သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့ဖွံ့ဖြိုးရေးအရှိန် တိုးမြှင့်နိုင်ဖို့


ဒေါက်တာမန်းမြင့်ဆိုင်
ဒေါက်တာမန်းမြင့်ဆိုင်
တိုက်ရိုက် လင့်ခ်

ဒီတပတ် မြန်မာ့အရေးဆွေးနွေးခန်းမှာ တိုင်းရင်းသားလူမျိုးစုတွေကြား ညီညွတ်မှုမရသေးတာ၊ ဖွံ့ဖြိုးရေးလုပ်ငန်းတွေမှာ လူမှန်၊နေရာမှန် မဖြစ်တာတွေကြောင့် နိုင်ငံတိုးတက်ရေး နှေးကွေးနေရတယ်လို့ ရှစ်ဆယ့်ရှစ်မှာ တောခိုသွားရာကနေ တတိယနိုင်ငံရောက်သွားရှိပြီး အခုမှမြန်မာနိုင်ငံကို ပြန်ရောက်လာတဲ့ ဒေါက်တာမန်းမြင့်ဆိုင်က ပြောပါတယ်။ ကိုဇော်ဝင်းလှိုင် တွေ့ဆုံမေးမြန်းထားပါတယ်။

မေး ။ ။ ဒေါက်တာမန်းမြင့်ဆိုင် အခုလို VOA လာရောက်ပြီး တွေ့ဆုံမေးမြန်းခွင့်ပြုတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်။ ဆရာက ဦးနုတို့ခေတ်၊ ပြည်ချစ်ခေတ်ကတည်းကစပြီး မြန်မာ့နိုင်ငံရေးမှာ ထဲထဲဝင်ဝင်ပါဝင်ခဲ့တယ်။ အဲဒီခေတ်တုန်းကလည်း တောခိုသွားခဲ့တယ်။ နောက် မြန်မာနိုင်ငံမှာ ၁၉၈၈ ခုနှစ် လူထုအရေးတော်ပုံကြီး၊ ဒီမိုကရေစီအရေးတော်ပုံကြီးဖြစ်တော့လည်း ဟင်္သာတမြို့မှာ သပိတ်စခန်းတွေမှာ ဦးဆောင်ပြီးတော့ လှုပ်ရှားခဲ့တယ်။ ပြီးတဲ့နောက် အခြေအနေအရ တောခိုရမယ့် အခြေအနေရောက်လို့ တောခိုသွားခဲ့ပြန်တယ်။ အခုဆိုရင် ၁၉၈၈ ကနေ ၂၀၁၈ ဆိုတော့ အနှစ် (၃၀) ကြာသွားပြီးမှ မြန်မာနိုင်ငံကို ပထမဦးဆုံးအကြိမ် ပြန်လာခွင့်ရတယ်ဆိုတော့ ဆရာမြင်တဲ့အနေအထား၊ ဆရာ မသွားခင်က အခြေအနေတွေနဲ့ နှိုင်းယှဉ်ကြည့်မယ်ဆိုရင် ကျနော်တို့ ပထမဦးဆုံး နိုင်ငံရေးအခြေအနေကို ကြည့်မယ်ဆိုရင် ဘယ်လိုပြောင်းလဲမှုတွေကို တွေ့ရပါလဲ။

