သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စိန်ခေါ်မှုတွေကြားက တိုးတက်လာမယ့် မြန်မာ့စီးပွားရေး


د کراچۍ ښار په یو جومات کې خلکو ته وړیا ډوډۍ برابرولو صحنه
د کراچۍ ښار په یو جومات کې خلکو ته وړیا ډوډۍ برابرولو صحنه
တိုက်ရိုက် လင့်ခ်


ဒီတပတ် မြန်မာ့ဒီမိုကရေစီရေးရာ ဆွေးနွေးခန်းအစီအစဉ်မှာ မြန်မာနိုင်ငံရဲ့ စီးပွားရေးမှာ စိန်ခေါ်မှုတွေ ကြီးကြီးမားမား ရှိနေပေမယ့်လဲ ရှေ့လာမယ့်နှစ်တွေမှာ တိုးတက်မယ့် အလားအလာတွေ တွေ့မြင်နေရတယ်လို့ ကမ္ဘာ့ဘဏ်ရဲ့ နောက်ဆုံးထုတ်ပြန်လိုက်တဲ့ အစီရင်ခံစာက ဖော်ပြလိုက်ပါတယ်။ နိုင်ငံရေးအပြောင်းအလဲတွေနဲ့အတူ မြန်မာနိုင်ငံရဲ့ စီးပွားရေးဟာ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်မှာ ၇.၈ ရာခိုင်နှုန်းအထိ ရှိနိုင်တယ်လို့ ကမ္ဘာ့ဘဏ်က ခန့်မှန်းထားတဲ့အတွက် အာရှဒေသမှာ စီးပွားရေးအင်အား အကောင်းဆုံးဖြစ်တဲ့ တရုတ်နိုင်ငံထက်တောင် ဖွံ့ဖြိုးတဲ့ အလားအလာတွေ တွေ့မြင်နေရတာပါ။ မြန်မာ့စီးပွားရေးရဲ့ အားသာချက်၊ အားနည်းချက် အခြေအနေတွေနဲ့ ပတ်သက်လို့ ကမ္ဘာ့ဘဏ် မြန်မာနိုင်ငံဆိုင်ရာ အကြီးတန်း စီးပွားရေးပညာရှင် Habib Rab ကို VOA ဝိုင်းတော်သား ကိုအောင်လွင်ဦး က ရန်ကုန်မြို့မှာ သီးသန့်တွေ့ဆုံ မေးမြန်းထားပါတယ်။

ကိုအောင်လွင်ဦး ။ ။ ပထမဦးဆုံးအနေနဲ့ မြန်မာနိုင်ငံရဲ့ စီးပွားရေးဟာ ဘဏ္ဍာနှစ်မှာ အားကောင်းလာမယ်လို့ ခန့်မှန်းထားတယ်ဆိုတော့ ကမ္ဘာ့ဘဏ်က ဘာတွေများ တွေ့ရှိထားပါလဲ။

Mr. Habib Rab ။ ။ ၂၀၁၆-၂၀၁၇ မှာ ဖွံ့ဖြိုးမှုနှုန်းက ၇.၈ ရှိမယ်လို့ ခန့်မှန်းထားပြီးတော့ ဒါကလဲ ပြီးခဲ့တဲ့နှစ်တွေမှာ ရေကြီးမှုတွေနဲ့ အကြီးအကျယ် ကြုံခဲ့ရတာကြောင့် ထုတ်လုပ်မှုတွေ ကျဆင်းခဲ့ပြီးတဲ့နောက်ပိုင်း ပြန်ပြီးတော့ နံလန်ထူလာတဲ့ စိုက်ပျိုးရေးကဏ္ဍနဲ့ ဝန်ဆောင်မှုလုပ်ငန်းပိုင်းမှာ အားကောင်းလာတဲ့အတွက်ပါ။ ဒီလုပ်ငန်းနှစ်ခုက ဒီနှစ်အတွင်းမှာ အားကောင်းလာတဲ့ ကဏ္ဍတွေအဖြစ် တွေ့ရပါတယ်။

