သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒီမိုကရေစီ အစိုးရနဲ့ နိုင်ငံရေးအကျဉ်းသား


တွဲဖက်အတွင်းရေးမှုး ကိုဘိုကြည်၊ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအဖွဲ့ (AAPPB)
တွဲဖက်အတွင်းရေးမှုး ကိုဘိုကြည်၊ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအဖွဲ့ (AAPPB)
တိုက်ရိုက် လင့်ခ်

ဒီတပတ် မြန်မာ့ဒီမိုကရေစီရေးရာ ဆွေးနွေးခန်းအစီအစဉ်မှာ မြန်မာနိုင်ငံမှာ အရပ်သားအစိုးရ အုပ်ချုပ်ခွင့်ရပြီဆိုပေမယ့် အရင်အစိုးရတွေလိုပဲ နိုင်ငံရေးအကျဉ်းသားတွေ အခုအချိန်အထိ ဆက်လက်အကျဉ်းကျ ဖမ်းဆီးခံနေရတယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအဖွဲ့ (AAPPB) က တွဲဖက်အတွင်းရေးမှုး ကိုဘိုကြည် က ပြောပါတယ်။ ကိုဉာဏ်ဝင်းအောင် က တွေ့ဆုံမေးမြန်းထားပါတယ်။

ကိုဉာဏ်ဝင်းအောင် ။ ။ ကျနော်တို့ မတွေ့ရတာလဲ အတော်ကြာပြီ။ နေကောင်းပါလား။

ကိုဘိုကြည် ။ ။ ဟုတ်ကဲ့ … ကောင်းပါတယ်။ ကျနော်လည်း (၅) နှစ်လောက်ရှိပြီ မရောက်တာ။

ကိုဉာဏ်ဝင်းအောင် ။ ။ ကျနော်တို့ VOA ကို အခုလို သီးသန့်တွေ့ဆုံ မေးမြန်းခွင့်ပေးတာ ကျေးဇူးပါ။ အခု အမေရိကန်နိုင်ငံကို အခုတခေါက်လာတဲ့ ခရီးစဉ်မှာ အမေရိကန်အစိုးရ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံခွင့်ရမယ်လို့ ကျနော် မျှော်လင့်ပါတယ်။ ဘယ်လိုမျိုးအကြောင်းအရာတွေ ဆွေးနွေးဖြစ်မလဲ။

ကိုဘိုကြည် ။ ။ အဓိက State Department – Democracy, Human Rights and Labor က တာဝန်ရှိသူတွေနဲ့ ကျနော်တို့ တွေ့ဖြစ်ပါတယ်။ အဲဒီလိုပဲ တခြားအဖွဲ့အစည်းတချို့နဲ့လည်း တွေ့ဖြစ်ပါတယ်။ တွေ့တဲ့အခါမှာတော့ မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေး အခြေအနေ၊ လက်ရှိ ရခိုင်မှာ ဖြစ်ပျက်နေတဲ့ အခြေအနေတွေကိုတော့ ကျနော်တို့ ယေဘုယျ ဆွေးနွေးဖြစ်တာတွေ ရှိပါတယ်။ နောက်တခုက အမေရိကန်ဘက်က မြန်မာ့အရေးနဲ့ ပတ်သက်ပြီးတော့ လုပ်ဆောင်မယ့်အရာတွေကိုလည်း ဆွေးနွေးဖြစ်ပါတယ်။

ကိုဉာဏ်ဝင်းအောင် ။ ။ ဆိုတော့ မြန်မာနိုင်ငံမှာ အခုအချိန်မှာ နိုင်ငံရေးအကျဉ်းသားတွေ ရှိနေသေးတယ်ဆိုပြီးတော့ ကိုဘိုကြည်တို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအဖွဲ့ (AAPPB) ကနေ ထုတ်ပြန်ထားတွေကို ကျနော်တို့ သတိပြုမိပါတယ်။ NLD အစိုးရလက်ထက်မှာ နိုင်ငံရေးအကျဉ်းသားက ဘယ်လောက်အထိ ရှိနေသေးလို့လဲ။

ကိုဘိုကြည် ။ ။ ထောင်ကျပြီသားက (၄၂) ယောက်၊ အမှုရင်ဆိုင်နေရတာက အယောက် (၂၀၀) လောက် ရှိပါတယ်။

