သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပတ်ဝန်းကျင်မထိခိုက်အောင် သယံဇာတတွေ ဘယ်လိုထုတ်


ပြည်သူ့လွှတ်တော် သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ကော်မတီဥက္ကဋ္ဌ ဦးစိုးသူရထွန်း
ပြည်သူ့လွှတ်တော် သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ကော်မတီဥက္ကဋ္ဌ ဦးစိုးသူရထွန်း
တိုက်ရိုက် လင့်ခ်

ဒီတပတ် မြန်မာ့ဒီမိုကရေစီရေးရာဆွေးနွေးခန်းမှာ သယံဇာတ တူးဖော်မှုက ပတ်ဝန်းကျင်ကို ထိခိုက်စေတာမို့ သတ္တုသယံဇာတ တူးဖော်ရေးနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးတို့ကို တပေါင်းတည်း တာဝန်ပေးတဲ့အခါမှာ လုပ်ငန်းတွေ ဘယ်လိုထမ်းဆောင်နေကြပါသလဲ။ ပြည်သူ့လွှတ်တော် သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ကော်မတီဥက္ကဋ္ဌ ဦးစိုးသူရထွန်းကို ဒေါ်ခင်မျိုးသက် က မေးမြန်းထားပါတယ်။

ဒေါ်ခင်မျိုးသက် ။ ။ သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးမှာ ကော်မတီဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်နေတယ်ဆိုတော့ ပထမဦးဆုံး ဒီကော်မတီမှာ သယံဇာတ ထုတ်ယူတာကော၊ သဘာဝပတ်ဝန်းကျင် နှစ်ခုစလုံးပါနေတယ်။ အရင်တုန်းကဆိုရင် ဝန်ကြီးဌာနအနေနဲ့ နှစ်ခု ခွဲထားပါတယ်။ အခုပေါင်းတဲ့အခါမှာ ဒီလိုမျိုး ဌာနနှစ်ခုပေါင်းပြီးတော့ လုပ်နေတယ်။ လွှတ်တော်မှာလည်း ကော်မတီဖွဲ့ထားတဲ့နေရာမှာလည်း နှစ်ခု ပေါင်းပြီး ဖွဲ့ထားတယ်။ ဒီလိုပေါင်းကြတဲ့အတွက် ရရှိတဲ့အကျိုး။ ပထမဦးဆုံးအကျိုးကို သိချင်ပါတယ်။ ဘာကြောင့်ပေါင်းလိုက်လဲ။ ဒီလိုပေါင်းလိုက်လို့ ဘာအကျိုးတွေ ရှိပါလဲ။ နည်းနည်းရှင်းပြပေးပါ။

ဦးစိုးသူရထွန်း ။ ။ အခြေခံသဘောနဲ့ ပြောရင်တော့ ရိုးရိုးစဉ်းစားရင်လည်း ဟုတ်ပါတယ်။ သဘာဝပတ်ဝန်းကျင်နဲ့ သယံဇာတ ထုတ်ယူမှုနှစ်ခုဆိုတာက ဆန့်ကျင်ဘက်လိုလဲ ဖြစ်နေတယ်။ ဘာဖြစ်လို့လဲဆိုတော့ သယံဇာတ ထုတ်ယူတဲ့အခါမှာ ပတ်ဝန်းကျင်ကို ထိခိုက်တယ်။ ပတ်ဝန်းကျင်ကို သိပ်ထိန်းသိမ်းပြန်ရင်လဲ သယံဇာတ ထုတ်လို့မရတော့ဘူးပေါ့။ ဒီနှစ်ခုကို ဘက်မျှအောင် တိုင်းပြည်ရဲ့ ပြည်သူတွေရဲ့ အလုပ်အကိုင် အခွင့်အလမ်း လိုအပ်ချက်တွေ၊ တခြားစီးပွားရေး အခွင့်အလမ်း နည်းပါးမှုတွေကြောင့် သယံဇာတဆိုတာ ဖွံ့ဖြိုးရေးအတွက် ထုတ်ကိုထုတ်ရပါလိမ့်မယ်။ အဲဒီလို ထုတ်တဲ့အခါမှာ သဘာဝပတ်ဝန်းကျင်လည်း ထိခိုက်မှုအနည်းဆုံးဖြစ်အောင် ထိန်းသိမ်းရတာ ဖြစ်တဲ့အတွက် ဒီနှစ်ခုကို တပေါင်းတည်းထားလိုက်တဲ့အခါမှာ အပြန်အလှန် ထိန်းညှိပြီးဖြစ်သွားအောင်လို့ပါ။

