သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ခွဲခြားဖယ်ကျဉ်မှု ကင်းဖို့လိုတဲ့ ဒီမိုကရေစီ


လူ့အခွင့်အရေးလှုပ်ရှားသူ မဝေဝေနု
လူ့အခွင့်အရေးလှုပ်ရှားသူ မဝေဝေနု

ဒီတပတ် မြန်မာ့ရေးရာ သုံးသပ်ချက်အစီအစဉ်မှာ စစ်မှန်တဲ့ ဒီမိုကရေစီဖော်ဆောင်မယ်ဆိုရင် လူမျိုးကြောင့် ဘာသာကြောင့်ဆိုပြီး ခွဲခြားဖယ်ကျဉ်တာမျိုး မလုပ်သင့်ဘူးလို့ လူ့အခွင့်အရေးလှုပ်ရှားသူ မဝေဝေနုက ပြောလိုက်ပါတယ်၊ ဒီမိုကရေစီလုပ်ငန်းစဉ်တွေထဲမှာ ပြည်သူအားလုံးကို ပါဝင်ခွင့် မပေးဘူးဆိုရင် နောင်မှာ စိန်ခေါ်မှုတွေ ဖြစ်လာလိမ့်မယ်လို့ VOA မြန်မာပိုင်းနဲ့ သီးသန့်မေးမြန်းခန်းမှာ ပြောကြားခဲ့တာပါ၊ လာမဲ့ရွေးကောက်ပွဲအတွက် ကိုယ်စားလှယ်လောင်းတချို့ ပယ်ချခံရတဲ့ အခြေအနေ အပါအဝင် ဘာသာရေးကို အသားပေး မဲဆွယ်နေတာတွေနဲ့ ပတ်သက်လို့ မဝေဝေနု Washington မြို့တော်ကို ရောက်လာစဉ်မှာ ကိုသားညွန့်ဦးက မေးမြန်းထားတာပါ။

ကိုသားညွှန့်ဦး ။ ။ မဝေဝေနု VOA ကိုလာပြီး အခုလို ဖြေကြားပေးတာကို ကျေးဇူးအများကြီးတင်ပါတယ်။ ကျနော် အရင်ဆုံး ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ပါ။ ရွေးကောက်ပွဲမှာ ထူးထူးခြားခြားဆိုရင် အရင်ဆုံး ကိုယ်စားလှယ်လောင်း တင်တဲ့အခါမှာ ရွေးကောက်ပွဲကော်မရှင် က ပယ်ချလိုက်တယ်။ အယောက် (၇၀) ကျော် ပယ်ချခံလိုက်ရတယ်။ ပယ်ချခံရတဲ့အထဲမှာ အများစုကလဲ ကျနော်တို့ လေ့လာမိသလောက်ဆိုရင် နိုင်ငံသားဖြစ်မှုကိစ္စနဲ့ ပတ်သက်နေတယ်။ သူတို့ မိဘနှစ်ပါး နိုင်ငံသားမဖြစ်တဲ့ကိစ္စ။ အဲဒီအထဲမှာ အများစုက မူစလင်တွေ ဖြစ်နေပါတယ်။ ဒီအခြေအနေဟာ ဘယ်လောက်အထိ ရွေးကောက်ပွဲပေါ် သက်ရောက်မှုရှိလဲ။ ဒီလူတွေက တကယ်ပဲ နိုင်ငံသား မဟုတ်တာလား။ နိုင်ငံသားစီစစ်မှုအတွက် အခက်အခဲ ရှိတာလား။