ကိုဉာဏ်ဝင်းအောင် ။ ။ ဆိုတော့ ဒီမိုကရေစီကို ဖော်ဆောင်မယ်ဆိုတဲ့ အခြေအနေမျိုး၊ အစိုးရကို ပြန်ကြည့်မယ်ဆိုရင်လဲ အစိုးရမှာ ပါဝင်တဲ့လူတွေ၊ လွှတ်တော်မှာ ပါဝင်တဲ့လူတွေထဲမှာ တချိန်တုန်းက နိုင်ငံရေးအကျဉ်းသား ဖြစ်ခဲ့သူတွေလည်း ရှိတယ်။ ဒီလိုလူတွေ စီမံခန့်ခွဲ အုပ်ချုပ်နေတဲ့ ကာလမျိုးမှာ နိုင်ငံရေးအကျဉ်းသားဆိုတာ ရှိသင့်ရဲ့လား။

ကိုဘိုကြည် ။ ။ တကယ်တော့ ဒီမိုကရေစီလမ်းကြောင်း အစစ်အမှန်ပေါ်ကို ရောက်တယ်ဆိုရင်တော့ နိုင်ငံရေးအကျဉ်းသားဆိုတာ ရှိကိုမရှိရတော့ပါဘူး။ အခု နိုင်ငံရေးအကျဉ်းသား ရှိနေတယ်ဆိုတာက ဒီမိုကရေစီလမ်းကြောင်း အစစ်အမှန်ပေါ်ကို မရောက်သေးဘူးလို့ ပြောလို့ရပါတယ်။ တစုံတရာ လုပ်ပိုင်ခွင့်တွေ၊ လုပ်လို့ရနိုင်တာတွေ ရှိနိုင်တယ်။ ဒါပေမဲ့ လုပ်လို့မရနိုင်တာတွေလည်း အများကြီး ရှိပါတယ်။ အထူးသဖြင့်တော့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ က စစ်မှန်တဲ့ ဒီမိုကရေစီလမ်းကြောင်းပေါ်ကို သွားဖို့အတွက် အဓိက အနှောင့်အယှက်၊ အဟန့်အတား ဖြစ်နေပါတယ်။ နိုင်ငံရေး အကျဉ်းသားဆိုတဲ့ ကိစ္စမှာလဲ ကျနေ်ာတို့က အရေအတွက်ကိုသာ ပြောလို့မရပါဘူး။ နိုင်ငံရေးအကျဉ်းသား ဖြစ်စေတဲ့ အဓိကအကြောင်းတွေကို ဖြေရှင်းနိုင်မှ နိုင်ငံရေးအကျဉ်းသားကိစ္စက ပြတ်သွားမှာပါ။ နိုင်ငံရေးအကျဉ်းသား ဖြစ်စေတဲ့ အဓိကအကြောင်းတွေက ပြည်တွင်းစစ် - ဒါက နိုင်ငံရေးအကျဉ်းသားတွေ အမြောက်အမြားကို မွေးထုတ်ပေးနေတယ်လို့ ပြောလို့ရတယ်။ အဲဒီမှာ မတရားသဖြင့် ဖမ်းဆီးတာတွေ၊ နှိပ်စက်ညဉ်းပမ်းတာတွေ၊ ဥပဒေမဲ့ သတ်ဖြတ်တာတွေ၊ Rape - အဓမ္မပြုကျင့်မှု - ဒီလိုကိစ္စတွေကလည်း အများကြီး စစ်ဖြစ်နေတဲ့ ဒေသတွေမှာ ဖြစ်တယ်။ မတည်မငြိမ် ဖြစ်နေတဲ့ ဒေသတွေမှာ ဒီလိုကိစ္စတွေ အမြောက်အမြား ဖြစ်နေပါတယ်။

