သုံးရလွယ်ကူစေသည့် Link များ

ဒီတပတ် ဒီမိုကရေစီရေးရာ ဆွေးနွေးခန်းမှာ အမေရိကန် ပြည်ထောင်စုကို ခေတ္တအလည်ပတ် ရောက်ရှိနေပြီး၊ မြန်မာနိုင်ငံရှိ ရခိုင် နဲ့ ကချင်ပြည်နယ်အတွင်း ဖြစ်ပွါးနေတဲ့ ပဋိပက္ခများကြောင့် အတိဒုက္ခ ရောက်ရှိနေကြတဲ့ တိုင်းရင်းသားများ ပြည်သူပြည်သားများကို အကူအညီပေးဖို့ လူမှုရေးရန်ပုံငွေ ရှာဖွေနေတဲ့ တေးရေး၊ တေးဆို ကိုရဲလွင် ကို ဗွီအိုအေ အသံလွှင်ဌာနမှာ ကိုကျော်ကျော်သိန်း က တွေ့ဆုံမေးမြန်း ဆွေးနွေးထားပါတယ်။

ကိုကျော်ကျော်သိန်း ။ ။ ကျနော်တို့ရဲ့  ဗွီအိုအေကို အချိန်ပေးပြီးတော့ တွေ့ဆုံမေးမြန်းခွင့်ပြုတဲ့အတွက် အများကြီး ကျေးဇူးတင်ပါတယ်။ ပထမဦးဆုံး အမေရိကန် ခရီးစဉ်က ကိုရဲလွင်ရဲ့  ပထမဦးဆုံး အမေရိကန်ခရီးစဉ်လို့ ကျနော် နားလည်းထားပါတယ်။ ကိုရဲလွင် က နှစ်ရှည်လများ ဂီတသမားတယောက်အနေနဲ့ ရပ်တည်ခဲ့တဲ့လူ၊ စိတ်ခံစားမှု ပြင်းထန်တဲ့ လူတယောက်အနေနဲ့ အခုခရီးစဉ်အပေါ်မှာ အခုအချိန်အထိ ခံစားရတဲ့အတွေးလေးရှိရင် ပြောပြပါလား။

ကိုရဲလွင် ။ ။ ဂီတကတော့ ကျနော် တသက်လုံး နိုင်သလောက် လုပ်သွားမှာပါ။ ဂီတပဲ လုပ်တတ်တာကို။ အဲဒီတော့ ဒီအပြင်တော့လည်း ကျနော် လူမှုရေးတွေပဲ အာရုံရောက်တယ်။ အာရုံစိုက်ပါတယ်။ တခြားလူတွေကို ကူညီချင်တဲ့ စိတ်ရှိတယ်ပေါ့။

ကိုကျော်ကျော်သိန်း ။ ။ ဆိုတော့ ဒီ ဝါရှင်တန်ဘက်ကို မလာခင် နယူးရော့ခ်မှာ ပန်းခရမ်းပြာ၏ အိမ်မက်များ ခေါင်းစဉ်နဲ့ ပွဲတပွဲ လုပ်ခဲ့တယ်လို့ ကျနော် သိထားပါတယ်။ ဒီ ပန်းခရမ်းပြာဆိုတဲ့ သီချင်းက ကိုရဲလွင်ကိုယ်တိုင်ရေးတဲ့ သီချင်း။ နောက် ကိုခင်မောင်တိုး ဆိုထားပြီးတော့ အခုအချိန်အထိလည်း ဒါက လူတွေကြားထဲမှာ ထင်ရှားတုန်း၊ ကျော်ကြားတုန်း၊ လူကြိုက်များတုန်း သီချင်းတပုဒ်ပါ။ ပန်းခရမ်းပြာ၏ အိမ်မက်များဆိုတော့ ပန်းခရမ်းပြာရဲ့  အိမ်မက်က ဘာတွေပါလဲ။