ဖြေ ။ ။ နိုင်ငံရေးကတော့ နဂိုကတည်းက ဦးနုခေတ်ကတည်းက တောခိုကတည်းက လုပ်ချင်တာက ဗမာပြည်ကို ဒီမိုကရေစီလမ်းကြောင်းပေါ် တင်ချင်တာ။ အဲဒါကြောင့် တောခိုတာ။ ရှစ်လေးလုံး အရေးအခင်းမှာလည်း အဲဒါပဲ။ ဒီမိုကရေစီ နိုင်ငံရေးဖြစ်အောင်လို့၊ ဒီမိုကရေစီနိုင်ငံ ဖြစ်အောင်လို့ ကြိုးစားတာ။ အဲဒီတော့ အခုခေတ်မှာတော့ ဒီမိုကရေစီလမ်းကြောင်းပေါ် တင်နေပြီ။ ပါတီဆိုတာတော့ ရှိမှာပဲ။ သူ့ပါတီ၊ ကိုယ့်ပါတီ၊ ကိုယ်မကြိုက်တဲ့ ပေါ်လစီ၊ သူမကြိုက်တဲ့ပေါ်လစီ အမျိုးမျိုးရှိမယ်။ သူတို့အချင်းချင်းလည်း ခတ်မှာပဲ။ ဒါကတော့ တကမ္ဘာလုံးမှာ ဖြစ်နေတာ။ ဒါပေမဲ့ ဗမာပြည်ဟာ အခုလောလောဆယ်တော့ ဒီမိုကရေစီလမ်းကြောင်းပေါ် ရောက်နေတော့ ကိုယ့်အနေနဲ့ပြောရင် ကိုယ့်တာဝန် အရေးကြီးတယ်။ ဘာမှလည်း ဝင်ရှုပ်စရာ မလိုဘူး။ တတ်တဲ့သိတဲ့လူတွေ လုပ်ကြပါ။ ဒါပေမဲ့ မြင်ရတာကတော့ ကိုယ်ပြောဖူးတယ် ဗိယက်နမ်လို့ တသွေးတမိန့် အာဏာရှိတဲ့ ကွန်မြူနစ်စနစ်တောင် သူ့တိုင်းပြည်လေး နည်းနည်းလေး စီးပွားရေး တိုးတက်လာအောင် အနှစ် (၂၀) လုပ်ယူရတယ်။

အဲဒီတော့ ဗမာပြည်က စောသေးတယ်။ (၂) နှစ်ကာလ စမ်းတဝါးဝါး လုပ်နေတဲ့ကာလလို့ မြင်တယ်။ နောက် လုပ်တတ်တဲ့လူ သိပ်မရှိတာလည်းပါတယ်။ လူမှန်နေရာမှန် မရောက်တာလည်းပါတယ်။ တကယ်လုပ်တတ်တဲ့လူတွေကို မသုံးတတ်တာလည်းပါတယ်။ ဒါပေမဲ့ ကိုယ်ပြောချင်တာက ဒို့အားလုံး ဗမာတွေ၊ ဒို့အားလုံး ပြည်ထောင်စုဖွားတွေ၊ အကုန်လုံး ဝိုင်းလုပ်ရမှာ။ တယောက်နဲ့တယောက် အပြစ်မပြောကြေးလေ။ သူဘာသာ လည်လို့ စားတတ်သူစားသွားရင် စားပါစေ။ ဒီကောင် ဘယ်လောက်ချမ်းသာသွားမှာလဲ။ Bill Gate ရဲ့ ဖင်ဖျားလေးတောင် မှီမှာမဟုတ်ဘူး။ ချမ်းသာပါစေ။ သွားပြီ အပြစ်မပြောနဲ့။ ဒါတွေကို သွားပြီးပြောနေတဲ့ ကာလပတ်လုံး ဘယ်မှာလဲ စည်းလုံးရေးဆိုတာ။ စည်းလုံးရေး တသွေးထဲတသားထဲ ဖြစ်ရေးဆိုတာ အရမ်းနှေးသွားမယ်။

မေး ။ ။ ဆိုလိုတာက မြန်မာနိုင်ငံဟာ ဒီမိုကရေစီလမ်းကြောင်းပေါ် ရောက်လာပြီဆိုပေမယ့်လဲ သက်တမ်းအားဖြင့် ပြောမယ်ဆိုရင် အရမ်းနုသေးတယ်ပေါ့။ ဗိယက်နမ်တို့နဲ့ ပြောင်းလဲမှုကို ဖော်ဆောင်ခဲ့တဲ့နိုင်ငံနဲ့ ယှဉ်ရင် အများကြီး ကျနော်တို့က ခရီးသွားဖို့ ကျန်သေးတယ်။ ဒီကြားထဲက မညီညွှတ်တာတွေ၊ တိုင်းရင်းသားတွေအချင်းချင်းကြားမှာ ပစ်ကြခတ်ကြတာတွေ အဲဒါတွေ ရှိနေတော့ ပိုပြီးခရီးဖင့်မယ်လို့ ဆရာ ဆိုလိုချင်တာလား။