ဒေါ်ခင်မျိုးသက် ။ ။ ဒီလိုမျိုး ပေါင်းလိုက်တဲ့အတွက် ဆိုးကျိုးတွေလည်း ရကြတယ်လို့ ပြောကြပါတယ်။ ဆိုတော့ ဆိုးကျိုးနဲ့ ပတ်သက်ပြီးတော့ ဘယ်လိုမြင်ပါသလဲ။

ဦးစိုးသူရထွန်း ။ ။ ကျနော်တို့ဆီမှာ လွှတ်တော်က ကော်မတီတွေနဲ့ဖြစ်ဖြစ်၊ ဝန်ကြီးဌာနအနေနဲ့ဖြစ်ဖြစ် ဘယ်ဘက်က အားသာ သွားသလဲပေါ် မူတည်ပြီးတော့ အဲဒီမှာ အခက်အခဲလေးတွေ ဖြစ်ပါတယ်။ သဘာဝပတ်ဝန်းကျင်ဘက်က အားသိပ်သာသွားရင်လည်း အခုနပြောတဲ့ သယံဇာတ ထုတ်ယူမှုအတွက် နှောင့်နှေးကြန့်ကြာတာတွေ၊ ခက်ခဲတာတွေ ဖြစ်တယ်။ တခါ သယံဇာတ ထုတ်တဲ့ဘက်က အားသာသွားရင်လည်း ပတ်ဝန်းကျင်ဘက်ကို ဂရုမစိုက်၊ အားနည်းသွားတာတွေ ဖြစ်နိုင်တယ်။ ဒီမှာလည်း နဂိုက အသွင်မတူတဲ့ လုပ်ငန်းနှစ်ခုကို ပေါင်းလိုက်တဲ့အခါမှာ အပြန်အလှန် ထိန်းညှိရတာ အခက်အခဲလေးတွေလည်း ရှိပါတယ်။ ဒါပေမဲ့ ကျနော်တို့ကတော့ တချိန်တုန်းက တခေတ်တုန်းက ဒီလို ဥပဒေတွေလည်း မရှိခဲ့သေးဘူး။ အဲဒီအခါမှာ ဝန်ကြီးဌာနတွေက အပြန်အလှန် အားပြိုင်ကြတဲ့အခါကြတော့ လုပ်ငန်းတွေက ရှေ့မရောက်တာတွေ များတဲ့အခါကြတော့ အခုအချိန်မှာတော့ နှစ်ဘက်စလုံးကို မျှပြီးစဉ်းစားနိုင်တဲ့ အခြေအနေလည်း ဖြစ်နေပြီ။ လွှတ်တော်နဲ့ အစိုးရကလည်း အပြန်အလှန် ထိန်းညှိနိုင်ပြီဆိုတော့ တဖြည်းဖြည်းချင်း လုပ်ယူသွား နိုင်မယ်လို့ ယုံကြည်ပါတယ်။

