မြန်မာနိုင်ငံမှာ ရင်းနှီးချင်တဲ့ အမေရိကန်ကုမ္ပဏီတွေ တိုးလာပေမယ့် ရခိုင်ပဋိပက္ခကြောင့် ရင်းနှီးမြုပ်နှံမှုတွေ၊ နိုင်ငံခြားခရီးသွားတွေ နောက်တွန့်ရတယ်လို့ အမေရိကန်၊ အာဆီယံစီးပွားရေးကောင်စီအဖွဲ့ရဲ့ မြန်မာနိုင်ငံပူးပေါင်းဆောင်ရွက်ရေးမှူး ကိုလှဘုန်းမြင့်က ပြောပါတယ်။ ကိုဇော်ဝင်းလှိုင်က ရန်ကုန်မြို့မှာ တွေ့ဆုံမေးမြန်းထားပါတယ်။
မေး ။ ။ US-ASEAN Business Council အဖွဲ့နဲ့ ကိုလှဘုန်းမြင့်တို့က စက်တင်ဘာလ (၃၀) ရက်ကနေ အောက်တိုဘာလ (၃) ရက်နေ့အထိ အမေရိကန်နိုင်ငံက စီးပွားရေးလုပ်ငန်းရှင်တွေ မြန်မာနိုင်ငံကို လာကြတယ်။ ဒီကိုလာကြတဲ့နေရာမှာ မြန်မာနိုင်ငံမှာ ဘယ်နေရာတွေ၊ ဘယ်လိုကဏ္ဍတွေမှာ သွားရောက်ပြီး တွေ့ဆုံဆွေးနွေးကြတာ ရှိသလဲဆိုတာကို ပြောပြလို့ရမလား။
ဖြေ ။ ။ ကျနော်တို့ US-ASEAN Business Council က ၂၀၁၂ အမေရိကန်ဘက် စီးပွားရေးပိတ်စို့မှုတွေ လွှတ်လွတ်ချင်း (၂) ရက်မှာ အခုလိုမျိုး ပထမဦးဆုံး ကျနော်တို့အခေါ် Business Mission စီးပွားရေးလုပ်ငန်းပေါင်း အမေရိကန်လုပ်ငန်းပေါင်း အခု (၂၀) (၁၅) ခု နှစ်စဉ် မြန်မာနိုင်ငံကိုခေါ်လာပြီးတော့ သက်ဆိုင်ရာအစိုးရအဖွဲ့တို့နဲ့ ပေးတွေ့တယ်။ သူတို့ရဲ့ မြန်မာနိုင်ငံကို ဝင်ရောက်ချင်တဲ့ အဖွဲ့တွေဖြစ်ဖြစ်၊ သို့မဟုတ် ဝင်နေပြီသား လုပ်ငန်းတွေဖြစ်ဖြစ်က သူတို့ကြုံတွေ့နေရတဲ့ အခက်အခဲလေးတွေ၊ လုပ်ချင်တဲ့ လုပ်ငန်းတွေကို ပွင့်ပွင့်လင်းလင်း အစိုးရအဖွဲ့ကို တင်ပြတယ်။ ဒီနှစ်ကတော့ ကုမ္ပဏီ (၁၂) ခု (၁၃) ခု ပါပါတယ်။ ပါလာတဲ့ ကုမ္ပဏီလုပ်ငန်းတွေကလည်း အမျိုးစုံပါ။ အဓိကတော့ အားသာတာကတော့ နည်းပညာပိုင်ဆိုင်ရာ အားသာတဲ့ ကုမ္ပဏီတွေ ပါပါတယ်။ Amazon, Google, Visa, Master Cards တို့လို ကုမ္ပဏီတို့က ဦးဆောင်ပြီးတော့ အခြားသော လုပ်ငန်းတွေဖြစ်တဲ့ ကိုကာကိုလာတို့လိုမျိုး၊ အသက်အာမခံခံ လုပ်ငန်းတွေ…
မေး ။ ။ လာကြတာ ဒိတ်ဒိတ်ကြဲ ကုမ္ပဏီတွေလို့ပဲ ပြောရမှာပေါ့။
