သုံးရလွယ်ကူစေသည့် Link များ

ကုလသမဂ္ဂ လူငယ်ညီလာခံ တက်ရောက်ခွင့် အတွေ့အကြုံ

  • မခွါညို

ကုလသမဂ္ဂ လူငယ်ညီလာခံကို မြန်မာနိုင်ငံကိုယ်စားပြု တက်ရောက်ခဲ့သူ ကိုဇွဲပြည့်ဖြိုး (င်္FB -Zwe Pyae Phyo )

ဒီတပတ် မြန်မာ့ဒီမိုကရေစီရေးရာ ဆွေးနွေးခန်းမှာ ပြီးခဲ့တဲ့ သြဂုဏ်လ (၉) ရက်နေ့ကနေ (၁၂) ရက်နေ့အထိ ကျင်းပခဲ့တဲ့ အကြိမ် (၂၀) ကြိမ်မြောက် ကုလသမဂ္ဂ လူငယ်ညီလာခံကို မြန်မာနိုင်ငံကိုယ်စားပြု တက်ရောက်ခဲ့သူ ကိုဇွဲပြည့်ဖြိုးဟာ မြန်မာနိုင်ငံအတွင်းမှာ Care for the needs ပရဟိတအဖွဲ့ကို တည်ထောင်သူ သုံးဦးအနက် တစ်ဦးဖြစ်သလို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီက ပညာရေးနဲ့ ကျန်းမာရေးအစီအစဉ်တွေမှာလည်း အခါအားလျော်စွာ ပါဝင်ကူညီနေသူ ဖြစ်ပါတယ်။ ရန်ကုန်ဆေးတက္ကသိုလ်ဘွဲ့ရ၊ ထိုင်ုးနိုင်ငံ Stamford International University က MBA ဘွဲ့ရ လူငယ်တယောက်အနေနဲ့ ကုလသမဂ္ဂက ကြီးမှုးကျင်းပတဲ့ လူငယ်ညီလာခံကို ဘယ်လို တက်ရောက်ခွင့် ဘယ်လို ရခဲ့သလဲဆိုတာနဲ့အတူ ပြည်တွင်းမှာ လူမှုအကျိုးပြုလုပ်ငန်းတွေ ဆောင်ရွက်ခဲ့ပုံ၊ နိုင်ငံတကာနဲ့ ချိတ်ဆက်မိအောင် လူမှုကွန်ရက်စာမျက်နှာတွေကို အသုံးပြုပုံတွေကို မခွါညို က ဆက်သွယ်မေးမြန်းထားပါတယ်။

မခွါညို ။ ။ ကိုဇွဲပြည့်ဖြိုး ကုလသမဂ္ဂ ညီလာခံကို လာပြီးတက်တာ၊ ဒီလို ညီလာခံတက်ခွင့်ရဖို့အတွက်ကို ဘယ်လို သတ်မှတ်ချက်တွေရှိလဲ။ ယှဉ်ပြိုင်မှုနဲ့ ဘယ်လိုအရည်အချင်းတွေ လိုအပ်သလဲဆိုတာကို ပြောပြပေးပါလား။