ကိုရဲလွင် ။ ။ ပန်းခရမ်းပြာဆိုတာကတော့ နံမည်ပေးထားတာကတော့ သီချင်းအနေနဲ့က အဆောင်မှာနေတဲ့ life ကို ဖွဲ့ဆိုထားတာပေါ့။ အဆောင်က ခရမ်းပြာဆိုတဲ့အဆောင်။ အဲဒီမှာ နယူးရော့ခ်မှာ လုပ်တဲ့ပွဲကတော့ ပန်းခရမ်းပြာ၏ အိမ်မက်များဆိုတာက ကျောင်းသားဘဝမှာ ကျနော်တို့ ရှိတုန်းက ကျနော်ဆီမှာ လာခဲ့ဘူးတဲ့ လူငယ်တွေက ခရမ်းပြာကို သူတို့ စွဲလမ်းနေတယ်။ ၈၈ မှာတော့ ခရမ်းပြာပါ ပျောက်သွားတာကို။ အဲဒီတော့ သူတို့ အဲဒီမှာ ထွက်လာခဲ့ရတဲ့လူငယ်တွေ ခရမ်းပြာကို သူတို့ပြန်ပြီး တမ်းတတာပေါ့။ ခရမ်းပြာမှာ သူတို့ မျှော်လင့်ချက်တွေရှိတယ်။ အဲဒီအတွက် သူတို့ အခုလိုဆက်ပြီး လုပ်နိုင်ဖို့ဆိုပြီး အားထုတ်တာပေါ့။

ကိုကျော်ကျော်သိန်း ။ ။ ပန်းခရမ်းပြာသီချင်းက ၈၈ ပတ်ဝန်းကျင်မှာ အင်မတန် ကျော်ကြားပြီးတော့ လူငယ်တွေကြားထဲမှာ အတော်လေး ရေပန်းစားတဲ့ သီချင်းပါ။ ကျနော်တို့ ခေတ်ကာလတွေ။ နောက်ပြီး ဗမာပြည်မှာ လွတ်လပ်ငြိမ်းချမ်း ပန်းရဲ့ လမ်းဆိုတဲ့ နံမည်နဲ့ နေရာအသီးသီး လှည့်လည်ပြီးတော့ ရန်ပုံငွေရှာပွဲတွေလုပ်တာ ကျနော်တို့ သိထားပါတယ်။ ဆိုတော့ ဒီ လွတ်လပ်ငြိမ်းချမ်း ပန်းရဲ့ လမ်းသည် အဖွဲ့တခုပါလား၊ လှုပ်ရှားမှုတခုပါလား။ ဒီ အဖွဲ့ဆိုရင်လည်း အဖွဲ့၊ လှုပ်ရှားမှုဆိုရင်လည်း ဒီလှုပ်ရှားမှုရဲ့  အနာဂတ်ကို ဘယ်လို မြင်ထားပါသလဲ။

ကိုရဲလွင် ။ ။ ကျနော်တို့ကတော့ ဟိုမှာ Network ကွန်ယက်သဘောဆိုတော့ အဖွဲ့အနေနဲ့လည်း မဟုတ်ဘူး။ ကျနော်တို့နဲ့ ပါဝင်သီဆိုနိုင်တဲ့ လူတွေရှိတယ်။ ရန်ကုန်မှာလည်း တခြားပါဝင် သီဆိုပေးတဲ့လူတွေ ရှိတယ်။ ကျနော်တို့က ဂီတ တီးပြီးတော့ ဒါက အမှန်ကတော့ ပြည်တွင်းစစ်ကို ကျနော်တို့က မီးမောင်းထိုးပြချင်တယ်။ ကချင်ပြည်နယ်မှာဖြစ်တဲ့ ပြည်တွင်းစစ်ကို ကျနော်တို့ ပြည်တွင်းစစ် ရပ်စဲဖို့။ ဘယ်သူမှ အပြစ်တင်တာ မဟုတ်ဘူး။ ပြည်တွင်းစစ် ရပ်စဲဖို့ ပြည်သူတွေက သတိထားပြီးတော့ လုပ်ရမယ်ဆိုတော့ ပြည်တွင်းစစ်မှာ စစ်ဘေးဒုက္ခရောက်နေတဲ့ လူတွေကို ကူညီဖို့ ရန်ပုံငွေရှာမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ကျနော်တို့ ထွက်ပါတယ်။ ရန်ပုံငွေ ရှာရင်နဲ့ပဲ ပြည်တွင်းစစ်ရပ်စဲဖို့ ငြိမ်းချမ်းရေးနဲ့ ပတ်သက်တဲ့ သီချင်းတွေကို သီဆိုပါတယ်။

