ဒီတပတ် မြန်မာ့ဒီမိုကရေစီရေးရာ ဆွေးနွေးခန်းအစီအစဉ်မှာ မြန်မာနိုင်ငံသား ဒုက္ခသည်တွေ ကိုယ့်သဘောနဲ့ကိုယ် နေရပ်ပြန်နိုင်ကြဖို့အတွက် အစိုးရအနေနဲ့ ဥပဒေအရ လိုအပ်တဲ့ အစီအစဉ်တွေ လုပ်ပေးဖို့ လိုအပ်တယ်လို့ မြန်မာ-အမေရိကန်အသင်း BACI (Burmese American Community Institute) က အမှုဆောင်ညွှန်ကြားရေးမှူး Elaisa Vahnie က ပြောဆိုလိုက်ပါတယ်။ VOA ဝိုင်းတော်သား ကိုဇော်ဝင်းလှိုင် က မြန်မာ-အမေရိကန်အသင်း အမှုဆောင် ညွှန်ကြားရေးမှူးကို တွေ့ဆုံမေးမြန်းထားပါတယ်။
ကိုဇော်ဝင်းလှိုင် ။ ။ Salai Elaisa, VOA ကို အခုလို လာရောက်တွေ့ဆုံ မေးမြန်းခွင့်ပြုတဲ့အတွက် ကျေးဇူးတင်ပါတယ်။
Elaisa Vahnie ။ ။ ဟုတ်ကဲ့ပါ။ ကျနော်ကလည်း ကျေးဇူးတင်ပါတယ်။
ကိုဇော်ဝင်းလှိုင် ။ ။ ပထမဦးဆုံးတော့ ကိုဆလိုင်း အီလိုင်းဇာတို့ မြန်မာနိုင်ငံနဲ့ မလေးရှားခရီးစဉ် သွားခဲ့တဲ့ ကိစ္စတွေကို အရင် မေးချင်ပါတယ်။ မလေးရှားခရီးစဉ်ကို အရင်ဆုံး သွားတုန်းက မလေးရှားမှာ ရောက်နေကြတဲ့ မြန်မာနိုင်ငံသား ဒုက္ခသည်တွေ အထူးသဖြင့် ချင်းတိုင်းရင်းသားတွေလည်း အများကြီး ရှိတယ်လို့ ကြားပါတယ်။ ဆိုတော့ သူတို့နဲ့ တွေ့ဆုံခဲ့တဲ့ အခြေအနေလေးကို ပြောပြပါ။
Elaisa Vahnie ။ ။ အခု ကျနော်တို့ ကွာလန်လမ်ပူ မလေးရှားမှာဆိုရင် မြန်မာနိုင်ငံကလာတဲ့ တိုင်းရင်းသားအားလုံးနဲ့ မြန်မာအပါအဝင် (၇) သိန်းလောက် ရှိနေတယ်။ အဲဒီမှာ (၃) သိန်းလောက်က ဒုက္ခသည်အဖြစ် သတ်မှတ်ထားသူတွေ ဖြစ်ပါတယ်။ ချင်းတိုင်းရင်းသား (၅) သောင်းလောက် ရှိပြီး၊ ရခိုင်ဆိုရင် (၄) သောင်းလောက် ရှိတယ်။ အဲဒီမှာ အခုလောလောဆယ် အခြေအနေက နည်းနည်းဆိုးနေတဲ့ အခြေအနေရှိတယ်။ သူတို့က ဒုက္ခသည်မဟုတ်ဘူး။ ကိုယ့်နိုင်ငံ ပြန်သွားပါ ပြောနေတဲ့ အခြေအနေမျိုး ဖြစ်တယ်။ အခုလက်ရှိမှာဖြစ်တယ်။ ပြီးတော့ သမ္မတဦးသိန်းစိန်တို့က သူတို့က ဒုက္ခသည် မဟုတ်ဘူး။ ဒီကို ပြန်လာလို့ရပြီဆိုပြီး သူတို့ ပြောထားတာ ရှိတယ်။ အဲဒီတော့ သူတို့ ပြန်သွားချင်တယ်။ ပြန်မသွားချင်ဘူးဆိုတာထက် သွားနိုင်တဲ့ အခြေအနေမျိုး ရှိလားမရှိဘူလားဆိုတာကို ကျနော်တို့ ကြည့်ဖို့ လိုအပ်တယ်။ Options (၃) ခု ရှိတယ်။ Voluntary Repatriate ဆိုတဲ့ ကိုယ့်နိုင်ငံကို ကိုယ့်ဘာသာ ဆုံးဖြတ်ပြီးတော့ ပြန်သွားရမယ့် Option တခု ရှိတယ်။ ဒုတိယက ဒုတိယနိုင်ငံမှာ ဒုတိယနိုင်ငံကလူမျိုး သူတို့နိုင်ငံသားတွေလို နေထိုင်ခွင့်ရတဲ့ အလုပ်လုပ်ခွင့်၊ နေခွင့်၊ ပညာသင်ခွင့် အကုန်လုံး ပါဝင်ရမယ်။ အခုလောလောဆယ် အဲဒီနှစ်ခုက မဖြစ်ဘူးဆိုတာ ကျနော် သုံးသပ်မိတယ်။ ဘာဖြစ်လို့လဲဆိုတော့ မြန်မာနိုင်ငံမှာ အခုလောလောဆယ် Constitutional Legal Arrangement ဘာမှ အာမခံချက် မရှိသေးဘူး။ အခု (၂၁) ရာစု ပင်လုံညီလာခံကနေ Constitution နိုင်ငံတော် အခြေခံဖွဲ့စည်းပုံ ဥပဒေကို ပြင်လို့ရှိရင် အဲဒီပြင်တဲ့နောက်ပိုင်းမှာတောင်မှ တိုင်းရင်းသားလူနည်းစုတွေ၊ ဘာသာလူမျိုးစုတွေ အကုန်လုံးကို အာမခံတဲ့ Legal Arrangement ပုံစံမျိုး ရှိနေဖို့၊ အလုပ်လုပ်နေဖို့ လိုအပ်တယ်လို့ ကျနော် မြင်တယ်။ အဲဒီ ရောက်ဖို့ကို ဘယ်လောက်ကြာမယ်ဆိုတာကို ကျနော် မသိသေးဘူး။ … ကို ပြန်ကြည့်မယ်ဆိုရင် ဒီအစိုးရက … အားမပေးဘူး။ အဲဒီနောက် ကြာတာက တခုပဲရှိတယ်။ Third Country Resettlement … Long term ရေရှည်အတွက် ကာကွယ်ပေးတဲ့ တတိယနိုင်ငံကို သွားဖို့အတွက်။ အထူးသဖြင့် UNHCR နဲ့ Register လုပ်ပြီးသား ဒုက္ခသည်တွေအတွက် အဲဒါက အဖြေဖြစ်တယ်လို့ သုံးသပ်မိတယ်။
ကိုဇော်ဝင်းလှိုင် ။ ။ စောစောက ကိုအီလိုင်ဇာ ပြောတာက စုစုပေါင်း မြန်မာနိုင်ငံကလာတဲ့လူ တိုင်းရင်းသားတွေ၊ မြန်မာ အကုန်လုံး စုစုပေါင်း (၇) သိန်းလောက် ရှိတယ်လို့ ပြောတယ်။ ဆိုတော့ အဲဒီ (၇) သိန်းလောက်ထဲမှာ UNHCR ဒုက္ခသည်ရုံးကနေ ဒုက္ခသည်အဖြစ် အသိအမှတ်ပြုထားတဲ့လူ ဘယ်လောက်လောက် ရှိလဲ။
Elaisa Vahnie ။ ။ အဲဒီမှာ ခန့်မှန်းခြေက တစ်သိန်းလောက် အသိအမှတ်ပြုထားတယ်လို့ ကျနော်တို့ သိရတယ်။
ကိုဇော်ဝင်းလှိုင် ။ ။ ကိုဆလိုင်း အီလိုင်ဇာတို့က မလေးရှားမှာ ရှိတုန်းက ကုလသမဂ္ဂ ဒုက္ခသည်ရုံးက တာဝန်ရှိသူတွေနဲ့ တွေ့ခဲ့တယ်လို့ ပြောတယ်။ ဆိုတော့ သူတို့နဲ့ တွေ့တဲ့အခါတုန်းက သူတို့ရဲ့ သဘောထား ဘယ်လိုရှိလဲ။ ဆိုလိုချင်တာက စောစောက ကိုအီလိုင်ဇာ ပြောတဲ့ ရွေးချယ်စရာ (၃) လမ်းထဲက ဘယ်လမ်းကို သူတို့က ဖြစ်စေချင်လဲ။ ဒုက္ခသည်ရုံးက …
