သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်းရွေးကောက်ပွဲ အနိုင်ရ Move Forward ပါတီ ဦးဆောင်နေမှုအပေါ် မြန်မာ့အရေးလှုပ်ရှားသူတွေရဲ့ အမြင်


ညွန့်ပေါင်းဖွဲ့မယ့် ပါတီ ၇ ခုက ခေါင်းဆောင်တွေနဲ့အတူ သတင်းစာရှင်းပွဲမှာတွေ့ရတဲ့ Move Forward ပါတီခေါင်းဆောင် ဖီထာ လင်ဂျာရွန်ရတ် (ဘန်ကောက်၊ မေ ၁၈၊ ၂၀၂၃)
ညွန့်ပေါင်းဖွဲ့မယ့် ပါတီ ၇ ခုက ခေါင်းဆောင်တွေနဲ့အတူ သတင်းစာရှင်းပွဲမှာတွေ့ရတဲ့ Move Forward ပါတီခေါင်းဆောင် ဖီထာ လင်ဂျာရွန်ရတ် (ဘန်ကောက်၊ မေ ၁၈၊ ၂၀၂၃)

မေလ (၁၄)ရက်နေ့က ကျင်းပခဲ့တဲ့ ထိုင်းနိုင်ငံရွေးကောက်ပွဲမှာ မဲအရေအတွက် အများဆုံးရခဲ့တဲ့ Move Forward ပါတီခေါင်းဆောင် 'ဖီထာ လင်ဂျရွန်ရက် (Pita Limjaroenrat) 'က မြန်မာ့ဒီမိုကရေစီရေးနဲ့ လူသားချင်းစာနာမှု အကူအညီပေးရေး ဦးစားပေးဆောင်ရွက်သွားမယ့် မူဝါဒကို သူ့ရဲ့ သတင်းစာရှင်းလင်းပွဲမှာ ချပြခဲ့ပါတယ်။

ထိုင်းအခြေခံဥပဒေဖွဲ့စည်းပုံအရ Move Forward ပါတီအနေနဲ့ ညွန့်ပေါင်းအစိုးရဖွဲ့ဖို့ ရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုတွေဘာတွေလဲ။ ထိုင်းနိုင်ငံရေး အပြောင်းအလဲ မြန်မာအပေါ် ဘယ်လို ရိုက်ခတ်နိုင်မလဲ။ NUG အမျိုးသားညီညွှတ်ရေးအစိုးရ၊ သမ္မတရုံးပြောခွင့်ရ ဦးကျော်ဇောနဲ့ မြန်မာ့ဒီမိုကရေစီရေးမှာ ဦးဆောင်လှုပ်ရှားနေပြီး၊ ထိုင်းနိုင်ငံမှာ နှစ်ပေါင်းများစွာ နေထိုင်နေတဲ့ ဒေသတွင်းနိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာနိုင်အောင်တို့ကို မအင်ကြင်းနိုင်က ဆွေးနွေးမေးမြန်းထားပါတယ်။

မေး ။ ။ အခုလို ထိုင်းနိုင်ငံမှာ ညွှန့်ပေါင်းအစိုးရသစ် ဖွဲ့စည်းမယ့် အခြေအနေနဲ့ မြန်မာနိုင်ငံကို ဘယ်လိုရိုက်ခတ်လာနိုင်မလဲဆိုတဲ့ အခြေအနေနဲ့ ပတ်သက်ပြီးတော့ ဆွေးနွေးပွဲမှာ NUG အမျိုးသားညီညွှတ်ရေးအစိုးရ၊ သမ္မတရုံးပြောခွင့်ရ ဦးကျော်ဇောနဲ့ မြန်မာ့ဒီမိုကရေစီရေးမှာ ဦးဆောင်လှုပ်ရှားနေပြီး၊ ထိုင်းနိုင်ငံမှာ နှစ်ပေါင်းများစွာ နေထိုင်နေတဲ့ ဒေါက်တာနိုင်အောင်တို့ကို ကျေးဇူးအများကြီးတင်ပါတယ်။ ကျမအနေနဲ့ ဒေါက်တာနိုင်အောင်ကို အရင်ဆုံး မေးချင်တာက လက်ရှိ Move Forward ပါတီ ဦးဆောင်ပြီးတော့ ညွှန့်ပေါင်းအစိုးရဖွဲ့စည်းမယ့် အခြေအနေက ဘယ်အဆင့်ထိ ရောက်နေပြီလဲရှင့်။