မဝေဝေနု ။ ။ ကျေးဇူးတင်ပါတယ်။ တချို့ကိစ္စတွေက ပြောရတာတော့ တော်တော်လေး ခက်တာပေါ့။ ဒါပေမဲ့ အခုနက အပယ်ခံရတဲ့ လူတွေကို ကြည့်မယ်ဆိုရင် များသောအားဖြင့် မူစလင်တွေ ဖြစ်နေတယ်။ အထူးသဖြင့် ရိုဟင်ဂျာတွေ။ ရခိုင်ပြည်က လူတွေ ဖြစ်နေတယ်။ ဆိုတော့ ဒါက တမင်တကာပဲ လူမျိုးရေးအပေါ် အခြေခံပြီးတော့ ပယ်ချခံရတာလားဆိုတာ သံသယ ဖြစ်လာပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒီလျှောက်လွှာတင်တဲ့ ပုဂ္ဂိုလ်တွေထဲမှာ တော်တော်များများဟာ ၁၉၉၀ ရွေးကောက်ပွဲတွေမှာ ပါဖူးတဲ့လူတွေ။ အဲဒီလိုပဲ ၂၀၁၂၀ ရွေးကောက်ပွဲမှာ အမတ်လောင်းအဖြစ် ရွေးချယ်ခံရတဲ့လူတွေ။ အခုလောလောဆယ် အမတ်ဖြစ်နေတဲ့လူတွေလည်းပါတယ်ဆိုတော့ အခု ၂၀၁၅ ရွေးကောက်ပွဲမှာ ရွေးကောက်ပွဲကော်မရှင်ရဲ့ စီစစ်ရေးကော်မရှင်က ပယ်ချတယ်ဆိုတာက နည်းနည်းတော့ ယုတ္တိမရှိဘူးလို့ ထင်ရတယ်။ ဒါက ဥပဒေကို တန်ပြန်သက်ရောက်တာ။ နောက်ကြောင်းပြန် သက်ရောက်မှုသဘောမျိုး ဖြစ်နေတယ်။ ဒါကို တရားဥပဒေ စိုးမိုးမှုအရ ကြည့်မယ်ဆိုရင်လဲ ကိုက်ညီမှု မရှိဘူး။ အဲဒီလိုမျိုးပဲ ဒီမိုကရေစီ စံချိန်စံညွှန်းနဲ့ ပြန်ပြီးတိုင်းတာမယ်ဆိုရင်လဲ ဒါက လူနည်းစုတွေ၊ လူမျိုးရေး၊ လူမျိုးဘာသာအပေါ် အခြေခံပြီးတော့ ပယ်ချတာဟာ ရွေးကောက်ပွဲ စည်းမျဉ်းစည်းခံတွေနဲ့လဲ မလိုက်၊ မကိုက်ညီသလို၊ ဒီမိုကရေစီ စံချိန်စံညွှန်းနဲ့လဲ မကိုက်ညီပါဘူး။ အထူးသဖြင့် Creditable ဖြစ်တဲ့ ရွေးကောက်ပွဲ အဲဒီလို ပြောကြတယ်။ အစိုးရကိုယ်တိုင်က အဲဒီလိုဖြစ်အောင် လုပ်မယ်လို့ ပြောနေကြတယ်ဆိုပေမယ့် တကယ်လို့သာ လူနည်းစုတွေကို ဖယ်ထုတ်မယ်။ ဒါမှမဟုတ် နိုင်ငံရေးအရ လူနည်းစုတွေ၊ လူမျိုးရေး ဘသာရေးအပေါ် အခြေခံတဲ့ လူနည်းစုတွေကို ဖယ်ထုတ်ပြီးတော့ ရွေးကောက်ပွဲကို ကျင်းပမယ်ဆိုလို့ရှိရင် ဒါက လွတ်လပ်မျှတပြီးတော့ အခုန Creditable ဖြစ်တဲ့ ရွေးကောက်ပွဲတခုလို့ ကျမတို့ ပြောလို့မရပါဘူးရှင့်။

ကိုသားညွှန့်ဦး ။ ။ အခုန မဝေဝေနု ပြောသွားတဲ့အထဲမှာ အပယ်ခံရတဲ့ ကိုယ်စားလှယ်လောင်းတချို့ဟာ ၁၉၉၀၊ ပြီးခဲ့တဲ့ ၂၀၁၀ မှာ ပါခဲ့တဲ့ လူတွေ၊ အမတ်တောင် ဖြစ်ဖူးတဲ့လူတွေ ပါတယ်လို့ ပြောပါတယ်။ ဒါပေမဲ့ အခု အခြေအနေမှာ အပယ်ခံရတဲ့အပြင် တချို့ နိုင်ငံရေးပါတီတွေမှာဆိုရင် ကျနော်တို့ ကြားရသလောက် မူစလင် ကိုယ်စားလှယ်လောင်းတွေထားဖို့ စိုးရိမ်တယ်ဆိုတဲ့ သတင်းတွေလည်း ထွက်တယ်ဆိုတာ ကြားရပါတယ်။ အဲဒီတော့ ဒီအခြေအနေတခုလုံးက မူစလင်ကိုယ်စားလှယ်လောင်းတွေ ဖြစ်လာတဲ့ အခြေအနေတခုလုံးက အရင်တုန်းက ဖြစ်ခဲ့တဲ့ အကြမ်းဖက်မှုရဲ့ သက်ရောက်မှုတွေလို့ ပြောနိုင်လား။ နောက် စိုးရိမ်မှုနဲ့ ပတ်သက်လို့ကော မဝေဝေနု ဘာများ ဖြေရှင်းလိုပါလဲ။