ဖြေ ။ ။ ဒီလိုလေ ကိုယ်ပြောချင်တာက ဟိုးတိုင်းရင်းသားကို သွားမပြောသေးနဲ့ ကရင်ဆိုရင် နှစ်ပေါင်း (၆၀) ချလာတာ။ အခုဆိုရင် ငြိမ်းချမ်းရေး ယူထားကြပြီ။ ဒါလဲ ဘယ်လောက် ခိုင်မြဲမလဲ၊ ကျနော်တို့ မပြောတတ်ဘူး။ ပြီးတော့ တနိုင်းဒေသဘက်က တအောင်းနဲ့ အခုဆိုရင် ရခိုင်ဘက်က ထလာပြန်ပြီ။ AA, ကချင်တို့ဆိုတာ နှစ်ပေါင်းမြောက်မြားစွာ ဖြစ်နေတဲ့ ပြဿနာကို သွားရှင်းဖို့ကို ခဏထားအုံး။ ဒီအတောအတွင်းမှာ ရန်ကုန်တိုင်းအတွင်း၊ ဧရာဝတီတိုင်းအတွင်းမှာရှိတဲ့ လူတွေအချင်းချင်းမှာ မညီညွှတ်ရင် ဟိုလူတွေနဲ့ ဘယ်လိုလုပ် သွားဆွေးနွေးလို့ အောင်မြင်မလဲ။ အဲဒီအဖြေက ရှင်းတယ်။ အရင်ဆုံး ကိုယ့်အချင်းချင်း အပုပ်မချဘဲနဲ့ တိုင်းပြည်ကောင်းအောင် စည်းစည်းလုံးလုံးနဲ့ ဝိုင်းထူထောင်ကြဖို့ အရေးကြီးတယ်။ ဥပမာ NLD ပါတီက အရမ်းပြောတာပဲ ခရိုနီ…ခရိုနီ ဆိုပြီးပြောနေတယ်။ အဲဒီ ခရိုနီတွေက ဘယ်သူတွေလဲဆိုတော့ ဗမာတွေ။ နိုင်ငံခြားကလာတဲ့ လူတွေ မဟုတ်ဘူး။ အဲဒါကို သဘောပေါက်ရမယ်။ ခွင့်လွှတ်သင့်တာ ခွင့်လွှတ်။ မေ့သင့်တာ မေ့ပြီး၊ အကုန်လုံး ဝိုင်းပြီးလုပ်ရမယ့် အခြေအနေမှာ အပုပ်တွေ အချင်းချင်းချနေကြရင် ဟိုး ဝ၊ ကိုးကန့်၊ ကချင်တို့ကို သွားမပြောနဲ့လေ အဲဒါ မဖြစ်နိုင်ဘူး။

မေး ။ ။ ဆိုတော့ ခရိုနီတွေကို တိုင်းပြည်ပြန်လည်ထူထောင်ရေး လုပ်ငန်းတွေမှာ အသုံးချသင့်တယ်။