Elaisa Vahnie ။ ။ သူတို့ကတော့ (၃) ခုစလုံး (၃) မျိုးစလုံးကို ဆက်ပြီး စဉ်းစားနေတဲ့ ပုံစံမျိုး ဖြစ်တယ်။ ပထမဦးဆုံးအနေနဲ့ ပြီးခဲ့တဲ့ အစိုးရနဲ့ သဘောတူညီချက်ရတော့ ဟားခါးကိုတောင် သွားပြီးတော့ ရုံးသွားဖွင့်ကြသေးတယ်။ ပြန်လာမယ့်လူတွေ ပြန်လည်နေရာချထားနိုင်ရေးအတွက် သူတို့လုပ်တာ ဖြစ်တယ်။ ဒါပေမဲ့ (၃) နှစ်အတွင်းမှာ ကြည့်မယ်ဆိုရင် တစ်ယောက်ပဲ ပြန်သွားတာကို ကျနော်တို့ တွေ့ရတယ်။ အဲဒါဟာ ဘာလဲဆိုရင် အခုန ကျနော်တို့ ပြောသွားသလိုပဲ ပြန်သွားတယ်ဆိုရင် (၃) ခု ရှိရမယ်။ Criteria (၃) ခု အတိအကျ၊ ကြပ်ကြပ်မတ်မတ် ရှိနေမှ သူတို့ ပြန်သွားဖို့မြင်တယ်။ ပထမဦးဆုံးက Legal Arrangement, ဒုတိယက စားဝတ်နေရေး အကုန်လုံး အဆင်ပြေအောင် နေရာချထားရေး။ အဲဒါ အဆင်ပြေဖို့ လိုတယ်။ ဒုတိယ၊ တတိယ အရေးကြီးဆုံးအနေနဲ့က သူတို့ ဒုက္ခသည်တွေကိုယ်တိုင်ကနေ ကျနော် ပြန်သွားချင်တယ်၊ ကျမ ပြန်သွားချင်တယ်ဆိုရင်မှ သူတို့ ကိုယ်ထူကိုယ်ထ ကိုယ့်သဘောနဲ့ကိုယ်၊ ဆုံးဖြတ်ချက်နဲ့ ပြန်သွားမှပဲ ဆုံးဖြတ်မှ ရတယ်။ အဲဒီ (၃) မျိုးစလုံး မဖြစ်ဘူးဆိုလို့ရှိရင် Voluntary Repatriate ဆိုတာ မအောင်မြင်နိုင်ဘူးလို့ ကျနော်က အဲဒီလိုမြင်တယ်။ ပြီးတော့ အလုပ်အကိုင် အခွင့်အရေးကိုလည်း သူတို့ ကြိုးစားပါတယ်။ ပညာရေးကအစ အလုပ်မှာ ဝင်ရောက် လုပ်နိုင်ဖို့ကအစ သူတို့ ကြိုးစားနေပတယ်။ ဒါပေမဲ့လို့ သိပ်ပြီးတော့ မအောင်မြင်ဘူးလို့ သုံးသပ်တယ်။ ဘာဖြစ်လဲဆိုတော့ ဒုက္ခသည်တွေ ကိုယ်တိုင်က စိတ်ဝင်စားမှု မရှိဘူး။ မလေးရှားအစိုးကလည်း Legal တွေ တရားဝင်နဲ့ အလုပ်လုပ်ပိုင်ခွင့် ဖြစ်အောင်တောင် သူတို့ မလုပ်ပေးနိုင်ခဲ့ဘူး။ အဲဒီတော့ သူတို့ ကြိုးစားနေဆဲ ဖြစ်တယ်။ Third country resettlement - တတိယနိုင်ငံ ပို့ဖို့ရာကိုလည်း ဆက်ပြီးတော့ လုပ်ဆောင်နေတာကို ကျနော်တို့ တွေ့ရတယ်။ အခု ကျနော်တို့ ဘာလုပ်ရမလဲ။ မေးခွန်းမေးစရာ ဖြစ်တယ်။ ကျနော်တို့ရဲ့ Recommendation က UNHCR ကလည်း State holders တွေနဲ့ ပေါင်းပြီးတော့ အဖြေရှာဖို့။ မလေးရှားအစိုးရအနေနဲ့ ပထမဆုံးအနေနဲ့ ဒုက္ခသည်တွေရဲ့ immediate ချက်ချင်းလက်ငင်း ပြဿနာ security နဲ့ သူတို့ရဲ့ protection အရေးကြီးတာကို တွေ့ရတယ်။ သူတို့ အဖမ်းခံရတယ်။ ပြန်ပို့ခံရသူတွေလည်း ရှိတယ်။ ပြီးတော့ ထိန်းသိမ်းအကျဉ်းခံနေရသူတွေလည်း ရှိတယ်။ ပြီးတော့ ပိုက်ဆံရှိသမျှ အနိုင်ကျင့်ခံရပြီး အသိမ်းခံရသူတွေလည်း ရှိတယ်။ တော်တော်များများ ဖြစ်ပျက်နေတဲ့အရာ ဖြစ်တယ်။
ကိုဇော်ဝင်းလှိုင် ။ ။ မလေးရှားအစိုးရရဲ့ သဘောထားက ဘယ်လို ရှိလဲ။ တကယ်လို့ သူတို့ ရွေးချယ်စရာနည်းလမ်း (၃) ခုစလုံး ဘယ်ဟာကို အကောင်ထည်ဖော်ဖော် မလေးရှားအစိုးရ၊ ကုလသမဂ္ဂ ဒုက္ခသည်များ ကူညီစောင့်ရှောက်ရေး မဟာမင်းကြီးရုံးတို့ရဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ လိုတာပေါ့။ ဒုက္ခသည်တွေ ဆန္ဒရှိအုံးတော့ သူတို့ကနေ မကူညီဘူး။ မပံ့ပိုးဘူး။ ဆိုကြပါစို့ တတိယနိုင်ငံကို သွားမယ်ဆိုရင်လဲ မလေးရှားအစိုးရရဲ့ အကူအညီမပါရင် ထွက်လို့ရမှာ မဟုတ်ဘူး။ မထွက်နဲ့ဆိုပြီး တားထားရင်လဲ ဒီအတိုင်း ထိုင်နေရမှာပါ။ ဆိုတော့ သူတို့ရဲ့ သဘောထားက ဘယ်လို ရှိလဲ။
Elaisa Vahnie ။ ။ အကျဉ်းချုပ်ပြောရရင်တော့ မလေးရှားအစိုးရကတော့ ကိုယ့်နိုင်ငံကို ပြန်သွား၊ ဒါမှမဟုတ်ရင် တတိယနိုင်ငံကို အမြန်သွား။ အဲဒါ သူတို့ရဲ့ ပေါ်လစီ။ ဒါပေမဲ့ အခုလောလောဆယ် ဘာဖြစ်နေလဲဆိုရင် တတိယနိုင်ငံ သွားဖို့ရာက အခုလောလောဆယ်ထိတော့ ဆက်သွားနေပါတယ်။ နောင်လဲ ဆက်သွားဖို့ ကျနော်တို့ Recommendation လုပ်နေပါတယ်။ ဒါပေမဲ့လို့ မြန်မာနိုင်ငံကို ပြန်လာလို့ရပြီ။ သူတို့ ဒုက္ခသည် မဟုတ်တော့ဘူးဆိုတဲ့ မြန်မာအစိုးရကနေ မလေးရှားအစိုးရနဲ့ UN ကို request လုပ်ထားတဲ့ပုံစံကို ကျနော်တို့ တွေ့ရှိရတယ်။ အဲဒီတော့ ခံနေရတဲ့လူတွေက ဒုက္ခသည်တွေ ဖြစ်နေတယ်။ သူတို့ ပြန်သွားရင် ဘယ်မှာ သွားနေရမလဲ။ သူတို့ အိမ်နယ်မြေ ဘာမှ မရှိတော့ဘူး။ ထွက်သွားတာလည်း သူတို့ကြာပြီ။ တချို့တွေက ဆယ်နှစ် အနှစ်ဆယ်လောက်ရှိပြီ။ သူတို့ မိသားစု၊ သားသမီး အသိုင်းအဝိုင်းလည်း မရှိတော့ဘူး။ အစကနေ ပြန်စရမယ်။ အဲဒီတော့ အစကနေ ပြန်စဖို့ရာ အခြေအနေအားလုံး နေရာပြန်လည်ချထားပေးရေးကို အစိုးရ ဒါမှမဟုတ် UNHCR ကနေ တာဝန်ယူမှပဲ သူတို့က ပြန်သွားလို့ရတယ်။