ကိုဇွဲပြည့်ဖြိုး ။ ။ ပထမဆုံးတခုကတော့ အဖွဲ့အစည်းကမေးတဲ့ မေးခွန်းတွေကို ဖြေရပါတယ်။ အဲဒီမေးခွန်းတွေကတော့ ပြီခဲ့တဲ့နှစ်တွေတုန်းက မင်းဟာ မင်းရဲ့ ရပ်ရွာအတွက် မင်းရဲ့ နိုင်ငံအတွက် ဘာတွေများ လုပ်ခဲ့သလဲ။ နောက်တခုက မင်းရဲ့ ရပ်ရွာမှာ မင်းရဲ့ ပတ်ဝန်းကျင်မှာ စိန်ခေါ်မှုတွေ အခက်အခဲတွေက ဘာတွေရှိသလဲ။ ဒါတွေကို မင်း ဘယ်လိုကျော်လွှာခဲ့သလဲ။ ဒီလိုမျိုး မေးခွန်းလေးတွေရှိတယ်။ နောက်တခုကတော့ မင်းရဲ့ တက္ကသိုလ်ကဖြစ်ဖြစ် ဒါမှမဟုတ် မင်းရဲ့ အဖွဲ့အစည်းကဖြစ်ဖြစ် ထင်ရှားတဲ့ အသိအမှတ်ပြုမှုတွေ၊ ဆုတံဆိပ်တွေ၊ အောင်မြင်မှုတွေ အဲဒါမျိုးတွေကို ရှိခဲ့ရင်လဲ ဖော်ပြပေးပါလို့ မေးခွန်းတွေကို ဖြေရပါတယ်။ နောက်တခုက ဘာလဲဆိုတော့ မင်းက ဘာကြောင့် ဒီပွဲကို တက်ချင်တာလဲ။ ဒီပွဲ တက်ပြီးတဲ့အခါကြရင် မင်းရဲ့ ရပ်ရွာကို ဘယ်လို ပြောင်းလဲဖို့ ကြိုးစားမလဲ။ နောက်တခုက မင်းရဲ့ အနာဂတ် အစီအစဉ်တွေကို အက်ဆေးရေးပြီး တင်ရပါတယ်။

မခွါညို ။ ။ အက်ဆေး ရေးရတယ်ဆိုတော့ ဘယ်လောက်များသလဲ။

ကိုဇွဲပြည့်ဖြိုး ။ ။ တချို့ အက်ဆေးလေးတွေက (၃၅၀) လောက်ရှိတယ်။ တချို့ အက်ဆေးလေးတွေကတော့ စာလုံးရေ (၅၀၀) သတ်မှတ်ထားချက်တွေ တခုနဲ့တခုကတော့ မတူပါဘူး။ အခုနပြောတဲ့ ဆုတွေ၊ အောင်မြင်မှုတွေ အဲဒီလိုမျိုး ရေးပြီးတဲ့အခါမှာ အနောက်မှာ သက်သေတခုခု ပြန်ပြီးတော့ လိုက်ရပါတယ်။ ဥပမာ ကျနော်က ၂၀၁၄ ခုနှစ် ဒီဇင်ဘာမှာ ပြုလုပ်တဲ့ အာဆီယံ မသန်စွမ်းသူများ ဖိုရမ်မှာ တာဝန်ခံ ဆရာဝန်အနေနဲ့ လုပ်ခဲ့ပါတယ်။ အဲဒီအခါကြတော့ အာဆီယံအတွင်းရေးမှူးချုပ်ကနေ ကျနော်ကို လက်မှတ်ထိုးရေးထားတဲ့ Appreciation document, volunteering reconization ဒီလိုမျိုး စာရွက်စာတမ်း ကျနော့်မှာ ရှိပါတယ်။ ဒီလိုမျိုး ကိုယ်က တခုခုပြောလိုက်ပြီဆိုရင် အဲဒီဟာ မှန်ကန်ကြောင်း သက်သေစာရွက်စာတမ်းတွေနဲ့ တင်ပေးရပါတယ်။

မခွါညို ။ ။ အဲဒီတော့ စုစုပေါင်း အက်ဆေး ဘယ်နှစ်ခုလောက် ရေးခဲ့ရလဲ။

ကိုဇွဲပြည့်ဖြိုး ။ ။ ဒီပွဲတက်ဖို့ အက်ဆေးကတော့ စုစုပေါင်း ကိုးခုလောက် ရေးခဲ့ရပါတယ်။

မခွါညို ။ ။ ဘယ်အရည်အချင်းတွေကြောင့် အများထဲကနေပြီးတော့ ရွေးချယ်ခံရပြီး တက်ခွင့်ရခဲ့တယ်လို့ ထင်လဲ။

