သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန်ရောက် မြန်မာဒုက္ခသည်တွေအရေး


ဒုက္ခသည်အရေး ဆောင်ရွက်နေတဲ့ ဇိုမီးတိုင်းရင်းသား Mungsan
ဒုက္ခသည်အရေး ဆောင်ရွက်နေတဲ့ ဇိုမီးတိုင်းရင်းသား Mungsan
တိုက်ရိုက် လင့်ခ်

အမေရိကန်လွှတ်တော်မှာ ကျင်းပခဲ့တဲ့ အမေရိကန်သမ္မတ Donald Trump ရဲ့ နိုင်ငံတော်အခြေပြမိန်ခွန်းကို တက်ရောက်ဖို့ အမေရိကန်ပြည်ထောင်စုမှာ ဒုက္ခသည်အရေး ဆောင်ရွက်နေတဲ့ ဇိုမီးတိုင်းရင်းသား Mungsan လည်း ပါဝင်ပါတယ်။ သူ့ရဲ့အတွေ့အကြုံကို ဝါရှင်တန်ဗွီအိုအေရုံးချုပ်မှာ မအင်ကြင်းနိုင်က တွေ့ဆုံမေးမြန်းထားပါတယ်။

မေး ။ ။ Mungsan အနေနဲ့ VOA မြန်မာပိုင်းကို လာရောက်ပြီးတော့ အင်တာဗျူးပေးတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်။

ဖြေ ။ ။ ကျနော်ကို ဖိတ်ခေါ်တဲ့အတွက် ကျနော်လည်း အရမ်းကို ဂုဏ်ယူမိပါတယ်။

မေး ။ ။ သမ္မတ Trump ရဲ့ နိုင်ငံတော်အခြေပြမိန့်ခွန်း အင်္ဂါနေ့ညတုန်းက သူပြောခဲ့တဲ့ မိန့်ခွန်းကို ကိုယ်တိုင်လည်း တက်ရောက်နားထောင်ခဲ့တော့ အဲဒီမှာ ဒုက္ခသည်တွေအရေးနဲ့ ပတ်သက်ပြီးတော့ သူ့ဘက်ကနေ ထူးထူးခြားခြား ပြောသွားတာ၊ ဒါမှမဟုတ် သူ့ရဲ့ သမ္မတ Trump အနေနဲ့ ဆက်ပြီးတော့ အုပ်ချုပ်တဲ့ကာလအတွင်းမှာ ဒုက္ခသည်အရေးနဲ့ ပတ်သက်ပြီး သူ ဘယ်လိုသဘောထားမလဲ ဆိုတာမျိုးကို သတိထားမိတာ ရှိပါလား။

ဖြေ ။ ။ ဒုက္ခသည်လိုတော့ တိတိကျကျ မပြောသွားပါဘူး။ ဒါပေမဲ့ Immigrants လို့ သုံးသွားတယ်။ သူတို့တွေကို Legally အဖြစ် ဝင်လာရမယ်လို့တော့ ပြောသွားတယ်။ အဲဒီမှာ ကျနော်အနေနဲ့ သူနဲ့တွေ့ဆုံပြီးတော့ မေးခွန်း မေးခွင့်ရှိမယ်ဆိုရင်တော့ သမ္မတရယ်၊ ဒုက္ခသည်တွေက တကယ့်ကို Legal တရားဝင်ဖြစ်တယ်။

မေး ။ ။ ဆိုလိုတာက အမေရိကန်ပြည်ထောင်စုကို ရောက်လာကြတဲ့ ဒုက္ခသည်တွေ အားလုံးက သူတို့ဟာ တရားဝင်နည်းလမ်းနဲ့ ရောက်လာကြတယ်။ ဒါပေမဲ့ သမ္မတ Trump က သူပြောတဲ့သဘောက ဒီဒုက္ခသည်တွေက တရားမဝင် လာရောက်ကြတဲ့ပုံစံမျိုး ပြောသွားခဲ့တယ်။

