သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့အရေး ကန်လွှတ်တော်သစ်အနေနဲ့ တရုတ်ကို ဖိအားပေးရေး ကြိုးပမ်းမှုများ


LA2M လော့စ်အိန်ဂျိလိ မြန်မာလှုပ်ရှားမှုအဖွဲ့ တည်ထောင်သူ ဦးဂျိမ်းစ်ရွှေ ကို မအင်ကြင်းနိုင်က Zoom ကနေ ဆက်သွယ်မေးမြန်း
LA2M လော့စ်အိန်ဂျိလိ မြန်မာလှုပ်ရှားမှုအဖွဲ့ တည်ထောင်သူ ဦးဂျိမ်းစ်ရွှေ ကို မအင်ကြင်းနိုင်က Zoom ကနေ ဆက်သွယ်မေးမြန်း

မြန်မာစစ်ကောင်စီကို မိတ်ဖက်အဖြစ် ဆက်ဆံနေတဲ့ တရုတ်ကို ဖိအားပေးဖို့ ရီပါပလင်ကန်တွေ ကြီးစိုးထားတဲ့ အမေရိကန်လွှတ်တော်သစ်ကို မြန်မာနွယ်ဖွားတွေ ချဥ်းကပ်ဆောင်ရွက်ဖို့ရှိကြောင်း LA2M လော့စ်အိန်ဂျိလိ မြန်မာလှုပ်ရှားမှုအဖွဲ့ တည်ထောင်သူ ဦးဂျိမ်းစ်ရွှေက ဗွီအိုအေကိုပြောပါတယ်။ သက်ဆိုင်ရာ မဲဆန္ဒနယ်မြေတွေမှာ နေထိုင်နေတဲ့ မြန်မာနွယ်ဖွားတွေရဲ့ အသံတွေ အမေရိကန်လွှတ်တော်ကို ရောက်နိုင်ရေး ကြိုးပမ်းမှုတွေနဲ့ ပတ်သက်လို့ ဦးဂျိမ်းစ်ရွှေကို မအင်ကြင်းနိုင်က Zoom ကနေ ဆက်သွယ်မေးမြန်းထားပါတယ်။

မအင်ကြင်းနိုင် ။ ။ တရုတ်ပေါ်သဘောထား တင်းမာမှု့ကို အများဆုံးရှိနေတဲ့ Republican တွေအများဆုံး ကြီးစိုးမယ့် အခုအမေရိကန်လွှတ်တော်ကို ချဥ်းကပ်မှု့ မြန်မာနိုင်ငံကိစ္စနဲ့ ချဥ်းကပ်မယ်ဆိုရင် ဦးဂျိမ်းစ်ရွှေဘက်က အဓိကဘယ်လို ရည်မှန်းချက်နဲ့ ချဥ်းကပ်မလဲရှင့်။