ဒေါ်ခင်မျိုးသက် ။ ။ ဒီသြဂုတ်လဆန်းက လွှတ်တော်မှာတင်တော့ သယံဇာတတွေ ထုတ်တာနဲ့ ပတ်သက်ပြီး သဘာဝပတ်ဝန်းကျင်တွေ ပျက်ဆီးတာတွေ ရှိတယ်။ ဒါတွေကို ထိန်းထိန်းသိမ်းသိမ်း လုပ်ဖို့ အဆိုတင်သွင်းတယ်။ တင်တဲ့အဆိုကလည်း အောင်မြင်တယ်ပေါ့။ လွှတ်တော်မှာ မဲခွဲဆုံးဖြတ်ပြီးတော့ ဒီဟာကို ကျေကျေနပ်နပ် လက်ခံကြတဲ့အခါ ဘာတွေများ လုပ်ထားပါလဲ။ အဲဒါလေး သိပါရစေ။

ဦးစိုးသူရထွန်း ။ ။ အခု သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးလိုမျိုး၊ သစ်တောတွေ ထိန်းသိမ်းဖို့လိုမျိုး ဒီလိုအဆိုမျိုး အောင်မြင်တာ ဘာကိုပြသလဲဆိုရင် ဝန်ကြီးဌာနတွေနဲ့ ပိုပြီးတော့ နဂိုကလဲ လုပ်နေတယ်။ လုပ်နေတာကို ပိုအားရှိအောင် ဖိအားပေးတဲ့သဘောမျိုး ဖြစ်တဲ့အခါကြတော့ ဝန်ကြီးဌာနက လွှတ်တော်ရဲ့ အတည်ပြုချက်အတိုင်း ဆက်လုပ်နိုင်ဖို့အတွက် အစီအမံတွေ၊ စီမံကိန်းတွေ ဆွဲရတယ်။ ဆွဲတဲ့အခါ ဘဏ္ဍာရန်ပုံငွေ၊ ပြည်ထောင်စုရန်ပုံငွေကလည်း ဒီထဲကို ပိုပြီးတော့ ထည့်သွင်းမြုပ်နံှပေးမယ်ဆိုတဲ့ သဘောကို သက်ရောက်ပါတယ်။ အဲဒီတော့ အခုက ကျနော်တို့က လောလောဆယ်မှာ Budget planning စ ရေးဆွဲတဲ့ကာလဆိုတော့ သက်ဆိုင်ရာဝန်ကြီးဌာနက ဒါကို အလေးအနက်ထားပြီးတော့ ပိုပြီးတော့ လုပ်နိုင်ပါလိမ့်မယ်။ ပုံမှန်ဆိုရင်တော့ ကျနော်တို့ တိုင်းပြည်ရဲ့ ဘတ်ဂျက်အနေအထားအရ သူရဲ့ Limit တခုမှာပဲ ထားရတယ်။ လွှတ်တော်ရဲ့ အတည်ပြုချက်ရပြီဆိုရင်တော့ ပိုပြီးအလုပ်လုပ်နိုင်ပါတယ်။ ဒီလိုပဲ ကွာခြားချက် ရှိပါတယ်။

ဒေါ်ခင်မျိုးသက် ။ ။ ဒီလိုလုပ်တဲ့နေရာမှာ ဝန်ကြီးဌာနကလည်း သယံဇာတ နဲ့ သဘာဝပတ်ဝန်းကျင် နှစ်ခုစလုံးကို ကိုင်ထားတဲ့ ဝန်ကြီးဌာနဆိုတော့ ဝန်ကြီးက သစ်တောဌာနဘက်ကလာတဲ့ လူဆိုတော့ အမြင်ကိုကြည့်ရမယ်ဆိုရင် သဘာဝပတ်ဝန်းကျင်နဲ့ သစ်တောဘက်ကို ပိုပြီးတော့ ဦးစားပေးပြီးတော့ သယံဇာတ တူးဖော်ရေးမှာများ - စောစောကပြောသလို လူပေါ်မူတည်ပြီး နှောင့်နှေးမှုတွေ ကြန့်ကြာမှုတွေ ရှိတယ်ဆိုတော့ ဝန်ကြီးက ဒီလိုမျိုးကို အားပေးတယ်၊ ဦးစားပေးတယ် ရှိနေတယ်ဆိုရင် လုပ်ရကိုင်ရတာနဲ့ ပတ်သက်ပြီးတော့ လွှတ်တော်ဘက်က ဘယ်လိုထိန်းကျောင်းဖို့များ အစီအစဉ်တွေ ချထားပါလဲ။

