ဒီတပတ် မြန်မာ့အရေးဆွေးနွေးခန်းမှာ ရှစ်လေးလုံးအရေးတော်ပုံနောက် စစ်တပ်ကအာဏာသိမ်းပြီးတဲ့အခါ ထိုင်း-မြန်မာ နယ်စပ်ကို တောခိုသွားသူ ငြိမ်းချမ်းရေးတေးသံရှင်လို့လည်း နာမည်တွင်တဲ့ ကိုမွန်းအောင်ဟာ အခု အမိမြေကို ပြန်လည်ရောက်ရှိနေပြီး သူချစ်မြတ်နိုးတဲ့ ဂီတ လုပ်ငန်းတွေကို ဆက်လက်လုပ်ဆောင်နေပါတယ်။ ကိုဇော်ဝင်းလှိုင် တွေ့ဆုံမေးမြန်းထားပါတယ်။
ကိုဇော်ဝင်းလှိုင် ။ ။ ကိုမွန်းအောင် အခုလို VOA ကိုလာပြီး တွေ့ဆုံမေးမြန်းခွင့်ပြုတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်။
ကိုမွန်းအောင် ။ ။ ဟုတ်ကဲ့ ကျေးဇူးပါ။
ကိုဇော်ဝင်းလှိုင် ။ ။ ကိုမွန်းအောင်ရယ်လို့ ပြောလို့ရှိရင် ကျနော်တို့မျိုးဆက်ကတော့ လူတိုင်းက ကိုမွန်းအောင်ကို ရင်းနှီးပြီသား၊ ကိုမွန်းအောင်ရဲ့ အနုပညာ၊ ဂီတတွေကို သိပြီသား လူတွေများပါတယ်။ အခုနောက်ပိုင်း လူငယ်တွေလည်း တနည်းတဖုံနဲ့ ပြန်ဆိုတေးတွေကြောင့်ဖြစ်ဖြစ် ကိုမွန်းအောင်ရဲ့ သီချင်းတွေကို ရင်းနှီးနေကြတယ်။ ကိုမွန်းအောင်ဆိုတာ ဘယ်သူဆိုတာ တိတိပပ သိချင်မှသိမယ်။ ကိုမွန်းအောင်သီချင်းတွေက တောက်လျှောက်မြန်မာနိုင်ငံထဲမှာ ရှင်သန်နေခဲ့တယ်။ ဆိုတော့ ရှစ်လေးလုံးဆိုတဲ့ ဒီမိုကရေစီအရေးတော်ပုံကြီး ဖြစ်တဲ့အချိန်မှာ ကိုမွန်းအောင်ဟာ မြန်မာနိုင်ငံမှာ တကယ်ကို လျှမ်းလျှမ်းတောက် အောင်မြင်နေတဲ့ ဂီတပညာရှင်တဦးအနေနဲ့ တည်ရှိခဲ့တယ်။ ဒါပေမဲ့ အဲဒါတွေကို ဂရုမစိုက်ဘဲ ဒီမိုကရေစီ အရေးတော်ပုံကြီးမှာ ပါခဲ့တယ်။ တောခိုသွားခဲ့တယ်ဆိုတော့ ကိုမွန်းအောင်ရဲ့ မြန်မာနိုင်ငံက အဲဒီလိုမျိုး ထွက်ခွါသွားရအောင် ဘာတွေက တွန်းအားပေးခဲ့တာလဲ။
