ဒီတပတ် မြန်မာ့ဒီမိုကရေစီရေးရာ ဆွေးနွေးခန်းအစီအရင်မှာ ရွှေချည်ထိုး၊ ရွှေဆိုင်း၊ ယက်ကန်း စတဲ့ မြန်မာ့မိရိုးဖလာ လုပ်ကိုင်လာကြတဲ့ လက်မှုအနုပညာတွေကို မျိုးဆက်သစ်တွေကို လက်ဆင့်ကမ်းပေးဖို့ လက်ခံသင်ယူချင်သူတွေ ရှားပါးလာနေတယ်လို့ မန္တလေးမြို့က ရွှေချည်ထိုးပညာရှင် ဦးစိန်မြင့်က ပြောဆိုပါတယ်၊ ဒီလို လက်မှုပညာမျိုးတွေဟာ နှစ်နဲ့ချီ အချိန်ပေး လေ့လာသင်ယူရတာဖြစ်တယ်လို့ မြန်မာ့ရှေ့ဟောင်း အနုပညာတွေကို အမြတ်တနိုး ထိမ်းသိမ်းစောင့်ရှောက်နေတဲ့ ဦးစိန်မြင့်က VOA နဲ့ တွေ့ဆုံမေးမြန်းခန်းမှာ ပြောပြတာပါ၊ ပန်းဆယ်မျိုးအနုပညာ ထွန်းကားရာ မြန်မာနိုင်ငံက အနုပညာလက်ရာတွေ နိုင်ငံတကာဈေးကွက်ထဲမှာ ခိုင်ခိုင်မာမာ နေရာရလာဖို့အတွက်ကလဲ ပစ္စည်းတင်ပို့မှုအပိုင်းမှာ ပိုပြီး မြန်ဆန် အဆင်ပြေအောင်လုပ်ဖို့ လိုနေတယ်လို့ ဦးစိန်မြင့်က ပြောပါတယ်၊ ပန်းချီပညာနဲ့ ရွှေချည်ထိုးပညာရှင် ဦးစိန်မြင့်ကို ရန်ကုန် VOA ရုံးတာဝန်ခံ ဒေါ်ခင်စိုးဝင်းက မန္တလေးမြို့မှာ တွေ့ဆုံမေးမြန်းထားပါတယ်။
ဒေါ်ခင်စိုးဝင်း ။ ။ မင်္ဂလာပါ ဆရာဦးစိန်မြင့်။ ဆရာက ဒီအနုပညာလုပ်ငန်း ရွှေချည်ထိုးလုပ်ငန်း၊ ပန်းချီဆွဲတဲ့ လုပ်ငန်းတွေ လုပ်ကိုင်လာတာ တော်တော်လေးကြာသွားပါပြီ။ ပန်းချီပညာကတော့ မွေးကတည်းက။ ရွှေချည်ထိုးလုပ်ငန်းကတော့ ပြီးခဲ့တဲ့ နှစ် (၃၀) လောက်က။ ကျမ သိချင်တာက ရွှေချည်ထိုးလုပ်ငန်း၊ မြန်မာ့လက်မှုအနုပညာတို့၊ ရှေ့ဟောင်းပစ္စည်းတို့ကို များသောအားဖြင့် စိတ်ဝင်စားတာက နိုင်ငံခြားသားတွေ ဖြစ်နေပါတယ်။ အဲဒီတော့ မြန်မာလူထုအနေနဲ့ ကိုယ့်ရဲ့လက်မှုပညာ အနုပညာပစ္စည်းတွေကို မြတ်နိုးလာအောင် ဘယ်လိုများ ဆရာအနေနဲ့ တိုက်တွန်းချင်ပါလဲ။
