သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဖယ်ဒရယ်ပြည်ထောင်စု တည်ဆောက်တဲ့နေရာမှာ


ရခိုင်အမျိုးသားပါတီရဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဦးလှစော
ရခိုင်အမျိုးသားပါတီရဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဦးလှစော

ဒီတပတ် မြန်မာ့ဒီမိုကရေစီရေးရာ ဆွေးနွေးခန်းအစီအစဉ်မှာ ဖယ်ဒရယ်ပြည်ထောင်စု တည်ဆောက်တဲ့နေရာမှာ လက်နက်ကိုင် တိုက်နေတဲ့ တိုင်းရင်းသားတွေ၊ အင်အားစုတွေ၊ တိုင်းရင်းသားနိုင်ငံရေးပါတီတွေနဲ့ပါ ညှိနှိုင်းဆောင်ရွက်တဲ့ နိုင်ငံရေး ယဉ်ကျေးမှုတရပ် ထူထောင်ရမှာဖြစ်တယ်။ ဖယ်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးအတွက် သဘောထား ကြီးမှုတွေနဲ့ ပွင့်လင်းမြင်သာမှုတွေ လိုအပ်တယ်လို့ ရခိုင်အမျိုးသားပါတီရဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဦးလှစော က ပြောဆိုပါတယ်။ မြန်မာနိုင်ငံရဲ့ ဖယ်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး။ နောက်ပြီးတော့ ရခိုင်ပြည်နယ်အတွင်းက အခြေအနေတွေနဲ့ ပတ်သက်လို့ ဦးဦးလှစော ကို VOA ရန်ကုန်ရုံးတာဝန်ခံ ဒေါ်ခင်စိုးဝင်း က တွေ့ဆုံမေးမြန်းထားပါတယ်။

ဒေါ်ခင်စိုးဝင်း ။ ။ မင်္ဂလာပါ ဆရာ။ ကျမတို့ VOA အမေရိကန်အသံကို တကူတက အချိန်မရတဲ့ကြားက တွေ့ဆုံမေးမြန်းခွင့် ပေးတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်ရှင့်။

ဦးဦးလှစော ။ ။ မင်္ဂလာပါ။ ကျနော်ကလည်း ပြောခွင့်ရတဲ့အတွက် အများကြီးဝမ်းသာပါတယ်။

ဒေါ်ခင်စိုးဝင်း ။ ။ ရွေးကောက်ပွဲလည်း အနိုင်ရကြပြီ။ NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကလည်း ဦးဆောင်တော့မယ်။ ဒီမိုကရေစီနည်းလမ်းကျ သွားကြတော့မယ်ပေါ့။ ဒါပေမဲ့ ဖယ်ဒရယ်ပြည်ထောင်စုကြီး ထူထောင်ကြမယ်ဆိုတာကို ဘယ်လောက်အထိများ အလားအလာ ရှိပါလဲ။

ဦးဦးလှစော ။ ။ ကျနော်က ဒါကို Concept အနေနဲ့ ပြောချင်ပါတယ်။ ကျနော် နားလည်တဲ့ Concept က ဖယ်ဒရယ်ဆိုတာ Concept တခုပဲ။ Process တခုကို တည်ထောင်သလိုပဲ ကျနော်တို့ သွားရမှာ။ ဒီမိုကရေစီလဲ ဒီလိုပဲ။ ကျနော်တို့ ဗမာပြည်မှာကြတော့ ဒီမိုကရေစီ ရရှိရေးဆိုပြီး၊ ဒီမိုကရေစီ ရပြီဆိုရင် Solid တခုလို ရသလို ထင်နေတယ်။ ဒါက Practice တခုပေါ့။ Practice က အဆင့်ဆင့် သွားရမယ်။ ဗမာပြည်ကြီးကို တည်ဆောက်ရမှာလဲ တကယ့် State building, Nation building သွားတဲ့အခါမှာလဲ ဖယ်ဒရယ်နဲ့ ပတ်သက်တဲ့ Institution တွေကို ကျနော်တို့ တည်ဆောက်ရမယ်။ တည်ဆောက်ရမယ့်အတွက် ကျနော်တို့ ညှိနှိုင်းရမယ့်အပိုင်းတွေ အများကြီးရှိတယ်။ နောက်တခုက ၂၀၀၈ ဖွဲ့စည်းပုံထဲမှာဆိုရင်လဲ တချို့က Formally ပေါ့။ Format အတိုင်းဆိုရင် ဖယ်ဒရယ် ဖြစ်တယ်ပေါ့ အဆင့်ဆင့်။ ဒါပေမဲ့ ဖယ်ဒရယ် မဖြစ်ဘူးဆိုတဲ့ ပြောလို့ရတဲ့အချက်တွေလဲ အများကြီးရှိပါတယ်။ အဲဒီတော့ ၂၀၀၈ ဖွဲ့စည်းပုံကို NLD ဦးဆောင်တဲ့ အစိုးရက ဘယ်လောက်အထိ စိတ်ရောကိုယ်ပါ လိုက်လိုက်လျောလျော ပြင်မလဲ။ ပြင်ဖို့ ကြိုးစားမလဲ။ ပြင်ဖို့အတွက် သူတို့မှာ Power အပြည့်ရှိသလားဆိုတာ တခုရှိတယ်။ နောက်တခုက ဖယ်ဒရယ်ကို ပြင်မယ်ဆို၊ ဖယ်ဒရယ်ဖြစ်ဖို့ တည်ဆောက်မယ်ဆိုလို့ရှိရင် တိုင်းရင်းသားပြည်သူတွေ၊ တိုင်းရင်းသားနိုင်ငံရေးပါတီတွေ သဘောထား၊ တိုင်းရင်းသားအခွင့်အရေးတွေ တောင်းဆိုနေတဲ့ လက်နက်ကိုင်အဖွဲ့အစည်းတွေရဲ့ သဘောထားကိုလဲ အကုန်လုံး ညှိနှိုင်းဖို့ လိုမယ်လို့ ထင်ပါတယ်။ အဲဒီတော့ ဒီဟာကြီးက ကျနော်ထင်တယ် အချိန်တိုတိုအတွင်းမှာတော့ ဒီဟာကြီးက အောင်မြင်ဖို့အလားအလာ မရှိပါဘူး။