ဖြေ ။ ။ ကျနော်တို့ ကိုယ်စားပြုတာလဲ အမေရိကန်မှာဆို Fortune 500 အကြီးဆုံးကုမ္ပဏီကြီးတွေ။ …. အကြီးဆုံးကုမ္ပဏီကြီးတွေ .. ကျနော်တို့က (၁၆၀) ကို ကိုယ်စားပြုပါတယ်။ အဲဒီထဲကရွေးပြီးတော့ မြန်မာနိုင်ငံရဲ့ ဈေးကွက်နဲ့ သင့်တော်မယ့်၊ မြန်မာနိုင်ငံဈေးကွက်ထဲမှာ လက်ရှိအလုပ်လုပ်နေ၊ investment လုပ်ဖို့ စိတ်ဝင်စားတဲ့ ကုမ္ပဏီတွေကို ခေါ်လာတာပါ။
မေး ။ ။ ဒီလိုမျိုးလာတဲ့ ခရီးစဉ်တွေမှာ ပိုပြီးတော့များ အားရစရာကောင်းတဲ့ အခြေအနေတွေ တွေ့ရသလား။ နှစ်စဉ်လာနေတဲ့ အတော်အတွင်းမှာ တဖြည်းဖြည်း အမေရိကန်ဘက်က စိတ်ဝင်စားမှု။
ဖြေ ။ ။ ဦးစွာပထမတော့ အမေရိကန်လုပ်ငန်းတွေ အထူးသဖြင့် လုပ်ငန်းကြီးတွေရဲ့ လုပ်ထုံးလုပ်စဉ်ကိုက အဲဒီလိုပဲ ကျနော်တို့မြန်မာနိုင်ငံရဲ့ ဈေးကွက်ဆိုတာ အခုမှစပြီးတော့ ပြောင်းလဲပြုပြင်လာမှုတွေ၊ ပွင့်လင်းလာမှုတွေက တဖြည်းဖြည်းလုပ်နေတာ။ သူများနိုင်ငံတွေလိုမျိုး ပြင်ဆင်မှုအချိန်ကလဲ အဲဒီလောက် အများကြီးမရဘူး။ ကျနော်တို့က နောက်ကျန်နေသလိုဖြစ်ပြီး၊ တံခါးပိတ်ဝါဒနဲ့ အရင်တုန်းက အုပ်ချုပ်ခဲ့တာဆိုတော့ အခုက ပြန်ပြီးတော့ လိုက်နေရတဲ့အချိန်မှာ အခက်အခဲကတော့ အများကြီးရှိပါတယ်။ နေချင်းညချင်း ကောက်ခါငင်ခါ စီးပွားရေးတိုးတက်ဖို့၊ နိုင်ငံတကာရင်းနှီးမြုပ်နံှမှုတွေ ဝင်လာဖို့ကို ကျနော်တို့ မျှော်လင့်လို့ မရဘူး။ သို့ပေမယ့် အမေရိကန်လုပ်ငန်းတွေက မြန်မာနိုင်ငံရဲ့ ဖြစ်ထွန်းနိုင်တဲ့ အလားအလာ၊ အောင်မြင်နိုင်တဲ့ အလားအလာ၊ လူငယ်ဈေးကွက်နဲ့ လူငယ်လုပ်အား - အဲဒီနှစ်ခုကို စိတ်ဝင်စားတယ်။ အဲဒါလဲ သိပ်အရေးကြီးတယ်။ မြန်မာနိုင်ငံတင် မဟုတ်ပါဘူး အရှေ့တောင်အာရျှမှာ ဖြစ်နေတဲ့ Trend တခုပါ။ အဲဒီတော့ ကျနော် သာဓကပြချင်တာကတော့ ဗိယက်နမ်ပါ။ အဲဒီမှာ စပြီးတော့ ကွန်မြူနစ်ကနေ အရင်းရှင်ဘက်ကို သွားတဲ့အခါမှာ စပြီးတံခါးဖွင့်ပေး၊ လမ်းကြောင်းဖွင့်ပေးတဲ့နေရာမှာ အလုံးအရင်းနဲ့ ဝင်လာတဲ့ စီးပွားရေးဆိုတာ မရှိသလောက်ပါ။ အမေရိကန်လုပ်ငန်းတွေဘက်က ဒါပေမဲ့ သူတို့ဝင်တယ်။ ဖြည်းဖြည်းချင်း ဒီဈေးကွက်ကို စောင့်ကြည့်တယ်။ လုပ်ထုံးလုပ်စဉ်တွေ၊ ဥပဒေမူကြမ်းတွေ၊ စီးပွားရေးလုပ်ဖို့ ဥပဒေမူကြမ်းတွေကို ညှိနှိုင်းတယ်။ အစိုးရဘက်က လိုက်လျောမှု ဘယ်လောက်ရှိသလဲဆိုတာကို ကြည့်တယ်။ ပြီးတော့ တကယ်ဝင်လာပြီဆိုရင်လဲ အလုံးအရင်းနဲ့ ပြီးတော့ သစ္စာရှိရှိနဲ့ ဝင်လာတယ်။