ကိုအောင်လွင်ဦး ။ ။ ဒါဆိုရင် မြန်မာ့စီးပွားရေးမှာ စိုးရိမ်စရာကောင်းတဲ့အပိုင်းက ဘာတွေများ ရှိမလဲ။

Mr. Habib Rab ။ ။ အခုအချိန်မှာ စီးပွားရေးက ပိုမိုပွင့်လင်းလာတဲ့အတွက် ပြင်ပက အခြေအနေတွေ ရိုက်ခတ်လာနိုင်တဲ့ အန္တရာယ်တွေ နည်းနည်းပါးပါး ရှိလာနိုင်တယ်လို့ ယူဆပါတယ်။ ဒါကြောင့်လဲ အန္တရာယ် ရှိနိုင်တဲ့ အလားအလာ အတော်များများလည်း ရှိပါတယ်။ ဒီထဲမှာတော့ ကုန်ဈေးနှုန်း ကျဆင်းလာတဲ့ ကိစ္စလည်း ပါဝင်ပါတယ်။ ဒါက မြန်မာနိုင်ငံရဲ့ ပြည်ပပို့ကုန်လုပ်ငန်းမှာ ကြီးကြီးမားမား ရိုက်ခတ်မှုတွေ ရှိလာနိုင်ပါလိမ့်မယ်။ အထူးသဖြင့်ကတော့ ဓါတ်ငွေ့တင်ပို့မှု အပိုင်းမှာ ဖြစ်ပါတယ်။ တခြားအန္တရာယ်ရှိတဲ့ အခြေအနေတွေကတော့ ငွေကြေးဖောင်းပွလာတဲ့ ကိစ္စပါ။ ဒီကိစ္စကိုလည်း အနီးကပ်စောင့်ကြည့်ပြီးတော့ ကိုင်တွယ်ဖြေရှင်းသွားရမယ့် ကိစ္စတခု ဖြစ်ပါတယ်။ ဒါပေမဲ့လဲ အခြေအနေတခုလုံးကို ခြုံငုံပြောရမယ်ဆိုရင်တော့ အဓိက စိုးရိမ်ရတဲ့ ကိစ္စတခုအဖြစ် ကိုင်တွယ်သွားဖို့ လိုအပ်တာကတော့ ရေတိုကာလမှာ ကျယ်ပြန့်တဲ့ Mirco စီးပွားရေး စီမံခန့်ခွဲမှုအပိုင်းကို တည်ငြိမ်အောင် ထိန်းထားဖို့နဲ့ ရေလတ်ကာလမှာ စီးပွားရေး တည်ငြိမ်မှု ရှိနေစေဖို့အတွက် စီးပွားရေးကို မထိခိုက်အောင် အရန်အတားတွေ တည်ဆောက်ထားဖို့ ဖြစ်ပါတယ်။

ကိုအောင်လွင်ဦး ။ ။ မြန်မာနိုင်ငံရဲ့ စီးပွားရေး ဖွံ့ဖြိုးအောင် အဓိက တွန်းအားပေးနေတာ ဘယ်အပိုင်းတွေပါလဲ။