ဒေါ်ခင်စိုးဝင်း ။ ။ အခု တိုင်းရင်းသားစည်းလုံးညီညွှတ်ရေး၊ အမျိုးသားပြန်လည် ရင်ကြားစေ့ရေးတွေ ပြောနေကြတဲ့အထဲမှာပဲ ရခိုင်ပြည်နယ်မှာလဲ မငြိမ်းမချမ်း အသံလေးတွေ ကြားနေရတာ ရှိပါတယ်။ ဥပမာ AA ရခိုင်တပ်မတော်ဆိုပြီး စုစည်းပြီးတော့ တော်လှန်ရေးအသွင် ဖြစ်နေတာပေါ့။ အဲဒါနဲ့ ပတ်သက်ပြီးတော့ ဆရာ ဘယ်လို သဘောရပါလဲ။ ဟိုတလောက ကြားလိုက်ရတာတော့ ရခိုင်ပြည်နယ်အစိုးရကနေ ဘုန်းတော်ကြီးတွေက ကြားဝင်ပြီးတော့ နိုင်ငံရေးစေ့စပ်ဆွေးနွေးဖို့ဆိုပြီး မေတ္တာရပ်ခံတာ ကြားရပါတယ်။ အဲဒါနဲ့ ပတ်သက်လို့ ဆရာ့သဘောထားလေး သိပါရစေရှင့်။

ဦးဦးလှစော ။ ။ ကျနော်အနေနဲ့ကတော့ သူတို့ကတော့ လောလောဆယ် တောင်းဆိုဖို့အတွက် သေနတ်ဆိုတာကို Tokin တခုအနေနဲ့ ကိုင်ပြီးတော့ လက်နက်ကိုင်တော်လှန်ရေး လုပ်နေရတယ်။ ဒါပေမဲ့ လမ်းကြောင်းကတော့ နိုင်ငံရေး တွေ့ဆုံပွဲလမ်းကြောင်းပဲ။ တွေ့ဆုံဆွေးနွေးပြီးတော့မှ ကျနော်တို့ ဘယ်လို သွားကြမလဲ။ လောလောဆယ် လက်နက်ကိုင်ရင်လဲကိုင်ထားပေါ့။ Political dialogue form တွေကို ဝင်လာရမယ်။ အဲဒီတော့ AA အနေနဲ့လဲ သူ့ရခိုင်အမျိုးသား အကျိုးစီးပွားဆိုပြီး တောင်းဆိုတယ်၊ တိုက်ပွဲဝင်တယ်။ နောက် KIA လဲ တောင်းတယ်။ ကချင်၊ ကရင် KNU ဆိုရင် တစုံတရာ နားလည်မှုရပြီ။ ဆွေးနွေးမှုထဲ ဝင်ပါတယ်။ အဲဒီတော့ အဲဒီလူတွေ အကုန်လုံးပါမှ အဖြေရမယ် ထင်ပါတယ်။ ညှိနှိုင်းသွားမယ် ထင်ပါတယ်။ အဲဒီတော့ AA အဲဒီလို လက်နက်ကိုင်ပြီး တိုက်နေတာကို ကျနော်တို့က မှားတယ်လို့တော့ မပြောလိုဘူး။ သူတို့ကလဲ သူတို့လမ်းကြောင်းတခုကို ရွေးတာပဲ။ ကျနော်တို့က ဒီ Democratic Process ထဲက တစုံတရာ ရနိုင်မယ်။ အခုဆိုရင် နည်းနည်းပါးပါး ပွင့်လင်းလာမှုတွေ ရှိတဲ့အတွက်ကြောင့် နည်းနည်းလေး Progress တော့ ဖြစ်တယ်။ နှေးနှေးကွေးကွေး Progress နဲ့ သွားနေတယ်လို့ ထင်တယ်။ အဲဒီတော့သူတို့လဲ သူတို့လမ်းကြောင်းနဲ့သွားပါ။ ကျနော်တို့ကလဲ Democratic Platform နဲ့ သွားမယ်။ အဲဒီလို သဘောမျိုးပါ။