ဦးဂျိမ်းစ်ရွှေ ။ ။ ဒို့တွေကတော့ သိပ်ပြီးတော့ တရုတ်ကို တင်းတင်းမာမာကြီး မချဥ်းကပ်ချင်ဘူး။ သူက အိမ်နီးချင်းဆိုတော့ သူတို့နဲ့က ဒို့တွေက အိမ်ပြောင်းလို့လည်း မရဘူးလေ။ အဲဒီတော့ အခု တရုတ်ကို တောင်းဆိုတာ ခင်ဗျားတို့နဲ့ ကျနော်တို့နဲ့ ဒီလို mutually beneficial နှစ်ဦးနှစ်ဘက် အကျိုးရှိတဲ့ ဆက်ဆံမှုမျိုးနဲ့ ကျနော်တို့ ဆက်ဆံချင်ပါတယ်ပေါ့နော်။ သူတို့ကို ရန်သူအနေနဲ့ မထားချင်ဘူး။ ဒါပေမဲ့ မျှမျှတတ ဆက်ဆံပြီးတော့ ပြည်သူတွေရဲ့ ဆန္ဒကို သူတို့ ဒီလို ကပျက်ကယက် မလုပ်စေချင်ဘူးပေါ့လေ။ လစ်လျှူရှု့ မထားစေချင်ဘူး။ အဲဒီနည်းနဲ့ ဆက်ဆံချင်တယ်။ ဒါပေမဲ့ တရုတ်ကို ဒီစစ်ကောင်စီကို ပုံအောပြီးတော့ တိုင်းသူပြည်သားတွေရဲ့ ဆန္ဒကို လုံးဝလစ်လျှူရှု့ပြီးတော့ စစ်ကောင်စီ ဆက်လက်တည်မြဲနေပြီးတော့ ဖိနှိပ်နေဖို့အတွက် တရုတ်ကို ဖိအားပေးစေချင်တာ အမေရိကန်ကို။ ဒီတစ်မျိုးပဲရှိတယ်။ အဲဒီတော့ ဒါတွေကိုတော့ အခုလောလောဆယ်မှာ ရုတ်သိမ်းလို့က မဖြစ်ဘူး။ ဒါပေမဲ့ တရုတ်ကို စစ်ကောင်စီကို ပုံအောပြီးတော့ တိုင်းသူပြည်သားတွေရဲ့ ဆန္ဒကို လုံးဝလစ်လျှူရှု့ပြီးတော့ စစ်ကောင်စီ ဆက်လက်တည်မြဲနေပြီးတော့ ဖိနှိပ်နေဖို့အတွက်ကို ဖိအားပေးတာကို တရုတ်ကို အမေရိကန်က ဖိအားပေးစေချင်တာ။

မေး ။ ။ တဆတ်ထဲမေးချင်တာက ဒီလိုမြန်မာနိုင်ငံနဲ့ ပတ်သက်လို့ရှိရင် ဘယ်လိုသီးခြားမူဝါဒတွေကို လုပ်ဆောင်ဖို့ တောင်းဆိုဖို့ရှိလဲရှင့်။

ဖြေ ။ ။ သီခြားမူဝါဒဆိုတာ အခု Burma Act က ဗမာပြည်အတွက် သီခြားမူဝါဒေလ သူက ဥပဒေ ဖြစ်ပြီးသား။ ဥပဒေ ဖြစ်ပြီးသားဆိုတော့ Trump ရဲ့ နောက်အစိုးရတက်လာရင်လည်း သူတို့ Burma Act က ဆက်ရှိနေမှာဘဲ။ သူတို့ဖျက်ဖို့ဆိုတာက ဥပဒေဖြစ်သွားရင် Congress ကပဲ ပြန်ဖျက်လို့ရတာကို။ အဲဒီတော့ ဘယ်သူမှ အချိန်ကုန်ခံပြီးတော့ ဖျက်ဖို့ကြိုးစားမှာ မဟုတ်ဘူး။ အဲဒီတော့ Burma Act က ရှိနေမှာ။ အဲဒီထဲမှာပါတဲ့ဟာတွေကို အကောင်အထည်ဖော်တာက နည်းနည်းနှေးနေတယ်။ ပထမ Burma Act က ထွက်လာတယ်။ သူက ပြဌာန်းထားတဲ့ဥစ္စာတွေကို အကောင်အထည်ဖော်ဖို့က ငွေမရှိလို့ Appropriation Budget မရှိတာနဲ့ သူတို့ တနှစ်ကျော်လောက် နောက်ကျတယ်။ ဒါပေမဲ့ အခု သူတို့ စတော့လုပ်နေပြီးတော့ မနှစ်တုန်းကဆိုရင် စက်တင်ဘာလောက်မှာ သူတို့ USAID အဲဒီ Package ထဲမှာရှိတာ သန်း ၁၀၀ ကျော် သုံးပြီးပြီ။ ဒါပေမဲ့ သုံးစွဲတဲ့နေရာတွေမှာ ပိုပြီးတော့ ထိရောက်အောင် ထင်သာမြင်သာရှိအောင် အဲဒီအတွက်ကို တောင်းဆိုရမှာပေါ့လေ။