ဦးစိန်မြင့် ။ ။ ဒါကတော့ ရိုးရှင်းပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သဘာဝအလျောက်ကိုက အနောက်နိုင်ငံသားတွေက အခုလို အရှေ့တောင်ာအရှ အနုပညာပစ္စည်းတွေ သူတို့ဘက်မှာ မရှိကြဘူးလေ။ နောက် ယဉ်ကျေးမှု ထွန်းကားတာကလဲ Generation အရ မတူကြဘူး။ မတူကြတဲ့အခါကြတော့ တကယ့် handicraft တွေရဲ့ အရသာ အာရှနိုင်ငံတွေ၊ နိုင်ငံတိုင်းနိုင်ငံတိုင်းမှာရှိတယ်။ ရှိတဲ့အတွက် သူတို့တတွေ ဒီဘက်ကို လာတဲ့အခါ ဗမာနိုင်ငံရောက်တော့ ဗမာတမျိုး။ ထိုင်းနိုင်ငံရောက်တော့ ထိုင်းကတမျိုး မလေးရှားတမျိုး စသည်ဖြင့် ကျွန်းစုနိုင်ငံဆိုလဲ ကျွန်းစုနိုင်ငံက အနုပညာတွေ Oceanic Arts တို့ ဘာတို့ရှိတာပေါ့။ ဗမာက ပိုထူးခြားနေတာကတော့ ကျနော်တို့မှာ အနုပညာရှိတဲ့အပြင် ဒီအနုပညာ သတ်သတ်မှတ်မှတ် ပထမမြန်မာနိုင်ငံတော်ဖြစ်တဲ့ ပုဂံခေတ် မတိုင်မီကတည်းက ဒီအနုပညာတွေက ထွန်းကားလာတယ်။ မြန်မာနိုင်ငံရယ်လို့ မရှိသည်တိုင်အောင် မြန်မာနိုင်ငံမှာ ဒီနေ့ ထွန်းကားနေတဲ့ အနုပညာလက်ရာတွေက ပျူခေတ် ပျူကာလကတည်းက ရှိနေတာဖြစ်တဲ့အတွက် ဒီဟာလဲ အနောက်နိုင်ငံသားတွေ တနည်းအားဖြင့် ဒီနိုင်ငံလေးက သေးပေမယ့် ယဉ်ကျေးမှုက အလွန်ဝေးတဲ့ အချိန်ကတည်းက ထွန်းကားနေတယ်ဟာလဲ ကျနော်တို့က တနည်းအားဖြင့် ဂုဏ်ယူစရာဖြစ်တယ်။ အနောက်နိုင်ငံသားတွေလည်း ဒါကို impress ဖြစ်တာပေါ့။ အဲဒီသဘောအရ ရှိတယ်။ ဒီဟာလဲ ကျနော်တို့နိုင်ငံမှာ အနုပညာ ပန်း (၁၀) မျိုးဆိုတာ ရှိတယ်။ ပန်း (၁၀) မျိုးကလဲ ပန်းချီ၊ ပန်းပု စသည်ဖြင့် ကြေးသွန်တို့ ဘာတို့ ဒီဟာတွေ ပန်း (၁၀) မျိုးဆိုပြီး နံမည်လည်းရှိတယ်။ သတ်သတ်မှတ်မှတ် အတတ်ပညာလုပ်ငန်း ရှိတဲ့အချက်မှာ တချို့အနုပညာလုပ်ငန်းတွေက ကမ္ဘာလှည့်ခရီးသည်တွေအတွက် လွယ်လွယ်ကူကူ သယ်သွားနိုင်တဲ့ ပစ္စည်းလေးတွေ ဖြစ်တယ်။ တချို့ဟာလဲ weight, volume အရ မသယ်နိုင်တာတွေ ရှိတာပေါ့။
ဒေါ်ခင်စိုးဝင်း ။ ။ ဒါပေမဲ့ အခု ကျမ လေ့လာလို့ ရသလောက် မြန်မာ့ရှေ့ဟောင်း အနုပညာလက်ရာတွေကို နိုင်ငံခြားကို ခိုးထုတ်နေတဲ့ လူတွေလည်း ရှိနေပါတယ်။ ခိုးထုတ်တဲ့ မြန်မာ့အနုပညာလက်ရာတွေကို မှောင်ခိုထုတ်သွားတဲ့ ကိစ္စတွေမှာ ဆရာအနေနဲ့ အဲဒါကို ဘယ်လိုများ အကြံပေးချင်ပါလဲ။ အဲဒီလိုမျိုး မဖြစ်အောင်။