မဝေဝေနု ။ ။ ဒါက ကျမတို့ရဲ့ နိုင်ငံရေးပြောင်းလဲကာလကြီး ၂၀၁၀ ရွေးကောက်ပွဲပြီးတော့ ဒီမိုကရေစီ နိုင်ငံရေးစနစ်ကို ပြောင်းလဲတဲ့ဆိုတဲ့ကာလမှာ ဖြစ်ပေါ်လာတဲ့ နောက်ဆက်တွဲ အကြမ်းဖက်မှုတွေ၊ အမုန်းတရား မြင့်တက်လာမှုတွေ။ အဲဒါတွေရဲ့ နောက်တက်တွဲလို့ ပြောလို့ရပေမယ့်လဲ တကယ်ပဲ ကျမတို့နိုင်ငံဟာ ဒီမိုကရေစီစနစ်ကို သွားနေတယ်ဆိုလို့ရှိရင် ဒီလိုမျိုး ပယောဂတွေ၊ အခက်အခဲတွေကို ပဋိပက္ခ၊ မုန်းတီးမှုတွေ စသဖြင့် အဲဒီအပေါ် အခြေခံတဲ့ အဃာတတရားကို အခြေခံတဲ့ ခွဲခြားမှုတွေ၊ ဖယ်ကျဉ်မှုတွေကို လုပ်လို့မရပါဘူး။ တကယ်လို့ တကယ်ပဲ စစ်မှန်တဲ့ ဒီမိုကရေစီစနစ်ကို သွားနေတယ်ဆိုရင် အဲဒီ process ကို နိုင်ငံထဲမှာရှိတဲ့လူတွေ၊ နိုင်ငံသားတွေအားလုံးဟာ အခုနပြောတဲ့ ဒီမိုကရေစီရဲ့ အသီးအပွင့် ဒါမှမဟုတ် ဒီမိုကရေစီစနစ်ကိုသွားတဲ့ အထဲမှာ လျှောက်လှမ်းတဲ့အထဲမှာ အားလုံးခေါ်ဆောင်သွားရမှာ ဖြစ်ပါတယ်။ အုပ်စုတစုကို ဖယ်ကျဉ်ပြီးတော့၊ ဒါမှမဟုတ်ရင် တချို့ကို ဖယ်ကျဉ်ပြီးတော့ တချို့ကို နည်းနည်းလေးပေးမယ်။ တချို့ကို များများပေးမယ်ဆိုတဲ့ မူဝါဒနဲ့ သွားမယ်ဆိုရင် သေချာပါတယ်။ ဒါဟာ စစ်မှန်တဲ့ ဒီမိုကရေစီကိုလည်း မရောက်နိုင်သလို၊ မျှတတဲ့ ရွေးကောက်ပွဲတခုလည်း မဖြစ်လာနိုင်ပါဘူး။ ဒီဟာ သမိုင်းအစဉ်အဆက် အကျင့်ပါသွားမယ်ဆိုရင် ပိုပြီးတော့တောင် ဒီမိုကရေစီအတွက် အခက်အခဲရှိတယ်။ စိန်ခေါ်မှုတရပ်လို့ ကျမ မြင်ပါတယ်။

ကိုသားညွှန့်ဦး ။ ။ နောက်တချက်က ဘာသာရေးကို အသုံးချပြီးတော့ မဲဆွယ်စည်းရုံးရေးမှာ သုံးတဲ့ကိစ္စပါ။ တော်တော်များများက စိုးရိမ်နေကြပါတယ်။ နိုင်ငံတကာကလည်း ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ စိုးရိမ်ကြောင်း ပြောလာတာ ရှိပါတယ်။ အဲဒီတော့ လက်ရှိ မဲဆွယ်စည်းရုံးမှုတွေမှာကော ဘာသာရေးအရ လှုံဆော်မှုတွေ၊ ဘာသာရေးနဲ့ ပတ်သက်လို့ ထောက်ပြပြောဆိုမှုတွေ တွေ့ရပါလား။ ဒါနဲ့ ပတ်သက်လို့ ဘယ်လိုမြင်လဲ။