ကိုမွန်းအောင် ။ ။ ပြန်ပြောရမယ်ဆိုရင်တော့ ကျနော် ရှစ်ဆယ့်ရှစ် ဒီမိုကရေစီ တောင်းဆိုတဲ့ လှုပ်ရှားမှုကြီးမှာ ကျောင်းသားတွေနဲ့ ကျနော် ပါဝင်ခဲ့တယ်။ ကျနော်လည်း ဒီမိုကရေစီကို လိုချင်တယ်။ လူ့အခွင့်အရေးဆိုတာကို အဲဒီအခါကြမှ ကြားဖူးတာ။ ဒါပေမဲ့ မည်သို့ဆိုစေ အဲဒီခေတ်က ကျနော်တို့ဘဝကို ကျနော်တို့ မပျော်ဘူး။ မပျော်တဲ့အတွက် ကျနော်တို့ တခုခု အပြောင်းအလဲအတွက် တောင်းဆိုတာပါ။ အဲဒီမှာ ဦးနေဝင်းက ရာထူးက ဆင်းသွားတယ်။ နောက် ဦးစိန်လွင် တက်လာတယ်၊ ဆင်းသွားတယ်။ သမ္မတမောင်မောင် တက်လာတယ်။ အဲဒီလိုဟာတွေကနေ နောက်ဆုံးကြတော့ ဘာနဲ့ အဆုံးသတ်သွားလဲဆိုတော့ စစ်တပ်က အာဏာသိမ်းတာနဲ့ အဆုံးသတ်သွားတယ်။ နယ်စပ်ထွက်သွားတဲ့ ကိစ္စကတော့ ကျနော် စဉ်းစားကြည့်တယ် စစ်တပ်က အာဏာသိမ်းလိုက်ပြီ ဆိုကတည်းက အုပ်ချုပ်ရေး အကုန်လုံးက စစ်တပ်အောက်ရောက်သွားပြီး ကျနော်အနေနဲ့ အဲဒီဘဝမှာ မနေလိုတော့ဘူး။ နောက်ပြီးတော့ ကျနော် ဗမာပြည်မှာနေလည်း အဖမ်းခံရမှာပဲ။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်က ပွင့်ပွင့်လင်းလင်း ပြောတတ်တယ်။ ဒဲ့ဒိုးပြောတယ်။ အဲဒီလိုဟာနဲ့ တနေ့မဟုတ် တနေ့၊ ဖြစ်မှာပဲ။
ကျနော် စဉ်းစားတယ်။ အာဏာသိမ်းပြီး (၃) ရက်မြောက်နေ့မှာ ကျနော် အပြန်ပြန်အလှန်လှန် စဉ်းစားပါတယ်။ စဉ်းစားပြီး နောက်ဆုံး ဆုံးဖြတ်ပြီး ကျနော် မနေတော့ဘူးဆိုပြီး ထွက်သွားပါတယ်။ အဲဒီတုန်းက ကျနော်တို့ ထင်ခဲ့တာက ဘယ်လောက်မှ မကြာဘူးပေါ့။ ထွက်သွားလိုက်တာ (၂၇) နှစ်ကြာမှ ကျနော် ပြန်ရောက်လာတယ်။ ဆိုတော့ မတရားမှုကို တုံ့ပြန်မယ်ဆိုတဲ့ သဘောမျိုးပေါ့။ ဒါကြောင့်မို့ ABSDF လက်နက်ကိုင် ကမ္ဘာမှာ ဘယ်သူမှ မလုပ်ခဲ့ဘူးတဲ့ ကျောင်းသားတပ်မတော် လက်နက်ကိုင်တပ်ဆိုတာ ရှစ်ဆယ့်ရှစ်မှာ ပေါ်ခဲ့တာ။ ဆိုတော့ ကျနော် နယ်စပ်ရောက်သွားတော့လည်း ကိုယ့်အတွေ့အကြုံ သိရတာက အဲဒီလိုဘဝကို မယဉ်ပါးဘူး။ ကျနော် ကျွမ်းကျင်တဲ့အလုပ်လည်း မဟုတ်ဘူး။ တိုက်ချင်ခိုက်ချင်တဲ့စိတ်လည်း မရှိဘူး။ စိတ်ဆိုးတယ်လို့ပဲ ပြောရမယ်။ စိတ်ဆိုးနေလို့ အဲဒီလောက် စစ်တပ်ဖို့တို့ ဘာတို့ ဖြစ်ခဲ့တာ။ တကယ်တမ်း စစ်တိုက်ဖို့ ကြုံလာတော့ ကြောက်လို့တော့ မဟုတ်ဘူး။ ကိုယ်ခန္ဓာ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ဓါတ်ပိုင်းမှာ တချို့ဟာတွေက ကျနော်နဲ့ လုံးဝမဟပ်ဆက်တဲ့ ဘဝမှာ နေရတယ်။ ညဆိုရင် သေနတ်တလက် ဘေးချပြီး အိပ်ရတဲ့ဘဝကို မပျော်ဘူး။ မပျော်ဘူးဆိုတာ ဂစ်တာတလုံးဘေးမှာထားပြီး ကျနော် အိပ်ခဲ့တဲ့ဘဝ။
ကိုဇော်ဝင်းလှိုင် ။ ။ တောထဲမှာ ဘယ်လောက်ကြာကြာ နေခဲ့ပါလဲ။
ကိုမွန်းအောင် ။ ။ ကျနော် နယ်စပ်တလျှောက်မှာနေတာ စုစုပေါင်းဆိုရင် နော်ဝေး ထွက်သွားချိန်အထိ …
ကိုဇော်ဝင်းလှိုင် ။ ။ နော်ဝေးကို ထွက်သွားတာ ဘယ်ခုနှစ်လောက်လဲ။
ကိုမွန်းအောင် ။ ။ ၁၉၉၃ ဖေဖေါ်ဝါရီမှာ နော်ဝေးကို ရောက်သွားခဲ့တယ်။ ဘန်ကောက်မှာ သီချင်းသွင်းပြီးတော့ နယ်စပ် မယ်နပလောကို ပြန်တယ်။ ၁၉၉၂ မှာ မယ်နပလော မကျသေးဘူး။ ၁၉၉၁ လောက်မှာ အခွေပြီတာ။ ၁၉၉၂ အစမှာထွက်တာ။ အဲဒီတုန်းက ဒေါ်အောင်ဆန်းစုကြည် နိုဘယ်ဆု ရတဲ့အချိန် ဖြစ်သွားပြီ။ ဒေါ်အောင်ဆန်းစုကြည် နိုဘယ်ဆု ရပြီးတဲ့နောက်မှ DVB ရေဒီယို စထောင်ဖို့အတွက် NGO တွေက Funding အစီအစဉ် စလာတယ်။ ကျနော်က အဲဒီအချိန်မှာ မယ်နပလော ရောက်နေတယ်။ အဲဒီအချိန်မှာ နော်ဝေးမှာ စလုပ်တယ်။ ဒီဘက် မယ်နပလောမှာ လုပ်မယ့်လူ မရှိလို့ဆိုပြီး ကျနော့်ကို လူကြီးတွေကမေးတော့ လုပ်ပေးနိုင်မလားဆိုတော့ လုပ်ပေးမယ်ပေါ့။
ကိုဇော်ဝင်းလှိုင် ။ ။ ကိုမွန်းအောင်တို့ နော်ဝေးကို သွားဖြစ်တာက နော်ဝေးကို ဗမာတွေ ပထမဦးဆုံး ရောက်သွားဖြစ်တဲ့ ရည်ရွယ်ချက်က အဲဒီမှာ DVB ထောင်မယ်။ အဲဒီမှာသွားပြီး လုပ်ကြမယ်ဆိုပြီး ရောက်သွားကြတာ။