ဆိုတော့ ဒီကိစ္စတွေကို မရှင်းနိုင်ဘူးဆိုရင်တော့ နိုင်ငံရေးအကျဉ်းသား ပြဿနာက ပြေလည်မှာ မဟုတ်ဘူး။ မနေ့တနေ့ကပဲ ကချင်ကျောင်းသားလေးတယောက် အသက်တောင် မပြည့်သေးဘူး - (၁၄) နှစ်လောက်ပဲ ရှိသေးတယ်။ ထောင်ဒဏ် (၂) နှစ် ချခံလိုက်ရတယ်။ အဲဒီလိုပဲ ကချင်သင်းအုပ်ဆရာတွေ ထောင်ဒဏ် (၂) နှစ် ချခံလိုက်ရတာတွေ ရှိတယ်။ ဆိုတဲ့အခါကြတော့ တိုင်းရင်းသားတွေကို ဒီလို မတရားအသင်းတွေနဲ့ ဆက်သွယ်မှုဆိုပြီး ဖမ်းနေတယ်ဆိုလို့ရှိရင် အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက်လည်း အများကြီး အနှောင့်အယှက် ဖြစ်စေတယ်။ အမျိုးသား ပြန်လည်သင့်မြတ်ရေးဆိုတာ ယုံကြည်မှုနဲ့ သက်ဆိုင်ပါတယ်။ အဲဒီအတွက် တကယ်တမ်း ဖမ်းနေတာကို ကြည့်လိုက်ရင် တပ်မတော်ဘက်ကလဲ ဖမ်းနေတာတွေလည်း ရှိတယ်။ အဲဒီလို အခုခေတ်မှာ ပိုဆိုးလာတာက ရွာသူရွာသားတွေကို ဖမ်းတာ၊ တပ်မတော်တခုတည်း မဟုတ်ဘဲနဲ့ တိုင်းရင်းသားလက်နက်ကိုင် တပ်တွေကလည်း ဖမ်းတာတွေလည်း ရှိပါတယ်။ ဒါက ကျနော်တို့နိုင်ငံအတွက် စိုးရိမ်စရာ ကောင်းတယ်။

ကိုဉာဏ်ဝင်းအောင် ။ ။ အဲဒီတော့ ဒီနေရာမှာ NLD အစိုးရကိုယ်တိုင်က နိုင်ငံရေးအကျဉ်းသား ဖြစ်ပါစေတော့ဆိုပြီးတော့ ဒီလို လုပ်နေတာမျိုးလား။ ဒါမှမဟုတ် ဖွဲ့စည်းပုံအရမို့လို့ တပ်မတော်၊ ဒါမှမဟုတ် လုံခြုံရေးတပ်ဖွဲ့တွေက ဆောင်ရွက်နေတာမို့လို့ ဒီနိုင်ငံရေးအကျဉ်းသားတွေ ဖြစ်လာတာလား။

ကိုဘိုကြည် ။ ။ အခုကတော့ နည်းနည်းလေး ရောထွေးလာတာ ရှိပါတယ်။ ဥပမာ ဒေါ်အောင်ဆန်းစုကြည်ကို ဝေဖန်လို့ဆိုပြီး တရားစွဲတယ်ဆိုတာတွေလည်း ရှိလာတယ်။ တကယ်တမ်းကြတော့ အမေရိကန်မှာဆိုလဲ Donald Trump ကို သမ္မတကို ဝေဖန်နေတယ်။ ဆဲဆိုနေတာတွေလည်း ရှိပါတယ်။ အဲဒီလိုမျိုးလုပ်လို့ အမေရိကန်မှာ တယောက်မှ အဖမ်းမခံရဘူး။ ဒါက အစိုးရတွေဘက်က သဘောထားကြီးရမယ်။ အဲဒီလိုပဲ တပ်မတော်ခေါင်းဆောင်တွေဘက်ကလည်း ဒီလိုမျိုး ဝေဖန်လို့၊ မတရားသဖြင့် ပြောလို့ဆိုပြီး ဖမ်းတယ်ဆိုတာမျိုးက အတော်လေးကို မဖြစ်သင့်တဲ့ကိစ္စမျိုးတွေပါ။ ဒါတွေက သဘောထားကြီးကြီးနဲ့ ရှောင်လို့ရတယ်။ မဖမ်းဘဲထားလို့ရတယ်။ ဒါက ပြစ်မှုအသေးလေးတွေကိစ္စ။ ရာဇဝတ်မှုတောင် မဖြစ်သင့်တဲ့ကိစ္စမျိုးတွေပါ။ ဒီလိုမျိုးကို ရေးကြီးခွင်ကျယ် လုပ်နေတယ်ဆိုရင်တော့ ကျနော်တို့တိုင်းပြည်ရဲ့ အနာဂတ်က တကယ်ကို စိုးရိမ်စရာကောင်းပါတယ်။