ကိုဇွဲပြည့်ဖြိုး ။ ။ တခုကတော့ ကျနော် ပြီးခဲ့တဲ့အလုပ်တွေကို ကျနော် ကောင်းကောင်းမွန်မွန် ရေးနိုင်ခဲ့တယ်လို့ ထင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်က ၂၀၁၃ ခုနှစ် ကျောင်းပြီးကာစကတည်းက နယ်တွေမှာ NLD National Health Network နဲ့ ပူးပေါင်းပြီးတော့ မြန်မာနိုင်ငံအနှံအပြားမှာ ဆေးကုသမှုတွေ လုပ်တာမျိုးတွေ ရှိပါတယ်။ ဥပမာ ဂွ၊ ထန်းတပင် အဲဒီလို။ ပြီးတော့ တခြားအဖွဲ့အစည်းတွေနဲ့ ပေါင်းပြီးတော့ ပင်းတယ၊ မိထ္တိလာ စသည်ဖြင့် မြန်မာနိုင်ငံ တော်တော်များများမှာ ဆေးကုသမှုလုပ်ငန်းတွေ ပါဝင်ဆောင်ရွက်မှုတွေ ရှိပါတယ်။

နောက်တခုက ၂၀၁၃ ခုနှစ်ကပဲ စပြီးတော့ ၂၀၁၅ ခုနှစ် အောက်တိုဘာအထိ သုံးနှစ်လောက် ထိုင်းမှာ ပညာသွားမသင်ခင်အထိ NLD ပညာရေးကွန်ရက်မှာ ရူပဗေဒဘာသာကို ဆယ်တန်းတွေကို သင်ပေးတဲ့ဆရာအဖြစ်လည်း လုပ်ခဲ့ပါတယ်။ အဲဒါတွေ ရှိပါတယ်။ နောက်တခုက သဘာဝပတ်ဝန်းကျင်နဲ့ဆိုင်တဲ့ သစ်ပင်စိုက်တာ၊ လူငယ်ရေးရာတို့ အဲဒီလို အဖွဲ့အစည်းတွေနဲ့ ပေါင်းပြီးတော့ လုပ်ဆောင်ခဲ့တာတွေ ရှိပါတယ်။ နောက်ပိုင်းမှာတော့ အချိတ်အဆက်ရပြီးတော့ ၂၀၁၃ ခုနှစ်မှာ အမေရိကန်သမ္မတဟောင်း ဂျင်မီကာတာ က မြန်မာနိုင်ငံကိုလာပြီးတော့ သူ့ရဲ့  Carter Foundation ကို မိတ်ဆက်တဲ့ပွဲကို Park Royal Hotel မှာ လုပ်ပါတယ်။ အဲဒီပွဲကိုလည်း တက်ရောက်ခွင့် ရခဲ့ပါတယ်။ နောက်ပိုင်း အမေရိကန်သမ္မတ အိုဘားမား မြန်မာနိုင်ငံကို လာတဲ့အခါမှာ အရှေ့ တောင်အာရှ လူငယ်ခေါင်းဆောင်မှုအစီအစဉ် YSEALI (Young Southeast Asia Leadership Initiative) ပါ။ အဲဒီပွဲမှာလည်း သမ္မတအိုဘားမားနဲ့ တွေ့ဆုံခွင့် ရခဲ့ပါတယ်။ ဒီဟာတွေကို ကျနော် ကောင်းကောင်းမွန်မွန် Achievements ထဲမှာ ပြန်ထည့်တယ်။ ပြီးတဲ့အခါကြတော့ နိုင်ငံတကာ သွားတဲ့အခါမှာ ဒါလေးတွေကို ပြန်ပြီးတော့ သုံးပါတယ်။

ကိုယ်က ဒီလိုပွဲတွေကို တက်ခဲ့တယ်။ ကိုယ်က ကိုယ့်ရပ်ရွာအတွက် ပညာရေး၊ ကျန်းမာရေး၊ သဘာဝပတ်ဝန်းကျင် အဲဒီလို လုပ်ငန်းလေးတွေမှာ လုပ်ဆောင်ခဲ့တယ်။ ဒါကြောင့်မို့ ဒီပွဲကို တက်ရောက်ချင်ပါတယ်။ ဒီပွဲကို တက်ရောက်ခြင်းအားဖြင့် ကျနော်က နိုင်ငံတကာက လူငယ်တွေနဲ့ ချိတ်ဆက်မှုတွေ ရလာမယ်။ အဲဒါဆိုရင် သူတို့နိုင်ငံမှာ အောင်မြင်အောင်လုပ်နေတဲ့ စီမံကိန်းတွေကို လေ့လာပြီးတဲ့အခါကြတော့ သူတို့ကို မေးမြန်းပြီးတော့ ကိုယ့်နိုင်ငံမှာ ပြန်အသုံးချနိုင်မယ်။ အခုလက်ရှိ အခြေအနေကတော့ ဝါသနာရှင်အဆင့်၊ အပျော်တမ်းအဆင့်သာ ဖြစ်နေတယ်။ တကယ်လို့သာ ဒီလိုညီလာခံမျိုးကို တက်ခွင့်ရမယ်။ မင်းတို့ရဲ့  Training တွေကို ရမယ်ဆိုရင်တော့ ငါဟာ ပိုမိုကောင်းမွန်ပြီး ငါ့ရပ်ရွာအတွက် ပိုအကျိုးပြုနိုင်မယ့်လူ ဖြစ်လာနိုင်တယ်ဆိုတဲ့ အကြောင်းအရာတွေကို ရေးသားခဲ့ပါတယ်။ အဲဒါတွေကြောင့် ရတယ်လို့ ထင်ပါတယ်။

