သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ငြိမ်းချမ်းရေးအတွက် ဒေါက်တာတူးဂျာရဲ့ အမြင်ခံယူချက်


ကချင်ခေါင်းဆောင် ဒေါက်တာတူးဂျာ
ကချင်ခေါင်းဆောင် ဒေါက်တာတူးဂျာ
မြန်မာအစိုးရနဲ့ တိုင်းရင်းသားခေါင်းဆောင်တွေကြား လက်ရှိလုပ်ဆောင်နေတဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေအတွက် သူကို ဖိတ်ကြားလာရင် တတ်နိုင်သလောက် ပါဝင်လုပ်ဆောင်သွားမယ် ဖြစ်တယ်လို့ ကေအိုင်အို ကချင်လွတ်မြောက်ရေးအဖွဲ့ရဲ့ ဒုတိယ ဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဒေါက်တာတူးဂျာ က ပြောဆိုလိုက်ပါတယ်။ ဒေါက်တာတူးဂျာ တည်ထောင်ထားတဲ့ ကချင်ပြည်နယ်ဒီမိုကရေစီပါတီဟာ အောက်တိုဘာလ (၃၀) ရက်နေ့တုန်းကမှ မှတ်ပုံတင်ခွင့်ကျခဲ့တာပါ။ သူက တချိန်က ကေအိုင်အိုနဲ့ မြန်မာတပ်ဖွဲ့တွေရဲ့ အပစ်အခတ်ရပ်စဲရေး ညှိနှိုင်းမှုမှာ ပါဝင်ခဲ့သူလည်း ဖြစ်ပါတယ်။ ဗွီအိုအေဝိုင်းတော်သား ကိုဇော်ဝင်းလှိုင် က ဒေါက်တာတူးဂျာ ကို မြစ်ကြီးနားမြို့မှာရှိတဲ့ သူ့ရဲ့နေအိမ်မှာ သွားရောက် တွေ့ဆုံမေးမြန်းထားတာပါ။

ဦးသန်းလွင်ထွန်း ။ ။ ကချင်ပြည်နယ် ဒီမိုကရေစီပါတီအမည်နဲ့ ပါတီသစ်မှတ်ပုံတင်ခွင့် မကြာသေးခင်ကမှ ရရှိခဲ့တဲ့ ကေအိုင်အို ဒုတိယဥက္ကဋ္ဌဟောင်း ဒေါက်တာတူးဂျာ က လက်ရှိ တိုင်းရင်းသားတွေနဲ့ အပစ်အခတ်ရပ်စဲရေးဆိုင်ရာ လုပ်ငန်းစဉ်တွေအပေါ် အားရကျေနပ်မိကြောင်း ပြောပါတယ်။ ဗွီအိုအေ သတင်းထောက် ဦးဇော်ဝင်းလှိုင် က မြစ်ကြီးနားမြို့နေအိမ်မှာသွားပြီး တွေ့ဆုံမေးမြန်းထားတာပါ။

ကိုဇော်ဝင်းလှိုင် ။ ။ ပူပူနွေးနွေးလေး အခုဖြစ်သွားတဲ့ ဆရာပါတီ ဖွဲ့စည်းခွင့်ကို ပြည်ထောင်စုရွေးကောက်ရေးကော်မရှင်က ခွင့်ပြုလိုက်ပြီ။ ဒီပါတီ တရားဝင်မှတ်ပုံတင်ခွင့်ကိုလည်း ဆရာ တော်တော်လေး ကြိုးစားယူခဲ့ရတယ်။ ဆိုတော့ ဘယ်လို အခက်အခဲတွေကြောင့်များ ဒီလောက်အထိ ဆရာကို ပါတီမှတ်ပုံတင်ဖို့အတွက် သူတို့ဖက်ကနေ အချိန်ဒီလောက်ယူရတာလဲ။