နောက်တခုက လုပ်ထုံးလုပ်စဉ်မှာ တာဝန်သိတဲ့ လုပ်ထုံးလုပ်စဉ်တွေ လုပ်ကိုင်ကြတယ်။ သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းတဲ့ လုပ်ထုံးလုပ်စဉ်တွေ။ လူ့အခွင့်အရေးတွေ၊ အလုပ်သမား အခွင့်အရေးတွေ ပဓာနထားတဲ့ လုပ်ထုံးလုပ်စဉ်တွေနဲ့ လုပ်ကိုင်တဲ့အတွက် လာမယ်၊ ဒါပေမဲ့ ကြာမယ်။ ရောက်ပြီဆိုရင်လဲ ရေရှည်နေမယ်။ အဲဒါကို ကျနော် ဦးစွာပထမပြောချင်တယ်။
နောက်တပိုင်း - အစိုးရဘက်မှာတော့ အားရစရာ၊ ပြုပြင်ပြောင်းလဲမှုတွေ လုပ်လာတာ တွေ့ပါတယ်။ အထူးသဖြင့် လတ်တလောကိစ္စ ပြောရမယ်ဆိုရင်တော့ အသက်အာမခံလုပ်ငန်း - အာမခံလုပ်ငန်းဆိုရင် ကျနော်တို့နိုင်ငံမှာ အကြာကြီး နှစ်ပေါင်းများစွာ ပုဂ္ဂလိက ဝင်ရောက်လုပ်ကိုင်ဖို့ အလွန်ခက်ခဲတယ်ဆိုတာကို ဆရာတို့လည်း သိမှာပါ။ ပြီးတော့ အခုလတ်တလောမှာ (၁၀၀) ရာခိုင်နှုန်း နိုင်ငံခြားပိုင် အသက်အာခမခံလုပ်ငန်းကို ကုမ္ပဏီ (၅) ခုကို ဖွင့်ခွင့်ပေးလိုက်တယ်ဆိုတာ ဒါက အစိုးရဘက်ကနေ ကောင်းမွန်တဲံ သင်္ကေတလို့ လုပ်ငန်းတွေ၊ စီးပွားရေးအုပ်စုတွေက မြင်ပါတယ်။ ယူဆကြပါတယ်။ အဲဒီ ဖွင့်ပေးလိုက်တဲ့ (၅) ခုထဲမှာ အမေရိကန်ကုမ္ပဏီတခုဖြစ်တဲ့ Chubb လည်းပါပါတယ်။ ကျနော်တို့ ကိုယ်စားပြုတဲ့ ကုမ္ပဏီ ဖြစ်ပါတယ်။ သူတို့လည်း ဒီ Mission မှာ လိုက်လာပါတယ်။
မေး ။ ။ အဲဒီတော့ မြန်မာနိုင်ငံကို ဒီတခေါက် ခရီးစဉ်မှာ သွားကြတဲ့ နေရာတွေထဲမှာ ဘာတွေကများ အထူးစိတ်ဝင်စားစရာကောင်းတယ်။ ဘယ်နေရာတွေကိုများ အာရုံစိုက်ပြီး အမေရိကန်လုပ်ငန်းရှင်တွေဘက်က အာရုံစိုက်မှု ပိုရှိသလဲ။