ကိုကျော်ကျော်သိန်း ။ ။ ငြိမ်းချမ်းရေးနဲ့ ပတ်သက်တဲ့ သီချင်းတွေက အသစ်တွေလား။ ဒါမှမဟုတ် ဟိုတုန်းက သီချင်းတွေလား။ ပြန်ရေးထားပြီးတော့ ပြန်ဆိုတာလား။

ကိုရဲလွင် ။ ။ ပြန်ရေးထားပြီးတော့ မသွင်းရသေးတဲ့ သီချင်းတွေလည်းပါတယ်။ အသီးသီးပေါ့။ တချို့ ကတော့ ရေးထားပြီးတော့ မဆိုရ၊ မသွင်းရသေးဘူး။ အဲဒီကြမှ ငြိမ်းချမ်းရေးသီချင်းရှိတယ်ဆိုတော့ ခက်ခက်လည်းမဟုတ်တော့ ကျနော်တို့ ဟော်လို ဂီတာလေးတွေနဲ့ပဲ နောက် ဒရမ်တွေ ဘာတွေလည်း မပါဘူး။ ပတ်ကားရှင်း ဗုံပါတယ်။ နောက် ဆိုတတ်တဲ့ ဆိုနိုင်တဲ့လူရှိရင် ကျနော်တို့က ဆိုခွင့်ပေးပါတယ်။

ကိုကျော်ကျော်သိန်း ။ ။ အခုလိုမျိုး လူမှုပရဟိတတွေ ငြိမ်းချမ်းရေးနဲ့ ပတ်သက်တဲ့ လှုပ်ရှားမှုတွေ လွန်ခဲ့တဲ့ တနှစ်ကျော်၊ နှစ်နှစ်ပိုင်းတွေမှာ ဒီလောက်ကျယ်ကျယ်ပြန့်ပြန့် မတွေ့ခဲ့ရဘူး။ အခုဆိုရင် ကိုရဲလွင်တို့လို ထင်ရှားတဲ့ ဂီတသမားတွေက ဦးဆောင်ပြီးတော့ လုပ်လာကြပြီပေါ့။ ဒီလိုမျိုး လူမှုပရဟိတ လှုပ်ရှားမှုတွေ၊ ငြိမ်းချမ်းရေးဆိုင်ရာ လှုပ်ရှားမှုတွေ၊ မြန်မာပြည်မှာ ဖြစ်နေတာတွေ အနာဂတ်ကို ကိုရဲ ဘယ်လိုမြင်ထားပါသလဲ။