ဦးစိန်မြင့် ။ ။ အဲဒီလိုမျိုး မဖြစ်အောင် အဓိကတော့ အစိုးရနဲ့ ပြည်သူလူထုဆိုတဲ့ စကားမျိုးကို ပြောရမှာဖြစ်တယ်။ အကုန်လုံးရဲ့ concept နဲ့ အကုန်လုံးရဲ့ ကိုယ်ပိုင်အနုပညာ၊ ကိုယ်ပိုင်အတတ်ပညာ၊ ကိုယ်ပိုင်ယဉ်ကျေးမှုကို ဘယ်လောက်အထိ ထဲထဲဝင်ဝင် မြတ်မြတ်နိုးနိုး ရှိသလဲ အဲဒီအပေါ်မှာ စကားပြောမှာပေါ့။ အခုနပြောတဲ့ ခိုးထုတ်တဲ့ကိစ္စ လူတွေကလဲ ကမ္ဘာ့နိုင်ငံအသီးသီးမှာ ဒီလူတွေက သူနည်းသူဟန်နဲ့ ရှိနေတာ။ သိတဲ့အတိုင်းပဲ Middle East မှာလဲ ဒီပြဿနာတွေ ရှိတာပဲ။ နောက်ဆုံးပိတ် အခုခေတ်စားနေတဲ့ အကြမ်းဖက်အဖွဲ့အစည်းတွေတောင် ဒီလိုပစ္စည်းတွေနဲ့ ရှာပြီးတော့ funding တွေ လုပ်နေတယ်လို့ ကျနော်တို့ ဖတ်နေရတယ်။ ဒီပစ္စည်းတွေက ကျနော်တို့ နိုင်ငံမှ မဟုတ်ပါဘူး နိုင်ငံတကာမှာ အကြောင်းတရာအမျိုးမျိုးနဲ့ ထွက်နေတာ။ ဒါကို ဖိဖိစီးစီး၊ တားဖို့ဆီးဖို့ လုပ်ဖို့ဆိုတာ နိုင်ငံမှာရှိတဲ့ ယဉ်ကျေးမှု ဝန်ကြီးဌာန၊ ပြည်သူပြည်သားတွေ အသိတရားတွေနဲ့ ဒါတွေကို သတင်းပေးခြင်းပြုခြင်း လုပ်ခြင်းကိုင်ခြင်းနဲ့လုပ်ရင် မပပျောက်တောင် နည်းသွားမှာပေါ့။ လိုချင်တဲ့အား demand ကတော့ လိုချင်နေမှာပဲ။ ဥပမာ ကျနော်တို့က ဘာဖြစ်နေလဲဆိုရင် ကျနော်တို့ရဲ့ အိမ်နီးချင်းနိုင်ငံဖြစ်နေတဲ့ နိုင်ငံတနိုင်ငံက ကျနော်တို့ထက် advance ဖြစ်တယ်။ ပစ္စည်းတခုကို ဒီနေ့ဝယ် ဒီနေ့ဝယ်တဲ့ လူအိမ်ကိုရောက်အောင် ပို့နိုင်တဲ့အနေအထားမှာရှိတယ်။ ကျနော်တို့ဆီမှာ အဲဒါမျိုး မရှိဘူး။ မရှိတော့ သူတို့ဆီမှာ rapid sale ဖြစ်တော့ ပစ္စည်းသာရှိ၊ ပစ္စည်းသာကောင်း ဝယ်မယ့်လူက အဆင်သင့်ဆိုတဲ့ အနေအထားမှာရှိတယ်။ ကျနော်တို့ဆီမှာ ပစ္စည်းရှိတယ်၊ ပစ္စည်းကောင်းပေမယ့် ပို့ရေးပြုရေး ထိန်းရေးသိမ်းရေး အခက်အခဲတွေ အများကြီးရှိတာပေါ့။ ဟိုမှာတော့ establish ဖြစ်နေတော့ ဒီကိစ္စတွေလည်းရှိတယ်။ အဲဒီဘက်က တောင်းဆိုမှုတွေအရ ဒီဘက်က ခိုးမယ့်လူတို့ဘာတို့က ဒီဟာပဲ ကြံစည်းပြီးတော့ ဒီလမ်းကြောင်းအတိုင်း ထွက်သွားတာ။ ဘယ်လမ်းကြောင်းမှ မထွက်ဘူး။ ဟိုက တောင်းဆိုတဲ့ demand ရှိတယ် ဒီကလဲ ရှာပြီးလုပ်ပေးတယ်။ လုပ်နေတဲ့လူတွေထဲမှာ လူမျိုးခြားလဲပါတယ်။ ဗမာလည်း ပါတာပေါ့။ အမျိုးစုံပဲ။ ပြောရင် သူတို့ကလဲ ဒါပဲ လုပ်စားတတ်တယ်ဆိုပြီး လုပ်နေကြတာပေါ့။ ဒါကြောင့် ဘုရားကျောင်းကန် စေတီတွေထဲမှာ နေ့စဉ်နဲ့အမျှလိုလို ဘာသာရေးနဲ့ ပတ်သက်တဲ့ အနုပညာပစ္စည်းတွေ၊ သာသနာရေးနဲ့ ပတ်သက်တဲ့ပစ္စည်းတွေ ရှေ့ဟောင်းပစ္စည်းတွေက တနည်းမဟုတ်တနည်း တခုမဟုတ်တခု ထွက်နေတာရှိတယ်။
ဒေါ်ခင်စိုးဝင်း ။ ။ မြန်မာနိုင်ငံက အာဆီယံအသင်းဝင် နိုင်ငံတခုဖြစ်တယ်။ ပြီးတော့ ၂၀၁၅-၂၀၁၆ မှာ အာဆီယံလူ့ဘောင် အသိုင်းအဝိုင်းကို ထူထောင်ကြမယ်။ အာဆီယံအသိုင်းအဝိုင်း ထူထောင်ကြမယ်လို့ လုပ်နေကြတယ်။ အဲဒီတော့ မြန်မာနိုင်ငံရဲ့ အနုပညာလက်မှုပစ္စည်းတွေ။ ထိုင်းမှာလည်း လက်မှုပစ္စည်းတွေရှိတယ်။ အင်ဒိုနီးရှား၊ မလေးရှားမှာလည်း ရှိတယ်။ မြန်မာနိုင်ငံအနေနဲ့ အာဆီယံအသိုင်းအဝိုင်းမှာ ဘယ်လိုဝင်ဆန့်အောင် အနုပညာအပိုင်းအနေနဲ့ ဘယ်လို ပါဝင်ဖို့ ရှိပါလဲ။
ဦးစိန်မြင့် ။ ။ အာဆီယံကွန်မြူနီတီ ဆိုပြီးတော့ ဒီခေတ်ဒီကာလ သူ့အချိန်နဲ့သူ ရောက်လာတဲ့အခါကြတော့ ကျနော်တို့က participate လုပ်ရမှာပဲ။ မလုပ်လို့ မရဘူး။ လုပ်တဲ့နေရာမှာ သူများနဲ့ တန်တူလုပ်နိုင်တဲ့ အကြောင်းအရာတွေရှိပြီး၊ သူများနဲ့တန်တူ လုပ်လို့မရသေးတဲ့ အကြောင်းအရာတွေ၊ အခက်အခဲတွေလည်း ရှိနေသေးတယ်။ တနည်းအားဖြင့် အခုနပြောတဲ့ Transportation ကိစ္စတွေ။ အခုအချိန်အထိ အတော်ခက်ခဲတဲ့ ဆဘာဖြစ်လို့လဲဆိုတော့ စောစောကပြောသလို ပန်း (၁၀) မျိုး အတတ်ပညာတွေရှိတယ်။ Basic handicraft တွေဖြစ်တဲ့ village crafts