ဒေါက်တာ တူးဂျာ ။ ။ ဒီဟာကတော့ ပြောမယ်ဆိုရင်တော့ တိုင်းပြည်ရဲ့ စနစ်အပြောင်းအလဲကြောင့်ပေါ့။ အရင်က စနစ်ဟောင်းမှာဆိုတော့ ၂၀၁၀ တုန်းကတော့ စနစ်ဟောင်း။ နောက် အစိုးရကလည်းဟောင်း။ ဆိုတော့ အဲဒီအချိန်အခါတုန်းကတော့ ဒီလောက်အထိ ဒီမိုကရေစီ အစိုးရလည်း မဟုတ်တဲ့အခါကြတော့ ဒီလောက်လဲ လွတ်လွတ်လပ်လပ် လုပ်ဆောင်ခွင့်မရှိခဲ့ဘူးလို့ ပြောရမှာပေါ့။ ဆက်ကူးမက်ကူးကာလ ဖြတ်တာကိုး။ အစိုးရဟောင်းကနေ အသစ်ကို ပြောင်းဖို့ အချိန်အခါ စိုင်းပြင်းနေတဲ့ အချိန်အခါဖြစ်တဲ့အတွက်ကြောင့် အဲဒါ အကြောင်းကြောင်းကြောင့် ကျနော်တို့ ပါတီဟာ မှတ်ပုံတင်မရခဲ့ဘူး။ ဒါပေမဲ့ ကျနော်တို့လည်း ဒီမိုကရေစီ အစိုးရသစ် တက်လာပြီး စနစ်ကလည်း ပြောင်းလာပြီ၊ အစိုးရလည်း ပြောင်းလာပြီဆိုတော့ မျှော်လင့်ချက်ထားတာပေါ့။ ဒါက အရင်လိုတော့ မဟုတ်တော့ဘူး ကျနော်တို့ ယူဆတယ်။ အဲဒီလိုလည်း ယုံကြည်တယ်။ ဒါကြောင့်မို့ ဒီတခေါက်ဆိုရင်တော့ ကျနော်တို့ ရရှိနိုင်တယ်လို့ မှတ်ပုံတင် ရရှိနိုင်တယ်ဆိုတဲ့ မျှော်လင့်ချက်လေး။ နောက် အခြေအနေလည်း ကျနော်တို့ လေ့လာအကဲခတ်ပါတယ်။ ပြောင်းလဲလာတာကလည်း အတော်လေး ပြောင်းလဲလာတဲ့ အခြေအနေမျိုး တွေ့ရတယ်။

ကိုဇော်ဝင်းလှိုင် ။ ။ ဆရာ ပြောတာက ပြောင်းလဲလာတဲ့စနစ်အရ အခုလိုမျိုး သူတို့လည်း ပြောင်းလဲပြီး လုပ်ဆောင်လာတယ်ဆိုတဲ့ နိုင်ငံရေးအရ အမြင်တော့ ရှိတာပေါ့။ ဒါပေမဲ့ သူတို့အနေနဲ့များ အခုမှ ပြန်ပြီးတော့ ခွင့်ပြုတာဟာ သူတို့မှာ တိကျခိုင်မာတဲ့ အကြောင်းပြချက် ဆရာ ဥပမာ ပေးလို့ရမလား။ ဘယ်လို အချက်တွေများ ဖြစ်မလဲ။

ဒေါက်တာ တူးဂျာ ။ ။ ဒီဟာနဲ့ ပတ်သက်ရင်တော့ ကျနော်ကတော့ အတိအကျ မပြောတတ်ဘူး။ ကျနော်ကတော့ ရိုးရိုးသားသား နေတာပဲ။ ဒီအဖွဲ့အစည်းနဲ့မှ တရားမဝင်အသင်း ဘယ်အဖွဲ့အစည်းနဲ့မှ ကေအိုင်အိုနဲ့ရော လုံးဝအဆက်အသွယ် မလုပ်ခဲ့ဘူး။ ဒီ ဥပဒေဘောင်အတွင်းမှာ ကျနော်က ရိုးရိုးသားသားပဲနေတယ်။ ဒါကြောင့်မို့ အခုပါတီမှတ်ပုံတင်ရေးနဲ့ ပတ်သက်တဲ့ ဥပဒေ နည်းဥပဒေမှာ တရားမဝင်အသင်းနဲ့ တိုက်ရိုက်သော်လည်းကောင်း၊ သွယ်ဝိုက်နည်းအားဖြင့်သော်လည်းကောင်း မဆက်သွယ်ရ၊ ပြစ်မှုကျူးလွန်သူမဖြစ်ရ။ မူးယစ်ဆေးဝါးနဲ့ မပတ်သက်ရ အစရှိသဖြင့် သူ့ ဥပဒေတွေ၊ ပုဒ်မတွေပါတယ်။ အဲဒါနဲ့ ကျနော်က လွတ်ကင်းတယ်။ လွတ်ကင်းတဲ့အတွက်ကြောင့် သူတို့က ကျနော်တို့ ဒီတခေါက် မှတ်ပုံတင်ခွင့် ပေးတာ။