မေး ။ ။ အဲဒီနေရာမှာ ဘယ်လို စိန်ခေါ်မှုတွေ ရှိနေလဲရှင့်။ နောက်ပြီးတော့ ဒါတွေကို ဘယ်လို ကျော်လွှားမလဲရှင့်။

ဖြေ ။ ။ Biden Administration ကတော့ ဒို့တွေ မြင်တာ ယူဆတာပေါ့။ သူတို့က သိပ်ပြီးတော့ တရုတ်ပြည်နဲ့ ထိပ်တိုက်မတွေ့ချင်ဘူးနဲ့ တူတယ်။ အဲဒီတော့ တရုတ်ပြည်နဲ့ ထိပ်တိုက်မတွေ့ချင်ဘူး။ ပတ်ဝန်းကျင်နိုင်ငံတွေနဲ့ သူတို့ ပိုပြီး‌တော့ သင့်မြတ်အောင် နေချင်တဲ့အတွက် အဲဒီလူတွေ မကြိုက်တာဆိုရင် သူတို့က ဖြေးဖြေးနှေးနှေးပဲ လုပ်တယ်နဲ့ တူတယ်။ အဲဒီတော့ သူတို့ရဲ့ implementation ကတော့ သိပ်ပြီးတော့ အားမရကြဘူး။ implementation ကို Burma Act ကို အကောင်အထည် ဖော်တဲ့နေရာမှာ မြန်မြန်ဆန်ဆန် ဖော်လိုက်ရင် တော်လှန်ရေးအတွက် ပိုပြီးတော့ အကျိုးရှိမယ်လို့ ဒို့တွေ ယူဆရတယ်။ အဲဒီတော့ အဲဒီအတွက်ကိုပဲ တောင်းရမှာ။ တောင်းမယ်ဆိုတော့ Burma Act က Active ဖြစ်နေပြီဆို‌တော့ Congress နဲ့တော့ သိပ်မဆိုင်တော့ဘူး။ အခုဝန်ကြီးများအဖွဲ့ နောက်ဆက်လာတဲ့အဖွဲ့က သူတို့ ဘယ်လိုအကောင်အထည် ဖော်မလဲဆိုတာလေ အဲ့ဒါကိုပဲ သူတို့ ကြိုးစားပြီးတော့ တွန်းရမှာပေါ့။

မေး ။ ။ အဲဒီတော့ ဒီလို မြန်မာ့အရေးကို ပိုပြီးတော့ အမေရိကန်အစိုးရအနေနဲ့ကော လွှတ်တော်ကပါ အာရုံစိုက်လာဖို့ဆိုရင် အခု မြန်မာနွယ်ဖွားတွေဘက်က ဘယ်လို ပါဝင်ဆောင်ရွက်သင့်လဲရှင့်။