ဒေါ်ခင်စိုးဝင်း ။ ။ ရခိုင်ပြည်နယ်အစိုးရက ရခိုင်အမျိုးသားပါတီကလဲ အများစု နိုင်ထားတယ်ဆိုတော့ ရခိုင်ပြည်နယ်အစိုးရ ဖွဲ့စည်းရေးမှာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ်တယောက်ရွေးဖို့ အဲဒါလဲ နည်းနည်းလေး Controversial ဖြစ်နေတယ်လို့ ကြားနေရတယ်။ အဲဒါလဲ စစ်တပ်ကလဲ သူတို့စစ်တပ်က လူကိုပဲ ထားစေချင်တယ်။ သူကိုလဲ လူကြိုက်များတယ်ဆိုပြီးတော့ ပြောနေကြတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ကလဲ သူတို့ အစိုးရဖြစ်လာတဲ့အခါမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က လူကိုပဲ ဝန်ကြီးချုပ်အဖြစ်နဲ့ ခန့်မယ်ပေါ့။ ဦးဦးလှစောတို့ ပါတီအနေနဲ့ သဘောထားလေး သိပါရစေရှင့်။

ဦးဦးလှစော ။ ။ ကျနော်တို့ကတော့ ပုဒ်မ (၂၆၁) ကို ကျနော်တို့ မကြိုက်ဘူး။ ကျနော်တို့ ဖွဲ့စည်းပုံ ပြောင်းလဲရေးမှာလဲ အဲဒါကို ပြင်ခဲ့တယ်။ အဲဒီတော့ အဲဒါကို လုံးဝဖယ်သင့်ပါတယ်။ ဇယား (၂) တို့၊ ဇယား (၁၀၁-၁၀၂-၁၀၅) တို့ ဆိုတာလဲ။ ဒါပေမဲ့ ဒီဟာကို ပယ်ရုံနဲ့ ဖယ်ဒရယ် မဖြစ်သေးဘူး။ ဒါပေမဲ့ ဒါကို ပြင်လိုက်တယ် ဆိုလို့ရှိရင် ဖယ်ဒရယ်စနစ်တခုကို သွားတယ်လို့ ကျနော် မြင်တယ်။ ဒီဟာလေးမှာ အဖုအထစ် ဖြစ်နေတာ မကောင်းဘူး။ ကျနော်တို့ (၂၆၁) ကို ပြင်ဖို့ဆိုတာ တပ်မတော်ဘက်ကကို လိုက်လိုက်လျောလျော မရှိခဲ့တဲ့အတွက် (၂၆၁) က ကန့်လန့်ကန့်လန့်ကြီး ပါလာတယ်။ အဲဒီတော့ NLD က အခု စကားပြောတဲ့အခါမှာလဲ (၂၆၁) ကိုပဲ ကိုင်ပြီးပြောလာတယ်။ သူတို့လဲ ပြင်ချင်တဲ့ဆန္ဒ ရှိတယ်လို့ ပြောပါတယ်။ (၂၆၁) ကိုင်ပြီး ပြောလာတယ်ဆိုတော့ တော်တော်တော့ စိတ်မကောင်းဘူး။ အဲဒီတော့ ကျနော်တို့က တပြည်နယ်အတိုင်း ပြင်သင့်တာတွေကိုတော့ ပြင်ရမှာပဲ။ ဒါပေမဲ့ တချို့အရေးကြီးတဲ့ ပြဿနာ အကြီးအကျယ် ပြဿနာတွေ ရှိတယ်။ ဥပမာ ကျနော်တို့ မြန်မာပြည် နိုင်ငံရေးမှာ တပ်မတော်ရဲ့ အခန်းကဏ္ဍတို့၊ ကာလုံအဖွဲ့တို့ ဘာတို့ဆိုတာလဲ။ ဒီဟာတို့ကလဲ တပ်မတော်ဘက်ကလဲ အသေဆုပ်ကိုင်ထားမယ်ပေါ့။ ဒါတွေကတော့ ရေရှည်မှာ သွားရမယ်။ 25% ဆိုရင် အရင်တုန်းက အဲဒီ 25% နဲ့ နိုင်ငံကို အုပ်ချုပ်တဲ့ Model က အင်ဒိုနီးရှားမှာလည်း လုပ်ခဲ့တယ်။ နောက် Gradually တဖြည်းဖြည်းလျှော့ပြီး အခုဆိုရင် လုံးဝကင်းသွားပြီ။ အဲဒီတော့ ဒီဟာတွေက အရှိန်ယူပြီး သွားရမယ်။ ညှိနှိုင်းပြီး သွားရမယ်။ တပ်မတော်ဘက်ကလဲ သဘောထားကြီးကြီးနဲ့ ယုံယုံကြည်ကြည် သဘောထားကြီးကြီးနဲ့ သွားဖို့လိုမယ်လို့ ထင်ပါတယ်။ အဓိကတော့ Political Dialogue Culture ပိုင်းမှာ ထွန်းကားစေတဲ့ NLD နဲ့ တပ်မတော်ကြားထဲမှာလဲ ညှိနှိုင်းပါ။ ဆွေးနွေးပါ။ ကျနော်တို့ အခုဆိုရင် လက်နက်ကိုင်ပြီး တိုက်နေကြတဲ့ KNU နဲ့ တပ်မတော်ခေါင်းဆောင်တွေလဲ ပြောဆိုဆွေးနွေးလို့ အဖြေထွက်ပြီ။ တချို့လဲ သံသယ ရှိတယ်။ တချို့ကလဲ ကောင်းတယ်လို့ မြင်တယ်။ ဒါကတော့ ရှိမှာပေါ့။ ဒါကို သမိုင်းအဆုံးအဖြတ် ပေးပါလိမ့်မယ်။ NLD နဲ့ တိုင်းရင်းသားပါတီလေးတွေလဲ ဆွေးနွေးပါ။ Democratic Culture ဖြစ်တဲ့ တခြားနိုင်ငံတွေမှာလဲ ဆွေးနွေးကြတယ်။ ကျနော်တို့ဆီမှာလဲ အဲဒီလို ပျော်ပျော်ပါးပါး ဆွေးနွေးတာတွေ ဖြစ်စေချင်ပါတယ်။