မခွါညို ။ ။ အဲဒီ ကုလသမဂ္ဂရဲ့  လူငယ်ညီလာခံကို လာတက်တဲ့အချိန်မှာ ကိုဇွဲပြည့်ဖြိုးက New York မှာ ရှိနေတဲ့ တခြားညီလာခံလေးတွေကိုလည်း သွားတက်ခဲ့တယ်လို့ သိရပါတယ်။ အဲဒီ ညီလာခံတွေကိုကြတော့ ဘယ်လိုအဆက်အသွယ်နဲ့ တက်ခဲ့တာလဲ။

ကိုဇွဲပြည့်ဖြိုး ။ ။ ညီလာခံထက် အလုပ်ရုံဆွေးနွေးပွဲလေးတွေပါ။ အဓိကတော့ Online ကနေ ရှာတွေ့တာပါ။ Online မှာ Facebook တွေရှိတယ်။ နောက်တခုက Twitter, Instgram တွေ ရှိတယ်။ ဒီဟာတွေကတဆင့် Opportunities တွေကို ရှာပါတယ်။ နောက် Facebook မှာဆိုရင် Youth Opportunities ဆိုတဲ့ Facebook Page လေး တခုရှိတယ်။ အဲဒီ Page လေးကနေ တော်တော်များများ လူငယ်တွေအတွက် အခွင့်အလမ်းတွေကို ဝေမျှပေးလေ့ရှိတယ်။ အဲဒီ Founder ကလည်း အိုစမာဘင်နော်ဆိုတဲ့ ဘင်္ဂလားဒေ့ရှ်က လူငယ်တယောက်ပါ။ သူကလည်း Elizabeth ဘုရင်မကြီးရဲ့  Queen Young Leader Award ကို ရထားတဲ့ လူငယ်ပါ။ ကျနော်နဲ့ အိန္ဒိယမှာလည်း ကမ္ဘာ့ညီလာခံမှာ မနှစ်က ၂၀၁၆ နိုဝင်ဘာမှာတက်တော့ သူနဲ့ တွေ့ဖူးပါတယ်။ သူ့ရဲ့  Youth Opportunities website က တော်တော်လေးကို ပြည့်စုံတယ်။ ပြီးတော့ ကမ္ဘာမှာ နယ်သာလန်မှာ ဘာပွဲရှိနေပြီ။ US မှာ ဘာပွဲ ရှိနေပြီ။ ဂျပန်မှာတော့ ဘာပွဲလုပ်မယ်။ အဲဒါလေးတွေကို သူစာမျက်နှာကနေ တင်ပေးတာ ရှိပါတယ်။

မခွါညို ။ ။ အခု ကုလသမဂ္ဂ လူငယ်ညီလာခံကိုလည်း အဲဒီ စာမျက်နှာကပဲ ကိုဇွဲပြည့်ဖြိုး တွေ့ခဲ့တဲ့သဘောလား။