နောက်တခုက တကယ်တမ်း အမုန်းတရားကို ပြောနေတဲ့၊ အမုန်းတရားအတွက် လှုံဆော်နေတဲ့သူတွေကြတော့ တကယ်ဖမ်းဆီးထိန်းသိမ်းသင့်တာရှိတယ်။ ဒါတွေကို မဖမ်းဘဲနဲ့ ဒီအတိုင်း လွှတ်ထားပေးတာမျိုးတွေရှိတယ်။ ဒါက တိုင်းပြည်ရဲ့ တည်ငြိမ်မှုကို အများကြီး အနှောင့်အယှက် ဖြစ်စေပါတယ်။

ကိုဉာဏ်ဝင်းအောင် ။ ။ ဒီနေရာမှာ နိုင်ငံရေးအကျဉ်းသား အဓိပ္ပါယ်ဖွင့်ဆိုချက်နဲ့ ပတ်သက်ပြီးတော့ အစိုးရပိုင်းနဲ့ ပတ်သက်တဲ့ တာဝန်ရှိသူတွေဘက်က တားမြစ်ပယ်ချတာမျိုးတွေ ကြားသိရတယ်။

ကိုဘိုကြည် ။ ။ ဒီကိစ္စကတော့ အထူးသဖြင့် ကျနော်တို့လည်း စိတ်မကောင်းဖြစ်မိပါတယ်။ အာဏာရပါတီဖြစ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ခေါင်းဆောင်တွေရဲ့ ထိပ်သီးအစည်းအဝေးပွဲမှာ နိုင်ငံရေးအကျဉ်းသားဆိုတဲ့ ကိစ္စကို လုံးဝထည့်သွင်းမဆွေးနွေးတာတွေ။ ဆွေးနွေးဖို့ အစီအစဉ်မရှိတာတွေက ကျနော်တို့ တော်တော်လေးကို စိတ်မကောင်းဖြစ်မိတယ်။ အလားတူပဲ တခြားဒီမိုကရက်တစ် ဒီမိုကရေစီအင်အားစုတွေ၊ တခြားနိုင်ငံရေးပါတီတွေကလည်း နိုင်ငံရေးအကျဉ်းသား အဓိပ္ပါယ်ဖွင့်ဆိုချက် ပေါ်လာအောင် ကြိုးစားနေတာကို ကျနော်တို့ မတွေ့ရဘူး။ ဥပမာ SNLD ပဲဖြစ်ဖြစ်၊ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီပဲဖြစ်ဖြစ်၊ အခြားနိုင်ငံရေးပါတီတွေကပေါင်းပြီးတော့ အတူတကွ တွဲလုပ်မယ်ဆိုရင်တော့ ဒီအဓိပ္ပါယ်ဖွင့်ဆိုချက်က ပိုပြီးတော့ အလားအလာကောင်းတဲ့ အနေအထားမှာ ရှိနိုင်တယ်။

ကိုဉာဏ်ဝင်းအောင် ။ ။ ဆိုတော့ ကိုဘိုကြည်တို့က နိုင်ငံရေးအကျဉ်းသား ကူညီစောင့်ရှောက်မှုအပြင် ဒီလူ့အခွင့်အရေးနဲ့ ပတ်သက်လို့ပါ လုပ်ဆောင်ခဲ့ကြတာဆိုတော့ လူ့အခွင့်အရေး အခြေအနေတွေက တနှစ်ထက်တနှစ် ဘယ်လောက်အထိ တိုးတက်လာတာမျိုးတွေ ရှိပါသလား။ ဒါမှမဟုတ် နောက်ပြန်ဆုတ်သွားနေသလား။