ကိုဇော်ဝင်းလှိုင် ။ ။ သူတို့ရဲ့ သဘောထားက ဘယ်လိုရှိလဲ။ ဒုက္ခသည်တွေရဲ့ သဘောထားက ဘယ်ဘက်ကို အားသန်လဲ။ ရွေးချယ်စရာ နည်းလမ်း (၃) ခုထဲက။
Elaisa Vahnie ။ ။ ဒုက္ခသည်တွေကို ကျနော်တို့ တွေ့ရှိချက်ထဲကဆိုရင် သူတို့က တတိယနိုင်ငံကိုပဲ သွားချင်ပါတယ်။ အားလုံးလိုလို ကျနော်တို့ တွေ့တယ်။ ထောင်ဂဏန်း၊ သောင်းဂဏန်း ကျနော်တို့ တွေ့ပါတယ်။ Community Based Organizations တွေနဲ့ တွေ့တယ်။ သူတို့ မိသားစုတွေ၊ ဒုက္ခသည် တယောက်ချင်းနဲ့ တွေ့တယ်။ သူတို့ကို မေးကြည့်တော့ ပြန်သွားဖို့ မဖြစ်နိုင်ဘူး။ ဘာမှ ကျနော်တို့ ကျန်ခဲ့တာ မဟုတ်ဘူး။ ပြီးတော့ သူတို့ Legal Security အနေနဲ့ အကုန်လုံး လုံခြုံတယ်လို့ မခံစားနိုင်သေးဘူးလို့ ပြောတယ်။
ကိုဇော်ဝင်းလှိုင် ။ ။ ဒါပေမဲ့ ဗမာပြည်ထဲက အခြေအနေ ပြောင်းသွားပြီ။ အစိုးရက ကြိုဆိုတယ်။ သူတို့အတွက် စောစောက ကိုအီလိုင်ဇာ ပြောသလို သူတို့ နေဖို့ထိုင်ဖို့ စီစဉ်ပေးမယ်။ အသက်မွေးဝမ်းကြောင်းမှုအတွက် လုပ်ငန်းကိုင်ငန်းတွေ အဆင်ပြေမယ်ဆိုရင်တော့ ဒါကတော့ တနည်းပေါ့။ သူတို့ ပြန်ကောင်းပြန်မယ်ပေါ့။ လက်ရှိ အနေအထားမှာတော့ သူတို့ မပြန်ချင်သေးဘူး။ တတိယနိုင်ငံကို သွားချင်တယ်။
Elaisa Vahnie ။ ။ ဆိုတော့ ပြန်သွားဖို့ Voluntary repatriate လုပ်ဖို့ရာ ကျနော်တို့ မြန်မာအစိုးရကနေ ပထမဦးဆုံးက Legal Arrangement ကို သူတို့ လုပ်ဖို့ လိုအပ်လိမ့်မယ်။ အဲဒီလို လုပ်ပြီးမှ သူတို့ ပြန်လာရမယ့် လမ်းကြောင်း System ကို Put in place established လုပ်ပြီးမှ အဲဒီကနေ စနစ်တကျနဲ့ အကောင်အထည်ဖော်မှာပဲ ဖြစ်မယ်လို့ ကျနော်တို့ ယူဆတယ်။ အဲဒါ ဒီအစိုးရကိုလည်း အခု ပြန်သွားတဲ့အချိန်မှာ အတတ်နိုင်ဆုံး အဲဒီ issue ကို အစိုးရမှာဝင်အောင် ကျနော်တို့ ပြောဖြစ်တယ်။
ကိုဇော်ဝင်းလှိုင် ။ ။ မလေးရှားကနေ မြန်မာနိုင်ငံကိုသွားတယ့် ကိုအီလိုင်ဇာ စောစောက ပြောသလို မြန်မာနိုင်ငံအစိုးရက တာဝန်ရှိသူတချို့နဲ့ တွေ့တယ်။ ဆိုတော့ သူတို့ရဲ့ တုံ့ပြန်ချက်က ဘယ်လို ရှိလဲ။ ဘယ်သူတွေနဲ့ ဘယ်အဆင့်နဲ့ တွေ့လဲ။