ကိုဇော်ဝင်းလှိုင် ။ ။ နောက်တခုက အခု မြန်မာ့နိုင်ငံရေးကို ပြောကြလို့ရှိရင် အခုလက်ရှိ လတ်တလော ဖြစ်ပေါ်နေတဲ့ တိုင်းရင်းသားခေါင်းဆောင်တွေနဲ့ အစိုးရရဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲဟာ မပါမဖြစ်ကိစ္စလို့ ဖြစ်လာတယ်။ မြစ်ကြီးနားမြို့မှာပဲ မနေ့ကပဲ ဆွေးနွေးပွဲ ပြီးသွားတယ်။ အဲဒီအပေါ်မှာ ဆရာ ဘယ်လိုမြင်မိသလဲ။ အခု လောလောဆယ်သွားနေတဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲ အပစ်အခတ်ရပ်စဲရေး ငြိမ်းချမ်းရေးဆွေးနွေးပွဲ၊ နိုင်ငံရေးဆွေးနွေးပွဲတွေ ဖြစ်ပေါ်ဖို့ တိုင်းရင်းသားတွေနဲ့ တိုင်းရင်းသားခေါင်းဆောင်တွေနဲ့ အစိုးရကြားမှာ။

ဒေါက်တာ တူးဂျာ ။ ။ လိုင်ဇာ ဆွေးနွေးပွဲ ရောက်လာတယ်ဆိုတာ သမိုင်းမှတ်တိုင်တခုပေါ့။ သမိုင်း အချိုးအကွေ့တခု ရောက်ရှိလာတယ်လို့ ပြောလို့ရတယ်။ အရင်က ဒီလို တိုင်းရင်းသားတွေအားလုံး စုံစုံညီညီနဲ့ ကွန့်ဖရန် ကျင်းပတာ တခါမှမရှိခဲ့ဘူး။ အဲဒါကြောင့်မို့ ဒီလို ကျင်းပခွင့်ရတယ်။ အစိုးရကလည်း ခွင့်ပြုတယ်။ တိုင်းရင်းသားဖက်ကလည်း ဒီလိုမျိုး ဆန္ဒရှိလာတယ်ဆိုတာက ဒါ ငြိမ်းချမ်းရေးရရှိဖို့ အများကြီး အပြုသဘောဆောင်တယ်ဖြစ်တယ်။ အဲဒါ တချိန်တည်းမှာ လိုင်ဇာ ဆွေးနွေးပွဲကနေ တိုင်းရင်းသားတွေဖက်ကနေ သူတို့ အချင်းချင်းညှိနှိုင်းပြီးတော့ ဘုံသဘောတူညီချက်တွေ သူတို့ ရရှိကြတယ်။ အဲဒီ ဘုံသဘောတူညီချက်က ဘယ်ပေါ်မှာ base လုပ်ပြီးတော့မှ တည်ဆောက်ကြလဲဆိုရင် တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးပြီးမှ ငြိမ်းချမ်းရေးဆွေးနွေးပွဲကို ဆက်လက်သွားဖို့ဆိုတဲ့ အစိုးရရဲ့ framework အဲဒီအပေါ်မှာ သူတို့က မူဘောင်အတွင်းမှာ ဆွေးနွေးကြတာ။ ဒီအပေါ်မှာ base လုပ်ပြီး ဆွေးနွေးကြတာ။ အဲဒါကြောင့် ဒီအပေါ်မှာ base လုပ်ပြီး ဆွေးနွေးတဲ့အပေါ်မှာ သူတို့ကလည်း အပြုသဘောဆောင်တယ် ဒါကို ပယ်မချဘူး။ လိုင်ဇာဆွေးနွေးပွဲ ပျက်ပြားပြီးတော့ အားလုံး အိမ်ပြန်တာမျိုး မဟုတ်ဘဲနဲ့ ဘုံသဘောတူညီချက်တခုက အပြုသဘောဆောင်တဲ့ ဆုံးဖြတ်ချက်တခုကို သူတို့ ဆုံးဖြတ်ပြီးတော့မှ မြစ်ကြီးနားဆွေးနွေးပွဲ တက်ရောက်လာကြတာပေါ့လေ။ မြစ်ကြီးနားဆွေးနွေးပွဲမှာတော့ အစိုးရဖက်ကလည်း ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒုဥက္ကဋ္ဌ ဦးအောင်မင်း ဦးဆောင်တဲ့အဖွဲ့ နဲ့ တိုင်းရင်းသားဖက်က ရွေးချယ်ထားတဲ့ ကော်မတီ သူတို့ ခန်းမမှာ ငြိမ်းချမ်းရေးဆွေးနွေးကြတယ်။ အဲဒီအဆင့် ရောက်လာတယ်။ ဒါ အင်မတန် တိုးတက်မှုကို ပြတဲ့အဆင့်တွေ ဖြစ်တယ်လို့။ ဒါကို တိုးတက်မှုရှိတယ်လို့ ကျနော် သုံးသပ်မိတယ်။