Mr. Habib Rab ။ ။ လတ်တလောမှာ တွန်းအားပေးနေတဲ့ အပိုင်းကတော့ အများပြည်သူ ဝယ်ယူစားသုံးမှု အပိုင်းလို့ ထင်ပါတယ်။ ဝယ်လိုအားဘက်က ပြောမယ်ဆိုရင် ပုဂ္ဂလိကဏ္ဍမှာ ဝယ်ယူစားသုံးမှုနှုန်းဟာ သိသိသာသာ ကြီးထွားလာနေတာပါ။ ၂၀၀၁၅-၂၀၁၆ နဲ့ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ် အစောပိုင်းလောက်မှာ ဖွံ့ဖြိုးမှုတွေ အားနည်းတဲ့ အချိန်မျိုးတွေ တွေ့ခဲ့ရပေမယ့် ပုဂ္ဂလိက ရင်းနှီးမြှုပ်နံှမှုကလည်း တော်တော်လေး အားကောင်းပါတယ်။ အားနည်းမှုတွေ ကြုံခဲ့တာလည်း ဒီအရင် (၂) နှစ်မှာ အကြီးအကျယ် ရင်းနှီးမြှုပ်နံှမှုတွေ ရှိခဲ့လို့ပါ။ ဒါပေမဲ့လဲ ရှေ့လာမယ့်နှစ်တွေအတွင်း ပုဂ္ဂလိကကဏ္ဍမှာ ဖွံ့ဖြိုးမှုတွေ အရှိန်ရလာလိမ့်မယ်လို့ မျှော်လင့်ပါတယ်။

ကိုအောင်လွင်ဦး ။ ။ အခုဆိုရင် မြန်မာနိုင်ငံ လွှတ်တော်နှစ်ရပ်စလုံးက ရင်းနှီးမြှုပ်နံှမှု ဥပဒေကြမ်းကို အတည်ပြုလိုက်ပါပြီ။ ဒီတော့ မြန်မာနိုင်ငံရဲ့ ရင်းနှီးမြုပ်နံှမှု အလားအလာတွေပေါ်မှာ ဘယ်လိုများ ခန့်မှန်းထားပါလဲ။

Mr. Habib Rab ။ ။ ရင်းနှီးမြုပ်နံှမှု အလားအလာတွေကတော့ အင်မတန် အားကောင်းတယ်လို့ ထင်ပါတယ်။ စီးပွားရေးအပေါ် အကောင်းမြင်သဘောထားတွေလည်း အများအပြား ရှိနေပါတယ်။ ရင်းနှီးမြုပ်နံှမှု ဥပဒေဟာ စီးပွားရေးမှာ ညီတူမျှတူ ယှဉ်ပြိုင်ခွင့်ရမယ့် အခြေအနေတွေ ဖန်တီးတဲ့နေရာမှာ ဦးစားပေးဆောင်ရွက်ရမယ့် ပြုပြင်ပြောင်းလဲမှုလို့ အများက သတ်မှတ်ထားပါတယ်။ ဒါကြောင့်လဲ အလားအလာတွေက အင်မတန်မှ အားကောင်းတယ်လို့ ကျနော်တို့အနေနဲ့ ယူဆပါတယ်။ အထူးသဖြင့်ကတော့ ဝန်ဆောင်မှုနဲ့ အငယ်စား ကုန်ထုတ်လုပ်ငန်းတွေမှာ ဖြစ်ပါတယ်။

ကိုအောင်လွင်ဦး ။ ။ ဒါပေမဲ့လဲ မြန်မာနိုင်ငံအနေနဲ့ လုပ်သားအင်အား ကောင်းတယ်ဆိုပေမယ့် ကျွမ်းကျင်လုပ်သားတွေက များများစားစား မရှိဘူးဆိုတဲ့ စိုးရိမ်မှုတချို့လဲ ရှိပါတယ်။ ဒါကရော မြန်မာနိုင်ငံ စီးပွားရေးဖွံ့ဖြိုးမှုအတွက် စိန်ခေါ်မှု မဖြစ်နိုင်ဘူးလား။