ဦးစိုးသူရထွန်း ။ ။ သာမန်အားဖြင့် လွှတ်တော်ဆိုတာ ဝန်ကြီးဌာနပေါ်မှာ အရမ်းကြီးဖိအားမပေးဘူး။ လမ်းညွှန်တဲ့အဖွဲ့အစည်း မဟုတ်ဘူး။ ဒါပေမဲ့လဲ သူရဲ့ဥပဒေတွေနဲ့ပဲ ထိန်းကျောင်းတဲ့ လုပ်ငန်းကို လုပ်တာပါ။ ဒါပေမဲ့ ကျနော်တို့ကတော့ အခုက တိုင်းပြည်ကို ပြန်တည်ဆောက်နေရတဲ့ ကာလဖြစ်တဲ့အခါကြတော့ ရင်းရင်းနှီးနှီး တိုင်ပင်ပြီးတော့ လုပ်နေကြတာ ဖြစ်တဲ့အတွက်ကြောင့် အများကြီးတော့ အခက်အခဲ မရှိပါဘူး။ အစပထမပိုင်းဖြစ်တဲ့ တနှစ်လောက်မှာတော့ နည်းနည်းလေးတော့ နှောင့်နှေးတာလေးတွေတော့ ရှိပါတယ်။ တဖြည်းဖြည်း ပြုပြင်သွားနိုင်မယ်လို့ ယုံကြည်ပါတယ်။

ဒေါ်ခင်မျိုးသက် ။ ။ ကျမ မေးရတာက မကြာသေးခင်ကပဲ ကောလင်းဘက်ကို သွားတဲ့အခါမှာ တချို့ ရွှေသတ္တုတူးဖော်နေရာတွေမှာ သဘာဝပတ်ဝန်းကျင် ပျက်ဆီးနေတာတွေ ရှိပါတယ်။ မပျက်ဆီးအောင် ထိန်းသိမ်းတဲ့ ကုမ္ပဏီတွေလည်း လုပ်နေတာတွေလည်း တွေ့ပါတယ်။ ဆိုတော့ ဒီလိုမျိုး လုပ်တဲ့အခါမှာ ဒီလိုမျိုး ရပ်ထားခိုင်းတော့ အကုန်လုံးသိမ်းကြုံပြီးတော့ ရပ်ထားခိုင်းတာပါ။ ဒီလိုမျိုး တကယ်လုပ်နေတဲ့ ကုမ္ပဏီတွေအတွက် နစ်နာပါတယ်။ နစ်နာတယ်ဆိုတာ ဒါတွေနဲ့ ပတ်သက်ပြီးတော့ ဘယ်လိုများ လုပ်ဆောင်ပေးဖို့ လွှတ်တော်ဘက်က ပြင်ဆင်ထားပါသလဲ။