ဖြေ ။ ။ တခု ဒီနှစ်ထူးခြားတာကတော့ ပထမဦးဆုံးအကြိမ် - ကျနော်တို့လာနေတာ ၂၀၁၂ ထဲက အခုကြမှ ပထမဦးဆုံး မန္တလေးကို ကျနော်တို့အဖွဲ့ကို ခေါ်သွားပါတယ်။ မန္တလေးကို ခေါ်သွားတဲ့အကြောင်းရင်းကလဲ အဓိကထားတာ (၃) ခု ရှိတယ်။ ဦးစွာပထမ မန္တလေးရဲ့ ဗဟိုပထဝီအနေအထားက တရုတ်နဲ့ အိန္ဒိယအကြား။ ပြီးတော့က သူ့ရဲ့ အချက်အချာက အထက်မြန်မာပြည် ဈေးကွက်တခုလုံးကို ဝင်ရောက်ထိုးဖောက်နိုင်တယ်။ အဲဒီတော့ ရန်ကုန်တခုတည်းကိုပဲ အဓိကထားပြီး အာရုံထားနေလို့ မရဘူး။ မန္တလေးရဲ့ အရေးပါမှုကည်း တဖြည်းဖြည်းနဲ့ တိုးတက်လာပါတယ်။ ဒုတိယတပိုင်းက ASEAN Smart City Network မှာ မန္တလေးလည်း ပါလာတယ်။ Smart City Network နဲ့အတူတူ နည်းပညာတွေ၊ Smart City အဆင့်ကိုရောက်ဖို့ နည်းပညာများစွာ လိုတော့မယ်။ လိုတဲ့အခါမှာ အမေရိကန်ကုမ္ပဏီတွေက နည်းပညာနဲ့ ပတ်သက်လာရင်တော့ ကမ္ဘာမှာ နံပတ်တစ်လို့ ကျနော်တို့ ပြောလို့ရတယ်။ အခြားနိုင်ငံတွ နည်းပညာတွေ တိုးတက်တာရှိတယ်။ ဒါပေမဲ့ အမေရိကန်ရဲ့ လုပ်ထုံးလုပ်စဉ်နဲ့ နည်းပညာကတော့ သူတို့ရဲ့ အားသာချက်တခု ဖြစ်တယ်။ အဲဒါကို ကျနော်တို့က ချပြချင်တယ်။ ပူးပေါင်းဆောင်ရွက်ဖို့ နည်းလမ်းတွေ ရှာဖွေချင်တယ်။ အဲဒါကြောင့် မန္တလေးကို ဝင်ရောက်လေ့လာခြင်းဖြစ်တယ်။ နောက်ဆုံးတခုကတော့ မဟာဗျူဟာနည်းနဲ့ပဲကြည့်ကြည့်၊ နိုင်ငံရေး၊ စီးပွားရေး၊ နှစ်ခုစလုံး ဆက်စပ်နေတဲ့ ကိစ္စ ဖြစ်တယ်။ အဲဒါက ဘာလဲဆိုတော့ မန္တလေးမှာ တရုတ်နိုင်ငံရဲ့ လွှမ်းမိုးလွှမ်းခြုံမှု ပိုပြီးတော့များလာတယ်။ ကျနော်တို့ ဒါကို လူတိုင်းလည်းသိတယ်။
အဲဒီတော့ ကျနော်တို့ပြောတာက တရုတ်ကိုပဲ အကုန်လုံးပုံရမယ်။ အမေရိကန်ကိုပဲ အကုန်လုံး ယုံရမယ် မဟုတ်ဘူး။ ဒါပေမဲ့ ရွေးချယ်စရာ နည်းလမ်းတွေ နိုင်ငံတနိုင်ငံဖြစ်ဖြစ်၊ မြို့တမြို့ဖြစ်ဖြစ်မှာ ရှိရမယ်။ ရွေးချယ်စရာ စီးပွားရေးတွေ ရှိရမယ်။ အဲဒါမှလဲ တဦးတယောက်၊ နိုင်ငံတနိုင်ငံက နယ်မြေတခုကို အပိုင်စားရသလို ချယ်လှယ်လို့ မရတော့ဘူး။
မေး ။ ။ ကိုလှဘုန်းမြင့်တော့ သတိထားမိသလား မသိဘူး။ ဆောက်လုပ်ရေးလုပ်ငန်းတွေမှာ တရုတ်ဝန်ထမ်းတွေကိုယ်တိုင် လာပြီးတော့ လုပ်နေတာ ရှိသလို၊ နောက်ကွယ်ကနေ တရုတ်စီးပွားရေး လုပ်ငန်းရှင်တွေက ပံ့ပိုးပေးထားတဲ့ လုပ်ငန်းတွေ။