ကိုရဲလွင် ။ ။ အနာဂတ်ကတော့ ဒါတွေကတော့ ကျနော်တို့ နမိတ်ပုံရိပ်ပဲ။ တကယ်တော့ ကျနော်တို့ ဖြစ်စေချင်တာ တိုင်းပြည်ငြိမ်းချမ်းအေးစေချင်တယ်။ ပြည်တွင်းစစ်တွေ မရှိစေချင်ဘူး။ အထူးသဖြင့် မှားယွင်းချွတ်ချော်နေတဲ့ အပိုင်းတွေကို ဖော်ပြချင်တယ်။ ဖော်ပြတဲ့အခါကြတော့ အစိုးရနဲ့ ကျနော်တို့ သဟဇတ မဖြစ်တဲ့အခါကြတော့ ကျနော်တို့ မဖော်ပြနိုင်ဘူးပေါ့။ စာနဲ့ရေးဖို့ကလည်း အရင်တုန်းက စာပေစီစစ်ရေးတွေ ရှိသေးတယ်။ ဂီတတွေမှာတောင် စာပေစီစစ်ရေးကို ဖြတ်သန်းခဲ့ရတဲ့ကာလရှိတယ်။ အဲဒီတော့ ကျနော်တို့ သီချင်းတွေက ငြိမ်းချမ်းတဲ့သီချင်းတွေပဲ စာပေစီစစ်ရေးကို မဖြတ်တော့ဘူး။ ပြည်သူအများထံ ရောက်ချင်လို့ရှိရင်လည်း အင်တာနက်ကိုပဲ ပို့လိုက်တယ်။ အဲဒီမှာ ကျနော်တို့ လိုက်ဆိုကြတယ်။ ရှိသမျှပုံအောပြီးတော့ ရှိတဲ့ပိုက်ဆံတွေထည့်၊ ရှိတဲ့ဂီတလေးနဲ့ စတာပဲ။ အဲဒါနဲ့ လုပ်ပြီးတော့ အလှူငွေခံ။ ဂီတနဲ့ အလှူငွေခံခြင်းပါပဲ။ ကားနဲ့လှည့်တဲ့အခါမှာတော့ ကျနော်တို့ကားမှာ အဲဒီလို စာတန်းလေး ချိတ်ထားတယ်။ ရန်ကုန်မှာတော့ လက်ဖက်ရည်ဆိုင်တွေ၊ ထင်ရှားတဲ့ လက်ဖက်ရည်ဆိုင်တွေ။ သူတို့ဆီသွား သူတို့နဲ့လည်း မိတ်ဆွေဖြစ်ထားတော့ သူတို့ဆီကနေစပြီးတော့ အလှူငွေတွေ ဘာတွေ မထင်မှတ်ပဲ တော်တော်များများ ရပါတယ်။ အဲဒီလိုနဲ့ပဲ ဆက်ဖြစ်သွားခဲ့တယ်။

ကိုကျော်ကျော်သိန်း ။ ။ ကိုရဲလွင် က ဘဝတသက်လုံး ဂီတအနုပညာကို မြုပ်ပြီးတော့ လုပ်ခဲ့တဲ့လူတယောက်။ နောက်တခုက ဂီတကို ခုံခုံမင်မင် မြတ်နိုးကြတဲ့ လူငယ်တွေထဲမှာဆိုရင် idol စံပြစံပြု ပုဂ္ဂိုလ်တယောက်အနေနဲ့ လူငယ်တွေက သတ်မှတ်ကြပါတယ်။ အခု အဲဒီ ဂီတကနေတခါ ရှေ့ တလှမ်းတိုးပြီးတော့ လူမှုပရဟိတလုပ်ငန်းတွေ၊ ငြိမ်းချမ်းရေး လှုပ်ရှားမှုလုပ်ငန်းတွေ လုပ်လာပါတယ်။ တချိန်ချိန်မှာ ရွေးကောက်ပွဲဝင်ပြီးတော့ နိုင်ငံရေးလုပ်မယ်ဆိုတဲ့ ရည်ရွယ်ချက်မျိုး ရှိပါသလား။

ကိုရဲလွင် ။ ။ အဲဒါတော့ မရှိပါဘူး။

ကိုကျော်ကျော်သိန်း ။ ။ နိုင်ငံရေးလုပ်ဖို့၊ ရွေးကောက်ပွဲဝင်ဖို့ ရည်ရွယ်ချက် လုံးဝမရှိဘူး။