ကိုဇွဲပြည့်ဖြိုး ။ ။ အဲဒီလိုတော့ မဟုတ်ပါဘူး။ အခု ဒီပွဲကိုကြတော့ ပြီးခဲ့တဲ့ ၂၀၁၆ နိုဝင်ဘာမှာ ကျနော် အိန္ဒိယနိုင်ငံ နယူးဒေလီမှာ ကျင်းပခဲ့တဲ့ ကမ္ဘာ့လူငယ်ညီလာခံကို သွားတက်ခဲ့တယ်။ အဲဒီမှာ Network ချိတ်ပြီးတော့ အဲဒီမှာ ကမ္ဘာ့လူငယ်ညီလာခံကို တက်ခဲ့တဲ့ Delegate တယောက်က ပြောတဲ့အတွက်ကြောင့် ဒီဟာကို လျှောက်ဖြစ်သွားတာပါ။ နောက်တခုက စလုပ်ဖြစ်တာကတော့ သူငယ်ချင်းက New York မြို့ မှာရှိတော့ သူက New York မြို့  ဗဟိုပန်းခြံကြီး Central Park မှာ .. ကမ္ဘာကျော်အဆိုတော်က အခမဲ့ တေးဂီတပွဲရှိတယ်။ မင်း နယူးရော့ခ် လာလို့ရှိရင် ဒါမျိုးတွေလည်း သွားနားထောင်လို့ရတယ်ဆိုပြီးပြောတော့ ကျနော် စိတ်ဝင်စားသွားတယ်။

အဲဒီအခါမှာ ဘယ်လိုမျိုး အဖွဲ့အစည်းတွေနဲ့ ဘယ်လိုမျိုး အလုပ်ရုံဆွေးနွေးပွဲလေးတွေ တက်လို့ရမလဲ။ ကမ္ဘာကျော်အဆိုတော်တွေရဲ့  တေးဂီတအစီအစဉ်တွေ ရှိသလား။ ပုံမှန်အားဖြင့်ဆိုရင် ဒါမျိုးဟာ ငွေကြေးမြောက်မြားစွာသုံးပြီးတော့ တက်ရောက်ရတဲ့ အစီအစဉ်မျိုးပေါ့။ ဒါပေမဲ့ သူက အခမဲ့ ဖျော်ဖြေမှုမျိုးတွေဆိုတော့ ဒီဟာတွေကို သွားတက်နိုင်မလား။ အဲဒီအခါမှာ ဆက်စပ်ပြီးတော့ တွေးမိတာက အခမဲ့ဖျော်ဖြေပွဲ လုပ်မယ်ဆိုရင် ဒီအတိုင်း လုပ်လို့မရဘူး။ ခွင့်ပြုမိန့်တွေ တောင်းရမယ်။ ခွင့်ပြုမိန့်တွေက ဘယ်သူရှိက ဖြစ်မလဲဆိုတာကို ဆက်စပ်ပြီးတော့ စဉ်းစားတယ်။ ဒါဆိုရင် မြို့ တော်ဝန်က ခွင့်ပြုတာ ဖြစ်နိုင်မလား။ အဲဒါဆိုရင် မြို့ တော်ဝန်ရုံးမှာ ဘယ်သူလုပ်နေသလဲ စသဖြင့် ဆက်စပ်ပြီတဲ့အခါ နယူးရော့ခ် မြို့ တော်ဝန်ရုံးမှာ လုပ်နေတဲ့လူတွေ ဒါမျိုးတွေ ရှိသလား စသဖြင့် Facebook ကနေ ရှာတယ်။ အမေရိကန်တွေက Twitter သုံးတာ များတဲ့အခါကြတော့ Twitter ထဲမှာလည်း လိုက်ရှာတယ်။ ဘယ်သူကတော့ မြို့ တော်ဝန်ရုံးမှာ လုပ်နေတယ် စသည်ဖြင့်။ နောက်ဆုံးမှာတော့ မြို့ တော်ဝန်ရုံးမှာ လုပ်နေတဲ့ အရာရှိတဦး။ သူကနေ ဘယ်ပွဲတွေမှာ ဘယ်အဖွဲ့အစည်းနဲ့ သူ့ရဲ့ လိပ်စာ၊ ဘယ်အဖွဲ့အစည်းရဲ့ လိပ်စာအတိုင်း သွားပြီးတော့ ဆက်သွယ်လို့ရတယ်ဆိုတဲ့ အချက်အလက်တွေကို တွေ့ခဲ့ရပါတယ်။ အဲဒီကနေတဆင့် ချိတ်တာပါ။ Columbia တက္ကသိုလ်မှာသွားပြီးတော့ လေ့လာတဲ့ဟာက Columbia University လို့ ရှာပြီး တက္ကသိုလ်စာမျက်နှာမှာ စာရင်းပေးရတယ်။ Registration လုပ်ပြီးတော့ သတ်မှတ်ထားတဲ့ရက်၊ သတ်မှတ်ထားတဲ့ အချိန်အတွင်းမှာ သွားပြီးတော့ ဒီတက္ကသိုလ်အကြောင်း လေ့လာတာပါ။