ဖြေ ။ ။ အဲဒီမှာ ကွာသွားတာပဲ .. ဘာဖြစ်လို့လဲဆိုတော့ တရုတ်လုပ်ငန်းတွေက လမ်းပန်းတံတားဆက်သွယ်ရေး Infrastructure projects တွေကို သူတို့ရင်းနှီးမြုပ်နံှတယ်လို့ ပြောတယ်။ အဲဒီရင်းနှီးမြုပ်နံှမှု နောက်ကွယ်မှာ ဝင်လာတဲ့ လုပ်ငန်းသုံးပစ္စည်းတွေ။ သုံးတဲ့အလုပ်သမားတွေ အကုန်လုံး သူတို့လူ သူတို့ခေါ်လာတယ်။ သူတို့ပစ္စည်း သူတို့ ယူလာတယ်။ မြန်မာနိုင်ငံရဲ့ ဈေးကွက်၊ မြန်မာနိုင်ငံရဲ့ ပြည်သူတွေ စားဝတ်နေရေး ပြေလည်ဖို့၊ ချပေးတယ်ဆိုတာ မရှိသလောက်ပဲ။
မေး ။ ။ အလုပ်အကိုင် ဖန်တီးပေးတယ်ဆိုတာ မရှိဘူး။ နည်းတယ်။
ဖြေ ။ ။ အဲဒီတော့က အမေရိကန်နဲ့ ယှဉ်လိုက်ရင် အဲဒီမှာ ဆီနဲ့ရေ ကွာတယ်။ အမေရိကန်လုပ်ငန်းတွေက ဝင်လာပြီးဆိုရင် သုံးတာက မြန်မာနိုင်ငံသူ နိုင်ငံသားတွေကို ငှားတယ်။ ပြီးတော့ အလုပ်သမားငှားတယ်ဆိုတဲ့ နောက်ကွယ်မှာ အလုပ်သမားရဲ့ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေး Training- Professional training or Technical training ဖြစ်ဖြစ် ဒါတွေကို လုပ်ငန်းနဲ့တွဲပြီးပေးတယ်။ အဲဒီမှာ ပြည်သူအကျိုးပြုမှုမှာ ဆီနဲ့ရေ ကွာသွားတယ်။ အဲဒါတွေကို ကျနော်ထောက်ပြချင်တာပါ။
မေး ။ ။ ဒီမိုကရေစီအစိုးရလည်း ဖြစ်တယ်။ အနောက်အုပ်စုတွေကလည်း ဒီဟာကို လိုလိုလားလား - NLD အစိုးရ တက်မလာခင်ကတည်း ရှိခဲ့ကြတယ်ဆိုတော့ တကယ်လို့များ NLD အစိုးရ ဖြစ်လာခဲ့ရင် ရင်းနှီးမြုပ်နံှမှုတွေ ရောက်လာပြီးတော့ အလုပ်အကိုင်တွေလည်း ဖန်တီးမယ်။ နိုင်ငံခြားကုမ္ပဏီတွေ မှိုလိုပေါက်လာမယ်လို့ အဲဒီပုံရိပ်ကို လူထုအများစုက ရှိခဲ့ကြတယ်။ သို့သော်လဲ တကယ့်တကယ်မှာ လက်တွေ့မှာ လုပ်ရတဲ့ အခက်အခဲတွေ အများကြီးရှိတယ်။ မြန်မာနိုင်ငံဘက်က နည်းနည်းဝန်လေးမှုတွေ ရှိသလို၊ နောက် မြန်မာနိုင်ငံမှာ ဖြစ်နေတဲ့ နိုင်ငံရေးအနေအထားတွေအရလဲ ပြည်ပကနေ အမေရိကန်မှမဟုတ်ဘူး၊ ဥရောပနိုင်ငံတွေနဲ့ အခြားနိုင်ငံတွေက ရင်းနှီးမြုပ်နံှမှုအတွက် စဉ်းစားစရာအချက်တွေက ပေါ်လာတယ်ဆိုတော့ အဲဒီလိုမျိုး အနေအထားမျိုးမှာ အခုရောက်လာတဲ့ - အခုနောက်ဆုံး ကိုလှဘုန်းမြင့်နဲ့လာတဲ့ အဖွဲ့တွေက ဒါတွေကို ကျော်လွှာပြီး မြင်နိုင်သလား။