ဖြေ ။ ။ အသုံးချသင့်တယ်။ ကျနော်က အဲဒီလိုမြင်တယ်။ ကျနော် တယောက်မှ မသိဘူးနော်။ အဲဒီ ခရိုနီဆိုတဲ့ လူတွေကို Personally တယောက်မှ မသိဘူး။ ဒါပေမဲ့ သူတို့က သိတယ်။ စီးပွားရေးကို ဘယ်လိုလုပ်ရမလဲ သိတယ်။ အခု အမတ်တွေ မသိဘူး။ ဝန်ကြီးတွေ မသိဘူး။ သူတို့ ဝန်ကြီးလုပ်တတ်တယ်။ အမတ် လုပ်တတ်တယ်။ ဒါပေမဲ့ စီးပွားရေးကို ဘယ်လိုထူထောင်မလဲဆိုတာ အဲဒီလူတွေက သိတာ။ သူတို့ကို ပြန်ခေါ်ပြီး သုံးရမှာ။ ကျနော်က အဲဒီလိုမြင်တယ်။ ကျနော် ဘက်လိုက်တာ မဟုတ်ဘူး။ သူတို့ကိုလည်း မသိဘူး။ သူတို့ကိုလည်း မထောက်ခံခဲ့ဘူး။ ဒါပေမဲ့ ဒီအချိန်မှာ အမျိုးသားပြန်လည်သင့်မြတ်ရေးဆိုတာ သူတို့နဲ့ ပြန်လည်သင့်မြတ်ရမှာ။ တပ်နဲ့ NLD နဲ့လည်း သင့်မြတ်ရမယ်။ ပူးပေါင်းဆောင်ရွက်ရမှာ။ မကောင်းတာ မပြောကြတော့နဲ့ တော်တော့၊ ရပ်တော့။ မကောင်းဆက်ပြီး ပြောနေကြရင် မကောင်းတာပဲ ဖြစ်မယ်။ ကောင်းတဲ့အကျိုး တခုမှ ပေါ်လာမှာ မဟုတ်ဘူး။ အဲဒါပဲ ကျနော် အကြံပေးချင်တာ။

မေး ။ ။ အဲဒီတော့ ဆရာ နှစ်ပေါင်း (၃၀) ကျော်ကြာမှ ရောက်လာတဲ့အခါ ပထမဦးဆုံးအကြိမ် ရောက်လာတော့ ဆရာ့အနေနဲ့ အံ့သြမိတာက ဘယ်အရာတွေလဲ။ တွေ့တွေ့ချင်း ဘာလဲ။

ဖြေ ။ ။ နံပတ်တစ်က ကားကြပ်တာ။ နံပတ်နှစ်က စည်းကမ်းမရှိတာ။ စည်းကမ်းမရှိတာက ကိုယ်တို့ အမေရိကမှာဆိုရင် နေရာတိုင်းကို ကားမောင်းတယ် East Coast ကနေ West Coast ကို မောင်းတယ်။ အန္တရာယ်ကို မရှိဘူး။ အခု ဒီမှာ ဗြောင်ပဲပြောတယ် .. ကားမမောင်းဘူး။ ဘာဖြစ်လို့လဲဆိုတော့ လူနဲ့ ဘိုင်စကယ်နဲ့ ငါကို ဝင်တိုက်မှာကြောက်လို့။ ဘယ်လောက် စည်းကမ်းမရှိလဲဆိုရင် မြင်းကြားကဖြတ်ဆိုရင် မဖြတ်ဘူး။ ဖြတ်ချင်တဲ့နေရာက ဖြတ်တယ်။ ကားမောင်းတဲ့လူ ဘု့ကြည့်ကြည့်သွားသေးတယ်။ အဲဒီအရာက ဘာလဲ … စည်းကမ်းမရှိတာ။ ဗမာလူမျိုး စည်းကမ်းမရှိတာတော့ ကမ်းကုန်ပဲ။ ဘယ်မှာမှ မတွေ့ဖူးဘူး။ စည်းကမ်းရှိအောင်လို့ ဥပဒေနဲ့ တင်းကြပ်ပေးပါ။ မရဘူး။ အဲဒီလိုမျိုး ကိုးလိုးကန့်လန့်လုပ်ရင် ဥပဒေနဲ့ပဲ အရေးယူ။ အရေးယူမယ့်လူကလည်း အရေးမယူဘူး။ ပြည်သူလူထုကလည်း ဒီမိုကရေစီ ရပြီဆိုပြီး လုပ်ချင်တာ လုပ်နေရင် ဘယ်လိုလုပ် တိုင်းပြည်တိုးတက်မလဲ။ မဖြစ်နိုင်ဘူး။

မေး ။ ။ ဆိုတော့ ဗမာပြည်က လူထုဖြတ်သန်းခဲ့ရတဲ့ သူတို့ကို အုပ်ချုပ်ခဲ့တဲ့ စနစ်တွေကလည်း ဒီလိုမျိုး လူထုက ဖြစ်နေတာ သက်ရောက်မှု ရှိမယ်ထင်တယ်။