ဖြေ ။ ။ ရွေးကောက်ခံအမတ် ၃၁၃ နေရာတော့ သူတို့က လုံလုံခြုံခြုံ ရရှိထားတယ်လို့တယ်။ ဒါပေမဲ့ သိတဲ့အတိုင်းပဲ ဝန်ကြီးချုပ်အဖြစ်နဲ့ အတည်ပြုနိုင်ဖို့က လွှတ်တော်ထဲမှာ ၃၇၆ မဲ လိုအပ်တယ်။ ဆိုတော့ တဘက်ကပြောရင်လည်း သူတို့နဲ့ သဘောထားမတူတဲ့ လူတွေက ရွေးကောက်ခံထားတဲ့ တခြားပါတီတွေကလည်း သူတို့နဲ့ မပူးပေါင်းဘူးဆိုပြီးတော့ ပြောထားတာလည်း ရှိတယ်။ အဓိကအဆုံးအဖြတ်က ဘာဖြစ်လားမလဲဆိုတော့ စစ်တပ်က ခန့်ထားတဲ့ အထက်လွှတ်တော်အမတ် ၂၅၀ ထဲကနေ သူတို့ကို ဘယ်လောက်ထောက်ခံမလဲဆိုတဲ့ ကိစ္စကတော့ အဲဒါက အခရာကျနေတယ်။ အမတ် ၂၅၀ ထဲကနေ ၁၂ ယောက်ကတော့ ပြည်သူ့ရဲ့ဆန္ဒကို လိုက်လျောပါမယ်ဆိုပြီးတော့ ပြောထားတာ ရှိတယ်ဆိုတော့ အခြေအနေကတော့ လူထုရဲ့ ထောက်ခံမှုကို ရထားတယ်ဆိုပေမယ့် ဝန်ကြီးချုပ်ဖြစ်ပြီး အစိုးရဖွဲ့နိုင်ဖို့ကတော့ အကျဉ်းအကြပ်အခက်အခဲထဲမှာ ရှိနေသေးဆဲလို့ ပြောရမှာပဲ။

မေး ။ ။ အဲဒါဆိုရင် ဦးကျော်ဇောကို မေးချင်တာက အဲဒီလို ညွှန့်ပေါင်းအစိုးရသစ် ဖွဲ့စည်းဖို့အခြေအနေ၊ ဖွဲ့စည်းလာနိုင်တဲ့အခြေအနေ ညွှန့်ပေါင်းအစိုးရသစ် ဖြစ်လာနိုင်မယ့် အခြေအနေက NUG အမျိုးသားညီညွှတ်ရေးအစိုးရပေါ် ဘယ်လိုရိုက်ခတ်မှု ရှိမလဲရှင့်။