ဖြေ ။ ။ ဒီမိုကရေစီနိုင်ငံတခု ဖော်ဆောင်ဖို့အတွက် ကြန့်ကြာမှုတွေ၊ အနှောင့်အသွား မညီတာတွေ၊ မလွတ်တာတွေ၊ အခက်အခဲတွေ အများကြီးကြုံတွေ့ရမှာပါ။ အဲဒါတွေကို တခုချင်း ဖြေရှင်းဖို့ဆိုတာလဲ ဘယ်အစိုးရဖြစ်ဖြစ်၊ ဘယ်ပါတီပဲဖြစ်ဖြစ် အချိန်တခုပေးရမယ်။ ဒါကို ကျနော်တို့ နားလည်ပါတယ်။ ဒါပေမဲ့ အမေရိကန်ဘက်က အလုံးအရင်းမဝင်တာ အခုနပြောသလိုပဲ အချိန်ကြာတယ်။ သူတို့ရဲ့ လုပ်ငန်းတွေက ဈေးကွက်တခုကို ဝင်တော့မယ်ဆိုရင် - ဝင်ရင်လဲ သူုတို့က အလုံးအရင်းနဲ့ဝင်တယ်။ ဝင်ဖို့ကိုလဲ အချိန်အကြာကြီးယူပြီးတော့ စဉ်းစားတယ်။
နောက်တခုရှိတဲ့ ပြဿနာက ဘာလဲဆိုတော့ ဒီနေရာမှာတော့ ကျနော်က အစိုးရဘက်ကို နည်းနည်းလေး တိုက်တွန်းချင်တယ်။ ပိုပြီးတော့ သူတို့ရဲ့ Outreach ကို မြှင့်တင်သင့်တယ်ဆိုတဲ့ အပိုင်း။ အဲဒါ ဘာလဲဆိုရင် ရခိုင်အရေး - အဲဒီမှာ ပြဿနာက ဘာဖြစ်နေလဲဆိုတော့ ကျနော်တို့ဘက်က အစိုးရဘက်က သူတို့ရဲ့ ဖြစ်ပုံဖြစ်စဉ်တွေကို နိုင်ငံတကာမီဒီယာတွေ၊ နိုင်ငံတကာကို ပွင့်ပွင့်လင်းလင်း ချပြဖို့ ပိုပြီးတော့ လိုအပ်တယ်လို့ ကျနော်ထင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ အခုဟာက ကျနော်တို့ရဲ့ ဖြစ်ပုံဖြစ်စဉ်ကို ကျနော်တို့က မပြောတော့ ကျနော်တို့အတွက် သူများက ပြောသွားတယ်။ သူများပြောတဲ့ Version ကို ကျနော်တို့လည်း ကြိုက်မှာမဟုတ်ဘူး။ အဲဒါ ကျနော်တို့မှာ ဖြစ်နေတယ်။ ကိုယ်ဘက်ကနေ တတ်နိုင်တဲ့ အင်အားနဲ့ ပြန်ပြီးတော့ လိုက်ရမယ်။ ပြန်ပြီးတော့ Fight ရမယ့် အနေအထားကို ရောက်နေပြီ။ ဒါကို နည်းနည်းလေး ပိုပြီးတော့ အားထည့်ပေးဖို့ ကျနော်အနေနဲ့ အပြုသဘောဆောင်တဲ့သဘောနဲ့ တိုက်တွန်းချင်ပါတယ်။
မေး ။ ။ ကိုလှဘုန်းမြင့် ကျေးဇူးအများကြီးတင်ပါတယ်။
ဖြေ ။ ။ ကျနော်ကလည်း အခုလိုမျိုး အချိန်ယူပြီး မေးမြန်းပေးတဲ့အတွက် VOA ကို ကျေးဇူးတင်ပါတယ်။