ပွဲတက်ခဲ့တာတော့ နယူးရော့ခ်မြို့ တော် ပညာရေးဌာန NYC Department of Education သူနဲ့လုပ်တဲ့ အလုပ်ရုံဆွေးနွေးပွဲ - အဲဒီလိုမျိုးတွေကို တက်ဖြစ်ခဲ့ပါတယ်။

မခွါညို ။ ။ နောက်တခုက ကိုဇွဲပြည့်ဖြိုး ကို ကျမ အင်တာဗျူး လုပ်တုန်းက ဒီသတင်းဆောင်းပါးကို Facebook မှာ တင်တဲ့အခါမှာ ကြည့်ရှုတဲ့လူတွေ သိန်းနဲ့ချီ ရှိခဲ့ပါတယ်။ မှတ်ချက်ပေးတဲ့သူ အများကြီးထဲမှာ တယောက်ကတော့ ဘယ်ခရိုနီရဲ့  သားသမီးလည်းလို့ ဝင်ပြီးတော့ မေးသွားပါတယ်။ ဆိုလိုတာက လူတွေရဲ့  စိတ်ထဲမှာ ဒီလို နိုင်ငံရပ်ခြားကို သွားနိုင်တယ်။ ဒီလိုပွဲမျိုးတွေကို တက်နိုင်တယ်ဆိုရင် အာဏာရတဲ့လူ။ ဒါမှမဟုတ် သန်းကြွယ်သူဌေးတွေသာ အလှမ်းမီနိုင်တယ်ဆိုတဲ့ဟာမျိုး။ အဲဒီိတော့ သာမန်မိသားစုက မွေးဖွားလာတဲ့ လူငယ်တွေအနေနဲ့ ဒီလိုအခွင့်အရေး ရဖို့အတွက် အခွင့်အရေးတွေ ရှိသလား။ ငွေရေးကြေးရေး ချမ်းသာမှ။ အာဏာရှိမှ ဒီလိုအခွင့်အရေးမျိုး ရနိုင်သလား။ ကိုဇွဲပြည့်ဖြိုး ဘယ်လိုထင်ပါသလဲ။

ကိုဇွဲပြည့်ဖြိုး ။ ။ ကျနော်ကတော့ ဒီပွဲတက်ဖို့အတွက် ပညာအရည်အချင်းတွေ၊ ပြီးတော့ ကျနော် ပြောခဲ့တဲ့ ကိုယ့်ရပ်ရွာအတွက် ဘာတွေလုပ်ခဲ့သလဲ။ သူတို့ လိုချင်တာက အရင်တုန်းက ကိုယ့်ရဲ့ ရပ်ရွာမှာ တခုခု ပြောင်းလဲနိုင်တဲ့လူ၊ ပြောင်းလဲခဲ့တဲ့လူ၊ ဒီလိုမျိုးလူတွေကို သူတို့ လက်ခံလိုက်မှသာ သူတို့ပွဲ တက်ပြီးတဲ့အခါမှာ နောင်တချိန်တခါမှာ ဒီလူငယ်ဟာ သူ့ရဲ့ ပတ်ဝန်းကျင်၊ သူ့ရဲ့  နိုင်ငံအတွက် ပြောင်းလဲမှု တစုံတရာ လုပ်ပေးမယ့် ဆက်လက်လုပ်ဆောင်သွားမယ်လို့ သူတို့ ယူဆကြပါတယ်။ အဲဒီတော့ ကျနော် ဒီပွဲတက်တာက ငွေကြေးတစုံတရာ ဘယ်သူဆီကမှ ရယူတာ မရှိပါဘူး။ ကျနော့်မိဘ ပံ့ပိုးမှု ရှိခဲ့ပါတယ်။ ပြီးတော့ ကျနော့်ကိုယ်ပိုင် ဝင်ငွေနဲ့ ညီလာခံတွေကို တက်နိုင်တဲ့ အနေအထားမျိုးမှာ ရှိတဲ့အတွက်ကြောင့်မို့ တက်တာပါ။