ကိုဇော်ဝင်းလှိုင် ။ ။ တဖတ်မှာ ကြည့်လို့ရှိရင် တိုင်းရင်းသားတွေဖက်က ကြည့်မယ်ဆိုရင်ပေါ့ အစိုးရနဲ့ အပစ်အခတ်ရပ်စဲရေးအတွက် တဖွဲ့ချင်း ဆွေးနွေးခဲ့ကြတယ်။ ကာလတွေလည်း အများကြီးပဲ။ ကေအိုင်အို အပါအဝင်ပေါ့။ ကေအိုင်အို ဆိုရင် နှစ်ကာလအများကြီး အပစ်အခတ်ရပ်စဲပြီးတော့ ငြိမ်းချမ်းရေးရရှိခဲ့ရာကနေ တိုက်ပွဲတွေပြန်ဖြစ်တယ်။ အဲဒီလို အတွေ့အကြုံတွေ ရှိခဲ့တော့ ဒီတခေါက် အစိုးရနဲ့ ပြုလုပ်တဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲဟာ အပစ်ခတ်ရပ် ဆွေးနွေးပွဲဟာ ဘာများ ထူးခြားမှုရှိတယ်လို့ ဆရာမြင်မိသလဲ။ အရင်ကလည်း ဆွေးနွေးပွဲတွေ လုပ်ခဲ့တယ်။ အကြိမ်ကြိမ် ပျက်ပြားခဲ့တယ်။ တိုက်ပွဲတွေ ပြန်ဖြစ်တယ်။ ဒီတခေါက်က ဘာထူးခြားချက် ရှိတယ်လို့ ထင်သလဲ။