ကိုမွန်းအောင် ။ ။ ပထမဦးဆုံးတော မယ်နပလောမှာ ခြောက်လလောက် လုပ်ပြီးမှ ဟိုမှာ လုပ်မယ့်လူလိုလို့ ကျနော် နော်ဝေးကို ရောက်တယ်။ ကျနော်တို့ စရောက်တုန်းက လေးယောက်ပဲ ရှိတယ်။ အဲဒီကနေမှ ၂၀၁၆ မှာ ပြန်လာတော့ သမီးက High School ပြီးပြီ၊ University သွားဖို့ ကျောင်းတနှစ်နားမယ်။ အဲဒါနဲ့ ကျနော်တို့ စဉ်းစားတယ်။ မိသားစုလည်း ကျနော် တိုင်ပင်တယ်။ ကျနော် ဗမာပြည်ကို ပြန်လာချင်တယ်။ တခုခု ဘာလုပ်ပေးနိုင်မလဲပေါ့။
ကိုဇော်ဝင်းလှိုင် ။ ။ အခု ကိုမွန်းအောင် ပြန်လာတာက ပြောရမယ်ဆိုရင်တော့ အပြီပြန်လာတယ်လို့ ဆိုလို့ရလား။
ကိုမွန်းအောင် ။ ။ ဆိုလို့ရပါတယ်။
ကိုဇော်ဝင်းလှိုင် ။ ။ ရှစ်ဆယ့်ရှစ် မတိုင်ခင်တုန်းက မြန်မာနိုင်ငံထဲမှာ ရှိနေတုန်းက နာမည်ကြီးခဲ့တာကတပိုင်း။ ရှစ်ဆယ့်ရှစ် ဖြစ်ပြီးနောက် တောခိုနောက်ပိုင်းမှာလည်း ကိုမွန်းအောင် ထုတ်လိုက်တဲ့ သွေးမုန်တိုင်းအခွေ - အဲဒီအခွေကြောင့်လည်း အခုနောက်ပိုင်းမှာ ကိုမွန်းအောင်ကို ခေါ်ကြတာ ငြိမ်းချမ်းရေးတေးသံရှင်လို့တောင် နာမည်ရှေ့ကတပ်ပြီး ခေါ်ကြတယ်။ အဲဒီအခွေရဲ့ အရှိန်ကြောင့်ပေါ့။ အဲဒီ သွေးမုန်တိုင်း အခွေနဲ့ ပတ်သက်ပြီးတော့ တချို့သီချင်းတွေက နဂို မြန်မာပြည်ထဲမှာ ရှိပြီသားသီချင်းတွေကို စာသားပြောင်းပြီးတော့ သံစဉ်နဲ့ဆိုတဲ့ သီချင်းတချို့လည်း ပါခဲ့တာကို တွေ့ရတယ်။ ဒါပေမဲ့ တချို့သီချင်းတွေကြတော့လည်း အသစ်။ အဲဒီအခွေအတွက် ရေးထားတာကို တွေ့ရတယ်။ ဒီသီချင်းခွေ ဖြစ်လာအောင်က ကိုမွန်းအောင်တယောက်ထဲ ဆိုလိုချင်တာက ဒီအခွေထုတ်ဖို့အတွက် ဘယ်လို စဉ်းစားမိသွားတာလဲ။ နောက်ပြီးတော့ ဒီသီချင်းခွေ ဖြစ်ဖို့အတွက် ကိုမွန်းအောင် ဘယ်လောက်ကြိုးစားခဲ့ရလဲ။
ကိုမွန်းအောင် ။ ။ တချို့သီချင်းတွေကတော့ အခုနပြောသလိုပဲ ဗမာပြည်ထဲမှာ ရှိနေပြီသား။ နောက်ပြီးတော့ ကျနော်က ပြည်ပကို ထွက်သွားတာ နောက်တခုကလည်း ဒီသီချင်းတွေကို အတူတူ ယူသွားခဲ့တယ်။ ပါသွားခဲ့တယ်။ ဒီသီချင်းတွေကို ဟိုးအရင်ကတည်းကလည်း လုပ်ချင်တာ။ ဒါပေမဲ့ ဗမာပြည်ထဲမှာ လုပ်ခွင့်မရှိဘူး။ ဥပမာ အဲဒီအခွေရဲ့ ခေါင်းစဉ်က ငြိမ်းချမ်းရေးတိုက်ပွဲ။ ဒါပေမဲ့ အဲဒီ ငြိမ်းချမ်းရေးတိုက်ပွဲသီချင်းက ကျနော် ၈/၈၂ အင်းယားအခွေ ထုတ်ကတည်းက ဆိုချင်တဲ့သီချင်း။ ဒါပေမဲ့ ဘယ်လိုမှ မလွတ်နိုင်ဘူး။ အဲဒီစာသားက။ ကျနော်လည်း မပြင်ချင်ဘူး။ အမှန်က ကျနော် ကိုနေဝင်းဆီက ဝယ်ထားပြီးပြီ။ ဆိုတော့ အဲဒီသီချင်လိုမျိုး တခြားသီချင်းတွေ ကျောင်းသားဘဝမှာ အဆောင်ဘေးမှာ တီးကြရင်နဲ့ ကြားခဲ့ဖူးတဲ့ နိုင်ငံရေးသီချင်းတွေရှိတယ်။ တကယ်ပြောရင် အဲဒီသီချင်းတွေက ဗမာပြည်မှာ ပရိသတ်က မကြားရဘူး။ မကြာဖူးဘူး။ တက္ကသိုလ်ဝန်းကျင်မှာ ဆိုကြတယ်။ အပြင်မှာပဲ အလွတ်ဆိုကြတယ်။ လမ်းဘေးခုံတွေမှာ ဆိုကြတယ်။ လူသိရှင်ကြား ဆိုလို့မရတဲ့ သီချင်းတွေပေါ့။ ဒါပေမဲ့ ကျနော့်ဘေးမှာရှိတဲ့ လူတွေက ကျနော်ကို သီချင်းဆိုစေချင်ကြတယ်။
အဲဒါနဲ့ ကျနော် သီချင်းဆိုမယ်။ သီချင်းတွေ တချို့ရှိတယ်ပေါ့။ အဲဒီမှာ နယ်စပ်မှာဆုံတဲ့ ကိုနိုင်ရဲမောင်ဆိုတာ အရင်တုန်းက ကြည့်မြင်တိုင်မှာနေတယ်။ အခုတော့ ဆုံးသွားပါပြီ။ သူ သီချင်း သုံးလေးပုဒ် ယူလာတယ်။ ဧည့်ဆိုးတို့ အဲဒီလိုသီချင်းတွေ။ အမှောင်လွှမ်းတဲ့ ကမ္ဘာကြီးတို့။ ကျနော် အဲဒီသီချင်းတွေကို တခါမှ မကြားဖူးဘူး။ တောထဲမှာ သူဆိုပြတယ်။ ညညဆို ကျနော်တို့ ဂစ်တာတီး သီချင်းဆိုပေါ့။ အဲဒီလို သီချင်းတွေ စုပေါင်းပြီးတော့မှ တခွေစားရှိတော့။ ဒါပေမဲ့ ကျနော်တို့မှာ ပိုက်ဆံ မရှိဘူး။ အဲဒါနဲ့ အခွေသွင်းဖို့ စဉ်းစားတော့ ကျနော်တို့ ဘတ်ဂျက်ထဲမှာလည်းပါတယ် ပြောတယ် ဒါပေမဲ့ တခါမှ မသုံးလိုက်ရဘူး။ နောက်ဆုံးတော့ အမေရိကမှာ ရောက်နေတဲ့ ကျနော်တို့ ရှစ်ဆယ့်ရှစ် မျိုးဆက်တွေပါပဲ ပုဂ္ဂလိက Individuals သူတို့တွေ မတည်တာ။ ပထမ ဒေါ်လာတစ်ထောင် ပို့ပေးတယ်။ နောက် တစ်ထောင်ထပ်ပို့ပေးပေါ့။ နိုင်သလောက်ပေါ့။ ဖြည်းဖြည်းချင်းစတာ ငြိမ်းချမ်းရေးတိုက်ပွဲ အဲဒီအခွေကို ထုတ်ခဲ့တယ်။ ဒါပေမဲ့ ဒီအခွေက လူထုကြားမှာ ဘယ်လောက်သိသွားတယ်။ လူတွေ ဘယ်လောက် နားထောင်ရတယ်ဆိုတာတွေ ကျနော် မသိဘူး။ ဒါပေမဲ့ ငြိမ်းချမ်းရေး တေးသံရှင်တို့ ဘာတို့ ခေါ်တာကတော့ ပရိသတ်ခေါ်တာပေါ့။ ပရိသတ်ပေးတဲ့ နာမည်ပေါ့။ ကျနော့်အတွက်တော့ ငြိမ်းချမ်းရေးတိုက်ပွဲ လုပ်လိုက်ရတာ ကျနော်ကို လူတွေ ဝိုင်းကူကြပါတယ်။ အခက်အခဲတွေလည်း အများကြီးရှိတယ်။ ပထမဦးဆုံး အခက်အခဲက ဘန်ကောက်မှာ တနှစ်လောက်သွားနေတာ ဘာစာရွက်မှ မရှိဘူး။ စကားလည်း မတတ်ဘူး။ ဒါပေမဲ့ ဒီလိုပဲ အဆင်ပြေသလို နေခဲ့ရတယ်။ ဒါပေမဲ့ အဲဒီကြားထဲမှာ သီချင်းရအောင် သွင်းခဲ့တယ်။
ကျနော် လွတ်မြောက်မှုတခုက သီချင်းသွားသွင်းတဲ့ စတူဒီယို က ဘာသီချင်းလဲ။ ဘာအမျိုးအစားလဲ။ ဘာမှ မမေးဘူး။ ထိုင်းနိုင်ငံမှာ မေးလေ့ မရှိဘူး။
ကိုဇော်ဝင်းလှိုင် ။ ။ ကိုမွန်းအောင် ကို ကျနော် သိသလောက်တော့ ထွက်သမျှအခွေတိုင်းက ပေါက်သလို ရှိတယ်။ ဆိုတော့ အဲဒီသီချင်းခွေတွေ ရှိခဲ့တယ်။ နောက် အခုပြောကြတဲ့ ငြိမ်းချမ်းရေးတိုက်ပွဲအခွေ အပြင်မှာသွင်းတဲ့အခွေ။ အဲဒီအခွေတွေကို ပြန်ထုတ်ဖို့။ အခုနောက်ပိုင်းမှာ အစပိုင်းမှာ ပြောသလို ကိုမွန်းအောင် သီချင်းတွေကို ပြန်ဆိုကြတာတွေ အများကြီးရှိတာကို။ ပြန်ဆိုပြီး မျိုးဆက်သစ် လူငယ်တွေလည်း ကိုမွန်းအောင်သီချင်းတွေကို အဲဒီနည်းနဲ့ သိကြတဲ့လူတွေ အများကြီး။ ကိုမွန်းအောင် အရင်တုန်းက သီချင်းတွေကို Remaster ပြန်လုပ်တာဖြစ်ဖြစ်၊ တနည်းနည်းနဲ့ ပြန်ထုတ်တာ။ ဒါမှမဟုတ် Combo အနေနဲ့ လက်ရွေးစဉ်ပုံစံမျိုး ပြန်ထုတ်တာ။ အထူးသဖြင့် ကျနော် သိစေချင်တာ ငြိမ်းချမ်းရေးတိုက်ပွဲအခွေက မြန်မာပြည်ထဲမှာ တရားဝင် နားထောင်ခွင့် မရဘူးဆိုတဲ့အခါကြတော့ လူတချို့က သိနေကြပေမယ့် ကျယ်ကျယ်ပြန့်ပြန့် မသိဘူးဆိုတော့၊ အဲဒီသီချင်းတွေက ဘယ်စနစ်ကိုပဲဖြစ်ဖြစ်၊ ဘယ်စနစ်ရောက်ရောက် အခုအချိန်အထိ အကြုံဝင်နေသေးတယ်လို့ ကျနော်က ယူဆတာ။ အဲဒီအထဲက သီချင်းအဓိပ္ပါယ်တွေ စာသားတွေက။ အဲဒါမျိုးတွေကို ပြန်ထုတ်ဖို့ အစီအစဉ် မရှိဘူးလား။