ဖြေ ။ ။ ဥပဒေအရ မဲဆန္ဒရှင်တယောက်က သူ့ရဲ့ လွှတ်တော်ကိုယ်စားလှယ်ကို တိုက်ရိုက် ဆက်သွယ်ခွင့် ရှိတယ်။ ဒီမှာ ငြင်းလို့မရဘူး။ မရတော့ ဗမာတွေက အခုရှိတဲ့ပြည်နယ် (၅၀) မှာ (၅၀) စလုံမှာတော့ ဗမာတွေ ရှိကြတယ်။ အဲဒီတော့ ဗမာတွေကို တို့တွေအရင်နှစ်တုန်းကလည်း Appropriation Budget ချပေးတဲ့နေရာမှာ House and Senate အထက်လွှတ်တော် အောက်လွှတ်တော် (၁၁၁) သန်းကို သန်း (၅၀) ကွဲနေတဲ့ဟာကို လုပ်တုန်းကလည်း တခါလုပ်ပြီးပြီ ‌အောင်မြင်တယ်လေ။ အဲဒီလူတွေကို ဆက်ပြီးတော့ အသိပေး စည်းရုံးရမှာပေါ့။ သူတို့ သိအောင်လို့ သတင်းပေးဖို့က အရေးကြီးတယ်။ အဲဒီတော့ သူတို့ သိစေချင်တဲ့အချက်တွေ ဥပမာဆိုရင် တချို့ဆိုရင် ဗမာပြည် ဘယ်မှာရှိမှန်းတောင် မသိတဲ့သူ ရှိရင်ရှိတယ်။ ဘာလို့ဆိုရင် သူတို့က ရွေးကောက်ခံရကြတာကို။ ဝန်ကြီးဌာနက လူတွေကကြတော့ သူတို့မှာက Intelligent agencies (၁၈) ခုလောက် ရှိတယ်ဆိုတော့ သူတို့က များသောအားဖြင့် ပိုသိကြတယ်။ Congress က လူတွေကြတော့ သူတို့က တကမ္ဘာလုံးအတွက်ကို စဥ်စားရတော့ အလုပ်တွေကများတော့ သူတို့ရဲ့ legislation assistants သူတို့ရဲ့ လက်ထောက်တွေကို အားကိုးရတယ်။ အဲဒီလက်ထောက်တွေလည်း သိအောင်လို့ဆိုပြီး မြန်မာပြည်အကြောင်းကို သူတို့ သိသင့်တဲ့ဟာတွေပေါ့နော်။ ဥပမာဆိုရင် ကျနော်တို့ ဗမာပြည်မှာ အခုထက်ထိ ဒီလိုပြဿနာတွေ ရှိပါတယ်။ NUG ဆိုတာက ဘယ်လိုပါ။ နောက် ကျနော်တို့ အများပြောသလို မြန်မာပြည် တစစီကွဲသွားမယ်တို့ ဘာတို့ဆိုတာ မဟုတ်ပါဘူး။ ကျနော်တို့ တိုင်းရင်းသားတွေ စည်းလုံးပါတယ်။ ကျနော်တို့ လူမှု့ရေး အကူအညီတွေ လိုပါတယ်။ ကျနော်တို့ ဗမာပြည်မှာ ကမ္ဘာပေါ်မှာ မြေရှားသတ္တုထုတ်တာ အများဆုံးပါ။ သူတို့ စိတ်ဝင်စားအောင်လေ။ ပြီးတော့မှ ဒီ China - Myanmar Economic Corridor က တကယ်တမ်းကြတော့ တရုတ်ပြည်အတွက် မဟာဗျူဟာတွေအတွက် သိပ်ကိုအရေးကြီးတယ်။ ပြီးတော့မှ ရေနံပိုက်လိုင်းတွေ အဲ့ဒါတွေကလည်း တရုတ်သည် သူတို့ရဲ့ စီးပွားရေးအတွက်ကော ‌နောက်နိုင်ငံတော် လုံခြုံရေးအတွက်ကော လေယာဥ်ပျံဆီ မရှိလို့ရှိရင် စစ်တိုက်လို့မရတဲ့ ပုံစံမျိုး ရှိတယ်။ အဲဒီတော့ အဲ့ဒါတွေ အကုန်လုံးကို သူတို့ သိသင့်သိထိုက်တာတွေကို ရေးထားပြီးတော့ မဲဆန္ဒရှင်တွေအနေနဲ့ သူတို့ရဲ့ လွှတ်တော်ကိုယ်စားလှယ်တွေကို တိုက်ရိုက်ဆက်သွယ်ပြီးတော့ သူတို့တွေက အဲဒီအမတ်တွေကို ချဥ်းကပ်ရတာပေါ့လေ။ ကျနော်တို့က ဗမာပြည်မှာ ဗမာနွယ်ဖွား ဒီဟာက အမေရိကန် နိုင်ငံသားတွေပါ။ ကျနော်တို့ဟာ ကျနော်တို့ သဘောထားနဲ့ ဒီဥစ္စာတွေကို တောင်းဆိုပါတယ်။ NUG ကိုလည်း ကျနော်တို့တောင်းဆိုတယ်။ ခင်ဗျားတို့ကိုလည်း တောင်းဆိုတာပေါ့လေ။ အဲ့ဒါမျိုးနဲ့ဆိုတော့ Constituent တွေအနေနဲ့ တိုက်ရိုက်တောင်းဆိုတာကလည်း တော်တော်ထိရောက်တယ်လို့ ယူဆတယ်။ ပြီးတော့မှ ဗမာတွေတင် မဟုတ်ဘူးလေ။ ဗမာတွေကို ထောက်ခံတဲ့ တခြားတရုတ်ပြည်က လူတို့၊ ထိုင်ဝမ်ကလူတို့၊ ကမ္ဘောဒီးယားက လူတို့ အဲဒါမျိုးတွေကလည်း အကုန်လုံး ဝိုင်းပြီးတော့ လုပ်ပေးကြတယ်။ ‌နောက်တချို့ အချင်းချင်း မဲဆန္ဒရှင်အချင်းချင်း တခြားလူတွေကလည်း ဝိုင်းလုပ်လို့ရတယ်ဆို‌တော့ ဒို့တွေ ဒီကိစ္စကို လူအများသိပြီးတော့ အများက ကူညီချင်တဲ့စိတ်ရှိလို့ရှိရင် အလုပ်ဖြစ်တယ်လို့ ဒို့တွေ ယူဆတယ်။ ဆို‌တော့ အဲ့ဒါမျိုး ပြင်ဆင်နေတယ်။

