယ်။ အဲဒီကိစ္စကြီး နှစ်ခုစလုံးဟာ တပ်မတော် မပါရင် ဘယ်လိုမှ မရနိုင်ဘူး ဖြစ်တဲ့အတွက် တနည်းအားဖြင့် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ တွေ့ဆုံတာဟာ နိုင်ငံရေးဆန်တယ်။ နံပတ်တစ် တိုင်းပြည် ဒီနေ့ကာလတင်မက အနာဂတ်အတွက်နဲ့ပါ ဆိုင်တယ်လို့ ကျနော် ယူဆတဲ့အတွက် အချိန်လဲ နည်းနည်းပိုကြာ၊ ပိုယူလိုက်တယ်လို့ ထင်ပါတယ်။

ဦးသန်းလွင်ထွန်း ။ ။ အထူးအရေးကြီးကိစ္စတခု ဖြစ်နေတဲ့ ပုဒ်မ (၅၉-စ) လို ကိစ္စမျိုး။ ဒါကို ဒေါ်အောင်ဆန်းစုကြည် ကို သမ္မတအဖြစ် တာဝန်ယူနိုင်ရေးကို ပိတ်ပင်ထားတဲ့ ဥပဒေ။ ဒီလို ဥပဒေမျိုးကို လွှတ်တော်ထဲမှာ ပြုပြင်ရေးနဲ့ ပတ်သက်ပြီးတော့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နဲ့ ညှိနှိုင်းဆွေးနွေးမှုတွေ လုပ်ခဲ့တယ်လို့ မထင်ဘူးလား။

ဦးတင့်ဆွေ ။ ။ ဒီအချက်ကလဲ ဒေါ်အောင်ဆန်းစုကြည်ကတော့ ကျနော်ထင်တယ် သူတို့ တွေ့တာ (၁) နာရီလောက်ပဲ ရှိတယ်။ ဒီကာလမှာ အရေးအကြီးဆုံးအချက်ကလဲ ဒီအချက်လို ဆိုရင်လဲ မငြင်းသာပါဘူး။ သို့သော် ဒေါ်အောင်ဆန်းစုကြည်ကတော့ သူသမ္မတဖြစ်ရေးအတွက်လား ဗိုလ်ချုပ်မှူးကြီးကို လာတွေ့တယ်လို့တော့ ကျနော် မထင်ဘူး။ သို့သော် ဒီအချက်က ပါလဲပါရမယ့် ကိစ္စ ဖြစ်တယ်။ (၅၉-စ) နဲ့ ဖွဲ့စည်းပုံ ပြင်ဆင်ရေးကိစ္စတွေ ပါနိုင်တယ်လို့တော့ ယူဆတယ်။ သို့သော် တော်တော်တော့ မှန်းဆရတာခက်တယ်။ ကျနော် မှန်းဆမှုက ဒေါ်အောင်ဆန်းစုကြည် က ကျယ်ပြန့်တဲ့ဘောင်အောက်ကနေ ဘောင်ထဲကနေ သွားပြီးတော့ ဆွေးနွေးတယ်လို့ ယူဆတယ်။ နောက်တခုက ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ ဒေါ်အောင်ဆန်းစုကြည် ဆွေးနွေးပွဲဟာ နောက်ထပ် ဆွေးနွေးရမယ့် အဆင့်တွေထဲက ပထမဦးဆုံး ခြေလှမ်းပဲ ဖြစ်ကောင်းဖြစ်နိုင်တယ်လို့ မှန်းဆထားပါတယ်။

ဦးသန်းလွင်ထွန်း ။ ။ ကျနော်တို့အနေနဲ့က အချက်အလက်တွေကို တိတိကျကျ မသိရ။ ထုတ်ပြန်ကြေညာခြင်းတွေလဲ မရှိတဲ့အခါကြတော့ အခုလိုပဲ မှန်းဆနေရတဲ့ အနေအထားပဲ ရှိနေရတာကတော့ သိပ်ပြီးတော့ ကျေနပ်စရာ သိပ်မရှိလှဘူး။ ဒါပေမဲ့လဲ နောက်ထပ် မေးချင်တဲ့ အကြောင်းအရာကတော့ ထပ်ပြီး မှန်းဆစရာပဲပေါ့။ ခေါင်းဆောင်တွေရဲ့ တွေ့ဆုံပွဲမှာ တွေ့ခဲ့ရတဲ့ ကိုယ်နှုတ်အမူအရာတွေနဲ့ ပတ်သက်လို့ ဆရာအနေနဲ့ မြင်ရရုံနဲ့ ဘယ်လို သုံးသပ်လဲ။