ကိုမွန်းအောင် ။ ။ အဟောင်းတွေ ပြန်ထုတ်ဖို့ လောလောဆယ်တော့ ဘာမှအစီအစဉ်တော့ မရှိဘူး။ ကျနော်တို့ ပြန်ရောက်ရောက်ချင်း ဒုတိယပွဲမှာထင်တယ် တချို့ဟာတွေ ကော်ပီလုပ်ပြီး နည်းနည်းပါးပါး တစ်ရာနှစ်ရာလုပ်ပြီး ရောင်းတာရှိတယ်။ ဒါပေမဲ့ ကျယ်ကျယ်ပြန့်ပြန့် ဖြန့်ချီဖို့တော့ မစဉ်းစားထားဘူး။ နောက် ကျနော့်အတွေ့အကြုံအရ သူများတွေပြောတာ ကြားရသလောက်တော့ ခိုးကူးတွေများတယ်။ Producer တွေက သီချင်းထုတ်ဖို့ အစီအစဉ် မရှိဘူးပေါ့။ ဘယ်လောက်ကောင်းတဲ့ အဆိုတော်ပဲဖြစ်ဖြစ် ခိုးကူးကို ဘယ်သူမှ မဖိုက်နိုင်သေးဘူး။ ရှုံးတာပဲ။
ကိုဇော်ဝင်းလှိုင် ။ ။ ကိုမွန်းအောင် အခု ပြန်ရောက်လာတာ (၂) နှစ်ဝန်းကျင်၊ (၂) နှစ်ကျော်ကျော် ရှိသွားပြီ။ မြန်မာပြည်ထဲ ပြန်ရောက်ပြီး အနုပညာလုပ်ငန်းတွေ လုပ်နေတယ်။ ဘယ်လောက်အထိ ကျယ်ကျယ်ပြန့်ပြန့် လုပ်ဖို့ ရှိပါလဲ။ နောက် ကိုယ့်ကိုယ်တိုင် စီရီအခွေသစ် ထုတ်ဖို့ ရည်ရွယ်ချက်ရှိလား။
ကိုမွန်းအောင် ။ ။ အရင်လကပဲ အမျိုးသားဇာတ်ရုံမှာ တတိယအကြိမ်ဆိုတဲ့ပွဲ လုပ်ခဲ့တယ်။ အဲဒီလိုပွဲမျိုးတွေ ဆိုဖြစ်တယ်။ နောက် အခမ်းအနားကြီးကြီးတွေ ဒါမှမဟုတ် Dinner ပွဲတွေလို Organized လုပ်တဲ့ ပွဲတချို့တွေမှာ ဆိုဖြစ်တယ်။ တချို့ဟာတွေကြတော့ အခုမှ လိုက်ပြီးတော့ အချိတ်အဆက်လေးတွေ၊ လက်တွဲလုပ်ရမယ့် လူမျိုးတွေ အခုမှ ပြန်စရှာရတဲ့ သဘောမျိုးဆိုတော့ တချို့ဟာတွေက ဘယ်လောက်အထိ လှမ်းမယ်၊ ဘယ်လိုလုပ်မယ်ဆိုတာတွေ ပြောရမှာ နည်းနည်းတော့ခက်တယ်။ လောလောဆယ် ဘယ်သူမှ မကမ်းလှမ်းသေးဘူး။ မထုတ်ရဲကြဘူးလို့ ကျနော် ထင်ပါတယ်။
ကိုဇော်ဝင်းလှိုင် ။ ။ ကိုမွန်းအောင် ကျေးဇူးအများကြီးတင်ပါတယ်။