ဖြေ ။ ။ သူ Main focus အဓိကပြောဆိုတာက ဒုက္ခသည်တွေ မဟုတ်ဘဲနဲ့ Border နယ်စပ်ကနေ တရားမဝင် ဖြတ်ကျော်လာကြတဲ့ လူတွေကို အဓိက target ဦးတည်ပြီးတော့ ပြောသွားတာဖြစ်တယ်။ ဒုက္ခသည်တွေက အမေရိကန်နိုင်ငံကို မရောက်လာခင်ကတည်းက နိုင်ငံခြားမှာ Screen စစ်ဆေးလုပ်ပြီသား။ ဒါကြောင့် သူတို့တွေက Legal တရားဝင် ဖြစ်တယ်။

မေး ။ ။ သမ္မတ နိုင်ငံတော်အခြေပြမိန့်ခွန်းပြောတဲ့ပွဲမှာ - ကျမတို့လည်း တိုက်ရိုက်ထုတ်လွှင့်ချက်တွေကို ကြည့်နေခဲ့တယ် - သမ္မတပြောတာကို အမတ်တွေက ထောက်ခံတာရှိတယ်။ မထောက်ခံတာ ရှိတယ်။ အထူးသဖြင့် ဒီမိုကရက်၊ အမျိုးသမီးလွှတ်တော်အမတ်တွေ အပါအဝင်ပေါ့။ ကိုယ်တိုင်တက်ရောက် နားထောင်တဲ့အခါမှာ အဲဒီမြင်ကွင်းကို ကြည့်ရတဲ့အခါမှာ ဘယ်လိုခံစားမိသလဲ။ ဘယ်လိုတွေးမိလဲ။

ဖြေ ။ ။ တချို့တွေက သမ္မတရဲ့ ပြောစကားကို အသေအချာ နားမထောင်ဘဲနဲ့ အဲဒီလို လက်ခုပ်တီးမယ်။ မတ်တပ်ရပ်မယ်။ အဲဒါတွေလုပ်ကြတယ်။ သူတို့တွေက သိပ်ပြီးတော့ အာရုံစိုက်မယ့်ပုံ မပေါ်ဘူး။

မေး ။ ။ ကိုယ်တိုင်ကော သမ္မတ Trump ပြောတဲ့အပေါ် ဘယ်လိုမြင်လဲ။ သမ္မတ Trump ကောင်းကောင်းပြောနိုင်ခဲ့လား။ တကယ့်အချက်အလက်တွေ ပါဝင်ခဲ့လား။ ကိုယ်လိုချင်တဲ့၊ ကိုယ်နားထောင်ချင်တဲ့ အချက်တွေကို ပြောသွားနိုင်ခဲ့လား။ ဘယ်လိုမြင်လဲ။

ဖြေ ။ ။ ကျနော်မျှော်လင့်သလောက်တော့ Positive လို့တော့ မထင်ဘူး။ သူက သိပ်ပြီးတော့ အကောင်းဘက် မပြောဘူး။ ကျနော် မျှော်လင့်ထားတာ အများကြီး။ အကောင်းဖြစ်ဖြစ်၊ အဆိုးဖြစ်ဖြစ် - ဒါပေမဲ့ သူက Neutral အဖြစ် ပြောသွားတယ်။

မေး ။ ။ အခု Mungsan က နိုင်ငံတော်အခြေပြမိန့်ခွန်း သမ္မတ ပြောကြားတဲ့မိန့်ခွန်းကို တက်ရောက်ဖို့အတွက် New Mexico ပြည်နယ်အောက်လွှတ်တော်အမတ် Ben Ray Luján ရဲ့ ဧည့်သည်တော်အဖြစ် ဘာကြောင့်ဖိတ်ကြားခံရတာလဲ။