ဖြေ ။ ။ ပထမဦးဆုံး ကျနော်တို့အနေနဲ့ ထိုင်းနိုင်ငံမှာ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာပြီဆုံးသွားတဲ့အတွက် ကျနော်တို့ အစိုးရအနေနဲ့ ထိုင်းပြည်သူလူထုတရပ်လုံးနဲ့ နိုင်ငံရေးပါတီအားလုံးကို ဂုဏ်ယူကြောင်း Congratulations ပထမဦးဆုံး ပြောချင်ပါတယ်။ အခုကတော့ အစိုးရအဖွဲ့ဖွဲ့တာကတော့ ထိုင်းပြည်သူလူထုရဲ့ ဆုံးဖြတ်ချက်အတိုင်း ဆန္ဒမဲကတော့ ပေးပြီးသွားပြီ။ ဒါပေမဲ့ သူတို့ရဲ့ ဖွဲ့စည်းပုံအရ ဘယ်လိုဖွဲ့မလဲ။ ဘယ်လိုအစိုးရ ဖြစ်လာမလဲဆိုတာကို ကျနော်တို့အနေနဲ့ စောင့်ကြည့်ရအုံးမယ်။ ကျနော်တို့ကတော့ ဘယ်သူပဲ ဝန်ကြီးချုပ်ဖြစ်ဖြစ်၊ ဘယ်လိုညွှန့်ပေါင်းအစိုးရအဖွဲ့ပဲဖြစ်ဖြစ် ကျနော်တို့ အစိုးရအနေနဲ့တော့ ထိုင်းနိုင်ငံအစိိုးရနဲ့ ထိုင်းပြည်သူလူထုတွေနဲ့ နီးနီးကပ်ကပ်နဲ့ ပူးတွဲဆောင်ရွက်ဖို့ အမြဲတမ်းအဆင်သင့် ရှိတယ်ဆိုတာကို ပြောကြားချင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ထိုင်းနဲ့မြန်မာက နယ်စပ်ချင်းဆက်စပ်နေရုံတင်မကဘူး၊ ကျနော်တို့ မြန်မာနိုင်ငံမှာ မြန်မာနိုင်ငံသားတွေ တော်တော်များများလည်း ထိုင်းနိုင်ငံအတွင်းမှာ အကြောင်းအမျိုးမျိုးနဲ့ အလုပ်လုပ်နေတာတွေ ရှိတယ်။ ရောက်ရှိနေတာတွေ ရှိတယ်။ ထိုင်းနိုင်ငံရဲ့ စီးပွားရေးတိုးတက်မှု၊ လူမှုရေးတိုးတက်မှုအတွက်လည်း ကျနော်တို့ မြန်မာနိုင်ငံသားတွေက အများကြီးကူညီ၊ ပူးပေါင်းဆောင်ရွက်၊ ဖြည့်ဆည်းပေးနေတာတွေလည်း ရှိတယ်။ ကျနော်တို့ရဲ့ နှစ်ဦးနှစ်ဘက် အကျိုးစီးပွားအတွက် ကျနော်တို့အနေနဲ့ ဘယ်လိုအစိုးရပဲတက်တက် နီးနီးကပ်ကပ်၊ ရင်းရင်းနှီးနှီး နှစ်ဦးနှစ်ဘက် လေးလေးစားစားနဲ့ Mutual Respect နဲ့ ဆက်ဆံသွားမယ်လို့ မျှော်လင့်ယုံကြည်ထားပါတယ်။

မေး ။ ။ ဒေါက်တာနိုင်အောင် စောစောကပြောသွားတဲ့အထဲမှာ ညွှန့်ပေါင်းအစိုးရ ဖွဲ့စည်းဖို့ အခြေအနေက မသေချာသေးတဲ့ အနေအထားမှာ ဒုတိယမဲ အများဆုံးရရှိထားတဲ့ အတိုက်အခံပါတီကြီးဖြစ်တဲ့ ဖူရတ်ထိုင်း၊ အရင် ဝန်ကြီးချုပ်ဟောင်း သက်ဆင်ရဲ့ သမီး ဦးဆောင်တဲ့ ပါတီရဲ့ အနေအထားက ဘယ်လိုမြင်ပါသလဲရှင့်။ အဲဒီပါတီအနေအထား ဘယ်လိုရှိပါသလဲရှင့်။