မဝေဝေနု ။ ။ မဲဆွယ်စည်းရုံးမှုတွေမှာ အခု ကျမတို့ တွေ့ရသလောကတော့ ဘာသာရေးပေါ် အခြေခံပြီးတော့ လုပ်နေတယ်ဆိုတဲ့ အထောက်အထားတွေ အများကြီး တွေ့ရပါတယ်။ ပါတီတော်တော်များများက အဲဒီအပေါ်မှာ အခြေခံတာကိုလည်း တွေ့ရပါတယ်။ နောက်တခုက NLD Opposition party ကိုယ်တိုင် သူတို့အမတ်တွေထဲမှာ မူစလင်ကို မထည့်ထားခြင်းအပေါ်မှာ သူတို့ တမင်တကာလုပ်တာ မဟုတ်ပါဘူးလို့ ပြောတယ်ဆိုပေမယ့် ကျမတို့ သံသယရှိတာ ဘာလဲဆိုတော့ ဒီ ဘာသာရေး လှုံဆော်မှုတွေကြောင့် မထည့်တာလား။ တမင်တကာ မထည့်တာလားဆိုတဲ့ဟာမျိုး သံသယဖြစ်စရာ ဖြစ်လာတယ်။ ပါတီကြီး ဒီမိုကရေစီ ပါတီကြီးတောင် ဒီလို စိုးရိမ်နေရတယ်။ ဘာသာရေး လှုံဆော်မှုတွေကို စိုးရိမ်နေရတဲ့ အနေအထားမှာ ရှိနေပြီတော့။ ဒါပေမဲ့ ဒေါ်အောင်ဆန်းစုကြည်ကတော့ ဘာသာရေးအပေါ် အခြေခံပြီးဖြစ်ဖြစ် မဲဆွယ်စည်းရုံးမှုတွေ မလုပ်ဘူး။ လူပုဂ္ဂိုလ်တွေအပေါ် တယောက်ချင်းဆီ၊ တဦးချင်းဆီအပေါ်ဖြစ်ဖြစ်၊ အဖွဲ့အစည်းအပေါ် အခြေခံပြီးုဖြစ်ဖြစ် အခုန တိုက်ခိုက်ပြီးတော့ စည်းရုံးလှုံဆော်မှု မလုပ်ပါဘူးလို့ ကိုယ်တိုင်ပြောပြီးပြီပေါ့။ ဒါပေမဲ့ တခြားတဘက်မှာလဲ ဘာသာရေးအပေါ် အခြေခံပြီးတော့ စည်းရုံးလှုံဆော်မှုတွေ အားကောင်းကောင်းနဲ့ လုပ်နေတာမျိုးတွေလည်း တွေ့နေရပါတယ်။

ကိုသားညွှန့်ဦး ။ ။ ဒါပေမဲ့ ကျနော်တို့ သတိထားမိလောက်တော့ ရွေးကောက်ပွဲဥပဒေတွေထဲမှာ ဘာသာရေးကို အသုံးမချရဘူးဆိုတဲ့ ကန့်သတ်ချက်တွေ ရှိပါတယ်။ ရွေးကောက်ပွဲကော်မရှင်ရဲ့ ရပ်တည်ချက်က ဒီအပေါ်မှာ အားရစရာ ရှိရဲ့လား။

မဝေဝေနု ။ ။ ရွေးကောက်ပွဲကော်မရှင်က တခေါက်ပြောတာကတော့ သူ့အပေါ်မှာ တိုင်းကြားမှုရောက်မလာသရွေ့ သူ အရေးယူဆောင်ရွက်မှု လုပ်လို့မရဘူးဆိုတဲ့ဟာမျိုး ပြောခဲ့တာမျိုး ရှိတယ်။ ဒါပေမဲ့ သေချာတာကတော့ အားလုံးသိတဲ့အတိုင်း ရွေးကောက်ပွဲကော်မရှင်ဟာ လွတ်လပ်တဲ့ ကော်မရှင်တခု မဟုတ်ဘူး။ သူ့စံချိန်စံညွှန်းနဲ့ဆိုရင် နိုင်ငံတကာမှာဆိုရင်လဲ လွတ်လပ်မျှတတဲ့ ရွေးကောက်ပွဲတခုမှာ ရွေးကောက်ပွဲကော်မရှင်ဆိုတာ independence ဖြစ်ရတယ်။ လွတ်လပ်တဲ့ ကော်မရှင် ဖြစ်ရတယ်။ အခုက မလွတ်လပ်ဘူးဆိုတာလည်း အထင်သား တွေ့နေရတယ်ဆိုတော့ သူ့ရဲ့ role က ဘယ်လောက်အထိ ခိုင်မာမှုရှိမယ်ဆိုတာတော့ ပြောရခက်ပါတယ်။