ဦးတင့်ဆွေ ။ ။ ခေါင်းဆောင်တွေရဲ့ ပုံရိပ်ကို ပြောတာလား။

ဦးသန်းလွင်ထွန်း ။ ။ မှန်ပါတယ်။ သူတို့ တွေ့ဆုံဆွေးနွေးပွဲမှာ နှုတ်ဆက်တဲ့ပုံ။ ဘာကြောင့်လဲဆိုတော့ သတင်းလောကမှာက သတင်းတွေ တိတိကျကျ ထုတ်ပြန်မှု မရှိလို့ရှိရင် ခေါင်းဆောင်တွေရဲ့ ကိုယ်နှုတ်အမူအရာတွေကိုကြည့်ပြီး မှန်းဆရတဲ့ အနေအထားတွေ ရှိနေတော့။ ဗမာပြည်မှာလဲ အခုလို အနေအထားမျိုးတွေ ရောက်နေသလားဆိုတဲ့ သဘောပါ။

ဦးတင့်ဆွေ ။ ။ ဒီဟာလဲ အရေးကြီးတဲ့ အချက်ပဲ။ ကျနော်လည်း သေသေချာချာ ကြည့်ပါတယ်။ ကြိုးစားပြီးတော့၊ ရသမျှ ပုံရိပ်တွေ၊ ဗီဒီယို ပုံတွေကို ကြည့်လို့ကတော့ ကျနော်ကတော့ အကောင်းဖက်ပဲ မြင်တယ်။ (၃) ဦးစလုံး၊ (၃) ဦးအပြင် တွဲပါလာတဲ့ လက်ထောက်ခေါင်းဆောင် (၂) ဦးအပါအဝင်။ နောက်တခါ လုံခြုံရေးဝန်ထမ်းတွေ၊ အခင်းအကျင်းပိုင်းတွေကို ကြည့်တဲ့အခါ တော်တော်လေး နွေးထွေးမှုလည်းရှိတယ်။ ပွင့်လင်းမှုလည်း အတော်အတန် ရှိတယ်လို့ ယူဆတယ်။ အဲဒီတော့ ဒီဟာက နောင်ဖြစ်လာမယ့် ဖြစ်စဉ်တွေကို ကောင်းတဲ့လမ်း ခင်းပေးတဲ့ သဘောလားလို့ ယူဆတာပေါ့။ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှာ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် နည်းနည်းပါးပါး ပြောသေးတယ်။ ဒေါ်အောင်ဆန်းစုကြည် က နှုတ်ဆိတ်နေတယ့် သဘောတော့ သက်ရောက်တယ်။ အဲဒီတော့ နိုင်ငံတကာ သတင်းစာတွေကလဲ မနေ့က သုံးလေးစောင်လောက် ရေးကြတယ်။ ဒါကတော့ အခုန ဦးသန်းလွင်ထွန်းနဲ့ ဆွေးနွေးခဲ့သလို ဒေါ်အောင်ဆန်းစုကြည်မှာ ပိုပြီးတော့ စဉ်းစားစရာတွေ များတယ်။ တချိန်တည်းမှာ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် က ဒေါ်စုထက်ပိုပြီးတော့ ပွင့်လင်းနေတာလို့ မယူဆဘူး။ သူကတော့ ဖွဲ့စည်းပုံကြီးကို ငါ ကိုင်ထားတယ်ဆိုပြီး သူ့ကိုယ်သူ ယုံကြည်မှုနဲ့ကြောင့် နည်းနည်းပိုပြီးတော့ သက်တောင့်သက်သာများ ပြောသလားပေါ့။ အကောင်းအများကြီး မမျှော်လင့်ဘူး။ ကောင်းတဲ့ဘက်တော့ ရှိတယ်လို့တော့ ဖတ်ကြည့်ပါတယ်။

XS
SM
MD
LG