ကိုရဲလွင် ။ ။ ရွေးကောက်ပွဲဝင်ဖို့ ရည်ရွယ်ချက် မရှိပါဘူး။ လိုအပ်ရင်တော့ နိုင်ငံရေးမှာ ဝိုင်းဝန်းကူညီပေးမယ်။ ကိုယ်နိုင်ရာ ကောင်းစားရေးအကြောင်း နိုင်ငံရေးဆိုတာ ပါတီအရေးမဟုတ်ဘူးပေါ့။ နိုင်ငံခေါင်းဆောင်တွေကို ဘာလုပ်ပေးနိုင်မလဲ။ အခုထိလည်း အဲဒီလိုမျိုး လုပ်တာပေါ့။

ကိုကျော်ကျော်သိန်း ။ ။ အခု မြန်မာပြည်မှာ အပြောင်းအလဲတွေ ဖြစ်နေပြီဆိုပြီးတော့ လူတွေ ပြောကြပါတယ်။ ကိုရဲလွင်တို့က မြန်မာနိုင်ငံကလာတယ်။ မြန်မာနိုင်ငံမှာ တောက်လျှောက်နေလာခဲ့တယ်။ မြန်မာနိုင်ငံမှာပဲ လုပ်ကိုင်စားသောက်ခဲ့တဲ့ လူတွေဖြစ်တော့ အဲဒီလူတွေပြောနေတဲ့ အပြောင်းအလဲတွေကို ကိုရဲလွင်တို့ကိုယ်တိုင် တကယ်လက်တွေ့ ခံစားနေရပါပြီလား။ ဘယ်လိုမျိုး ခံစားရပါသလဲ။

ကိုရဲလွင် ။ ။ ချော်တော့ချော်နေသေးတယ်ဗျာ။ ဘယ်လိုလဲဆိုတော့ အခု ကျနော်တို့ သီချင်းလှည့်ဆိုတာတောင် ကျနော်တို့က ငြိမ်းချမ်းရေးအတွက် ဆိုတာ။ နောက် စတိတ်ရှိုးလို ဆိုတာမျိုး မဟုတ်ဘူး။ အလှူငွေ လိုက်ကောက်တာ။ ခပ်ရိုင်းရိုင်းပြောရင် တောင်း၊ အလှူငွေ ပိုက်ဆံတောင်းတာပေါ့။ အဲဒါကိုတောင် ကျနော်တို့ကို မလုပ်ဖို့ ပိတ်တဲ့နေရာတွေ ရှိတယ်။ အမှန်တော့ ဒီလူဟာ သီချင်းနဲ့ ထီးရောင်းတဲ့ကားတွေလည်း သီချင်းဖွင့်ပြီး သွားတာပဲ။ ကျနော်တို့က သီချင်းဆိုတာ လက်ဖက်ရည်ဆိုင်မှာ။ ဘီယာဆိုင်မှာလည်း မဟုတ်ဘူး။ မနက်ထမင်းလာစားတဲ့လူတွေ သူတို့ စိတ်ဝင်စားရင် ထည့်သွားတယ်။ အဲဒီလိုနဲ့ ကျနော်တို့ အလှူငွေ ကောက်တဲ့အခါကြတော့ ကျနော်တို့ကို ပေးမဆိုနဲ့ဆိုပြီး ဆိုင်ကိုလာပြီး တားတယ်။ ကျနော်တို့ကိုတော့ တိုက်ရိုက်မပြောဘူး။ ဆိုင်ကနေ ကျနော်တို့ကို ပေးဆိုရင် ဆိုင်ကိုတခြား action ။ တခြား ချွတ်ချော်ခဲ့တာ - ဥပမာ ဧည်စာရင်း မတိုင်တာတွေဘာတွေ၊ အရေးယူမယ်ဆိုတာတွေ ဖြစ်လာတော့။ ကျနော်တို့ရှေ့ မှာ ပြောနေတော့ ကျနော်တို့ကတော့ ဆိုင်ရှင်ခွင့်ပြုရင် ဆိုမယ်၊ လုပ်မယ်။ ခွင့်မပြုနိုင်ရင်တော့ မတီးဘူး။ ကျနော်တို့ ပြန်မယ်ဆိုတော့။ ဆိုင်ရှင်က အလှူငွေတွေ ဘာတွေထည့်ပြီးတော့ သူက မဆိုပါနဲ့ပေါ့။