ဖြေ ။ ။ ကျနော့်အထင်က လွှတ်တော်အမတ်တွေက သူတို့ခေါ်ချင်တဲ့ ဧည့်သည်တွေကို ခေါ်ခွင့်ရှိတယ်။ ဘယ်နှစ်ယောက်လဲတော့ မသိဘူး။ ကျနော်ကတော့ သူ့ရဲ့တဦးတည်းသော ဧည့်သည်တော် ဖြစ်တယ်။ သူ ကျနော်ကို ရွေးချယ်ရခြင်းအကြောင်းရင်းကတော့ ကျနော့်အထင် ကျနော်က အခုလက်ရှိ လုပ်နေတဲ့အလုပ်နဲ့ ပတ်သက်မယ်လို့ထင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်ကိုယ်တိုင်ကိုက အရင်တုန်းက ဒုက္ခသည်အဖြစ်နဲ့ အမေရိကန်နိုင်ငံကို ရောက်လာခဲ့တယ်။ အခုက ဒုက္ခသည်တွေကို ကျနော်ကိုယ်တိုင် ပြန်ပြီးတော့ ကူညီပေးနေတဲ့ အဖွဲ့အစည်းနဲ့ အလုပ်လုပ်နေတဲ့အတွက် အဲဒါကြောင့် ကျနော့်ကို ရွေးတာထင်တယ်။

မေး ။ ။ သူက လက်ရှိ အောက်လွှတ်တော်အမတ် Ben Ray Luján က သူက ဒုက္ခသည်တွေအရေးကို ပိုပြီးဆောင်ရွက်မယ့်သဘောလား။ မြန်မာ့အရေးကို သူ ပိုပြီးတော့ ဆောင်ရွက်လာနိုင်မယ့် အနေအထားရှိလား။

ဖြေ ။ ။ ကျနော် သူနဲ့ စကားအများကြီးတော့ ပြောဖြစ်တယ်။ အထူးသဖြင့် သူက ကျနော့်ရဲ့ ကိုယ်ရေးရာဇဝင်တွေကို နည်းနည်းလေး မေးတယ်။ ပြီးတော့ ကျနော်ကို မြန်မာနိုင်ငံကိုလည်း လာလည်ဖို့ကို ကျနော်က တိုက်တွန်းတယ်။ ဒါမှမဟုတ် သူကိုယ်တိုင် မလာနိုင်ရင်လဲ ကျနော်တို့ မြန်မာပြည်ရဲ့ အစိုးရအဖွဲ့ဝင်တွေ၊ အရာရှိတွေ တက်ရောက်။ ဒါမှမဟုတ် သူ ဖိတ်ကြားနိုင်သလောက်ဖိတ်ပြီးတော့ အချင်းချင်းမိတ်ဆွေ နှီးနှောဖလှယ်ပြီးတော့ အဲဒီလိုဖိတ်ကြားဖို့လည်း ကျနော်တိုက်တွန်းတယ်။

မေး ။ ။ အဲဒီတော့ Mungsan ဒုက္ခသည်အဖြစ်နဲ့ အမေရိကန်ပြည်ထောင်စုကို ဘယ်အချိန်က ရောက်လာသလဲ။

ဖြေ ။ ။ ကျနော် ၂၀၁၁ က ရောက်ရှိလာခဲ့တယ်။ မလေးရှားကတဆင့် ရောက်လာတာပါ။

မေး ။ ။ ဒီလိုဒုက္ခသည်အဖြစ် လာရတဲ့အချိန်မှာ အခက်အခဲတွေ ရှိခဲ့လား။ အမေရိကန်မှာ အခြေချဖို့အတွက်