Mr. Habib Rab ။ ။ ဒီလို စိန်ခေါ်မှုမျိုးဟာ အခုလို ဖွံ့ဖြိုးစ တိုင်းပြည်တော်တော်များများမှာ ကြုံရတဲ့ကိစ္စလို့ ထင်ပါတယ်။ ကျွမ်းကျင်မှုလုပ်သား လိုအပ်ချက်က တခါတရံမှာ ထုတ်လုပ်မှုအပိုင်းနဲ့ မမျှမတ ဖြစ်ကောင်းဖြစ်နေနိုင်ပါတယ်။ ဒါပေမဲ့လဲ မြန်မာနိုင်ငံရဲ့ အလုပ်သမားဈေးကွက်ကို ကြည့်မယ်ဆိုရင် အလုပ်သမားတွေကို အစားထိုးခန့်ထားတာတွေလည်း အများအပြား တွေ့ရမှာပါ။ အထူးသဖြင့်တော့ ပုဂ္ဂလိကကဏ္ဍက လုပ်ငန်းပေါင်းစုံမှာ တွေ့ရမှာပါ။ တချိန်တည်းမှာပဲ ကျွမ်းကျင်မှု အရေအသွေး တိုးတက်အောင် မြှင့်တင်နေတာတွေလည်း ရှိတယ်လို့ ထင်ပါတယ်။ ဒါကြောင့်လဲ ဒီကိစ္စဟာ ရေတိုကာလအတွက် စိန်ခေါ်မှုတခု ဖြစ်ပါလိမ့်မယ်။ ဒါပေမဲ့ ပညာရေးအစီအစဉ်တွေ၊ သင်ကြားပို့ချမှုတွေ၊ လုပ်ငန်းခွင် သင်တန်းတွေ စပြီးတော့ ဖွံ့ဖြိုးလာသည်နဲ့အမျှ ဒီလို အကန့်အသတ်တွေကလဲ လျော့ပါးသွားမှာ ဖြစ်ပါတယ်။

ကိုအောင်လွင်ဦး ။ ။ ကမ္ဘာ့ဘဏ်အနေနဲ့ မြန်မာနိုင်ငံရဲ့ အခြေခံအဆောက်အအုံတွေ၊ ကျွမ်းကျင်မှုတွေ တိုးတက်အောင် ကူညီနေတာတွေ ရှိတယ်လို့ နားလည်ပါတယ်။ မြန်မာနိုင်ငံအတွက် ဘယ်အပိုင်းတွေမှာ အကူအညီ ပေးနေပါလား။

Mr. Habib Rab ။ ။ လူသားအရင်းအမြစ် ဖွံ့ဖြိုးမှုအတွက် ကျနော်တို့အနေနဲ့ ပညာရေးကဏ္ဍမှာ ဝင်ရောက်ကူညီနေသလို၊ ကျန်းမာရေးကဏ္ဍမှာလည်း လူတိုင်းလူတိုင်း ကျန်းမာရေး စောင့်ရှောက်မှု ရရှိရေး ကူညီနေတာတွေ၊ ပညာရေးဝန်ဆောင်မှုတွေ ရရှိခံစားနိုင်ရေး ကူညီတာတွေ ရှိပါတယ်။ အခြေခံအဆောက်အအုံပိုင်းမှာတော့ ကျနော်တို့အနေနဲ့ စွမ်းအင်ကဏ္ဍမှာ အကြီးအကျယ် ကူညီနေတာ ရှိပါတယ်။ အထူးသဖြင့်ကတော့ လျှပ်စစ်မီး ရရှိရေး အစီအစဉ်မှာ အကူအညီပေးနေတာ ရှိပါတယ်။ ဒီကဏ္ဍတွေ လူသားအရင်းအမြစ် နဲ့ အခြေခံအဆောက်အအုံ ဖွံ့ဖြိုးရေးအတွက် ကျနော်တို့ အကြီးအကျယ် ကူညီနေတဲ့ အစီအစဉ်ထဲက တခု ဖြစ်ပါတယ်။ အောက်ခြေအဆင့်မှာ လုပ်ဆောင်နေတဲ့ လူမှုအခြေပြု ဖွံ့ဖြိုးရေး အစီအစဉ်အဖြစ် ဒေသခံတွေအတွက် အခြေခံအဆောက်အအုံ ဖွံ့ဖြိုးမှုအတွက် ရင်းနှီးမြုပ်နံှမှုတွေ ဦးစားပေးဆောင်ရွက်တဲ့ အစီအစဉ်တွေမှာ ပူးပေါင်းပါဝင်ခွင့်ပေးပြီးတော့ ဆောင်ရွက်နေတာလည်း ရှိပါတယ်။