တွေ, Grassroots level crafts တွေကလည်း တောင်းတွေခြင်းတွေ ရက်တာတွေ၊ အရုပ်တွေလုပ်တာတွေ စတဲ့ Craftsmen တွေရှိတယ်။ Highly decorative လုပ်ထားတဲ့ ယွန်ထည်တွေ၊ ရွှေဆိုင်းတွေ အများကြီး။ သစ်သားရွှေချတာတွေ အများကြီးရှိတယ်။ အပေါ်မှာလဲ နန်းမှုနန်းရာဆန်တဲ့ အနုပညာတွေကလဲ ဒီနေ့အထိ survive ဖြစ်နေတယ်။ အောက်ခြေမှာလဲ အခုနပြောသလို toys တွေက စပြီးတော့ ကျေးလက်အနုပညာတွေကလည်း ရှိနေတဲ့အတွက် ပစ္စည်းပိုင်းအနေနဲ့ ပူစရာကိုမလိုဘူး။ ဆက်သွယ်မှုကိစ္စလေးတွေ၊ ဈေးကွက်ရှာတဲ့ကိစ္စတွေ၊ ဈေးကွက်ကို ခိုင်မာအောင်။ တယောက်နဲ့တယောက် ဈေးကွက်ဆိုတာ လုနေကြမှာပဲ။ ဒီနေ့ခေတ်စားနေတဲ့ hand phone တွေလို ဈေးကွက်က အဓိကကျတာပေါ့။ အဓိကကျတော့ အဲဒီဈေးကွက်ထဲကို ဝင်နိုင်အောင် ကိုယ့်ပစ္စည်းတွေကို အရောင်းအသွေး၊ အဆင်း၊ အရွယ်အစား စသဖြင့် advance ဖြစ်တဲ့ကိစ္စတွေမှာ လိုအပ်သလို ကျနော်တို့ဆီမှာ လုပ်နိုင်တယ်။ အဲဒီတော့ တပိုင်းက အဆင်သင့်ဖြစ်ပြီးသား အပိုင်းလည်းရှိတယ်။ အဆင်သင့် မဖြစ်သေးတာလည်း ရှိသေးတယ်။ ဒါကတော့ ဆက်နွှယ်ပြီးတော့၊ မှီပြီးတော့ ယူသွားရမှာပေါ့။
ဒေါ်ခင်စိုးဝင်း ။ ။ အခု ဦးစိန်မြင့်တို့လို မျိုးဆက်တွေ တဖြည်းဖြည်းနဲ့ မျိုးဆက်တွေလည်း ကြီးလာပြီဆိုတော့ နောင်လာမယ့် မျိုးဆက်သစ်တွေကို ဒီအနုပညာတွေ လက်ဆင့်ကမ်းဖို့ ဘယ်လို အစီအစဉ်တွေ ရှိပါလဲရှင့်။ စိတ်ပူလို့ပါ။
ဦးစိန်မြင့် ။ ။ လက်ဆင့်ကမ်းဆိုတာကတော့ ပေးတဲ့လူနဲ့ ယူတဲ့လူ နှစ်ခု အဲဒီကွင်းကလဲ ချိတ်နိုင်မှ ရတယ်။ ဘယ်လောက်ပဲပေးပေး ယူတဲ့လူက စိတ်မဝင်စားရင် မရဘူး။ ဥပမာ ဒါတွေကတော့ ကျယ်ပြန့်ပါတယ်။ ဥပမာ ကျေးလက်တွေမှာ လူမရှိတော့ဘူး။ ဘာဖြစ်လို့ မရှိလဲဆိုရင် ကျေးလက်ဒေသမှာ မီးရိုးဖလာ လုပ်ငန်းတွေက သင်ရတဲ့ဟာက (၂) နှစ် သုံးနှစ်သုံးမိုး အဲဒီလို သင်ရတဲ့ဟာတွေရှိတယ်။ ရက်ကန်းအတတ်ပညာတို့ မြို့ပေါ်မှာဆိုရင် ရွှေဆိုင်းတို့ဘာတို့ နောက် အထည်ရက်လုပ်တာတို့တွေက သင်ရတာတွေရှိတယ်။ တောင်းပလုံးရက်တာတွေက ချက်ချင်းတတ်တာ မဟုတ်ဘူး။ (၂) နှစ် (၃) နှစ်သင်ရတဲ့ အနေအထားမျိုး။ ရှေ့တုန်းကတော့ ဒါပဲရှိတော့ ရွာတွေမှာ တောင်းပလုံးရက်တဲ့ ရွာတွေမှာ လုပ်သားတွေက အများကြီးပဲ။ Generation by generation သင်လာတာတွေရှိတယ်။ အခုကြတော့ အလွယ်လိုက်တဲ့ဟာတွေက ပေါ်လာပြီ။ Labor တွေက အကုန်လုံးက migration labor တွေ ဖြစ်ကုန်ပြီ။ ပြောသာပြောတာ နိုင်ငံခြားရောက်နေတဲ့ အလုပ်သမားတွေ ကြည့်လိုက်ရင် မြို့ပေါ်ကနည်းတယ်။ တောကလူတွေကြီးပဲ။ ဘယ်ရွာက အုပ်လိုက်သွားကြတာ။ တယောက်ကပေါက်သွားရင် လှမ်းခေါ်လိုက်ရင် တမြို့လုံးတရွာလုံး လိုက်သွားကြတာ။ ရွာမှာ မိန်ခလေးနဲ့ လူကြီးလောက်ပဲ ကျန်တဲ့အခါကြတော့ အဲဒီမှာ လယ်ယာစိုက်ပျိုးရေး အခက်အခဲတွေ၊ မီးရိုးဖလာလုပ်လာတဲ့ တောင်းပလုံး အထည်ရက်လုပ်မှု၊ ထန်းညှက်ချက်လုပ်မှုတွေ၊ ကြံသကာလုပ်တာတွေ စသည်ဖြင့် ကျေးလက်ဒေသ production တွေ အခက်အခဲတွေ လာဖြစ်တယ်။
ဒေါ်ခင်စိုးဝင်း ။ ။ ဦးစိန်မြင့်တို့ လုပ်နေတဲ့ အနုပညာ လုပ်ငန်းပိုင်တွေနဲ့ ပတ်သက်ပြီးတော့ အာဏာပိုင်အဖွဲ့အစည်း နိုင်ငံတော်အပိုင်းက ဘာတွေများ ပံ့ပိုးမှု ရှိပါသလဲ။
ဦးစိန်မြင့် ။ ။ ပံ့ပိုးမှုကတော့ ဒီနေ့ ပန်းချီဆိုရင် ဘာမှ သိပ်ပြီးတော့ ပစ္စည်းပစ္စယ ရင်းနှီးရတာ သိပ်မရှိဘူး။ သူက ဆေးနဲ့ စက္ကူနဲ့ canvas လူတယောက်ရဲ့ intellectual property တွေပဲ အဓိကကျတယ်။ သူ ဘယ်လောက် interest ရှိသလဲ အဲဒီအပေါ်မှာ ခွဲထွက်သွားတယ်။ တက်တဲ့ကောင်တက်တယ်။ ဘေးရောက်တဲ့ကောင် ဘေးရောက်တယ်။ အောက်ရောက်တဲ့ကောင် အောက်ဆင်းသွားတယ်။ ဒါက work of art ပေါ်မှာ မူတည်တာပေါ့။ Craft နဲ့ တွဲလာတဲ့ဟာတွေကြတော့ ဥပမာ ရွှေချည်ထိုး၊ ရွှေဆိုင်းလိုဟာမျိုး၊ ပိုးထည်ရက်လုပ်တာမျိုးဆိုရင် သူက labor လိုလာတယ်။ အဲဒီ labor ကလဲ တနှစ်တန်သည် (၂) နှစ်တန်သည် မပျော်ပျော်အောင်ထားပြီး