ဦးစိုးသူရထွန်း ။ ။ ကျနော်တို့ ဒါကိုလည်း ပြန်လှန်ညှိနှိုင်းဖြစ်ပါတယ်။ လောလောဆယ်မှာတော့ အဓိက သတ္တုလုပ်ငန်းတွေ သက်တမ်းမတိုးပေးနိုင်တာက သာမန်အားဖြင့် ပတ်ဝန်းကျင်စီမံခန့်ခွဲမှု အစီအစဉ်ပေးတာနဲ့ သက်တမ်းတိုးပေးဖို့ စီစဉ်တာပါ။ ဒါပေမဲ့ တဘက်မှာကြတော့ ဘာဖြစ်လဲဆိုတော့ သတ္တုတွင်း နည်းဥပဒေတွေ ရေးဆွဲတာ ပြီးလည်းပြီးနေပြီ။ ဒါကို အတည်ပြုဖို့လေး ကျန်နေတာပါ။ အတည်ပြုဖို့လည်း ရှေ့နေတွေနဲ့ တိုင်ပင်ညှိနှိုင်းပြီးတော့ အမြန်ဆုံး ကြိုးစားနေပါတယ်။ အတည်ဖြစ်တာနဲ့ အခုက မိုးတွင်းကာလ - ဆောင်တွင်းဆိုရင်တော့ တကယ်အလုပ်လုပ်နိုင်တဲ့ အချိန်ကြရင်တော့ ဒါလည်း အတည်ဖြစ်ပြီးတော့ အားလုံး သက်တမ်းတွေ ပြန်တိုးပြီးတော့ အလုပ်လုပ်နိုင်မယ်လို့ ယုံကြည်ပါတယ်။

ဒေါ်ခင်မျိုးသက် ။ ။ နောက်တခုက မကြာသေးခင်ကပဲ သဘာဝပတ်ဝန်းကျင်နဲ့ ပတ်သက်ပြီးတော့ စောင့်ကြည့်ရေးအဖွဲ့က နိုင်ငံတွေ ဘယ်လောက်များ ထိန်းသိမ်းနိုင်သလဲဆိုပြီးတော့ သူတို့ စောင့်ကြည့်တာ နော်ဝေကနေ မြန်မာနိုင်ငံအထိ - နိုင်ငံပေါင်း (၅၈) နိုင်ငံ ပါပါတယ်။ ဒီအထဲမှာ သူတို့က မြန်မာနိုင်ငံမှာ အဆင့် (၄) ခု - ဘယ်လောက် ဥပဒေတွေ၊ နည်းဥပဒေတွေ ထုတ်ပြန်ပြီးတော့ ထိန်းသိမ်းနိုင်သလဲ။ တကယ်တမ်း ပတ်ဝန်းကျင် ပျက်ဆီးမှုတွေ ဘယ်လောက်ရှိသလဲ။ ဒီလို လုပ်တာကိုင်တာတွေကို အချက် (၄) ချက်ပေါ် မူတည်ပြီးတော့ ကြည့်ပါတယ်။ အားလုံးမှာ မြန်မာနိုင်ငံက (၅၇) နဲ့ (၅၈) နောက်ဆုံးအဆင့်နေရာမှာ တွေ့နေရပါတယ်။ ဆိုတော့ ဒီဟာမျိုး၊ ဒီလိုမျိုး စောင့်ကြည့်အဖွဲ့တွေက ဒီလိုမျိုး လုပ်နေတယ်ဆိုတော့ မြန်မာနိုင်ငံ ဥပဒေ၊ နည်းဥပဒေတွေ ပြဌာန်းပေးတဲ့ လွှတ်တော်အနေနဲ့ ဒါနဲ့ ပတ်သက်ပြီးတော့ ဘယ်လိုမျိုး တုံ့ပြန်ချင်သလဲ။ စဉ်းစားထားပါသလဲ။