ဒေါ်ခင်စိုးဝင်း ။ ။ ရခိုင်ပြည်နယ်ဆိုတာလဲ မြန်မာနိုင်ငံကြီးတခုလုံးရဲ့ အနောက်ဘက်တံခါး ဖြစ်နေတာပေါ့။ အနောက်ဘက်တံခါးဆိုတော့ လုံခြုံရေးက အလွန်အရေးကြီးတယ်။ နယ်စပ်ဒေသ လုံခြုံမှုက အလွန်အရေးကြီးတယ်ဆိုတော့ စစ်တပ်ရဲ့ အခန်းကဏ္ဍက ရခိုင်ပြည်နယ်မှာ အင်မတန်မှ အရေးကြီးတယ်လို့ သဘောထားကြတာ ရှိပါတယ်။ အဲဒါကြောင့်မို့လဲ လူတွေက ပြောနေကြတာ ရခိုင်ပြည်နယ် လုံခြုံဖို့အတွက်ကို လုံခြုံရေးနဲ့ ပတ်သက်လို့ရှိရင် စစ်တပ်ရဲ့ အခန်းကဏ္ဍကလဲ အရေးကြီးတယ်လို့ ပြောနေကြတာ။ အဲဒီတော့ စစ်တပ်ရဲ့ အခန်းကဏ္ဍကို ရခိုင်ပြည်နယ်မှာ လျှော့ချလို့ မရသေးဘူးဆိုတဲ့ သဘောကို ပြောနေတဲ့ ပုံစံမျိုး ဖြစ်နေတာပေါ့ရှင့်။ အဲဒါကို ဘယ်လို သဘောရပါလဲ။

ဦးဦးလှစော ။ ။ စစ်တပ်ရဲ့ အခန်းကဏ္ဍဟာ ဗမာပြည်မှာ ရခိုင်ပြည်နယ်မှာ တော်တော်လေး အရေးကြီးပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဘယ် ဒီမိုကရက်တစ်အစိုးရပဲဖြစ်ဖြစ် ကျနော်တို့ ရခိုင်ပြည်မှာ ဥပမာ Communal Violence တခြားခြိမ်းခြောက်မှုတို့ ဘာတို့ညာတို့ ပေါ်လာလို့ရှိရင် စစ်တပ်ကတခုခု သဘောထား မကြည်ဘူး။ အစိုးရနဲ့ စစ်တပ်နဲ့ကြားထဲမှာ Trust မရှိဘူး။ Understanding မရှိဘူးဆိုရင် ရခိုင်ပြည်ရဲ့ တည်ငြိမ်မှုဟာ အမြဲတမ်း ဖြစ်သွားနိုင်တယ်။ အဲဒီတော့ ကျနော်တို့က ရခိုင်ပြည်မှာ စစ်တပ်ကို အရေးကြီးတာ မဟုတ်ဘူး။ စစ်တပ်ရဲ့ အခန်းကဏ္ဍနဲ့ နိုင်ငံရေးပါတီတွေရဲ့ အခန်းကဏ္ဍက ညှိနိုှုင်းပြီး သွားမယ်ဆိုရင် လိုချင်ပါတယ်။