ဖြေ ။ ။ အသက်ကြီးတဲ့လူတွေကို တွေ့တယ်။ ကိုယ့်ထက် အသက်ကြီးတဲ့လူတွေ။ ကိုယ်က (၇၆) ထဲမှာဆိုတော့။ အသက် (၉၀) လောက်ရှိတဲ့ လူတွေကို မေးကြည့်တယ်။ ဘယ်လိုလဲ … “စစ်တပ်အုပ်ချုပ်တုန်းကတော့ ငြိမ်ငြိမ်စိန်စိန် ရှိသေးတယ်” လို့ ပြန်ပြောတယ်။ ဟိုအရင်တုန်းကဆို သူတို့ပြောတယ် … ဗြိတိသျှမင်းတွေကမှ ပိုကောင်းသေးတယ်။ သူတို့ပြောတာလဲ မမှားဘူး။ ဒါပေမဲ့ မဖြစ်ဘူး။ ကိုယ်တို့ ဒီမိုကရေစီနိုင်ငံဆိုတာ ဒီမိုကရေစီစနစ်နဲ့သွားမှ တိုးတက်မှာ။ ရေရှည်မှာ တိုးတက်ဖို့က ဗမာတွေ စည်းကမ်းရှိရမယ်။ ဖင်ပြဲနေအောင် ကြိုးစားရမယ်။ ဗိုလ်ချုပ်အောင်ဆန်း ပြောသလို ပြဲနေအောင် ကြိုးစားရမယ်။ အဲဒီလို ကြိုးစားမှု ရှိရမယ်။

ပညာရေးစနစ် ပြောင်းပြစ်ရမယ်။ ဘွဲ့ရပြီး ဘွဲ့တခုက ရတဲ့အချိန်မှာရယ်၊ မင်္ဂလာဆောင်တဲ့အချိန်မှာရယ်၊ သေရင် အခေါင်းမှာ ကပ်ဖို့ရယ် ရတဲ့ဘွဲ့က ဘာသွားလုပ်မလဲ။ အဲဒီအစား Vocational Training … ဥပမာ RIT တို့လို တကယ်သုံးနိုင်မယ့်ဟာ Computer technology တို့လို၊ ဘွဲ့ယူဖို့ မလိုဘူး။ ဒီပလိုမာလေးရရင် ရပြီ။ ဒါပေမဲ့ တကယ်တမ်း အသက်မွေးကြောင်းမှာ သုံးပြီးတော့ တိုင်းပြည်ကောင်းစားမယ့်၊ တိုင်းပြည်အတွက် အကျိုးရှိမယ့် ပညာရေးစနစ်ကို ပြောင်းရမယ်။ မပြောင်းလို့ မရဘူး။

မေး ။ ။ အဲဒီတော့ အခု ဆရာပြန်ရောက်လာပြီးတော့ နိုင်ငံရေးလုပ်ခဲ့တာ အစပိုင်းမှာ ပြောခဲ့သလိုပဲ နှစ်ပေါင်းက အများကြီး ကြာခဲ့ပြီဆိုတော့ နိုင်ငံရေးဟာ ဆရာ့ ခန္ဓာကိုယ်ထဲမှာ အရိုးစွဲနေတော့ နိုင်ငံရေးကိုတော့ အသက်ရှင်နေသရွေ့ စွန့်လွှတ်လို့ရမှာ မဟုတ်ဘူး။ တနည်းတဖုံအားဖြင့် .. အဲဒီဟာကို မြန်မာပြည်ကို ပြန်ရောက်လာပြီးတော့ ဒီဟာကို ဆက်ပြီးတော့ တွေ့နေရတဲ့ အနေအထားတွေနဲ့ ဆရာ သိထား၊ ဖြတ်သန်းလာခဲ့တဲ့ အတွေ့အကြုံတွေနဲ့ ဘယ်လိုဆက်ပြီးတော့ ပါဝင်ပတ်သက်ဖို့၊ ကူညီပေးဖို့ ရှိလဲ။