Elaisa Vahnie ။ ။ မြန်မာပြည်မှာဆိုလို့ရှိရင် ကျနော်တို့ ဝန်ကြီး (၅) ပါးနဲ့ တွေ့တယ်။ ပြီးတော့ လွှတ်တော်နာယကနဲ့လည်း တွေ့ဖြစ်တယ်။ ပြီးတော့ ဒုတိယသမ္မတနဲ့လည်း တွေ့ဖြစ်တယ်။ နောက် ချင်းပြည်နယ်အစိုးရနဲ့လည်း တွေ့တယ်။ အဲဒါတွေ ကျနော်တို့ ဆွေးနွေးဖြစ်ပါတယ်။ သူတို့ကလည်း အခုလောလောဆယ် ပေါ်လစီနဲ့ သွားနေတာကို ဘယ်လို လုပ်မလဲဆိုတာကို စဉ်းစားနေတဲ့ အချိန်မှာဆိုတော့ ဒီဟာတွေ တခါတည်းဝင်သွားတယ်လို့ ကျနော်တို့က မြင်တယ်ဆိုတော့ တကယ်ကောင်းတယ့် Timing လို့ ကျနော်တို့ မြင်ပါတယ်။
ကိုဇော်ဝင်းလှိုင် ။ ။ ဆလိုင်းအီလိုင်ဇာ အခု ဝါရှင်တန်ဒီစီကို ရောက်နေတာကလဲ အဲဒီ ခရီးစဉ်နဲ့ ပတ်သက်ပြီးတော့ အမေရိကန်နိုင်ငံခြားရေးဌာနက တာဝန်ရှိသူတွေ၊ အမေရိကန်လွှတ်တော်က တာဝန်ရှိသူတွေကို တင်ပြဖို့။ သူတို့ဆီက အကြံဉာဏ်ယူဖို့၊ ရှေ့ဘယ်လိုလုပ်ကြမလဲဆိုတာကို လုပ်ကြတာဆိုတော့ အမေရိကန်အစိုးရဘက်က တုံ့ပြန်ချက်က ဘယ်လို ရှိလဲ။ ဒီဟာနဲ့ ပတ်သက်ပြီးတော့။
Elaisa Vahnie ။ ။ အခုလိုမျိုး ကျနော်တို့ သွားပြီးတော့ အချက်အလက်၊ တကယ့်ဖြစ်ပျက်နေတဲ့ အဖြစ်အပျက်အရာတွေကို Congressional Offices နဲ့ State Department နိုင်ငံခြားရေးဝန်ကြီးဌာနတွေကို တင်ပြတော့ သူတို့လည်း ဝမ်းသာတယ်။ အကောင်းဆုံးအဖြေ အတူတူရှာဖို့ သူတို့က မူကြမ်းအားဖြင့် လက်ခံတယ်။ နောက်ဆက်ပြီးမှ ထပ်ပြီးတော့ ဆွေးနွေးသွားဖို့ ဖိတ်တယ်။ အခု အရေးကြီးတဲ့အချိန် တခုဖြစ်တာ ဘာလဲဆိုရင် Fiscal Year လို့ခေါ်တဲ့ ၂၀၁၇ မှာ ပြီးသွားမှာ ဖြစ်တယ်။ အောက်တိုဘာမှာ စပြီးတော့မှ ၂၀၁၇ အတွက်ကို သူတို့ စပြီးတော့ ဘယ်လောက် ယူမလဲ။ မလေးရှား၊ ထိုင်းနိုင်ငံကနေ ဘယ်လောက်ယူမလဲဆိုတာ ဆုံးဖြတ်ဖို့ဖြစ်တယ်။ အဲဒီလို မဆုံးဖြတ်ခင်မှာ အဲဒီ information တွေ အကျိုးအကြောင်းတွေ ထည့်ပြီးတော့ လုပ်မယ်ဆိုရင်တော့ အကောင်းဆုံး ဆုံးဖြတ်ချက် လုပ်နိုင်မယ်လို့ ကျနော် မျှော်လင့်ပါတယ်။ အဲဒါ သူတို့ လုပ်ဖို့ရာ ကတိပေးထားပါတယ်။
ကိုဇော်ဝင်းလှိုင် ။ ။ အခုလိုလာပြီး ဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။
Elaisa Vahnie ။ ။ ကျေးဇူးတင်ပါတယ်။