ဒေါ်ခင်စိုးဝင်း ။ ။ အခု ရခိုင်ပြည်နယ်အကြောင်း ပြောမယ်ဆိုလို့ရှိရင် နိုင်ငံတကာမှာ အမြဲတမ်း ပေါ်လာတဲ့ ပြဿနာကတော့ ဒီမှာတော့ ဘင်္ဂလီလို့ ခေါ်ကြတယ်။ နိုင်ငံတကာကတော့ ရိုဟင်ဂျာလို့ ခေါ်ကြတာပေါ့။ အဲဒီ လူမျိုးစုတွေ၊ လူနည်းစုလို့ သတ်မှတ်ထားတဲ့ သူတို့ရဲ့အရေးနဲ့ ပတ်သက်လို့ ရခိုင်အမျိုးသားပါတီရဲ့ သဘောထား ရပ်တည်ချက်လေး သိပါရစေရှင့်။

ဦးဦးလှစော ။ ။ ကျနော်ကတော့ ထင်ပါတယ်။ အခု အဲဒီ ပြဿနာက နည်းနည်းလေး ငြိမ်နေတာ Normal နီးပါးကို ရောက်နေပြီ။ သမိုင်းပညာရှင်တွေ၊ တပ်မတော်ဘက်ကလဲ ကာချုပ်တို့က ပွင့်ပွင့်လင်းလင်း ပြောလာတယ်။ ရိုဟင်ဂျာဆိုတာက ဘယ်လိုမှ လက်ခံနိုင်စရာအကြောင်း မဟုတ်ဘူး။ ဒါပေမဲ့ မူစလင်တွေနဲ့ ပတ်သက်ပြီးတော့ ကျနော်တို့က သူတို့ရဲ့ ရသင့်ရထိုက်တဲ့ လူ့အခွင့်အရေးကိုတော့ ပေးရမယ်။ နောက် ဒီအထဲမှာ ခိုးဝင်လာတဲ့၊ တရားမဝင်တဲ့ဟာတွေကို တရားဥပဒေအကြောင်းအရ Rules of Law အနေနဲ့ သွားရမယ်ဆိုတဲ့အပိုင်းကို လက်ခံကြပါတယ်။ ဒါပေမဲ့ အကောင်အထည်ဖော်တဲ့အပိုင်းမှာတော့ တွန့်ဆုတ်တွန့်ဆုတ် ဖြစ်နေတဲ့ အခက်အခဲတွေ အများကြီးရှိတယ်။ အဲဒါပါပဲ။ ကျနော်တို့ကတော့ ဒီ ရိုဟင်ဂျာ ဆိုတဲ့ ဝေါဟာရကို ဗမာပြည်သမိုင်းမှာလဲ မရှိတဲ့အတွက်ကြောင့် မေ့ပစ်လိုက်ပါတော့။ ခင်များတို့ မေ့လိုက်တော့လို့ ပြောပါတယ်။ မေ့လိုက်မှ ဒီ Community တွေ တကယ့်ကို စစ်မှန်တဲ့ နိုင်ငံသားတွေဖြစ်အောင် ဗမာ့ယဉ်ကျေးမှုနဲ့ ယဉ်ပါးအောင်၊ ရခိုင့်ယဉ်ကျေးမှု သိအောင်။ ယဉ်ယဉ်ကျေးကျေးဖြစ်အောင်၊ ခေတ်ပညာတက်အောင်၊ Develop ဖြစ်အောင် ခင်များတို့ အဲဒါပဲ စဉ်းစား။ ရိုဟင်ဂျာဆိုတဲ့ အိပ်မက်ကိုတော့ ဖျောက်လိုက်ပါတော့။ အဲဒီတော့ အခုတော့ ငြိမ်နေတယ်။ ဒါပေမဲ့ အစိုးရသစ် တက်လာတဲ့အခါကြတော့ အပြင်မှာရှိနေတဲ့ Exile Muslims တွေက ဘယ်လို စခန်းသွားမယ်ဆိုတာ ကျနော် မသိဘူး။ နောက်တခုက ကျနော်တို့ စိုးရိမ်တာက အခုက နိုင်ငံတကာမှာဆိုလဲ ဘယ်မှာပဲဖြစ်ဖြစ် ဒီမိုကရေစီကို အခွင့်ကောင်းယူပြီးတော့ Islamization က နည်းနည်းလေး စိုးရိမ်စရာ ရှိနေလေတော့ ကျနော်တို့က အဲဒါလေးတွေ ချိတ်မိပြီးတော့ တခုခု ရခိုင်မှာ ဖြစ်မှာကို စိုးရိမ်တယ်။ ဒီလို လုံခြုံရေးနဲ့ ပတ်သက်လာလို့ရှိရင်တော့ ရခိုင်ရဲ့ အနေအထားက စိုးရိမ်စရာဖြစ်တဲ့အတွက်ကြောင့် ကျနော်တို့ စစ်တပ်က အုပ်ချုပ်တာကို ဆိုလိုတာ မဟုတ်ဘူး။ တပ်မတော်နဲ့ ရခိုင်ပြည်နယ်အစိုးရနဲ့၊ တပ်မတော်နဲ့ ရခိုင်နိုင်ငံရေးပါတီတွေ NLD ဖြစ်ဖြစ်၊ ဘယ်ပါတီပဲဖြစ်ဖြစ် နားလည်မှု၊ ယုံကြည်မှု ရှိမယ်ဆိုရင် ရခိုင်ပြည်ကို တည်တည်ငြိမ်ငြိမ်လေး ထိန်းထားနိုင်ရင် ကောင်းပါတယ်။ နို့မို့ရင် ကျနော်တို့ ရခိုင်ပြည် အနေအထား ပျက်သွားရင် မြန်မာနိုင်ငံရဲ့ Democratic Process လဲ အထိအပါးတွေ ပေါ်လာနိုင်မှာကို စိုးရိမ်လို့ပါ။

ဒေါ်ခင်စိုးဝင်း ။ ။ နောက်တခု ရခိုင်ပြည်နယ်နဲ့ ပတ်သက်ပြီး ပြောရမယ်ဆိုရင် အလုပ်အကိုင် ရှားပါးတဲ့ ပြဿနာ။ ဒီနေ့ ရင်ဆိုင်နေရတာ ဘာတွေလဲဆိုတော့ ရခိုင်ပြည်နယ်မှာ လူငယ်တွေ မရှိသလောက် ရှားပါးသွားပါပြီ။ လူတွေ အများစုက မလေးရှားနိုင်ငံ၊ ထိုင်းနိုင်ငံထွက် လုပ်ကြမယ်။ ဒါတင်မကဘူး ပြည်တွင်းမှာပဲ တခြားနေရာတွေမှာ သွားလုပ်တဲ့လူတွေလဲ ရှိပါတယ်။ ရန်ကုန်မြို့မှာတောင် တော်တော်များများ ရခိုင်လူငယ်တွေ အလုပ်လုပ်ကြတာ တွေ့ရပါတယ်။ အမျိုးသမီးတွေ၊ အမျိုးသားတွေ။ အဲဒီလိုပဲ ဖားကန့်မှာဆိုရင် သိန်းနဲ့ချီပြီးတော့ ရခိုင်လူငယ်တွေ အလုပ်လုပ်နေတာ တွေ့ရပါတယ်။ သူတို့တွေရဲ့ ပြဿနာတွေ ဖားကန့်မှာ ရေမဆေးကျောက် လုပ်ရင်နဲ့ အသက်တွေ ဆုံးရှုံးကြတယ်။ မူးယစ်ဆေးဝါးတွေ စွဲကြတယ်။ သူတို့တွေ ကိုယ့်ဒေသ ကိုယ်ပြန်လာနိုင်အောင် မဟာဗျူဟာတရပ်တော့ ချပြီးတော့ လုပ်ရလိမ့်မယ်လို့ ကျမ သုံးသပ်မိပါတယ်။ အလုပ်အကိုင်တွေ ဖန်တီးပြီးတော့။ ရခိုင်ပြည်နယ်မှာ အလုပ်အကိုင် ဖန်တီးရေးနဲ့ ပတ်သက်ပြီးတော့ ဆရာတို့ပါတီရဲ့ မူဝါဒလေး သိပါရစေရှင့်။