ဖြေ ။ ။ ကိုယ်လုပ်ချင်တဲ့ ကိုယ့်နိုင်ငံရေးက ရှင်းတယ်။ ကိုယ်က ဟင်္သာတသား။ ဟင်္သာတပြန်ပြီး လူတွေအသက်ကို ဘယ်လိုကယ်နိုင်မလဲ။ လူတွေကို ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လို ပညာပေးနိုင်မလဲ။ အတတ်ပညာ၊ အသိပညာ ရှင်နေရုံနဲ့ ဘယ်လိုလာပြီး ဒို့နယ်ကို ကူညီမလဲ။ ဒါက ဟင်္သာတအနေနဲ့ ပြောတာ။ ဟင်္သာတမှာမှ မစတတ်ရင် ဗမာပြည်တပြည်လုံးမှာ စလုပ်မယ်ဆိုတာ အလကားပြောတာ။ ကိုယ့်ဇာတိမှာ ကိုယ်စရမယ်။ ကြည့်မယ်။ နိုင်ငံခြား အရင်းရှင်တွေ လာပြီးတော့ ရင်းနှီးမြုပ်နံှရင် - မျှတတဲ့ ရင်းနှီးမြုပ်နံှမှုဆိုရင် ကိုယ်တို့ ဆက်သွယ်ပေးမယ်။ တာဝန်ရှိတဲ့လူတွေနဲ့။ နောက်ပြီးတော့ ပရဟိတလုပ်ငန်းတွေ လုပ်မယ်။ ဆေးပြန်ကုသင့်ရင် ကုမယ်။ ဒါပေမဲ့ ဒီအသက်အရွယ်ကြတော့လဲ အရင်လို ခြောက်ရက်၊ ခုနှစ်ရက် ကုခဲ့တာ၊ အခုတော့ တရက်တော့ ကုမယ်။ အဲဒီလိုမျိုးနဲ့ ပြန်လာတာ။ ကုမှာက အခမဲ့ ကုပေးမှာ။ ကိုယ့်မှာ စားစရာရှိတယ်။ ကိုယ်မရှိရင် ကိုယ့်သားသမီးတေ၊ ကိုယ့်မိန်းမ ကျွေးလိမ့်မယ်။ ဘာမှ မပူဘူး။ ကိုယ့်နေဖို့ စားဖို့ နဲ့ ချမ်းသာဖို့လည်း မလိုဘူး။ ကိုယ်စုထား သိမ်းထားတာ အကုန်ကုန်ပြီ။ ပြေးခဲ့တုန်းက တခုမှ မကျန်တာ။

ကိစ္စမရှိဘူး။ ဒါက ကံနဲ့ကံ၏ အကျိုး။ ဘယ်သူမှလဲ အပြစ်မတင်ဘူး။ ပြန်လာပြီ။ ကိုယ်က စဉ်းစားတယ် ငါ ဘာလုပ်ပေးနိုင်မလဲ ဒီတိုင်းပြည်အတွက်။ သူများတွေလို လေမကျယ်ဘူး။ လုပ်ပေးနိုင်တာလေးတွေ လုပ်ပေးပြီး သေသွားမယ်။

မေး ။ ။ စောစောက ဆရာပြောသလို နိုင်ငံရေးဘက်ကိုတော့ စိတ်မဝင်စားဘူး။ လူမှုရေး၊ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းတွေကိုပဲ ဆရာတတ်တဲ့ ပညာနဲ့ လိုက်ပြီးတော့ လူထုကို အခမဲ့ ကူညီပေးမယ်ပေါ့။ ဟင်္သာတမှာ အခြေစိုက်မယ်။ တဖြည်းဖြည်း ချဲ့လို့ရရင် ချဲ့သွားမယ်။

ဖြေ ။ ။ ပြည်သူလူထုရဲ့ ယုံကြည်မှုရသွားရင် ချဲ့သွားမယ်။ နိုင်လို့ အခွင့်ရေးပေါ်လာရင် ချဲ့သွားမယ်။ ဧရာဝတီတိုင်းကို ချဲ့မယ်။ နောက်ပြီးတော့ နိုင်သလောက်ပေါ့။ အဲဒီတော့ ရိုးရိုးပြောရရင်တော့ ရှင်းရှင်းလေး၊ စေတနာနဲ့ လုပ်မယ်။ ကိုယ့်အကျိုးစီးပွား တပြားမှမပါဘဲနဲ့ လုပ်မယ်။ အဲဒါကတော့ တိုင်းပြည်က လက်ခံနိုင်ကောင်းမယ်လို့။