ဦးစိုးသူရထွန်း ။ ။ နောက်တွေကို အများကြီး ပြန်ပြောတာ မဟုတ်ပေမယ့်လဲ ကျနော်တို့ ဈေးကွက်စီးပွားရေးစနစ်ကို ပြောင်းခဲ့တဲ့ ၁၉၈၈ ခုနှစ်ကစပြီးတော့ ၁၉၉၄ မှာ သတ္တုတွင်း ဥပဒေဆိုတာ ပေါ်လာခဲ့တယ်။ အဲဒီအချိန်ကစပြီး ပုဂ္ဂလိက သတ္တုတွင်းတွေကို တရားဝင် ခွင့်ပြုခဲ့တယ်။ ခွင့်ပြုခဲ့တဲ့အခါမှာ အားလုံးသိတဲ့အတိုင်း အဲဒီအချိန်တုန်းက ဒီလုပ်ငန်းတွေကိုရတဲ့ လူတွေကလည်း အများဆုံးကလည်း သက်ဆိုင်ရာ လူကြီးတွေနဲ့ ဆက်နွှယ်တဲ့လူတွေက များတဲ့အခါကြတော့ ဝန်ကြီးဌာနအနေနဲ့ သူတို့ကို ထိန်းသိမ်းဖို့ အင်မတန် ခက်ခဲခဲ့ပါတယ်။ တခါ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနဲ့ ပတ်သက်လို့ကော ဥပဒတွေအနေနဲ့ ဖြစ်လာတာ ၂၀၁၂ ပြီးခဲ့တဲ့ အရပ်သားတပိုင်း အစိုးရတပိုင်း စဖြစ်တဲ့အချိန်ကြမှ ဒီဥပဒေကို ပြဌာန်းခဲ့ကြတယ်။ ပြီးတော့ နည်းဥပဒေတွေ လုပ်ထုံလုပ်နည်းတွေကို ဆက်ပြီးတော့ ဆွဲရတာ ဝန်ကြီးဌာနအနေနဲ့ဆို ပြီးခဲ့တဲ့ နှစ်ထဲမှာမှ တခုပြီးတခု အားလုံးပြီးသွားပါတယ်။ စပြီး ထိန်းသိမ်းနိုင်တဲ့ အခြေအနေ ရှိတာပေါ့။

အဲဒီတော့ ကျနော်တို့က နှစ် (၂၀-၂၅) နှစ်လောက် ဖြစ်လာခဲ့တဲ့ ဖြစ်ရပ်တွေကြောင့် အခုနပြောတဲ့ ပြည်ပအဖွဲ့အစည်းတွေ ထောက်ပြနေတာတွေလည်း ဖြစ်ခဲ့တာတွေလည်း မှန်ပါတယ်။ ကျနော်တို့က အခုအချိန်မှာ နည်းဥပဒေ၊ ဥပဒေတွေလည်း ရှိနေပြီ။ သတ္တုတွင်း နည်းဥပဒေလည်း မကြာခင် ပြီးတော့မယ်ဆိုတော့ ဒီအတိုင်း ဆက်လုပ်သွားရင်တော့ ကောင်းမွန်တဲ့ ထိန်းသိမ်းမှုတွေကို ရလာပါလိမ့်မယ်လို့ ယုံကြည်ပါတယ်။

ဒေါ်ခင်မျိုးသက် ။ ။ အဲဒီလိုမျိုး သဘာဝပတ်ဝန်းကျင်ဘက်ကို ဘယ်လောက်ထိခိုက်မှု ရှိသလဲဆိုတာကို Assessment လုပ်တာ။ နောက်တခုက ဒီလိုမျိုးဟာကို စီမံခန့်ခွဲတဲ့ Management - ဘာဖြစ်လို့လဲဆိုတော့ အခုသွားနေတဲ့ လူတွေအကုန်လုံးက ကုမ္ပဏီတွေက - တချို့ဆိုရင် သတ္တုတွင်းတူးဖို့ သွားတယ်။ ဒါပေမဲ့ အဲဒီမှာ Assessment လုပ်တဲ့လူတွေက သတ္တုတွင်းနဲ့ ပတ်သက်ပြီး နားမလည်တဲ့လူတွေ၊ အဖွဲ့တွေကိုလည်း တွေ့နေရပါတယ်။ ဒါတွေနဲ့ ပတ်သက်ပြီးတော့ ဘယ်လိုများ စည်းစနစ်၊ စည်းမျဉ်းဥပဒေတွေ ဘယ်လိုများ ချမှတ်ထားပါလဲ။ ဘယ်လို ထိန်းသိမ်းဖို့ လုပ်ထားသလဲ။ သွားပြီးတော့ Assessment လုပ်တဲ့လူတွေ၊ စီမံခန့်ခွဲမှုတွေ လွှတ်တဲ့နေရာမှာ - အခုန ဦးစိုးသူရထွန်းပြောတာ ကုမ္ပဏီတွေကို လုပ်ခွင့်ပေးလိုက်တယ်ဆိုတော့။ သူတို့ သွားစစ်ဆေးတဲ့နေရာမှာ ဘာတွေလုပ်ရမယ်လို့ သတ်မှတ်ထားတာတွေ ရှိပါလဲ။