ကိုအောင်လွင်ဦး ။ ။ စိန်ခေါ်မှုအပိုင်းကို ပြောမယ်ဆိုရင် မြန်မာနိုင်ငံမှာ ငွေကြေးဖောင်းပွမှုက ဘယ်လောက်အထိများ စိုးရိမ်စရာကောင်းတဲ့ အခြေအနေမှာ ရှိနေပြီလား။

Mr. Habib Rab ။ ။ လွန်ခဲ့တဲ့ တနှစ်အတွင်း ငွေကြေးဖောင်းပွမှုနှုန်းဟာ တော်တော်ကို မြှင့်တက်ခဲ့တယ်လို့ ထင်ပါတယ်။ ပြီးခဲ့တဲ့နှစ် အောက်တိုဘာလထဲမှာ ၁၆ ရာခိုင်နှုန်းအထိ ဖြစ်ခဲ့တာကတော့ ကုန်ထုတ်မှုအပိုင်းမှာ ပြတ်လတ်မှုတွေနဲ့ ကြုံခဲ့ရလိုပါ။ ဒါကြောင့်လဲ စားသောက်ကုန်ဈေးနှုန်းတွေ ထိုးတက်သွားခဲ့ပါတယ်။ သိပ်မကြာသေးတဲ့ ဒီနှစ် ဘဏ္ဍာနှစ်ရဲ့ ပထမ (၃) လပတ်မှာ ငွေကြေးဖောင်းပွမှု အဓိက အကြောင်းရင်းက စားသောက်ကုန်ကြောင့် ဖြစ်နေရဆဲပါ။ ဒါကြောင့်လဲ ကုန်ထုတ်လုပ်မှုအပိုင်းက အကန့်အသတ်တွေကို ဖြေရှင်းဖို့ လိုပါလိမ့်မယ်။ မူဝါဒအပိုင်းနဲ့ ပတ်သက်လို့ကတော့ ပုဂ္ဂလိကကဏ္ဍမှာ ဝယ်လိုအား ကောင်းနေပါတယ်။ ပုဂ္ဂလိကကဏ္ဍမှာ ချေးငွေလိုအပ်ချက်ကလည်း မြင့်မားနေပါတယ်။ ဒါတွေအားလုံး စုပေါင်းပြီး ငွေကြေးဖောင်းပွမှု အခြေအနေတွေ ပေါ်ပေါက်နေရတာ ဖြစ်ပါတယ်။

ကိုအောင်လွင်ဦး ။ ။ ဒီလို ငွေကြေးဖောင်းပွမှုတွေနဲ့ ကြုံရတဲ့အခါမျိုးမှာ ဗဟိုဘဏ်ကဖြစ်ဖြစ်၊ တခြားအဖွဲ့အစည်းတွေကဖြစ်ဖြစ် ကြားဝင်ဖြေရှင်းလို့ မရနိုင်ဘူးလား။