ကိုဘိုကြည် ။ ။ လူ့အခွင့်အရေးကို ပြောမယ်ဆိုရင် နှစ်ခုပြောလို့ရပါတယ်။ ဒါက Promotion လူ့အခွင့်အရေး တိုးတက်ရေး၊ တိုးမြှင့်ဖော်ဆောင်ရေးအတွက် ဘာတွေလုပ်နေလဲ။ လူ့အခွင့်အရေး ကာကွယ်ရေးအတွက် ဘာတွေလုပ်နေလဲ။ အခု ဒီနောက်ပိုင်းမှာတော့ လူ့အခွင့်အရေး တိုးမြှင့်ရေးနဲ့ ပတ်သက်ပြီးတော့ အတော်လေးလုပ်လို့ရတာတွေရှိတယ်။ ဒါပေမဲ့ ကာကွယ်ရေးပိုင်းမှာတော့ တော်တော်များများကို မလုပ်နိုင်တာတွေရှိတယ်။ ဒါပေမဲ့ တချို့အရပ်ဘက်အဖွဲ့အစည်းတွေ အားကောင်းလာမှုတွေလည်း ကျနော်တို့တွေ့ရတယ်။ တချို့နေရာတွေမှာ အရပ်ဘက်လူ့အဖွဲ့အစည်းတွေရဲ့ ကြိုးစားမှုတွေကြောင့် ရွာသားတွေကိုသတ်တဲ့ တပ်မတော်သားတွေ ပြန်ပြီးအရေးယူခံရတာတွေ။ တချို့ရဲတွေ ပြန်ပြီးအရေးယူခံရတဲ့ကိစ္စမျိုးတွေ ရှိတာတွေ တွေ့ရပါတယ်။ ဒါက အရပ်ဘက်အဖွဲ့အစည်းတွေရဲ့ စွန့်စွန့်စားစား လုပ်ဆောင်မှုတွေကြောင့် ဒီလိုမျိုးတွေကြောင့် ဒီလိုမျိုးလုပ်နိုင်တာတွေရှိတယ်။ ဒါပေမဲ့ လူ့အခွင့်အရေး ကာကွယ်မြှင့်တင်ဖို့ အထူးသဖြင့် ကာကွယ်တဲ့အပိုင်းမှာတော့ အများကြီး ကျနော်တို့ မလုပ်နိုင်ပါဘူး။ ဒီဟာကိုတော့ ကျနော်တို့ အများကြီးဆက်ပြီးတော့ လုပ်ကိုင်သွားရမှာ ဖြစ်ပါတယ်။ ဒါက တရားဥပဒေစိုးမိုးရေးနဲ့လည်း အများကြီးသက်ဆိုင်ပါတယ်။ ပြုပြင်ပြောင်းလဲမှုတွေ အများကြီးလုပ်ရမှာပါ။

ကိုဉာဏ်ဝင်းအောင် ။ ။ ကျနော် နားလည်တာက ကိုဘိုကြည်တို့ AAPPB ဆိုရင် နိုင်ငံရေးအကျဉ်းသားတွေအတွက် ကူညီစောင့်ရှောက်ပေးတယ်။ ဒါ့အပြင် အခုလို ပွင့်လင်းလာတဲ့ NLD အရပ်သားအစိုးရလက်ထက်မှာ မြန်မာပြည်တွင်းမှာ AAPPB က ဘယ်လိုအစီအစဉ်တွေ၊ ဘယ်လိုဟာတွေကို လုပ်ဆောင်နေတာ ရှိပါသလဲ။