ဒေါက်တာ တူးဂျာ ။ ။ ဒီတခေါက်က ဘာထူးခြားလဲဆိုရင် ကျနော် သုံးသပ်ကြည့်တဲ့အတိုင်းဆိုရင်တော့ အချက်အလက်တွေ။ သူတို့ရဲ့ ပြောမယ်ဆိုလို့ရှိရင်တော့ တင်ပြမှုအချက်အလက်တွေ။ Pre-condition လို့လည်း ဆိုလို့ရတယ်။ ဒီဟာတွေက အရင်ကနဲ့ မတူတဲ့ဟာတွေ ပါလာတယ်။ ငြိမ်းချမ်းရေးအတွက်ကို အများကြီးဦးတည်တယ်။ ဒီအချက်အလက်တွေ ပြေလည်လို့ရှိရင် အပစ်အခတ်ရပ်နိုင်တယ်၊ ငြိမ်းချမ်းရေးဆွေးနွေးနိုင်တယ်ဆိုတဲ့ တိုင်းရင်းသားဖက်က တင်ပြချက်တွေဟာ အရင်ကနဲ့ မတူတဲ့အချက်အလက်တွေ အများကြီး ပေါ်ပေါက်လာတယ်။ ပါလာတယ်ပေါ့။ တချိန်တည်းမှာ အစိုးရဖက်ကလည်း တမူထူးခြားပြီးတော့မှ ဆွေးနွေးညှိနှိုင်းမှု လိုအပ်တဲ့အချက်တွေ။ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး၊ ပြည်တွင်းငြိမ်းချမ်းရေးကို ဦးတည်တဲ့အချက်အလက်တွေ အစိုးရဖက်ကလည်း ဒီအချက်အလက်သစ်တွေ တင်ပြလာတယ်။ အဲဒါကြောင့်မို့ ဟိုဖက်ကလည်း အချက်အလက်သစ်တွေပါတယ်။ ဒီဖက်ကလည်း အချက်အလက်သစ်တွေပါတယ်။ ဒါကြောင့် ဒီအချက်အလက်သစ်တွေပေါ်မှာ base လုပ်ပြီးတော့ သူတို့ ပြန်ဆွေးနွေးကြတယ်။ ဆွေးနွေးပြီးတော့မှ အချက်အလက် အများစုကို လက်ခံကြတယ်။ အချက်အလက် တခု၊ နှစ်ခုလောက်ပဲ သူတို့ တစ်နေတာ။ အဲဒါကြောင့်မို့ ဒါက အောင်မြင်မှုရှိတဲ့ ဆွေးနွေးပွဲလို့ အားလုံး သုံးသပ်မိကြတယ်။

ကိုဇော်ဝင်းလှိုင် ။ ။ ဒီ အခြေအနေတွေကို ကြည့်ပြီးတော့ တကယ်လို့သာ ဆရာသာ ဒီငြိမ်းချမ်းရေး ဆွေးနွေးပွဲထဲမှာ ပါတဲ့လူတဦးအနေနဲ့ ရှိနေမယ်ဆိုရင် ဆရာအနေနဲ့ တမျိုးတဖုံ ဒီဟာတွေအပြင် တခြား ငါသာဆိုရင် ဒီလိုမျိုးအချက်လေးတွေ ပါအောင်လုပ်မယ်၊ တင်ပြမယ်၊ ဆွေးနွေးမယ်ဆိုတာမျိုး ဆရာ စဉ်းစားမိထားတာရှိလား။ အဲဒီလိုမျိုး အကြံပေးတာပဲဖြစ်ဖြစ်ပေါ့။