ဖြေ ။ ။ အခုကတော့ သူတို့ပါတီအပါအဝင် ပါတီတချို့ ဒီမိုကရက်တစ်ပါတီတချို့နဲ့ ဖူရတ်ထိုင်းပါတီနဲ့ Move Forward ပါတီတို့ကတော့ ဒီမိုကရေစီရေးနဲ့ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးဆိုတော့ သူတို့ကတော့ သူတို့ ရပ်တည်ထားတဲ့ဟာ Platform က ရှင်းပါတယ်။ ကျန်တဲ့ပါတီတွေကတော့ သူတို့နဲ့ ပူးပေါင်းကြတဲ့သဘောပေါ့။ ဆိုတော့ အခုညွှန့်ပေါင်းဖွဲ့ထားတဲ့ အနေအထားက အစိုးရ ဖြစ်နိုင်လောက်တဲ့ မဲရမယ်ဆိုလို့ရှိရင်တော့ Move Forward က လူတွေကပဲ ဝန်ကြီးချုပ် ဖြစ်မယ်။ တပြိုင်နက်ထဲမှာပဲ Move Forward က သူတို့ပြုပြင်ပြောင်းလဲချင်တဲ့ ပေါ်လစီသုံးရာ တင်ထားတာ ရှိတယ်။ ဆိုတော့ အဲဒီသုံးရာထဲက အနစ်ချုပ်ကို ပြောမယ်ဆိုရင်တော့ ဒီမိုကရေစီ ပြဿနာက။ အဲဒါက ဖူရတ်ထိုင်းပါတီနဲ့လည်း သူတို့ သဘောတူညီမှု ရှိတယ်။ ဒါကတော့ သူတို့ရဲ့လူကြီးဖြစ်တဲ့ သက်ဆင်ကိုယ်တိုင် အဲဒီအခက်အခဲကြောင့် စစ်အာဏာသိမ်းမှုကြောင့် ပြည်ပြေး ဖြစ်နေရတာ။ တဘက်ဘက်မှာလည်း Move Forward ပါတီက ဒီမိုကရေစီ ပြဿနာ ရှိတယ်ဆိုတဲ့အောက်ထဲမှာ အများကြီးပြောထားတာ ရှိတယ်။ မညီမျှမှု ပြဿနာ - လူတန်းစား ကွာဟလာမှု ပြဿနာကိုလည်း ပြောထားတာ ရှိတယ်။ နောက်ပြီးတော့ စီးပွားရေး ပြိုင်ဆိုင်မှုအနေအထားမှာ ထိုင်းနိုင်ငံက တခြားပါတီတွေနဲ့ နောက်ကျနေတာ ရှိတယ်။ စီးပွားရေးတွေ နှေးကွေးနေတယ်။ အဲဒီ platform တွေမှာတော့ သဘောတူနိုင်စရာ ရှိပြီးတော့ ညှိနှိုင်းနိုင်စရာတွေလည်း ရှိမယ်လို့တော့ ထင်တယ်။ ဒါပေမဲ့ တချို့စီးပွားရေးနဲ့ ပတ်သက်လို့ပဲပြောပြော မညီမျှမှုကိစ္စနဲ့ ပတ်သက်လို့ပဲပြောပြော တူတဲ့ကိစ္စတွေလည်း ရှိနိုင်သလို၊ မတူတဲ့ကိစ္စတွေလည်း ရှိနိုင်တယ်ဆိုတော့ အဲဒီဟာတွေကတော့ အခြေခံအားဖြင့် မနေ့တနေ့က ပြောနေတဲ့ ပုံစံတွေအရတော့ အခြေခံအားဖြင့်တော့ အဓိကပါတီကြီး နှစ်ခုဖြစ်တော့ သဘောတူညီမှု ရှိတယ်။ ဝန်ကြီးချုပ်နေရာလည်း Move Forward က ခေါင်းဆောင်ကိုပဲ သူတို့ သဘောတူညီမှု ရှိထားတယ်လို့ပဲ နားလည်ပါတယ်။

မေး ။ ။ NUG ဘက်က အခုထိုင်းနိုင်ငံမှာ ရှိနေတဲ့ နိုင်ငံရေးပါတီတွေ - Move Forward, ဖူရတ်ထိုင်းပါတီတို့ကို ထိတွေ့ဆက်ဆံတဲ့အပိုင်းကော ဘယ်လို ရှိပါသလဲရှင့်။