ကိုသားညွှန့်ဦး ။ ။ အခုန မဝေနု ပြောသွားတဲ့အထဲမှာ နိုင်ငံရေးပါတီတချို့က ဘာသာရေးကို အကြောင်းပြပြီးတော့ တခြားလူတွေကို တိုက်ခိုက်တာတွေ၊ စည်းရုံးလှုံဆော်တာတွေ ရှိတယ်ဆိုတော့ ဒီအပေါ်မှာကော ရွေးကောက်ပွဲကော်မရှင်ရဲ့ ကိုင်တွယ်မှုက ဘယ်လိုရှိလဲ။ ဘယ်လို သတိထားမိလဲ။

မဝေဝေနု ။ ။ လောလောဆယ်အထိတော့ ကျမတို့ မတွေ့ရသေးပါဘူး။

ကိုသားညွှန့်ဦး ။ ။ အဲဒါ တိုင်းကြားမှု မရှိလို့လား။

မဝေဝေနု ။ ။ တိုင်းကြားမှု မရှိလို့လဲ ဖြစ်နိုင်သလို။ ရှိတာကိုလည်း သူ့အနေနဲ့ Action ယူနိုင်တဲ့ အနေအထား မရှိတာမျိုးလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ကျမတို့က ဘယ်လောက်အထိ တိုင်းကြားမှု ရှိတယ်ဆိုတာမျိုးကိုတော့ အတိအကျ မသိနိုင်ပါဘူး။

ကိုသားညွှန့်ဦး ။ ။ နောက် ပယ်ချခံရတဲ့ ကိုယ်စားလှယ်လောင်းတွေ ကိစ္စနဲ့ ပတ်သက်လို့ ရွေးကောက်ပွဲကော်မရှင်ရဲ့ ဖြေရှင်းချက်က ဘယ်လိုရှိလဲ။ သူတို့ရဲ့ ရပ်တည်မှုက ကျေနပ်အားရဖွယ်ရှိလား။