ဒေါက်တာ တူးဂျာ ။ ။ ဒီဟာနဲ့ ပတ်သက်ရင်တော့ ကျနော် မြင်တာက ငြိမ်းချမ်းရေးစားပွဲဝိုင်းကို ရောက်ဖို့ဆိုရင်တော့ တနိုင်ငံလုံး သေနတ်သံတွေ စဲသွားရမယ်။ ပထမဆုံး ဒါကို အရင်လုပ်ရမယ်။ သေနတ်သံတွေ စဲသွားတဲ့နောက်ပိုင်း နိုင်ငံရေးစားပွဲဝိုင်းပေါ်မှာ စိတ်အေးလက်အေးနဲ့ ဆွေးနွေးကြရမယ်။ အဲဒီ စားပွဲဝိုင်းကို ရောက်လာပြီဆိုတာနဲ့ တာဝန်ရှိပုဂ္ဂိုလ်တွေအားလုံးဟာ စိတ်သဘောထား ဖြူစင်ရမယ်။ စေတနာ မှန်ကန်ရမယ်။ နောက်ပြီး ပြုပြင်ပြောင်းလဲချင်တဲ့ စိတ်ဓါတ်ရှိရမယ်။ အဲဒီမှာ တချိန်တည်းမှာ ကိုယ့်ဖက်က တင်ပြချင်တဲ့ proposal တွေအားလုံးကို အဲဒီ စားပွဲဝိုင်းပေါ် တင်လိုက်ရမယ်။ တင်လိုက်ပြီး အဲဒီ စားပွဲဝိုင်းမှာ အကျေအလည် ညှိညှိနှိုင်းနှိုင်း ညီအကိုစိတ်ဓါတ်နဲ့ ပြည်သူလူထုတရပ်လုံးရဲ့ မျက်နှာကို ကြည့်ပြီးမှ ဒါက ငြိမ်းချမ်းရေး မဖြစ်မနေ တည်ဆောက်မယ်ဆိုတဲ့ ခံယူချက် သံဓိဌာန်နဲ့ ဆွေးနွေးကြရမယ်။ အဲဒီမှာ အဓိကတော့ mindset တွေ ပြင်ရမယ်။ ကျနော်တို့က အရင်က သံချေးတက် အတွေးအခေါ်တွေကို အဲဒီ စားပွဲပေါ် တင်ယူလာလို့ မရဘူး။ အချိန်အခါ အခြေအနေနဲ့ အကိုက်အညီဆုံး၊ အဖြစ်သင့်ဆုံး ဖြစ်ချင်တာနဲ့ ဖြစ်နေတာကြားက ဖြစ်သင့်တဲ့ဟာကို ရွေးပြီးမှ ကျနော်တို့ ဆွေးနွေးဆုံးဖြတ်သွားရမှာပဲ။ အဲဒီလို လုပ်မယ်ဆိုရင်တော့ ငြိမ်းချမ်းရေးက ရရှိနိုင်တယ်။

ကိုဇော်ဝင်းလှိုင် ။ ။ ဒီ မြစ်ကြီးနားဆွေးနွေးပွဲမှာဆိုရင် အစည်းအဝေး ပထမနေ့မှာပဲ တိုင်းရင်းသားတွေဖက်က တင်ပြလာတဲ့ ဖယ်ဒရယ်ပြည်ထောင်စုစနစ် ပေါ်လာလို့ရှိရင် ဖယ်ဒရယ်တပ်မတော် (Federal Army) ပြည်ထောင်စုတပ်မတော်လည်း ပေါ်လာရမယ်ဆိုတဲ့အချက်နဲ့ ပတ်သက်ပြီး ပြည်ထောင်စုတပ်မတော်ဆိုတဲ့အပိုဒ်ကို စကားလုံးအသုံးအနှုန်းကို တော်တော်လေး ဆွေးနွေးကြရတယ်လို့ ကျနော်တို့ သိရတယ်။ ဆွေးနွေးပွဲမှာပါတဲ့ ကိုယ်စားလှယ်တွေကလည်း ပြောပါတယ်။ ဒီကိစ္စမှာ ဖြစ်နေတာကလည်း တပ်မတော်ဖက်က နည်းနည်းများ rigid တင်းခံနေတဲ့သဘောများ ဖြစ်နေသလား။ ဒါမှမဟုတ် သူတို့ဖက်က လက်ရှိရှိနေတဲ့ သူတို့ရဲ့ ထိန်းချုပ်မှုတွေ လျှော့ပေးရမှာစိုးလို့လား။ အဲဒီလို တင်းခံနေသလား။ ဖယ်ဒရယ် ပြည်ထောင်စုတပ်မတော်ဆိုတဲ့ စကားလုံးကို သူတို့ဖက်က တော်တော်လေး sensitive ဖြစ်တဲ့သဘော ဖြစ်နေတယ်။ အဲဒါကို ဆရာ ဘယ်လိုမြင်မိသလဲ။ ဆရာ အဲဒီကိစ္စကို ကြားမိသလား။