ဖြေ ။ ။ အခက်အခဲကတော့ အများကြီးရှိတယ်။ ရောက်ရောက်ချင်း ကိုယ်က ဘာမှမသိ။ ငွေ၊ ပိုက်ဆံလည်း မရှိဘူး။ အသိပညာ၊ အတတ်ပညာလည်း မရှိဘူး။ အသိမိတ်ဆွေအပေါင်းအသင်းလည်း မရှိဘူး။ အဘက်ဘက်မှာ အားနည်းနေတယ်။ ဒါပေမဲ့ ကျနော်က ကိုယ့်ကိုယ်ကို စိတ်အားမြှင့်တင်ပြီးတော့ ကြိုးစားပြီးတော့ အလုပ်လုပ်ခဲ့တယ်။ ကျနော် စစရောက်တုန်းက ကားမပြောနဲ့၊ စက်ဘီးတောင် မဝယ်နိုင်ဘူး။ အလုပ်ကတော့ ကိုယ်ရတဲ့အလုပ်ကိုပဲ သွားလုပ်ရတယ်။ ပြီးတော့ စစရောက်တဲ့နေရာက Spring, Colorado မှာ အဲဒီမှာ နှင်းတွေတော်တော်ကျတယ်။ လိုင်းကားကလည်း သိပ်မကောင်းဘူး။ အဆင်မပြေဘူး။ မနက် (၆) နာရီကနေ ညနေ (၆) နာရီအထိလောက်ပဲ လိုင်းကားက ရှိတယ်။ အဲဒါဆိုတော့ စက်ဘီးကို အားကိုးရတယ်။ ကားမဝယ်နိုင်ခင်မှာ။ အဲဒီလောက်အထိကို ကြိုးစားခဲ့တယ်။

မေး ။ ။ အဲဒီတော့ ကိုယ်တိုင်ဒုက္ခသည်အဖြစ် ရောက်လာခဲ့ပြီးတော့ ဒုက္ခသည်တွေကို ပြန်ပြီးတော့ ကူညီနိုင်ဖို့အဆင့် - ပြန်ကူညီတဲ့နေရာမှာလည်း ကိုယ်ကတာဝန်ကြီးကြီး ယူပြီးတော့ Case Manager မှာ Lead Case Manager အဖြစ် လုပ်ဆောင်ရတဲ့ အခြေအနေအထိ ရောက်လာခဲ့တယ်။ အဲဒီတော့ တဘက်မှာ ပညာရေးလေ့လာတဲ့အပိုင်းကော၊ နောက်ပြီးတော့ အလုပ်မှာကော အဆင့်ဆင့်ရောက်လာတဲ့အနေအထား အဲဒါကို ဘယ်လိုကြိုးစားဖြတ်သန်းခဲ့ပါလဲ။

ဖြေ ။ ။ ကျနော်ကို တခြားလူတွေလည်း မေးကြတယ်။ ဘာဖြစ်လို့၊ ဘယ်လိုလုပ်ပြီတော့၊ ဘယ်သူကြောင့် ဒီအလုပ်ကို ရတာလဲ။ ကျနော် စစရောက်တုန်းက ကျနော်ကို အကူအညီပေးတဲ့ Resettlement Agency Lutheran Family Services, Rocky Mountain, Colorado Spring, Colorado မှာ အဲဒီမှာ စတင်ပြီးတော့ သူတို့က ရုံးအသစ်ဖွင့်မယ်ဆိုတော့ ကျနော်ကို သူတို့က အရင်တုန်းက လေ့လာထားတယ်။ ရုံးကလူတွေကို အကူအညီ Volunteer လုပ်ပေးတယ်။ အိမ်သစ်ပြောင်းလာမယ့် လူတွေရှိရင် သူတို့တွေကို furniture ပရိဘောဂတွေကို လိုအပ်သလောက် သွားကူညီတယ်။ ပြီးနောက် အလုပ်ရတဲ့အချိန်မှာလည်း ကားမရှိ၊ စက်ဘီးမရှိတော့ အဲဒါတွေကို အကြောင်းပြချက်မပေး၊ မညည်းညူးဘဲနဲ့ ကျနော် ရအောင်လုပ်တယ်။ ရအောင်သွားတယ်ဆိုတာတွေကို Credit ပေးတယ်။