ဦးဦးလှစော ။ ။ ကျနော်တို့ ရခိုင်မှာ အလုပ်အကိုင် ဖန်တီးတယ်ဆိုတာ ကျနော်တို့က ရခိုင်တပြည်လုံး အတိုင်းအတာနဲ့ လျှပ်စစ်မီး ရရှိရေးဆိုတာစပြီး RNDP စထောင်ကတည်းက ကျနော်တို့ လုပ်ခဲ့ပါတယ်။ ဒါပေမဲ့ ကျနော်တို့ (၅) နှစ်နီးပါးသာ လုပ်ပါတယ်။ ဒီဟာက မအောင်မြင်ဘူး။ နည်းနည်းပါးပါးရတာ ရှိတယ်။ ကျနော်တို့ ကျေးလက်တောရွာအနံှ လျှပ်စစ်မီး ရမယ်ဆိုလို့ရှိရင် ကျနော်တို့မှာ အသေးစားစက်မှုလုပ်ငန်းလေးတွေကအစ ကောင်းလာမယ်ဆိုရင် အလုပ်အကိုင် အခွင့်အလမ်းတွေ ပေါ်လာမယ်။ နောက်တခုက ကျနော်တို့ စက်မှုဇုန်တွေကို အများကြီး မျှော်လင့်ခဲ့တယ်။ ဒါပေမဲ့ (၅) နှစ်နီးပါးသာ ကုန်သွားတယ် ကျနော်တို့ အင်မတန် ပြဿနာများတဲ့ အငြင်းပွားဖွယ်ဖြစ်တဲ့ ကျောက်ဖြူမှာပဲ တဝဲလယ်လယ်နဲ့ ဖြစ်တယ်။ ကျနော်တို့ အင်မတန် လက်တွေ့အကောင်အထည် ဖော်လို့ရတဲ့ ပုဏ္ဍာကျွန်းစက်မှုဇုန်ကြီးက အခုထက်ထိတော့ ဘာမှမတွေ့ဘူး။ ကွင်းပြင်ကျယ်ကြီးနဲ့ ဝေ့လယ်ဝေ့လယ် ဖြစ်နေပါတယ်။ အဲဒီတော့ ကျနော်တို့က ရခိုင်ပြည်မှာ လျှပ်စစ်မီး အပြည့်အဝ ရရှိရေး။ လျှပ်စစ်မီး ရရှိရေးဆိုတာလဲ အခုနပြောသလို အဆင့်ဆင့်ဆိုတာလဲ သဘာဝဓါတ်ငွေ့နဲ့ ပတ်သက်တဲ့ ဖယ်ဒရယ်မူထဲမှာပါတဲ့ Resource Sharing ဆိုတာနဲ့ ပြန်ပြီးဆက်လာပါတယ်။ အဲဒီတော့ ဒီမှာ စက်မှုဇုန်တွေ ပေါ်လာရေး၊ ရခိုင်ပြည်နယ်တပြည်လုံး မီးရရှိရေးဆိုတာကို ကျနော်တို့ ပြီးခဲ့တဲ့ (၅) နှစ်အတွင်းမှာ အားစရာ မမြင်ခဲ့ဘူး။

ဒေါ်ခင်စိုးဝင်း ။ ။ အဲဒီတော့ EIDI အဖွဲ့ဝင် နိုင်ငံတနိုင်ငံအနေနဲ့ သဘာဝသယံဇာတတွေ Transparency ဖြစ်ရမယ်။ ပွင့်လင်းမြင်သာမှု ရှိရမယ်။ တာဝန်ခံ တာဝန်သိမှုတွေ အကုန်လုံးပါတာပေါ့။ အခုလောလောဆယ်မှာ သဘာဝရေနံသိုက်ကြီး ရှိနေတဲ့ ရခိုင်ကမ်းလွန်ဒေသကနေ ထွက်တဲ့ သဘာဝရေနံသိုက်ကြီးက ကမ္ဘာနဲ့ချီပြီးတော့ နာမည်လဲ ကြီးပါတယ်။ ဒေါ်လာသန်းနဲ့ချီပြီးတော့ ရတယ်ဆိုပြီးတော့လဲ အသံတွေက ထွက်နေပြီးတော့ ရခိုင်ပြည်သူတွေ တပြားမှ မခံစားရတဲ့ အခြေအနေမှာ ဖြစ်နေတာပေါ့။

ဦးဦးလှစော ။ ။ အခုတော့ ကျနော်တို့ပေါ်မှာ ကျနော်တို့ တောင်းဆိုမှုပေါ်မှာ ရခိုင်တွေ တောင်းဆိုတာ Fair ဖြစ်ပါတယ်။ မျှတပါတယ်ဆိုတာကို ဗမာပြည်သူအများစုကလည်း ကိုယ်ချင်စာပေးကြပါတယ်။ ကျနော်တို့ ဒီအတိုင်းပဲ လက်ရှိ အာဏာရှိတဲ့ သူတွေဘက်ကတော့ နည်းနည်း ဒီအပေါ်မှာတော့ လက်တွေ့ကျကျ တုံ့ပြန်မှုတွေ အင်မတန်အားနည်းတာပေါ့။ ပြည်သူတွေကတော့ တိုင်းရင်းသားပြည်သူတွေကတော့ မြင်လာပါပြီ။ အထူးသဖြင့် ဗမာပြည်သူတွေ ပိုပြီး၊ ဗမာတွေက ပိုသိလာလို့ ကျနော်တို့ ဘာပဲပြောပြော ဒီ Process မှာ ဝမ်းသာတယ်။