Mr. Habib Rab ။ ။ ရပါတယ်။ အစိုးရအနေနဲ့ မှန်ကန်တဲ့ မူဝါဒတွေနဲ့ ဆောင်ရွက်နေပြီလို့ ထင်ပါတယ်။ ဒီလိုဆောင်ရွက်ချက်တွေထဲက တခုကတော့ ဘဏ္ဍာရေးလိုငွေပြမှုကို ဖြည့်ဆည်းဖို့အတွက် ဆောင်ရွက်ချက်တွေဟာ ဝယ်လိုအားနဲ့ ကုန်ဈေးနှုန်းကြီးထွားမှုတွေ မဖြစ်စေဖို့ ဘဏ္ဍာရေးအရ ထိန်းကျောင်းပေးခဲ့တာ ဖြစ်ပါတယ်။ ဒီအပိုင်းမှာ ကြိုးစားဆောင်ရွက်နေတာတွေလည်း ရှိပါတယ်။ ဘဏ္ဍာရေး လိုငွေပြမှုကို ဖြည့်ဆည်းနိုင်မယ့် ဘဏ္ဍာရေးအရင်းအမြစ်တွေကိုလည်း ကဏ္ဍစုံအောင် ပြောင်းလဲဖို့ ကြိုးစားမှုတွေလည်း ရှိပါတယ်။ ဒါမှလဲ ဘဏ္ဍာရေး လိုငွေပြမှုကြောင့် ဖြစ်ပေါ်လာနိုင်မယ့် ငွေကြေးဖောင်းပွမှု အခြေအနေတွေကို တဖြည်းဖြည်းချင်း ရှောင်ရှားနိုင်မှာ ဖြစ်ပါတယ်။ ငွေကြေးဆိုင်ရာ မူဝါဒတွေရဲ့ စွမ်းဆောင်ရေးတွေကို တိုးမြှင့်ခြင်းအားဖြင့် ငွေကြေးဖောင်ပွမှုကို ဖြစ်ပေါ်နိုင်တဲ့ နေရာတွေမှာ ထိန်းချုပ်နိုင်အောင် ရည်ရွယ်ဆောင်ရွက်နေတာတွေလည်း ရှိပါတယ်။ ဘဏ်လုပ်ငန်းပိုင်းမှာ အမျှော်အမြင်ရှိရှိ လုပ်ဆောင်ဖို့ လိုအပ်တာတွေလည်း ရှိပါတယ်။ ချေးငွေလိုအပ်ချက် အမျှော်အမြင်ရှိရှိ ဖြည့်ဆည်းပေးပြီးတော့ တဘက်မှာ ငွေကြေးဖောင်းပွမှုတွေ မဖြစ်အောင် ဆောင်ရွက်သွားမှုတွေ လိုပါတယ်။

ကိုအောင်လွင်ဦး ။ ။ ရင်းနှီးမြုပ်နံှမှု ဥပဒေအပြင် အစိုးရအနေနဲ့ တခြားဆောင်ရွက်သင့်တဲ့ ပြုပြင်ပြောင်းလဲမှုမျိုး ဥပဒေရေးရာအရ ပြင်ဆင်မှုတွေ ဘာတွေများ လုပ်ဖို့လိုတယ်လို့ ထင်ပါသလဲ။

Mr. Habib Rab ။ ။ ရှိပါတယ်။ ပုဂ္ဂလိကကဏ္ဍမှာ ကုမ္ပဏီဆိုင်ရာ ဥပဒေ ပြဌာန်းရေးဟာ ဥပဒေပိုင်းမှာ အရေးကြီးတဲ့ အစိတ်အပိုင်းတခုလို့ ထင်ပါတယ်။ အခုအခါမှာ ဗဟိုဘဏ်က ထုတ်ပြန်ဖို့ ပြင်ဆင်နေတဲ့ ဘဏ္ဍာရေး လုပ်ငန်းဆိုင်ရာ ဥပဒေအောက်က လုပ်ထုံလုပ်နည်းတရပ်ဟာလည်း အရေးကြီးပါတယ်။ အကြံပေးလမ်းညွှန်နိုင်စွမ်းတွေ အားကေကာင်းလာအောင် လုပ်ပေးမယ့် ဒီအစီအစဉ်တွေဟာ အရေးကြီးပါတယ်။ ဘဏ္ဍာရေးအသုံးစရိတ်ဆိုင်ရာ ဥပဒေသစ်ဟာလည်း ရေလတ်ကာလမှာ ဘဏ္ဍာရေးဆိုင်ရာ မူဝါဒတွေအတွက် အင်မတန်မှ အရေးကြီးတဲ့ အစိတ်အပိုင်းတခု ဖြစ်ပါတယ်။ ဒါတွေက အရေးကြီးတဲ့ ကဏ္ဍတွေမှာ ပါတယ်လို့ ကျနော်တို့က ယူဆပါတယ်။