ကိုဘိုကြည် ။ ။ ကျနော်တို့ အခုဆိုရင် အစိုးရအထက်တန်းကျောင်းတွေမှာ လူ့အခွင့်အရေး ပညာပေးဆွေးနွေးပွဲမျိုးတွေ ကျနော်တို့ လုပ်နေတာ ရှိပါတယ်။ ကျနော်တို့ ရှမ်းပြည်နယ်ဘက်မှာ လုပ်ပါတယ်။ ရှမ်းပြည်နယ်ဘက်က အထကကျောင်းတကျောင်းမှာ လုပ်တယ်။ ပြီးခဲ့တဲ့ ဇူလိုင်-သြဂုတ်-စက်တင်ဘာလအတွင်းမှာဆိုရင် ပဲခူးတိုင်းအတွင်းက ကျောင်းပေါင်း (၇၃) ကျောင်းမှာ လုပ်ခဲ့တာရှိပါတယ်။ နောက်ပိုင်းမှာ ပဲခူးတိုင်းအတွင်းမှာပဲ ရပ်ကွက်အုပ်ချုပ်ရေးမှုးတွေကို ကျနော်တို့ တရက်တာ လူ့အခွင့်အရေး သင်တန်းပေးဖို့ ပဲခူးတိုင်းအစိုးရနဲ့ ညှိနှိုင်းဆွေးနွေးထားတာ ရှိပါတယ်။ ဒါက လူ့အခွင့်အရေးမြှင့်တင်ရေးအပိုင်း။ ဒီမြှင့်တင်ရေးအပိုင်းကို လုပ်ရတဲ့ အဓိကအကြောင်းက လူ့အခွင့်အရေးဆိုတာကိုသိမှ ပြီးတော့ ကိုယ့်ရဲ့အခွင့်အရေးကိုလည်း သိဖို့လိုတယ်။ ကိုယ့်ရဲ့တာဝန်ကိုလည်း သိဖို့လိုတယ်။ အဲဒီလိုမျိုး အခွင့်အရေးနဲ့ တာဝန်ကိုသိမှ လူ့အခွင့်အရေးကာကွယ်ရေးက ပိုပြီးတော့ အားကောင်းလာမှာပါ။ ဒါကြောင့်မို့ လူ့အခွင့်အရေးဆွေးနွေးပွဲတွေကို နိုင်ငံအနံှမှာ ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်နေတာတွေ ရှိပါတယ်။

ကိုဉာဏ်ဝင်းအောင် ။ ။ အခုလက်ရှိ အစိုးရလက်ထက်မှာ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်၊ လွတ်လပ်စွာ ဆန္ဒထုတ်ဖော်ခွင့် အတိုင်းအတာတွေကရော ကိုဘိုကြည်တို့ မျှော်မှန်းထားတဲ့ အခြေအနေအတိုင်း ရောက်နေပြီလား။ ဒါမှမဟုတ် ဘာတွေ လိုအပ်ချက်တွေ ရှိနေပါလဲ။

ကိုဘိုကြည် ။ ။ အခုကတော့ မရောက်သေးပါဘူး။ မရောက်သေးတဲ့အပြင် နည်းနည်းစိုးရိမ်စရာ အနေအထားတွေတောင် ပိုတွေ့လာရတယ်လို့ ခံစားရပါတယ်။ ဥပမာ ရန်ကုန်တိုင်း (၁၁) မြို့နယ်အတွင်းမှာ လွတ်လပ်စွာ ဆန္ဒထုတ်ဖော်ခွင့် မရှိဘူးဆိုတာကို နယ်လုံဝန်ကြီးက ပြောလာတယ်ဆိုတော့ ဒါက ဒီမိုကရေစီကို နောက်ပြန်သွားနေပြီလား။ လွတ်လပ်ခွင့်တွေကို တဖြည်းဖြည်းနဲ့ ပြန်ရုတ်သိမ်းနေပြီလား။ ဒီလိုမျိုး ကျနော်တို့ မေးခွန်းထုတ်စရာတွေ ရှိပါတယ်။ ဒါက နောက်တခုက လုံခြုံရေးပိုင်းနဲ့ သက်ဆိုင်တယ်။ အစိုးရက ဒါကို တကယ်ထုတ်တာလား။ ဒါမှမဟုတ် လုံခြုံရေးပိုင်းက ထုတ်တာကို အစိုးရက မတားဆီးနိုင်တာလား။ ဒါကိုတော့ ကျနော်တို့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။ ဒါပေမဲ့ သေချာတာကတော့ မြန်မာနိုင်ငံမှာ လွတ်လပ်ခွင့်တွေကိုတော့ တဖြည်းဖြည်း ပြန်ရုတ်သိမ်းလာတယ်လို့ ကျနော် စိတ်ထဲမှာ ခံစားလာရပါတယ်။