ဖြေ ။ ။ အခုတော့ ကျနော်တို့မှာ တိုက်ရိုက်ထိတွေ့ဆက်ဆံတာတော့ မရှိသေးပါဘူး။ ဒါပေမဲ့ အခုနပြောသလို Move Forward, ဖူရတ်ထိုင်းပါတီတို့နဲ့ ဘယ်နိုင်ငံရေးပါတီနဲ့မဆို ကျနော်တိို့အနေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ အဆင်သင့် ရှိတယ်ဆိုတာကို ထပ်လောင်းပြောကြားချင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ မြန်မာနိုင်ငံအရေးကို ကူညီနေတာ၊ အထူးသဖြင့် မြန်မာနိုင်ငံက ဒုက္ခသည်တွေ ထိုင်းနိုင်ငံကို ထွက်ပြေးလာတိုင်းမှာ ထိုင်းနိုင်ငံက အမြဲတမ်းကူညီပေးတယ်။ ထိုင်းလူထုတွေက ကူညီပေးတယ်။ အဲဒီတော့ ကျနော်တို့အနေနဲ့ ဒီနိုင်ငံရေးပါတီတွေရဲ့ နိုင်ငံရေး ခံယူချက်က သူတို့ရဲ့ ဆုံးဖြတ်ချက်။ ကျနော်တို့ အစိုးရအနေနဲ့တော့ မြန်မာပြည်သူလူထု၊ မြန်မာနိုင်ငံအကျိုးအတွက် ရင်းရင်းနှီးနှီး ဆက်ဆံဖို့ ဘယ်ပါတီနဲ့မဆို အဆင်သင့် ရှိတယ်ဆိုတာ ပြောကြားချင်ပါတယ်။

မေး ။ ။ ဆိုတော့ အဲဒီမှာ ဦးကျော်ဇောတို့ အခုလို သဘောထားရပ်တည်ချက် ရှိသလို၊ တဘက်မှာကြတော့ ထိုင်းရွေးကောက်ပွဲမှာ မဲအများဆုံး ရရှိသွားတဲ့ Move Forward ပါတီရဲ့ခေါင်းဆောင် ဖီထာ လင်ဂျရွန်ရက်ရဲ့ သတင်းစာရှင်းလင်းပွဲ။ ရွေးကောက်ပွဲအပြီး သူတို့မဲတွေ အများဆုံးရရှိတာနဲ့ ပတ်သက်ပြီး သတင်းစာရှင်းလင်းပွဲ လုပ်တဲ့အချိန်မှာ မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီးတော့ အာဆီယံဘုံသဘောတူညီချက် (၅) ချက်ကို အကောင်အထည်ဖော်ရေးမှာ သူတို့လုပ်ဆောင်မယ်။ အထူးသဖြင့် အမေရိကန်က ချမှတ်ထားတဲ့ စစ်ကောင်စီကို ချမှတ်ထားတဲ့ ဒဏ်ခတ်ပိတ်စို့မှုတွေထဲက Burma Act ထဲမှာပါတဲ့ လူသားချင်းစာနာမှု အကူအညီတွေကိစ္စမှာလည်း ထိုင်းက ဦးဆောင်လှုပ်ရှားသွားမယ်ဆိုတဲ့ အနေအထားမျိုးကိုလည်း ပြောသွားတယ်ဆိုတော့ တကယ်လို့များ ညွှန့်ပေါင်းအစိုးရသစ် တက်လာမယ်ဆိုရင် မြန်မာနိုင်ငံနဲ့ ထိုင်းနဲ့ဆက်ဆံရေးမှာ ဘယ်လိုပုံစံမျိုး ဖြစ်လာမလဲ။