ကိုကျော်ကျော်သိန်း ။ ။ အပြောင်းအလဲတွေ ဖြစ်နေတယ်ဆိုပေမယ့် လက်တွေ့မှာတော့ သိသိသာသာ ဒီအပြောင်းအလဲတွေကို မခံစားရသေးဘူး။

ကိုရဲလွင် ။ ။ ကျနော်အမြင်မှာတော့ ကိုယ်တိုင် ဒီအခက်အခဲတွေကို တွန်းပေးမှလည်း ပြောင်းနိုင်မှာပေါ့။ ဒီအတိုင်း စောင့်ကြည့်နေလို့တော့ မရဘူး။

ကိုကျော်ကျော်သိန်း ။ ။ ဂီတအနုပညာသမား၊ လူမှုငြိမ်းချမ်းရေး လှုပ်ရှားသူတယောက်။ အဲဒီလို ရပ်တည်လာတဲ့ အခြေအနေမှာ နှောင်းလူတွေက ကိုရဲလွင်ဆိုတဲ့ လူတယောက်ကို ဘယ်လိုမျိုး အမှတ်ရနေစေချင်တဲ့ စိတ်ကူးမျိုး ရှိပါသလား။
ကိုရဲလွင် ။ ။ အဲဒီလိုမျိုးတော့ ကျနော်က ငြိမ်းချမ်းရေးနဲ့ ပတ်သက်တဲ့ ဂုဏ်တခုတော့ ရရင်တော့ ကောင်းတာပေါ့။ ကျနော် ငြိမ်းချမ်းရေးအတွက် လုပ်တယ်။ ကျနော် ကိုယ့်ကိုလည်း စွန့်လွှတ်ထားတဲ့ လူတယောက်ဆိုတာကိုလည်း အထင်အရှား သိထားကြတယ်။ အခုထိတော့ တချို့ က ဘယ်လောက်စွန့်လွှတ်ထားကြသလဲဆိုတာမျိုး မသိကြသေးဘူး။ ကျနော် ပါဝင်ခဲ့တဲ့ပွဲမှာဆိုရင်လည်း ဘယ်လောက်အထိ လုပ်ကြသလဲ။ အနုပညာသမားတွေပဲ သဘောပေါက်တယ်။ ဒါ public ကို သူတို့ဖက်က သတင်းစာတွေ၊ ဂျာနယ်တွေမှာ ထည့်ခွင့်မရှိဘူးလေ။ အနီးအနားမှာ မျက်မြင်တွေ့တဲ့ ပန်းချီဆရာတွေ၊ ကဗျာဆရာတွေ၊ စာရေးဆရာတွေ၊ ဂီတသမားတွေ အကုန်လုံး အနားမှာရှိလာတဲ့အခါကြတော့ မျက်မြင်ပဲ ကျနော့်ရဲ့  ဆောင်ရွက်ချက်ကို သိလာတယ့်အခါကြတော့ သူတို့ အသိအမှတ်ပြုကြတယ်။ ပြည်သူထဲကိုတော့ မရောက်ဘူးပေါ့။ ကျနော် ဘယ်လောက်စွန့်လွှတ်ခဲ့သလဲဆိုတာကို မသိဘူး။

ကိုကျော်ကျော်သိန်း ။ ။ အမေရိကန်မှာ Sandy မုန်တိုင်းတိုက်တဲ့အချိန်တုန်းက ကိုရဲလွင်တို့ ရောက်နေပါပြီ။ အဲဒီအချိန်တုန်းက ဘယ်မှာ ရောက်နေသလဲ။
ကိုရဲလွင် ။ ။ နယူးရော့ခ်မှာ။