ဦးစိုးသူရထွန်း ။ ။ အဲဒါက ပြီးခဲ့တဲ့နှစ်က ဒီဇင်ဘာလလောက်မှာ အတည်ပြုခဲ့တဲ့ EIA Procedure ဆိုတာ ရှိပါတယ်။ ပတ်ဝန်းကျင် လေ့လာဆန်းစစ်ခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းဆိုတာကို အတည်ပြုပြီးသာ ဖြစ်သွားတော့ အဲဒီလို ထုတ်လုပ်နည်းထဲမှာ တဆင့်ချင်းဆီပါပါတယ်။ ဆိုလိုတာက သတ္တုတွင်းတခုခုပဲဖြစ်ဖြစ်၊ စက်မှုလုပ်ငန်းတခုခုပဲဖြစ်ဖြစ် ပတ်ဝန်းကျင်နဲ့ ပတ်သက်ပြီး ထိခိုက်နိုင်ချေရှိတဲ့ သတ်မှတ်ထားတဲ့ ပမာဏအရ သတ်မှတ်ထားတယ်ဆိုရင် သက်ဆိုင်ရာအဖွဲ့အစည်း Third-party Consultant အဖွဲ့အစည်းက သွားပါတယ်။ အဲဒီလို အဖွဲ့အစည်းတွေ ဖြစ်လာဖို့ကိုလဲ ဝန်ကြီးဌာနမှာ မှတ်ပုံတင်ရပါတယ်။ ဘယ်လိုပညာရှင်တွေပါတယ်။ ပညာရှင်ထဲက ဘယ်နှစ်ဦးပါလဲ။ ဘယ်လို Sectors တွေကို ကိုင်တွယ်နိုင်တယ်ဆိုတာကို ပေါ်လွှင်သွားမှ အဲဒီအဖွဲ့ကို အသိအမှတ်ပြုပါတယ်။

အဲဒီအဖွဲ့အစည်းက သက်ဆိုင်ရာလုပ်ငန်းကို သွားပြီးတဲ့အခါမှာ လုပ်ငန်းမှာ အခြေအနေကို ယေဘုယျခြုံငုံကြည့်ပြီးတော့ ဘယ်လိုမျိုး တိုင်းတာသင့်တယ်။ ဘယ်လိုမျိုး ဆန်းစစ်သင့်တယ်ဆိုတဲ့ အချက်အလက်တွေကို အရင်ဦးဆုံး ယူပြီးတော့ Scoping လို့ ခေါ်တာပေါ့။ ဒါကို သတ်မှတ်ပြီးတော့ ဝန်ကြီးဌာနတွေ ပြန်ညှိရပါတယ်။ ညှိတဲ့အခါမှာ ဝန်ကြီးက ဒီ Scoping အရ မှန်ကန်တယ်ဆိုရင် အဲဒီအတိုင်း ဆက်သွားပေါ့။ ဒါပေမဲ့ အဲဒီအချိန်မှာကတည်းက ဒီလောက်နဲ့တော့ မရဘူး။ ဥပမာ အမြစ်ရဲ့အောက်ကို ကျနော်တို့က မိုင် (၂၀) အထိ သွားလေ့လာမယ်ဆိုရင် ဝန်ကြီးဌာနက မိုင် (၃၀-၅၀) အထိ လေ့လာသင့်တယ်ဆိုရင် မိုင် (၅၀) အထိ သွားပြီးတော့ လေ့လာရမယ်ပေါ့။ အဲဒီလိုတွေ တိုင်းတာပေးပါတယ်။ သတ်မှတ်ပေးပါတယ်။ သတ်မှတ်ပြီးမှ အခုန စမ်းသပ်တဲ့အဖွဲ့တွေက သဘောတူထားတဲ့အတိုင်း စမ်းသပ်တိုင်းတာပြီးတော့မှ တိုင်းတာထားတဲ့အချက်တွေကို အခြေခံပြီးတော့ သတ္တုတွင်းရဲ့ ဖြစ်ပေါ်တိုးတက်မယ့် လုပ်ကိုင်မယ့် Procedure တွေ နှစ်ခုကို ယှဉ်ကြည့်ပြီးတော့မှ ဘယ်လို Impact တွေ၊ အကျိုးသက်ရောက်မှုတွေ ရှိနေတယ်ဆိုတာကို ဒါကို ဆန်းစစ်ရပါတယ်။