ကိုအောင်လွင်ဦး ။ ။ တကယ်တော့ မြန်မာ့စီးပွားရေးက အတိတ်မှာတုန်းက စစ်အစိုးရတွေရဲ့ အုပ်ချုပ်မှုအောက်မှာ လွဲမှားတဲ့ စီမံခန့်ခွဲမှုတွေနဲ့ ကြုံခဲ့ရပါတယ်။ အခုဆိုရင် အရပ်သားအစိုးရ တက်လာပြီ။ လွှတ်တော်ကလည်း လူထုကို ပိုပြီးကိုယ်စားပြုမှု ရှိလာပြီဆိုတော့ အရပ်သားအစိုးရလက်ထက်မှာ မြန်မာ့စီးပွားရေးအနာဂတ်ကို ဘယ်လိုများ ဟောကိန်းထုတ်ချင်ပါလဲ။

Mr. Habib Rab ။ ။ အလားအလာတွေကတော့ အင်မတန်မှ အားကောင်းတယ်ဆိုတာ ကျနော်တို့ရဲ့ နောက်ဆုံးစောင့်ကြည့် အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ စီးပွားရေးနဲ့ ပတ်သက်လို့ အကောင်းမြင်တဲ့ သဘောထားတွေလည်း အများအပြား ရှိနေပါတယ်။ ဒီမှာလာပြီး လုပ်ငန်းတွေလုပ်ဖို့ စောင့်ဆိုင်းနေကြတဲ့ ရင်းနှီးမြုပ်နံှသူတွေလည်း အများအပြား ရှိနေပါတယ်။ စီးပွားရေးမှာ ဝယ်လိုအားကလည်း အားကောင်းနေသလို၊ အကန့်အသတ်တွေ နောက်ထပ်ဖယ်ရှားလာတာနဲ့အမျှ ဖွံ့ဖြိုးမှုတွေလည်း ဒီထက် ပိုအားကောင်းလာမယ်လို့ ကျနော်တို့က မျှော်လင့်ထားပါတယ်။ တချိန်တည်းမှာပဲ ကျယ်ပြန့်တဲ့ မိုက်ခရို စီးပွားရေးစနစ်ကို တည်ငြိမ်အောင် ထိန်းထားတာ။ စီးပွားရေးမှာ ကြုံရတဲ့ ရိုက်ခတ်မှုတွေကို ကြန့်ကြန့်ခံနိုင်အောင် ကာကွယ်ဖို့ လိုအပ်တဲ့ အရန်အတားတွေ တည်ဆောက်တာတွေကနေ ရရှိလာမယ့် တကယ့်အကျိုးရလဒ်တွေကိုလည်း တွေ့မြင်နေရပါတယ်။ ဒါကြောင့်လဲ အကောင်းမြင်နိုင်တာတွေ ရှိနေပေမယ့်လဲ မိုက်ခရို စီးပွားရေးစနစ် တည်ငြိမ်ဖို့နဲ့ ကြန့်ကြန့်ခံနိုင်စွမ်းရှိတဲ့ မူဝါဒရေးရာ အခြေခံမူဘောင်တွေနဲ့ တသမတ်တည်း ဆောင်ရွက်သွားဖို့လည်း လိုပါတယ်။

ကိုအောင်လွင်ဦး ။ ။ ကျေးဇူးတင်ပါတယ်။

Mr. Habib Rab ။ ။ ကျေးဇူးတင်ပါတယ်။

XS
SM
MD
LG