ဒေါ်ခင်စိုးဝင်း ။ ။ နောက်ဆုံးအနေနဲ့ ရခိုင်အမျိုးသားပါတီအတွင်းမှာ ခေါင်းဆောင်ပိုင်း အခြေအနေပိုင်းလေးပေါ့။ သဘောထား ကွဲလွဲတာလေးတွေ ကြားနေရပါတယ်။ ဒါကလဲ သဘောထားကွဲတယ်ဆိုတာလဲ ဒီမိုကရေစီမှာတော့ သဘောထား ကွဲလွဲခွင့် ရှိပါတယ်။ အမျိုးသားရင့်ကြားစေ့ရေးလေး ပြောတဲ့နေရာမှာ ANP နဲ့ ALD ပါတီကြားမှာ ခေါင်းဆောင်အချင်းချင်း ပြန်လည်ရင်ကြားစေ့ရေး အခြေအနေ၊ ဘယ်လို ရှိပါလဲ။

ဦးဦးလှစော ။ ။ ကျနော်တို့ အမြဲတမ်း ကြိုးစားပါတယ်။ ကျနော်တို့ပါတီကလဲ ကျနော်ထင်ပါတယ်။ ကျနော်တို့ နိုင်ငံရေးပါတီဆိုပေမယ့် ကျနော်တို့ ပါတီ Institutional အနေနဲ့ ခိုင်ခိုင်မာမာ မရှိပါဘူး။ Very loose ပါပဲ လျော့လျော့ရဲရဲ ပါပဲ။ ဒီကြားထဲမှာလဲ Fictions တွေတော့ ရှိတာ မှန်ပါတယ်။ Fiction တွေ လာတဲ့လမ်းကြောင်းတွေက မတူကြဘူးဆိုတော့ Fictions တွေ ရှိကြတယ်။ နောက်တခုက ကျနော်တို့ အဓိကကြုံတဲ့ အခက်အခဲတခု (၅) နှစ် အတွေ့အကြုံကို ပြောချင်တာကတော့ ပါတီထောင်လိုက်တဲ့အခါမှာ လွှတ်တော်ထဲကို ရောက်သွားတဲ့လူနဲ့ ပါတီထဲမှာ ကျန်ခဲ့တဲ့လူကြားမှာ ပဋိပက္ခနည်းနည်း ရှိပါတယ်။ အဲဒါကို ကျနော်တို့ Check and Balance လိုပေါ့ လွှတ်တော် နဲ့ အစိုးရ Check and Balance လုပ်သလို။ ပါတီတခုရဲ့ လွှတ်တော်ထဲကို ရောက်သွားတဲ့လူနဲ့ လွှတ်တော်မရောက်ဘဲ ပါတီတည်ဆောက်ရေး လူတွေကြားထဲမှာ Check and Balance နဲ့ မလုပ်နိုင်တဲ့အတွက်ကြောင့် ပါတီဟာ တခါတခါ ဒယိမ်းဒယိုင် ဖြစ်သွားတာရှိတယ်။ အဲဒါတွေကို ကျနော်တို့ ညှိဖို့ကြိုးစားပါတယ်။ အခု အရင်တုန်းက ဖြစ်ခဲ့တာတွေကို သုံးသပ်ပြီးတော့ အကောင်းဆုံး ဖြစ်နိုင်အောင် ကြိုစားဖို့။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့ လွှတ်တော်ထဲမှာ ပြည်ထောင်စုလွှတ်တော်ထဲမှာဆိုလဲ၊ တိုင်းရင်းသားထဲမှာဆိုလဲ ကျနော်တို့ပဲ ရှိတယ်။ နောက်တခုက ကျနော် ကြုံတုန်းပြောချင်တာက တိုင်းရင်းသားတွေ အကုန်လုံးစုပြီးတော့ လုပ်ထားတဲ့ NPF ရှိပါတယ်။ အဲဒါကလဲ ကျနော်တို့ ရခိုင်တွေကပဲ အများအများနိုင်တဲ့ ပါတီတခုဖြစ်နေတော့ ကျနော်တို့က NPF ကတဆင့် Federation ကိုသွားဖို့ဆိုတဲ့ လမ်းကြောင်းတခု ရှိတဲ့နေရာမှာ ကျနော်တို့ပါတီက ခိုင်မာဖို့ လိုပါတယ်။ အဲဒီတော့ အခိုင်မာဆုံးဖြစ်အောင်လို့ ကြိုးစားနေပါတယ်။ ကျနော်ကတော့ ဒါက သဘာဝလို့ပဲ မြင်ပါတယ်။

ဒေါ်ခင်စိုးဝင်း ။ ။ ကျေးဇူးအများကြီး တင်ပါတယ် ဆရာ။

XS
SM
MD
LG