ဒေါက်တာ တူးဂျာ ။ ။ ကြားပါတယ်။ ကျနော် အမြင်ကတော့ အခုကတော့ မိတ်ဆက်အဆင့်ပဲ ရှိတယ်လေ။ idea မိတ်ဆက်ကြတာပေါ့။ ဒီဖက်က idea က ဒီလိုရှိတယ်။ ဒီဖက်က idea က ဒီလိုရှိတယ်ဆိုတာကို မိတ်ဆက်ကြတာ။ ဆိုတော့ အဲဒါက တဖြည်းဖြည်းတော့ စဉ်းစားသွားရမှာပေါ့။ တိုင်ပင်သင့်တဲ့ ပုဂ္ဂိုလ်တွေရှိရင် တိုင်ပင်ပြီးတော့ ဟိုဖက်က လိုချင်တာ။ ဒီဖက်က လိုချင်တာတွေကို အကျေအလည် ကိုယ့်ဖက်ကလည်း ဆွေးနွေးညှိနှိုင်းသင့်တဲ့ ပုဂ္ဂိုလ်တွေနဲ့ ဆွေးနွေးညှိနှိုင်းပြီးတော့ ဟိုဖက်ဒီဖက် ဒါကို အကျေအလည် ဆွေးနွေးကြရမှာ။ ဆွေးနွေးပွဲမှာ ဒီဟာကြီးက ဒီမှာပယ်ချခံရတယ်ဆိုလို့ ပစ်လိုက်ဖို့ မဟုတ်သေးဘူး။ နောက်လာမယ့် ဆွေးနွေးပွဲမှာလည်း ပြန်ပြီးတော့ တင်ပြနိုင်သေးတယ်။ တင်ပြပြီးတော့ အဖြစ်သင့်ဆုံး၊ အကောင်းဆုံးကို ဝိုင်းရွေးကြရမယ်။ ကျနော်တို့အားလုံးက ပြေလည်ချင်တဲ့ စိတ်စေတနာနဲ့ လုပ်ကြရမယ်။ ဒါကြောင့် ဒါကြီး အဆင်မပြေလို့ ကျနော်တို့ ရောက်ချင်တဲ့ ပန်းတိုင်ကို မရောက်နိုင်ဘူးဆိုရင်တော့ အကျေအလည် ဒီကိစ္စကို နှစ်ဖက်နားလည်းမှုရအောင် လုပ်ကြရမယ်။ ဒါကြီး အဆင်မပြေဘူး။ တခြားကျန်တာ အဆင်ပြေတယ်။ ဒါကလေးတစ်လို့ ပြန်ပြီးပျက်ပြားသွားတာမျိုး မဖြစ်စေချင်ဘူး။ ဒါကြောင့်မို့လို့ အခုအချိန်အခါမှာ မတူညီတာတွေ ရှိအုံးမယ်။ ဒါကို မပစ်ပယ်လိုက်နဲ့ ချန်မထားဘဲ၊ လာမယ့် စားပွဲဝိုင်း ဆွေးနွေးပွဲတွေကို ဆက်လက်တင်ပြသွားပြီး၊ ဆက်လက်ညှိနှိုင်းသွားပြီးတော့ အကျေအလည် ညှိနှိုင်းပြီးတော့ အဖြစ်သင့်ဆုံးကို ဝိုင်းဝန်းရွေးချယ်ကြရမှာပေါ့။

ကိုဇော်ဝင်းလှိုင် ။ ။ ကေအိုင်အိုနဲ့ ရရှိထားတဲ့ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် (၁၇) နှစ်လောက် ကြာပြီးတော့မှ ကျိုးပျက်သွားရတာ ဘာကြောင့်လဲ။ ဒီလောက် ခိုင်ခိုင်မာမာ ရှိလာခဲ့တဲ့ ကာလကြီးအတော်အတွင်းမှာ ငြိမ်းချမ်းရေးဆွေးနွေးပွဲ မလုပ်နိုင်ဘဲနဲ့ အဲဒါကြီး ပျက်ပြားသွားတာ အင်မတန်မှ ဝမ်းနည်းစရာကောင်းတဲ့ကိစ္စပဲ။ ဆိုတော့ အခုဒီနေ့ဆိုလို့ရှိရင် ကေအိုင်အိုနဲ့ အစိုးရကြားထဲမှာ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် မရှိဘူး။