ဒီဆန်း,စစ်နေတဲ့ တချိန်တည်းမှာပဲ ဘေးမှာ ပတ်ဝန်းကျင်မှာရှိတဲ့ လူထုတွေ၊ သက်ဆိုင်ရာ မြို့နယ်ဒေသမှာရှိတဲ့ Stateholder လို့ခေါ်တဲ့ ပါဝင်ပတ်သက်တဲ့၊ ဆက်စပ်တဲ့ လူတွေအားလုံးဆီမှ အကြံဉာဏ်တွေကို ရယူရပါတယ်။ ဒီလိုရယူပြီးတော့မှ ဒါကိုကြည့်ပြီးမှ စီမံခန့်ခွဲမှု အစီအစဉ် - ပတ်ဝန်းကျင်ဆိုင်ရာ စီမံခန့်ခွဲမှုအစီအစဉ်ကို ရေးဆွဲရပါတယ်။ ဒီဆွဲပြီးတဲ့ဟာကိုမှ ဝန်ကြီးဌာနနဲ့ အပြန်အလှန်ပြပြီးတော့ နောက်ဆုံးမှာ အတည်ပြုပြီးပြီဆိုရင် ဒီအတည်ပြုတဲ့အတိုင်းကိုပဲ လုပ်ငန်းရှင်က ဆက်ပြီးတော့ ဒီ စီမံခန့်ခွဲမှုအတိုင်း လုပ်ရပါတယ်။ ထိန်းချုပ်တဲ့အခါမှာ Monitoring plan တွေ ပါတဲ့အခါကြတော့ သူတို့ လေ့လာစောင့်ကြည့်တဲ့အခါမှာ ဘယ်လောက်အချိန်ယူမယ်။ ဘယ်လောက် (၆) လတကြိမ် ရေကို တိုင်းတာမလား။ နေ့စဉ် ဘယ်လိုတိုင်းတာမလဲ။ လစဉ် ဘယ်လိုတိုင်းတာမလဲ။ ဒီလိုမျိုး စနစ်တွေကို ချပြီးတော့ အဲဒီအတိုင်း ဆက်ပြီးလုပ်လို့ရှိရင်တော့ ပတ်ဝန်းကျင် ထိခိုက်မှု အနည်းဆုံးနဲ့ ဒီလုပ်ငန်းဟာ ဆက်သွားနိုင်မှာ ဖြစ်ပါတယ်။

ဒေါ်ခင်မျိုးသက် ။ ။ အခုလို စိတ်ရှည်လက်ရှည် ဖြေကြားပေးတဲ့အတွက် အများကြီးကျေးဇူးတင်ပါတယ်။

ဦးစိုးသူရထွန်း ။ ။ ကျနော်တို့လည်း ကျေးဇူးတင်ပါတယ်။ အခုလိုမျိုး ပြောတဲ့အတွက် ပြည်သူလူထုက သိရတဲ့အတွက်ကြောင့် ဝမ်းသာပါတယ်။

XS
SM
MD
LG