ကိုကျော်ကျော်သိန်း ။ ။ Sandy မုန်တိုင်းနဲ့ ပတ်သက်ပြီး ဘာတွေ ထူးထူးခြားခြား တွေ့မိသလဲ။ ဘာတွေ ထူးထူးခြားခြား သတိပြုမိလိုက်တာ ရှိသလဲ။

ကိုရဲလွင် ။ ။ ကျနော်တို့နေရာ တည်တဲ့နေရာ Jackson Height အဲဒီမှာ လေပြင်းပြင်းထန်ထန် မတိုက်ဘူး။ ဒါပေမဲ့ ကျနော်က CNN news ကြည့်နေတော့ once in a life time ဆိုတော့ တသက်မှာတခါကြုံရတာဆိုတော့ ကျနော်တို့ပဲ ခေါ်လာလို့ပဲ Sandy ရောက်လာသလားဆိုပြီး အချင်းချင်းပြောနေခဲ့တယ်။ အမှန်တော့ Sandy ဘယ်လောက်ပြင်းထန်သလဲဆိုတာကို လက်တွေ့ မကြုံလိုက်ရဘူး။

ကိုကျော်ကျော်သိန်း ။ ။ မြန်မာနိုင်ငံအတွင်းက ကိုယ့်ရဲ့  ပရိသတ်ကို ကိုယ့်ရင်ထဲမှာ ပြောချင်လိုက်တာဆိုတဲ့ စကားတခွန်း ရှိခဲ့ပြီးတော့ အခုအချိန်အထိ မပြောဖြစ်သေးတဲ့ စကားရှိတဲ့ဆိုရင် အခု ဒီကနေပြီး ပြောပြပေးပါလား။

ကိုရဲလွင် ။ ။ အဲဒါကတော့ ရှိတော့ရှိပါတယ်။ ဘယ်လိုလဲဆိုတော့ ကိုယ်တိုင်းပြည်အတွက်တော့ ကိုယ်ယုံကြည်ရာကို ရဲရဲဝံ့ဝံ့လုပ်ကြဖို့ပေါ့။ ကျနော်တို့လည်း ကိုယ်ယုံကြည်ရာကို လုပ်လာတဲ့အခါကြတော့ ပထမပိုင်းမှာတော့ ကျနော် ယုံကြည်ချက်တွေကို နားမလည်းကြဘူး။ သို့သော် ဒီလို လက်တွေ့ဖော်ပြနိုင်တဲ့အခါကြတော့ နားလည်းသွားတဲ့အခါကြတော့လည်း အဲဒါကြောင့် တခြားသူတွေလည်း ကိုယ်ယုံကြည်ချက်ကိုတော့ ယုံကြည်စွာနဲ့ ရှင်သန်ဖို့ တိုက်တွန်းပါတယ်။

ကိုကျော်ကျော်သိန်း ။ ။ ကျနော်တို့ကို ကိုရဲလွင် အခုနက ပရိသတ်ကို ပြောချင်တဲ့စကား၊ ဗွီအိုအေကတဆင့် ပရိသတ် ကြားမယ်လို့ ကျနော် မျှော်လင့်ပါတယ်။ အချိန်ပေးပြီး တွေ့ဆုံမေးမြန်းခွင့်ပြုတာ အများကြီး ကျေးဇူးတင်ပါတယ်။ နောင်လည်း တွေ့ဆုံခွင့်ရမယ်လို့ မျှော်လင့်ပါတယ်။

ကိုရဲလွင် ။ ။ ဝမ်းသာပါတယ်။ အားလုံးငြိမ်းချမ်းကြပါစေလို့ ကျနော် ဆုတောင်းလိုက်ပါတယ်။
XS
SM
MD
LG