ကိုဉာဏ်ဝင်းအောင် ။ ။ နောက်တခုက နိုင်ငံရေးအကျဉ်းသမားတွေဆိုတာ နိုင်ငံ့အပြောင်းအလဲအတွက် ကိုယ့်နိုင်ငံတိုးတက်ဖို့ဆိုပြီးတော့ ဘာပဲပြောပြော ဘဝတွေကို စတေးပြီးတော့ လုပ်ခဲ့ကြတာတွေ ရှိပါတယ်။ အဲဒီတော့ ဒီနိုင်ငံရေးအကျဉ်းသားတွေအနေနဲ့ အပြင်မှာ အခုရောက်နေတဲ့ လူတွေအနေနဲ့က နိုင်ငံရေးစီးကြောင်းထဲမှာ ဘယ်လောက်အထိ ပါဝင်နိုင်ခွင့်တွေ ရှိနေပြီလဲ။

ကိုဘိုကြည် ။ ။ တချို့တွေတော့ ရှိပါတယ်။ ဒါကြောင့်မို့လဲ ဝန်ကြီးချုပ်ဖြစ်တဲ့လူတွေ၊ အစိုးရအဖွဲ့မှာ တာဝန်ထမ်းဆောင်တဲ့လူတွေ၊ လွှတ်တော်ထဲမှာ တာဝန်ထမ်းဆောင်တဲ့လူတွေ - ဒီလိုမျိုးလည်း ဖြစ်တဲ့လူတွေ ဖြစ်ကြပါတယ်။ အဲဒီလိုပဲ တချို့ NGO ထဲမှာ သတင်းစာ၊ ရေဒီယို၊ ဂျာနယ်လစ်လောကထဲမှာ နိုင်ငံရေးအကျဉ်းသားဟောင်းတွေ အများကြီးရှိနေပါတယ်။ တပြိုင်နက်ထဲမှာပဲ ပင်ကိုယ်က ပညာအရည်အချင်း အားနည်းတဲ့၊ ညဉ်းပမ်းနှိပ်စက် တော်တော်လေးကို ခံရပြီးတော့ အလုပ်ကို မလုပ်နိုင်တဲ့၊ အလုပ်လုပ်ဖို့ ရနိုင်တဲ့ အခွင့်အလမ်းနည်းပါးတဲ့ နိုင်ငံရေးအကျဉ်းသားတွေလည်း အများကြီး ရှိနေပါတယ်။ ဆိုတော့ ကျနော်တို့က ဒီလိုလူမျိုးတွေကိုတော့ တစုံတရာ နိုင်ငံတော်အနေနဲ့ ပံ့ပိုးပေးတာမျိုးတွေ၊ ကူညီပေးတာမျိုးတွေတော့ လုပ်ဆောင်ပေးသင့်တယ်လို့ ထင်ပါတယ်။ ဒါကြောင့်မို့ ကျနော်တို့ တဘက်ကလည်း ပြန်လည်ကုစားရေးဥပဒေ ပေါ်ပေါက်လာဖို့ကို ကျနော်တို့ ကြိုးစားနေတာတွေ ရှိပါတယ်။

ကိုဉာဏ်ဝင်းအောင် ။ ။ အဲဒီတော့ နိုင်ငံရေးအကျဉ်းသားတွေနဲ့ ပတ်သက်လာရင် ကိုဘိုကြည်တို့ AAPPB အနေနဲ့ အစိုးရ တာဝန်ရှိသူတွေနဲ့ တိုက်ရိုက်ညှိနှိုင်းတာမျိုး၊ အကြံပြုတာမျိုး - ဘယ်လို အခွင့်အရေးတွေ ရှိပါလဲ။

ကိုဘိုကြည် ။ ။ အရင် ဦးသိန်းစိန်လက်ထက်တုန်းကတော့ လက်ကျန်နိုင်ငံရေးအကျဉ်းသား စီစစ်ရေးကော်မတီဆိုပြီးတော့ ဖွဲ့ထားတယ်။ အဲဒီထဲမှာ AAPPB က အဖွဲ့ဝင် ဖြစ်တဲ့အတွက် အစိုးရနဲ့ တိုက်ရိုက်စကားပြောလို့ရတဲ့ အခွင့်အလမ်းတွေ ရှိခဲ့တယ်။ ဒါပေမဲ့ ၂၀၁၅ ခုနှစ်မှာပဲ ဒီကော်မတီကို ဖျက်သိမ်းလိုက်တာရှိတယ်။ အစိုးရအာဏာလွှဲပြီးတဲ့နောက်မှာတော့ လုံးဝဖျက်သိမ်းလိုက်တာရှိတယ်။ အဲဒီအချိန်ကနေ အခုအချိန်အထိတော့ အစိုးရနဲ့ တရားဝင်လမ်းကြောင်း တိုက်ရိုက်စကားပြောမယ့်လမ်းကြောင်းကတော့ အခက်အခဲ အများကြီးရှိနေပါသေးတယ်။