မဝေဝေနု ။ ။ ပယ်ချခံရတယ်ဆိုတာကလဲ မမျှမတ ပယ်ချခံရမှုလို့ ကျမ မြင်တယ်။ ဘာကြောင့်လဲဆိုတော့ ဥပမာဆိုလို့ရှိရင် လူမျိုးဘာသာပေါ် အခြေခံပြီးတော့ အခုန အထောက်အထားတွေ တောင်းတာတို့ဆိုတော့ ဗုဒ္ဓဘာသာ မဟုတ်ဘူးဆိုရင် ဒီနိုင်ငံသားမဟုတ်ဘူးဆိုတဲ့ ပုံစံမျိုးနဲ့ လူမျိုးဘာသာကို အခြေခံပြီးတော့ အထောက်အထားတွေ တောင်းတာပေါ့။ ဥပမာ ကျမအဖေဆိုလို့ရှိရင် သူ့ရဲ့ ဘိုးဘေးတွေ။ အဘိုးတင်မကဘူး အဘေးတွေ အဘေးတွေ အဘေးပြီးတော့ နောက်ထပ်တဆင့်အထိတောင် အထောက်အထားတွေ ပြခိုင်းတယ်။ ဘိုးဘေးဘီဘင်အထိတောင် အထောက်အထားတွေ ပြခိုင်းတယ်။ နိုင်ငံသားဖြစ်ကြောင်း၊ ဒီမှာနေထိုင်ကြောင်း အထောက်အထားတွေ ပြခိုင်းတယ်။ ဒါပေမဲ့ တခြား ဗုဒ္ဓဘာသာ ကိုယ်စားလှယ်တယောက်ကိုတော့ မပြခိုင်းဘူး။ ဒါက ဘာသာရေးအပေါ် အခြေခံပြီးတော့ သူက တောင်းဆိုတဲ့ဟာမျိုး ကျမတို့ အဲဒါကို တွေ့ရတယ်။ နောက်တခါ အဲဒီလို ပြခိုင်းတဲ့အခါမှာ ကျမအဖေဆိုရင် ပြနိုင်တယ်။ အဘိုးတင်မဟုတ်ဘူး ဘေးဘီဘင်တွေပါ။ ဒီမှာ မြေခွန်ပြေစာတို့ဘာတို့ ဟိုတုန်းထဲက ဒီနေရာမှာ အချက်အခြာကျ နေထိုင်။ ကျမတို့ ရွာတွေမှာ ဟိုတုန်းကတည်းက ဘိုးဘေးအဆက်ဆက် နေထိုင်ခဲ့တယ်ဆိုတဲ့ အထောက်အထားတွေ အများကြီးပြနိုင်တယ်။ ပြနိုင်ရဲ့သားနဲ့ သူက ပယ်ချတာပဲ။ ပယ်ချတဲ့ အခုန ကျမ ပြောခဲ့သလိုမျိုး အရင်တုန်းက Eligible ဖြစ်တဲ့ ကိုယ်စားလှယ်လောင်း ဖြစ်ခဲ့တယ်။ ၉၀ တုန်းက အရွေးခံခဲ့တယ်။ ၉၀ တုန်းကဆို ကျမတို့အဖေ ပြောပြသလောက် ပိုပြီးတော့တောင် စီစစ်တယ်။ မြို့နယ်အဆင့်၊ ခရိုင်အဆင့်၊ ပြည်နယ်အဆင့် အဆင့်ဆင့် အခုထက်တောင် အဆင့်ပိုများတယ်။ အဲဒီမှာ သူက အခုနလိုမျိုး ကိုယ်စားလှယ်လောင်း အရည်အချင်းနဲ့ ပြည့်ဝလို့ပဲ ကိုယ်စားလှယ်လောင်း ဖြစ်ခဲ့ပြီး၊ အခု ဒီထက် နှစ်ပေါင်း (၂၅) နှစ်ကျော်တဲ့အခါကြတော့မှ မဖြစ်ဘူးဆိုတဲ့ဟာက တော်တော်လေး အံ့သြစရာကောင်းတယ်လို့ ကျမ မြင်တယ်ပေါ့။ အထောက်အထားတွေလည်း ပြရဲ့သားနဲ့။ ကျမထင်တဲ့ ကျမတို့ အဖေတွေ။ ကျမလည်း သွားပြီးတော့တင်တဲ့ Process မှာပါတယ်။ ကျမတို့က သိရသလောက်တော့ အဲဒီ စာရွက်တွေကို သူတို့က ကြည့်တောင်မကြည့်ဘူး ဒီအတိုင်းကို ချက်ချင်း (၂၉) ရက်နေ့ကို နောက်ဆုံးတင်ခိုင်းပြီးတော့ (၂၉) ရက်နေ့ နေ့လယ် (၁) နာရီလောက်မှာ သူတို့ သွားတင်တယ်။ (၄) နာရီလောက်မှာ စာရင်းထွက်လာတဲ့အခါမှာ သူတို့ နာမည်မပါဘူးဆိုတော့ ဒါက ကြည့်တောင်မကြည့်ဘဲ ပယ်ချတဲ့ သဘောမျိုး။ State မှာ သွားတင်တော့လဲ အဲဒီအတိုင်းပဲ။ မိဘတွေက နိုင်ငံသား မဖြစ်ဘူးဆိုတဲ့ဟာမျိုး၊ နိုင်ငံသားဖြစ်တယ်ဆိုတာ သံသယ ရှိတဲ့ဟာမျိုးနဲ့ ပယ်ချတယ်။ အကြောင်းပြချက်ကလည်း အဲဒီလိုမျိုးပေးတယ်။ ဒါပေမဲ့လဲ ကိုယ်စားလှယ်လောင်း အရည်အချင်းမှာ အခုနပြောသလို နိုင်ငံတကာ စံချိန်စံညွှန်းအရဆိုရင် ဒါဟာ ကိုယ်စားလှယ်လောင်းက နိုင်ငံသားဖြစ်ရင်ရပြီ။ ဒါက တကဏ္ဍ။ ဒါပေမဲ့ သေချာပါတယ်။ ကျမ အခုနပြောသလို ဦးသိန်းစိန် သမ္မတကြီးပဲဖြစ်ဖြစ် သူ့ရဲ့ အဘိုးအဘွားတွေ နိုင်ငံသားကဒ် ပြနိုင်လားလို့ ကျမ ပြန်မေးချင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ မြန်မာနိုင်ငံမှာ နိုင်ငံသားကဒ် ထုတ်ပေးတာ ၁၉၅၂ မှ စပြီးတော့ အမျိုးသားမှတ်ပုံတင်တွေ ထုတ်ပေးတာကို။ ဒါဟာ မမျှတတဲ့ တောင်းဆိုမှုတွေ လိုအပ်ချက်တွေ။ လူမျိုးဘာသာပေါ် အခြေခံပြီးတော့ တောင်းပြီးတော့မှ အခုလိုမျိုး ပယ်ချတယ်လို့ ထင်တယ်။ ဒါပေမဲ့ UEC မှာ ထပ်ပြီးတော့ အယူခံတာမျိုးတော့ တွေ့တယ်။ တရားဝင် အယူခံခွင့် မရှိဘူး။ State မှာ ပြီးတယ်။ ဒါပေမဲ့ UEC က အထူးစုံစမ်းရေးကော်မရှင်ကို ဖွဲ့ပြီးတော့ ပြန်စီစစ်ပြီးတော့ တချို့သော ပုဂ္ဂိုလ်တွေကို ပြန်ချပေးတယ်လို့ သိရတယ်။ ဒါပေမဲ့ ဒါဟာ အနည်းစုလေးပေါ့။