မေး ။ ။ နောက်ဆုံးမေးခွန်းလေး .. Personal မေးခွန်းလေး မေးချင်တာက လွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းဟာ ဆရာ့တူဆိုတော့ ဆရာ့တူရဲ့ Performance ကို ဘယ်လို မြင်သလဲ။

ဖြေ ။ ။ သူက နိုင်ငံရေးအတွက် ဒိုင်းလူကြီး ဖြစ်နေတယ်။ သူက ဥက္ကဋ္ဌဆိုတော့ နိုင်ငံရေး ဥပဒေပြုတာတို့၊ ဘာတို့မှာ သူက ထိပ်ဆုံးကနေပြီးတော့ လုပ်ကြ၊ မဲခွဲကြ။ ဒီဟာက ဘယ်လောက်မဲ ဒီလောက်ပဲ လုပ်တာကို။ သူက နိုင်ငံရေးမှာ ပါဝင်ပြီးတော့ စွမ်းစွမ်းတမံ ပတ်သက်နေတဲ့ လူမျိုးတော့ မဟုတ်ဘူး။ ရိုးတာကတော့ တအားရိုးတယ်။ သူက ဒေါ်အောင်ဆန်းစုကြည်ကို သွားပြောတယ် … “အမရေ … ကျနော့်အိမ်ကြီးက သိပ်ကြီးတယ်။ ကျနော် မနေပါရစေနဲ့ ပြန်ယူပါတဲ့။ နှစ်ခန်းလောက်ရှိတဲ့ အိမ်လေး ပေးပါဆိုတော့။” … “မဟုတ်သေးဘူး။ ရှင်က …နေရမှာ။” သူ့မိန်းမက အိမ်ပေါ်ထက်ကို တက်ရမှာ သရဲကြောက်လို့ ညဘက် သူ့ယောကျ်ားကို ထိုင်စောင့်တာ။ ဟိုက အစည်းအဝေးတွေ မပြီးမချင်း၊ သူ့ယောကျ်ားနဲ့ အိမ်ပေါ်တက်ဖို့။ အဲဒီလောက်ကြီးတဲ့ အိမ်ကြီးမှာ မနေတတ်လို့ ပြောတဲ့ အဲဒီလို ကရင်မျိုးတွေ။

မေး ။ ။ သူတို့က လင်မယားနှစ်ယောက်ထဲ။

ဖြေ ။ ။ လင်မယားနှစ်ယောက်ထဲ ဘယ်သူမှ မရှိဘူး။ အဲဒါကိုတော့ ကျနော် Respect ရှိပါတယ်။ သူက အရမ်းရိုးတဲ့လူ။ သူက စေတနာနဲ့ တကယ်လုပ်နေတာ။ တူအနေနဲ့ ကိုယ့် Respect က အမြဲတမ်းရှိနေတယ်။

မေး ။ ။ သူ အခုအချိန်အထိ လုပ်နေသမျှ လုပ်ခဲ့တာတွေကတော့ အခြေအနေကောင်းတယ်ပေါ့။

ဖြေ ။ ။ ကောင်းတယ်။ ရိုးရိုးသားသား လုပ်တယ်။ တကယ်လဲ တိုင်းပြည်အပေါ် စေတနာရှိတယ်။ သူ့ကိုယ်ကျိုးအတွက် တခုမှ မလုပ်သေးဘူး။ လုပ်ရင်လဲ ကိုယ်က ကန့်ကွက်မှာ၊ သူကို ဗြောင်ဆဲမှာ။ မလုပ်နဲ့ ဒါတွေက မလိုဘူး။

မေး ။ ။ ဆရာ ကျေးဇူးအများကြီးတင်ပါတယ်။

XS
SM
MD
LG