အဲဒီရုံးသစ်ဖွင့်မယ်အချိန်ကြတော့ သူတို့က ကျနော်ကို ဆက်သွယ်တယ်။ ဒီလိုရှိတယ် - မင်း ငါနဲ့လိုက်မလားဆိုတော့ ကျနော်ကလည်းလိုက်မယ်ဆိုပြီး စွန့်စားလိုက်တာ။ ကျနော်တို့ National Agency က ပို့ပေးသမျှ လူမှန်သမျှကို ကျနော်တို့ လက်ခံတယ်။ ကျနော်တို့ကိုယ်တိုင် Ensurance ကို ကျနော်ကိုယ်တိုင်လုပ်ထားတယ်ဆိုတော့ ဘယ် Case ကိုမှ ပြန်မပို့ဘူး။ လာသမျှအကုန် လက်ခံတယ်။

မေး ။ ။ အဲဒီတော့ လက်ရှိ သမ္မတ Trump အစိုးရလက်ထက်မှာ ဒုက္ခသည်တွေ ပြန်လည်နေရာချထားရေး၊ ဒုက္ခသည်တွေ အခြေချနေထိုင်ရတဲ့ အခြေအနေက ဒီအစိုးရလက်ထက်မှာ ဘယ်လိုရှိပါလဲ။

ဖြေ ။ ။ သူ သမ္မတဖြစ်လာကတည်းကဆိုရင် အရင်ကတည်းက အရင်သမ္မတလက်ထက်က ကိုးသောင်းလောက်အထိ ခေါ်ယူမယ်လို့ ပြောထားတဲဟာကို ငါးသောင်းအထိ၊ လေးသောင်းခွဲအထိ လျှော့ချခဲ့ပြီးတော့ ဒီနှစ်ဆိုရင် သုံးသောင်းအထိပဲ ယူခဲ့တယ် - အဲဒီလို လျှော့ချခြင်းဖြင့် တဘက်မှာ နိုင်ငံအတွင်းမှာ လစာတို့၊ Funding တို့ လျှော့ချတဲ့အတွက် အဘက်ဘက်က နှေးကွေးတယ်။ ဒါဟာက အမေရိကန်ပြည်ထောင်စုက ရောက်ပြီသားလူတွေအတွက်လည်း နှေးကွေးတယ်။ ပြီးတော့ မလာသေးတဲ့လူတွေ၊ နိုင်ငံခြားမှာ အင်တာဗျူးဖို့၊ ဝင်ဖို့စောင့်နေတဲ့လူတွေအတွက် Services ကလည်း တော်တော်လေးကို နောက်ကျသွားတယ်။ ဘာဖြစ်လို့လဲဆိုတော့ ငွေကြေးအထောက်အပံ့တွေ နည်းသွားလို့။

မေး ။ ။ အခုကိုယ်တိုင်လည်း ဝါရှင်တန်ဒီစီကို ရောက်လာချိန်မှာ တခြားလွှတ်တော်အမတ်တွေနဲ့လည်း တွေ့ရတယ်။ အဲဒီအခါမှာ ဒီလွှတ်တော်အမတ်တွေကို ဘာတွေတင်ပြနိုင်ခဲ့လဲ။

ဖြေ ။ ။ ကျနော်အနေနဲ့ အထူးသဖြင့် သူတို့မေးတာတွေကို အကုန်လုံးပြောပြတယ်။ ပြီးတော့ ကျနော်ရဲ့ ကိုယ်ရေးအကျဉ်းကိုလည်း သူတို့တွေကို ပြောပြတယ်။ နောက် ကျနော်တို့နိုင်ငံက ဘယ်လိုဖြစ်တယ်။ ကျနော်တို့နိုင်ငံရဲ့ ရခိုင်အရေးကို တချို့တွေေးမတယ်။ တချို့တွေလည်း ကချင်ပြည်နယ်အရေးကို မေးတယ်။ ကချင်ပြည်နယ်မှ၊ ရခိုင်ပြည်နယ်မှ ကျနော်ရဲ့ ပြည်နယ်ဖြစ်တယ်။ ချင်းပြည်နယ်မှ မဟုတ်ပါဘူး။ ဗမာတိုင်းရင်းသားတွေ ကိုယ်တိုင်လည်း တချို့တော်တော်များများ ဒုက္ခ ရောက်နေပါတယ်။ ကျနော်တို့နိုင်ငံက တိုးတက်နေပါတယ်။ ဒါပေမဲ့ ကျနော်တို့ အများကြီးအထောက်အပံ့တွေ လိုသေးတယ်လို့ သူတိုကို ပြောခဲ့ပါတယ်။