ကိုဉာဏ်ဝင်းအောင် ။ ။ အဲဒီတော့ ကိုဘိုကြည် အမေရိကန်ခရီးစဉ်နဲ့ ပတ်သက်လို့ ဘာများဖြည့်စွက်ပြောချင်တာ ရှိပါလဲ။

ကိုဘိုကြည် ။ ။ ကျနော်တို့ အဓိကတော့ ကိုယ့်ပြည်တွင်းရေး ပြဿနာကို ကျနော်တို့က သေသေချာချာ နိုင်နိုင်နင်းနင်း ဖြေရှင်းဖို့ လိုပါတယ်။ နိုင်ငံတကာနဲ့ အမြဲတမ်း ရန်ဖြစ်နေလို့ နိုင်ငံတကာက ပြောသမျှကိုလည်း အမြဲတမ်း ငြင်းဆန်နေတာနဲ့ ပြဿနာတွေ ပြေလည်သွားမှာ မဟုတ်ဘူး။ ပြဿနာတွေရဲ့ ပကတိကို ပကတိအတိုင်း လက်ခံပြီးတော့ ဘယ်လိုပြေလည်အောင် ဖြေရှင်းမလဲဆိုတဲ့ နည်းလမ်းတွေကို သေသေချာချာ ရှာဖို့လိုပါတယ်။ အခုဆိုရင် အမေရိကန်က မြန်မာနိုင်ငံက စစ်ခေါင်းဆောင်တွေကို အရေးယူဖို့ဆိုတာတွေ ပြင်ဆင်နေတာတွေ ရှိတယ်။ ကျနော်က စိုးရိမ်တာက ဒီလိုမျိုး စစ်ခေါင်းဆောင်တွေကို အရေးယူရုံနဲ့ ရပ်တန့်သွားမှာ မဟုတ်ဘူး။ တခြား Investment လာမယ့်ကိစ္စတွေ၊ တခြားတည်ငြိမ်မှု အခြေအနေတွေ ကင်းမဲ့လာတဲ့အခါမှာ စီးပွားရေးအရ အရမ်းကို ထိုးကျသွားမယ့်ကိစ္စတွေ ဒီလိုမျိုး ဖြစ်လာမှာကိုလည်း တွေ့နေရတာရှိတယ်။ ရှိတဲ့အခါကြတော့ မြန်မာနိုင်ငံရဲ့ အနာဂတ်အတွက်တော့ ကျနော်တို့ အတော်လေး စိုးရိမ်ပါတယ်။ နောက် ကျနော်တို့ တိုင်းပြည်ကို ကာကွယ်ဖို့ဆိုလို့ရှိရင် လိုအပ်တာက ကျနော်တို့ရဲ့ ညီညွှတ်မှုရယ် Smart Foreign Policy ခေါ်တဲ့ အင်မတန်ကောင်းမွန်၊ တိကျတဲ့ နိုင်ငံခြားရေးရာပေါ်လစီ - ဒီနှစ်ခုနဲ့ပဲ ကျနော်တို့က အချုပ်အချာအာဏာကို ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။ လက်နက်နဲ့ ကာကွယ်ဖို့ စဉ်းစားနေရင်တော့ ကျနော်တို့က အချုပ်အချာအာဏာ တဖြည်းဖြည်းနဲ့ လုံးပါးပါးသွားပါလိမ့်မယ်။ ဒါကိုတော့ ကျနော်တို့က နိုင်ငံခေါင်းဆောင်တွေနဲ့ အထဲမှာရှိတဲ့ နိုင်ငံသူနိုင်ငံသားတွေကို သတိပေးချင်ပါတယ်။

ကိုဉာဏ်ဝင်းအောင် ။ ။ ကျေးဇူးတင်ပါတယ် ကိုဘိုကြည်။

XS
SM
MD
LG