ဒေါက်တာ တူးဂျာ ။ ။ ဟုတ်ပါတယ်။ ကေအိုင်အိုဖက်ကနေ ငြိမ်းချမ်းရေး လက်မှတ်မရေးထိုးနိုင်တာဟာ အဓိကအချက်က အဲဒီ (၁၇) နှစ်ကြာတဲ့ အပစ်အခတ်ရပ်စဲရေးက အရေမရ အဖတ်မရ ဖြစ်သွားတယ်။ နောက်ဆုံးမှာ။ တိုက်ပွဲပြန်ပေါ်လာတယ်။ အဲဒါကို သူတို့ပြောနေကြတယ်။ ဒါက အဓိက အကြောင်းအရာ၊ အချက်ဖြစ်နေတယ်။ ဒီ (၁၇) နှစ်ကြာတဲ့ အပစ်အခတ်ရပ်စဲရေးကလည်း အမှန်တကယ်ဆိုလို့ရှိရင် အပစ်အခတ်ရပ်ပြီးရင် နိုင်ငံရေးဆွေးနွေးဖို့ ဖြစ်တာကို။ နိုင်ငံရေးဆွေးနွေးဖို့ကို မဖြစ်လာဘဲနဲ့ အပစ်အခတ်သာရပ်တယ်။ နိုင်ငံရေးဆွေးနွေးမှု မပေါ်ပေါက်လာဘူး။ ဒါကြောင့်မို့ အချိန်ကကြာသွားပြီးတော့ နောက်ဆုံးကြတော့ အသွင်ကူးပြောင်းရေးဆိုတာ။ ဒီခေါင်းစဉ်ပေါ်လာတယ်။ အစိုးရဖက်က ဒီခေါင်းစဉ်ချပေးတယ်။ ဒီအပေါ်မှာ ဆွေးနွေးရင်နဲ့သာ အဆင်မပြေနိုင်ဘူးလေ။ နောက်ဆုံးတော့ တိုက်ပွဲတွေ ပြန်ဖြစ်လာတယ်။ အဓိက အပစ်အခတ်ရပ်ပြီးရင် နိုင်ငံရေးဆွေးနွေးပွဲကို ဆက်တိုက်လုပ်ဆောင်သွားဖို့လိုတယ်။ အခုလဲပဲ ကေအိုင်အိုတင်မကပါဘူး တခြားအဖွဲ့အစည်းတွေ သူတို့ စိုးရိမ်နေတာ အဲဒါပါပဲ။ အပစ်အခတ်ရပ်ပြီးတော့ နိုင်ငံရေးဆွေးနွေးပွဲ ဆက်မလုပ်မှာကို သူတို့ စိုးရိမ်တယ်။ ဒါကတော့ အခုအချိန်အခါမှာတော့ ပြောမယ်ဆိုရင် အစိုးရဖက်ကလည်း သမ္မတကြီးကိုယ်တိုင်လည်း ပြောနေပြီလေ။ အပစ်အခတ်ရပ်တာနဲ့ မပြေဘူး။ နိုင်ငံရေး ဆက်လက်ဆွေးနွေးရမယ်ဆိုတာ ပြောနေပြီ။ ဒါကြောင့်မို့ ဒီအချိန်အခါမှာတော့ အပစ်အခတ်ရပ်ပြီးတာနဲ့ နိုင်ငံရေးဆွေးနွေးပွဲတော့ ပေါ်ကိုပေါ်ပေါက်လာမှာပဲ။ အရင်ကနဲ့ မတူတော့ဘူး။

ကိုဇော်ဝင်းလှိုင် ။ ။ ဒေါက်တာတူးဂျာ ကျေးဇူးအများကြီး တင်ပါတယ်။

ဒေါက်တာ တူးဂျာ ။ ။ ကျေးဇူးတင်ပါတယ်။
XS
SM
MD
LG