မေး ။ ။ အဲဒီတော့ စောစောကပြောတဲ့ ကိုယ်ရေးရာဇဝင် - ချင်းပြည်နယ်ကနေ ဇူမီ တိုင်းရင်းသားတဦးအနေနဲ့ အခု အမေရိကန်ပြည်ထောင်စုကို ဒုက္ခသည်အဖြစ် အခြေချပြီးတော့ ဒီလိုရုန်းကန်လှုပ်ရှားခဲ့ရတယ်။ အဲဒါလေးကို ပြောပြပါအုံး။ ချင်းပြည်နယ်ကနေ မလေးရှားနိုင်ငံမှာ ရောက်လာပြီး ဖြတ်သန်းလာတဲ့ အတွေ့အကြုံ။

ဖြေ ။ ။ ကျနော်က ကိုယ့်ရဲ့ ဘာသာရေးအမြင်၊ လူမျိုးရေးအမြင် အဲဒါတွေ ကွဲပြားမှုကြောင့် ပြီးတော့ လက်ရှိဘဝထက်ကောင်းတဲ့ ပိုပြီးတော့ ကောင်းတဲ့ဘဝကို လိုချင်လို့ - ရေကြည်ရာ မျက်နုရာ ဖြစ်ခဲ့ကြတာပေါ့။

မေး ။ ။ အခု Mungsan က အမေရိကန်ပြည်ထောင်စုမှာ ရောက်လာတဲ့အချိန်၊ ရွေးကောက်ပွဲကာလတွေလည်း ဖြတ်သန်းခဲ့ရတော့ အခုထူးထူးခြားခြား - ကိုယ်မဲပေးခဲ့တဲ့၊ မဲပေးခွင့်ကော ရပြီလား။

ဖြေ ။ ။ ကျနော့်ရဲ့ဘဝမှာ ပထမဦးဆုံး မဲပေးရခြင်း ဖြစ်တယ်။ မြန်မာပြည်မှာ နေတုန်းက တခါမှ မဲမပေးလိုက်ရဘူး။ အဲဒါ ကျနော့်ဘဝမှာ ပထမဦးဆုံးအကြိမ် မဲပေးခွင့်ရတာ။ လွန်ခဲ့တဲ့ နိုဝင်ဘာလမှာ ။

မေး ။ ။ အဲဒီလိုမျိုး မဲထည့်ခွင့်ရတဲ့ အတွေ့အကြုံ ဘယ်လိုရှိလဲ။

ဖြေ ။ ။ တော်တော်လေးကို ခံစားမှု၊ အပြည့်အဝရှိတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကိုယ့်ရဲ့မဲဟာ စာရွက်တရွက် မဟုတ်ဘဲနဲ့ လူတွေကို ရွေးကောက်ခြင်းအားဖြင့် ကျနော်တို့တွေရဲ့ အနာဂတ်တွေ အများကြီးတော့ ပြောင်းလဲလာမယ်လို့တော့ ချက်ချင်းကြီး ပြောလို့မရဘူး။ ဒါပေမဲ့ တဖြည်းဖြည်းချင်း၊ အနည်းအကျဉ်း အပြောင်းအလဲ လုပ်ပေးနိုင်လိမ့်မယ်လို့ ကျနော် ယုံကြည်ပြီးတော့ ဒီလူတွေကို မဲထည့်ခဲ့တာ။

မေး ။ ။ ကျေးဇူးတင်ပါတယ် Mungsan. အခုလိုလာပြီးတော့ အင်တာဗျူးပေးတဲ့အတွက်။

ဖြေ ။ ။ ကျနော်လည်း အရမ်းကို ဂုဏ်ယူမိပါတယ်။

XS
SM
MD
LG