ဖြေ ။ ။ Move Forward ပါတီ ခေါင်းဆောင် ဖီထာက ပြောသွားတာကို ကျနော်တို့ တွေ့ပါတယ်။ ထိုင်းနိုင်ငံ နိုင်ငံရေးပါတီတွေ ခေါင်းဆောင်တွေထဲမှာ သူကတော့ ပွင့်ပွင့်လင်းလင်း ပြောသွားတာကို တွေ့ရှိရတယ်။ တခြားပါတီတွေကတော့ ပြောတာ မတွေ့ဘူး။ ဒီဟာကလည်း သူ့ရဲ့စိတ်ထဲမှာရှိတာ၊ သူ့ပါတီရဲ့ ပေါ်လစီလို့လည်း နားလည်ပါတယ်။ အဲဒီတော့ ကျနော်တို့မှာ တခြားနိုင်ငံရေးပါတီတွေကော သူတို့ခေါင်းဆောင်တွေကတော့ သူ့လိုမျိုး မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး ခံယူချက်ရှိမယ်၊ ပေါ်လစီ ရှိဖို့လည်း ကျနော်တို့ မျှော်လင့်ယုံကြည်ပါတယ်။ ထုတ်ပြောတာ၊ မပြောတာကတော့ သူတို့ရဲ့ ဆုံးဖြတ်ချက်ပေါ့။ ဒါပေမဲ့ ကျနော်တို့အနေနဲ့ အာဆီယံဘုံသဘောတူညီချက် ၅ ချက် - ပထမဦးဆုံး အရေးကြီးဆုံးက အကြမ်းဖက်မှုတွေ ရပ်ဖို့။ အဲဒီအတွက်ကို သူတို့က ပူးတွဲပြီး လုပ်ဆောင်မယ် ဘာညာဆိုတာတော့ ကောင်းပါတယ်။ ဒါကတော့ ထိုင်းနိုင်ငံမှာရှိတဲ့ ဘယ်သူမဆို အဲဒါကတော့ သူတို့အနေနဲ့ ဆွဲကိုင်မယ်လို့ ယုံကြည်ပါတယ်။

မေး ။ ။ အဲဒီတော့ ဒေါက်တာနိုင်အောင်ရှင့် အခုထိုင်းနိုင်ငံမှာ ပညာတတ်လူငယ်တွေ ဦးဆောင်တဲ့ Move Forward ပါတီက ရွေးကောက်ပွဲမှာ မဲအများဆုံး ရခဲ့တဲ့အပေါ်မှာ ထိုင်းနိုင်ငံမှာ ရောက်နေတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေ၊ မြန်မာဒုက္ခသည်တွေရဲ့ မျှော်လင့်ချက်၊ သူတို့ရဲ့ သဘောထားကို ဘယ်လိုတွေ့ရပါသလဲရှင့်။