မခွါညို ။ ။ ဆိုလိုတာက ကိုယ့်မှာသာ လူမှုရေး အကျိုးပြုလုပ်ငန်းတွေ ကြိုးပမ်းအားထုတ်မှု မရှိခဲ့ဘူးဆိုရင် ခရိုနီပဲဖြစ်ဖြစ်၊ ခရိုပြာပဲဖြစ်ဖြစ်၊ သန်းကြွယ်သူဌေးပဲဖြစ်ဖြစ်၊ အာဏာရ သားသမီးပဲဖြစ်ဖြစ် တက်ရောက်ခွင့် မရှိဘူးဆိုတဲ့ အဓိပ္ပါယ်ပေါ့။

ကိုဇွဲပြည့်ဖြိုး ။ ။ ရဖို့ တော်တော်ခက်ခဲပါလိမ့်မယ်။ ဘာဖြစ်လို့လဲဆိုတော့ စီးပွားရေးလုပ်ငန်းနဲ့ ပတ်သက်တဲ့ ညီလာခံမျိုးဆိုရင်တော့ ရကောင်းရနိုင်ပါလိမ့်မယ်။ အခုဟာက ကုလသမဂ္ဂမှာလုပ်တဲ့ ပွဲမျိုးဖြစ်တယ်။ နောက်တခုက ကျနော်ကိုယ်တိုင်လည်း Columbia တက္ကသိုလ်မှာ ပုဂံအကကို ဖျော်ဖြေခဲ့တာ ရှိပါတယ်။ အဲဒီ ပုဂံအကကို ဖျော်ဖြေဖို့အတွက် တော်တော်လေးကို ကြိုးစားခဲ့ရပါတယ်။ ဒီပုဂံအကအကြောင်းကို အသေးစိတ် ရေးရတယ်။ သူ့ရဲ့ ဖော်ပြချက်တွေ၊ သမိုင်းနဲ့ ထောင်နဲ့ချီတဲ့ မြန်မာ့သမိုင်းကြောင်းကို ရေးခဲ့ရတာတွေ ရှိပါတယ်။ ပြီးတဲ့အခါကြတော့ ငါးမိနစ်စာ ကိုယ်ကထားတဲ့ Video File ကိုလည်း တင်ပြခဲ့ရတာတွေ ရှိပါတယ်။ အဲဒါကြောင့်မို့ နောက်ဆုံး Columbia တက္ကသိုလ်ရဲ့  စင်မြင့်ပေါ်မှာ ဖျော်ဖြေခွင့် ရခဲ့ပါတယ်။ သူတို့ရဲ့  အဆိုအရတော့ လျှောက်ထားတဲ့လူတွေထဲက (၁၂) ယောက်ပဲ ရွေးတယ်လို့ သိရပါတယ်။ အခုလက်ရှိလည်း နိုဘယ်လ်ဆုရ လူပုဂ္ဂိုလ် (၁၈) ဦးကနေ အုပ်ချုပ်နေတဲ့ တက္ကသိုလ် ဖြစ်တဲ့အခါကြတော့ ဒီလိုမျိုး စင်မြင့်ပေါ်မှာ တက်ရောက်ဖို့၊ တက်ရောက်ပြီး ဖျော်ဖြေခွင့်ရဖို့က တော်တော်လေးကို ခက်ခဲပါတယ်။ ကိုယ်မှာသာ အရည်အချင်း တစုံတရာ ရှိမယ်ဆိုရင် ကြိုးစားပါ။ ကြိုးစားရင် လူငယ်တွေက ဖြစ်နိုင်မှာပါ။

မခွါညို ။ ။ စုံသလောက်လည်း ဖြစ်သွားပါပြီ။ ကျေးဇူးတင်ပါတယ်။

XS
SM
MD
LG