ကိုသားညွှန့်ဦး ။ ။ ကျနော် နောက်ဆုံးတခု မေးချင်ပါတယ်။ ခပ်တိုတိုလေး ဖြေပေးပါ။ ရခိုင်ပြည်နယ် အခြေအနေပါ။ ရခိုင်ပြည်နယ်မှာ လာမယ့် ရွေးကောက်ပွဲမှာ မဲဆွယ်မှုတွေဖြစ်ဖြစ်၊ မဲပေးတာပဲဖြစ်ဖြစ် မျှမျှတတ ဖြစ်မယ်လို့ ယူဆပါရဲ့လား။ ဘာဖြစ်လို့လဲဆိုတော့ များသောအားဖြင့် မဲမပေးရတဲ့ လူဦးရေ ရခိုင်ပြည်မှာ ပိုများလာတယ် သိရလို့ပါ။

မဝေဝေနု ။ ။ ကျမတို့ လွတ်လပ်မျှတတဲ့ ရွေးကောက်ပွဲ ကျင်းပမယ်လို့ ပြောတယ်။ အခုန ရခိုင်ပြည်မှာရှိတဲ့ လူဦးရေရဲ့ သုံးချိုးတချိုးက မဲပေးခွင့် မရဘူးဆိုရင် ဒါက လွတ်လပ်မျှတတဲ့ ရွေးကောက်ပွဲဖြစ်တယ်လို့ ပြောလို့ကို မရပါဘူး။ လူတွေက အခုန IDP Camps တွေ ဒုက္ခသည်စခန်းတွေထဲကို ပို့ခံထားရတယ်။ နောက်ပြီးတော့ အဲဒီ ဒုက္ခသည်စခန်းက လူတွေကလည်း မဲပေးခွင့် မရဘူး။ အခုန ၂၀၁၀ တုန်းက မဲပေးခွင့်ရခဲ့တဲ့ အဖြူကဒ် ကိုင်ထားတဲ့လူတွေကလည်း အခု ၂၀၁၅ ရွေးကောက်ပွဲမှာ မဲပေးခွင့် မရဘူးဆိုတဲ့အခါကြတော့ ပြည်နယ်တခုလုံးရဲ့ သုံးချိုးတချိုး လူဦးရေက မဲပေးခွင့် မရဘူးဆိုတော့ ဒါက မျှတတဲ့ ရွေးကောက်ပွဲ ဖြစ်လာစရာ မရှိဘူး။ အဲဒီလူထုကို ကိုယ်စားပြုတဲ့ ကိုယ်စားလှယ်တွေလည်း အရွေးခံခွင့် မရဘူးဆိုတာလဲ ဒါက ဘယ်လိုမှ မျှတတဲ့ ရွေးကောက်ပွဲလို့ ကျမတို့ ပြောလို့မရပါဘူး။

ကိုသားညွှန့်ဦး ။ ။ မဝေဝေနု ကျေးဇူးပါ။

မဝေဝေနု ။ ။ ဟုတ်ကဲ့ပါ ကျေးဇူးတင်ပါတယ်။

XS
SM
MD
LG