ဖြေ ။ ။ ရွှေ့ပြောင်းအလုပ်သမားတွေနဲ့ ပတ်သက်လို့ကတော့ ထိုင်းနိုင်ငံအနေနဲ့ သူ့စနစ်က ရှိပြီသား။ ပြောချင်တာက အလုပ်သမားတွေအတွက်ကို ကာကွယ်ပေးမှုတွေ ရှိတယ်။ အဲဒါတွေကို သူုတို့ လေးစားတယ်။ အနိမ့်ဆုံးလစာလည်း ရှိတယ်ဆိုတော့ အခုလည်း ဗမာပြည်က အလုပ်သမားတွေ ထပ်ခေါ်နေတယ်။ ဒါပေမဲ့ ပြဿနာက ဘာလဲဆိုတော့ စစ်အုပ်စုဘက်က အခုက CI လုပ်တာပဲဖြစ်ဖြစ်၊ Passport လုပ်တာပဲဖြစ်ဖြစ်၊ ထွက်ခွါဖို့ကိစ္စတွေပဲဖြစ်ဖြစ် အခက်အခဲ ဖြစ်နေတာ။ အဲဒီအပိုင်းကတော့ ဘယ်သူပဲတက်လာတက်လာ ပိုပြီးတော့ ကောင်းလာဖို့ပဲ ရှိတယ်။ ဒီထက်တော့ ဆိုးသွားစရာ မရှိဘူး။ ဒါပေမဲ့လို့ နိုင်ငံရေးအရ အခုဖြစ်နေတဲ့ကိစ္စ။ ပြောချင်တာက ဒုက္ခသည်တွေ ရောက်လာတာ ရှိတယ်။ ဒီဘက်ကမ်းမှာ အကြာကြီးနေလို့ မရဘူး။ ဟိုဘက်ကမ်းကို ပြန်ပို့ခံရတယ်။ ရေရှည်ဒုက္ခသည်စခန်း ဖွင့်ဖို့ကိစ္စတွေက ထိုင်းဘက်ခြမ်းက အခုထိ ဆန္ဒမရှိသေးဘူး။ နောက် ထိုင်းနိုင်ငံထဲ ဝင်ရောက်လာတဲ့ လူတွေရဲ့ လုံခြုံရေးကိစ္စတွေလည်း အဆင်မပြေ ဖြစ်နေတာတွေ ရှိတယ်။ အဲဒီဘက်က ကြည့်တယ်ဆိုရင်တော့ Move Forward လို ဦးဆောင်တဲ့ အစိုးရများ ဖြစ်လာလို့ရှိရင်တော့ ကျနော်တို့ပေါ်မှာ ပိုနားလည်နိုင်တယ်။ အခုန ခွန်ဖီထာ ပြောတဲ့အထဲမှာ သဘောတူပြီး၊ ကြိုက်နှစ်သက်ဖို့ ကောင်းတာက ဘာလဲဆိုတော့ ဗမာပြည်ကိစ္စအရေးကို ဖြေရှင်းဖို့ ကြိုးစားတဲ့နေရာမှာ အာဆီယံထဲမှာဆိုရင် ထိုင်းနိုင်ငံမပါဘဲနဲ့ မရဘူး။ အဲဒီတော့ အဲဒါကိုလည်း သူက NDAA နဲ့ ချိတ်ဆက်ပြောသွားတယ်ဆိုတော့ သဘောကျဖို့ကောင်းတယ်။ နောက် သူတို့ပါတီရဲ့ မူဝါဒ အနစ်သာရ အဲဒီအထဲမှာ ဒီမိုကရေစီ ပြဿနာလို့ ပြောတဲ့အချိန်မှာ သူတို့က စစ်အုပ်ချုပ်ရေးကို လက်မခံတာ၊ စစ်တပ်က နိုင်ငံရေးကို မပါဘို့၊ ပါတာကို လက်မခံနိုင်ဘူးဆိုတဲ့ အခြေခံမူဝါဒက ကျနော်တို့နဲ့ တော်တော်လေး သွေးချင်းသားချင်း နီးတယ်ပေါ့။ ဆိုတော့ မညီမျှမှုပြဿနာလည်း တော်တော်နီးတယ်။ အဲဒီလို အခြေခံမူဝါဒတွေကနေ ကျနော်တို့တွေက ပိုပြီးနီးစပ်တာတွေ ဖြစ်တယ်။ ဒါပေမဲ့ ကျနော် ဒီထက်ပိုပြီး မျှော်လင့်တာကတော့ အခုဖြစ်တဲ့ ရွေးကောက်ပွဲက လူငယ် နောင် အနှစ် ၂၀-၃၀ မှာ လူကြီးဖြစ်လာမယ့် အုပ်စုနဲ့ အစဉ်အလာ ရေပေါ်ဆီနိုင်ငံရေးသမားတွေ အုပ်စုရဲ့ အားပြိုင်ပွဲပဲ။ အဲဒီဥစ္စာက ထိုင်းနိုင်ငံရဲ့ ရေရှည်အရွှေ့အပြောင်းကို ဖြစ်စေနိုင်တယ်။ ကျနော်တို့ ဗမာပြည်ပေါ်မှာ အများကြီးသက်ရောက်နိုင်တယ်။ အလားတူပဲ ဒေသတွင်းကိုလည်း အများကြီးသက်ရောက်နိုင်တယ်ဆိုတော့ အဲဒါကို သူတို့ ဝန်ကြီးချုပ်ဖြစ်သည်ဖြစ်စေ၊ အစိုးရဖြစ်သည်ဖြစ်စေ အဲဒါကတော့ ကျနော်တို့ ဗမာပြည်နဲ့ ဒေသတွင်းအတွက်နဲ့ ဒေသတွင်းတည်ငြိမ်းရေးအတွက် ပိုကောင်းတယ်လို့ ကျနော်က မြင်ကြည့်မိပါတယ်။

XS
SM
MD
LG