မေး ။ ။ အဲဒီမှာ စောစောကလည်း ထောက်ပြသွားတယ်။ အမေရိကန်မှာ ဒီ Burma Act လိုဟာမျိုး ရှိနေရဲ့သားနဲ့ ထိထိရောက်‌ရောက် ဆောင်ရွက်မှုတွေ အားနည်းနေတဲ့အခါကြတော့ အခု Trump အစိုးရလက်ထက် ‌နောက်တခါ Republican တွေ ကြီးစိုးမယ့် လွှတ်တော်မှာ အမေရိကန်ရဲ့ အခန်းကဏ္ဍ အထူးသဖြင့် မြန်မာ့ဒီမိုကရေစီရေးနဲ့ လူ့အခွင့်အရေးမှာ အမေရိကန်ရဲ့ အခန်းကဏ္ဍ ကို ဘယ်လို မျှော်လင့်လဲရှင့်။

ဖြေ ။ ။ စောတုန်းကပြေတဲ့ အတိုင်းပဲ Burma Act ကတော့ ဥပဒေဖြစ်နေပြီ ဆက်သွားမှာပဲ။ နောက် USAID တို့ ဘာတို့လည်း များသောအားဖြင့်က အဲဒါမျိုး ဗျူရိုကရက်အဖွဲ့အစည်းတွေဆိုရင် ခေါင်းဆောင်ပိုင်းပဲ ပြောင်းသွားတာ အစိုးရပြောင်းတဲ့အခါ။ အောက်က လုပ်တဲ့လူတွေကတော့ လုပ်ရိုးလုပ်စဥ်အတိုင်း ဆက်လုပ်မှာပဲ။ အဲဒီတော့ ဒို့တွေနဲ့ ဆက်သွယ်တဲ့ လူတွေကလည်း များသောအားဖြင့်က အောက်ကလူတွေဆိုတော့ သူတို့နဲ့က အဆက်အသွယ် ရှိပြီးသားဆို‌တော့ သူတို့ ဆက်လက်တော့ တောင်းလို့ရနေမှာပဲ။ ပြီးတော့မှ သူတို့တွေ ပြောတော့ နည်းနည်းပြင်ပေးတယ်။ မနှစ်တုန်းကဆိုရင် USAID ဆိုရင် သူတို့က ငွေချပေးတာက USAID Partners ဆိုတဲ့ လူတွေကိုပဲငွေချပေးတာ ဘာလို့ဆိုရင် ငွေပမာဏများတော့ သူတို့ အလွဲသုံးစားတွေ ဘာတွေလုပ်မှာစိုးလို့လေ။