လုပ်မှ ဒါကနေတာ။ ကျနော့် ရွှေထိုးလုပ်တဲ့ ကလေးတွေက များသောအားဖြင့် Grassroots level က လာတယ်။ ပညာကလည်း ထိုက်သင့်လျောက်ပတ်တာနဲ့ ပိုပြီးတတ်တဲ့လူ မရှိဘူး။ အဲဒါ ဘာကောင်းသလဲဆိုတော့ အရင်တုန်းက စောင်းသင်တဲ့လူလို။ နည်းနည်းတတ်ထားတဲ့ လူနဲ့ လုံးဝ မတတ်တဲ့လူ။ လုံးဝမတတ်တဲ့လူကို သင်ရတာ ပိုမြန်တာပေါ့။ သူတို့တတွေက အဲဒီလိုလေးတွေရှိတယ်။ ရွှေထိုးအနေနဲ့ကတော့ ကျနော်တို့ အမျိုးသမီးလေးတွေအတွက် ပိုပြီးတော့ အဆင်ပြေတယ်။ လုပ်ငန်းခွင် အန္တရာယ် မရှိဘူး။ အပ်ကလေး သူတို့ Nature အတိုင်း မိန်းခလေးဆိုတာ အချုပ်အလုပ်၊ အချက်အပြုတ် မူလနဂိုအတိုင်း ပါလာတဲ့သဘောရှိတော့ တစ်ထွာပြရင် တစ်တောင်မြင်တယ်ပေါ့။ သူတို့အတွက် အခက်အခဲ မရှိဘူး။ နိုင်ငံတော်အနေနဲ့ ပံ့ပိုးမှုဆိုတာကတော့ အသိအမှတ်ပြုတာတို့၊ အခက်အခဲရှိရင် လုပ်တာတို့။ Labor နဲ့ ပတ်သက်လို့ လူမှုဝန်ထမ်းဌာနကနေ medical cover ပေးတာတို့ ဘာတို့ အဲဒီလိုဟာမျိုးလေးတွေ ရှိပါတယ်။ ကျန်တာတော့ လုပ်ရင်လုပ်သလို တကယ့်တန်းဖိုးရှိတယ်ဆိုရင် .. ဥပမာ ရွှေထိုးကားကြီး UN ကို ပို့တယ်။ အဲဒီမှာ နိုင်ငံတော်က ရွှေထိုးပညာရဲ့ တန်းဖိုးကို သူတို့ကသိတယ်။ ဒီနေ့ဒီကာလမှာ ကမ္ဘာမှာခေတ်စားနေတာ သိတဲ့အတွက် နိုင်ငံတော်ကနေ တခြားဟာတွေ ပို့လဲရတာပဲ။ ဥပမာ ငွေထည်တွေ ပို့လဲ ရတယ်။ ယွန်ထည်တွေ ပို့လဲ ရတယ်။ ပန်းပုတွေပို့လဲ ရတယ်။ အဲဒီအချိန် အဲဒီအခါက ရွှေထိုးကို အစိုးရက ဆုံးဖြတ်ပြီး ရွှေထိုးကားချပ်ကြီးကို ပို့တယ်။ ဒီလို တနည်းအားဖြင့် လှည့်ပြီးတော့ အနုပညာ အတတ်ပညာတွေကို လှည့်ပြီးတော့ မြှင့်တင်ပေးတယ်။ အဲဒီအတွက်လဲ တနွယ်ငင် တစင်ပါ အများကြီး အဆင်ပြေသွားတာပေါ့။
ဒေါ်ခင်စိုးဝင်း ။ ။ ဦးစိန်မြင့်ရဲ့ ရွှေချည်ထိုးကားကြီးကို ကုလသမဂ ဌာနချုပ်မှာ ချိတ်ထားတာကို တွေ့ဖူးပါတယ်။ အားလုံးကလည်း ဂုဏ်ယူကြပါတယ်။ ကျေးဇူးအများကြီး တင်ပါတယ် ဆရာ။