အဲဒီတော့ NUG တို့ ဘာတို့ကို သူတို့ တိုက်ရိုက်ပေးမှာ မဟုတ်ဘူး။ ဒါပေမဲ့ လိုအပ်ချက်တွေကို ဝင်ပြီးတော့ Coordinate လုပ်ခွင့်ပေးပါ NUG နဲ့ ERO တွေကိုဆိုတော့ မနှစ်တုန်းကစပြီးတော့ သူတို့ လုပ်ပေးတယ်။ ပြီးတော့မှ UN တခုထဲပေးရင် တခါတလေကျရင် စကစ က ဖြတ်ပြီးပြီးတော့ လက်နက်အနေနဲ့ သုံးတယ်။ အဲဒီတော့ ခင်ဗျားတို့ Alternative Channel တခြားပေးတဲ့ နည်းလမ်းတွေကိုလည်း ခင်ဗျားတို့ စမ်းသပ်ကြည့်ပါဆိုတော့ သူတို့ အဲဒါလည်း လုပ်တယ်။ ဒီလိုပဲ ဖြေးဖြေးပြောယူရမှာပဲ။ ဒါပေမဲ့ ဒီ Republican ကြတော့ သူတို့က ပြည်တွင်းရေးကို များသောအားဖြင့် ပိုအသားပေးတယ်။ ပြီးတော့ ငွေရေးကြေးရေး သုံးစွဲမှု့ကိုလည်း သူတို့က ပိုပြီးတော့ ဂရုစိုက်တယ်။ ဆို‌တော့ ပေးတဲ့ Aid ကတော့ Amount ပမာဏကတော့ နည်းသွားနိုင်တယ်။ ဒါပေမဲ့ နည်းနည်းနဲ့ကိုပဲ ပိုထိထိရောက်ရောက် လုပ်ပေးနိုင်ရင် မဆိုးဘူးလို့ ယူဆတယ်။ ဘာလို့ဆိုရင် ဒို့တွေ ဗမာပြည်မှာ လိုအပ်ချက်က အရမ်းများတယ်။ အဲဒီတော့ အမေရိကန်က သန်းတရာကျော်ပေးတယ် ဆိုရင်လည်း အခု IDPs တွေတင် ဘယ်လောက်ရှိနေပြီလဲ။ အဲဒီတော့ IDPs (၅) သန်း ရှိတယ်။ သန်းတစ်ရာဆိုရင် လူတယောက် ဘယ်လောက်ရမလဲ။ အဲဒီတော့ ပမာဏက နည်းနေလို့ ထင်သာမြင်သာ မရှိတာ။ အဲဒီတော့ အမေရိကန်ဆိုရင် အဲ့လိုပဲ ကျန်တဲ့တိုင်းပြည်တွေကနေပြီးတော့ နည်းနည်းပိုပြီးတော့ ကူညီဖို့ - ဥပမာဆိုရင် ဂျပန်ဆိုရင် ပိုကူညီနိုင်တယ်။ အိန္ဒိယ ကူညီနိုင်တယ်။ China ကူညီနိုင်တယ်။ ဒါပေမဲ့ သူတို့တွေဆီက အကူအညီတွေက နည်းနေတယ်။ တချို့တွေဆိုရင် ရှိတောင်မရှိဘူး။ ဟုတ်တယ်မှတ်လား။ China က ဒီလို Humanitarian assistance ပေးတယ်ဆိုတာ သိပ်မကြားဘူးဖူး။ အဲဒါမျိုးတွေကို သူတို့လိုက်ပြီးတော့ သူတို့ကိုယ်တိုင် မပေးချင်ရင်တောင်မှ မပေးနိုင်ရင်တောင်မှ သူတို့ ကူညီပြီးတော့ လှုံဆော်ပေးနိုင်ရင် အကျိုးရှိမယ်လို့ ယူဆပါတယ်။

မအင်ကြင်းနိုင် ။ ။ ဟုတ်ကဲ့ ဦးဂျိမ်းစ်ရွှေရှင့် အခုလိုမျိုး ကျမတို့ မေးတဲ့မေးခွန်းတွေကို အချိန်ပေးပြီး ဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။
ဖြေ ။ ။ ကျနော်ကို ခေါပြီးမေးတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်။

Forum

XS
SM
MD
LG