မြန်မာနိုင်ငံရဲ့ ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနဲ့ တရားစီရင်ရေး မဏ္ဍိုင်ကြီးသုံးရပ်မှာ အမျိုးသမီးတွေ ပါဝင်မှုနည်းနေရသေးတာ ဘာ့ကြောင့်ပါလဲ၊ ဒါနဲ့ပတ်သတ်တဲ့ လက်ရှိမူဝါဒတွေကိုရော ထိထိရောက်ရောက် အကောင်အထည်ဖော်ပါရဲ့လား၊ WLB အထွေထွေအတွင်းရေးမှူး မလွေးပိုးငယ် ကို VOA ဝိုင်းတော်သား ကိုကျော်ကျော်သိန်းက တွေ့ဆုံမေးမြန်းထားပါတယ်။
မေး ။ ။ မလွေးပိုးငယ် ကျနော်တို့ VOA ကို တွေ့ဆုံမေးမြန်းခွင့်ပြုတာကို အထူးပဲကျေးဇူးတင်ပါတယ်။ ပထမဦးဆုံးမေးခွန်းက လက်ရှိမြန်မာနိုင်ငံရဲ့ ကဏ္ဍကြီး (၃) ရပ် - ဥပဒေပြုရေး၊ အုပ်ချုပ်ရေး နဲ့ တရားစီရင်ရေး ကဏ္ဍကြီး (၃) ရပ်မှာ ကျနော်တို့ အခုစကားပြောနေချိန်နဲ့ ပြောမယ်ဆိုရင် အမျိုးသမီးတွေရဲ့ ပါဝင်မှု တိုးတက်လာပြီလို့ ပြောလို့ရပါပြီလား။
ဖြေ ။ ။ တိုးတက်လာပြီလို့တော့ ပြောလို့မရသေးဘူး။ ဘာဖြစ်လို့လဲဆိုရင် ဥပဒေပြုရေးမှာ တစ်ဆယ်ရာခိုင်နှုန်းပဲ ရှိသေးတယ်။ ကျန်တဲ့ အုပ်ချုပ်ရေး၊ တရားစီရင်ရေးတို့မှာ မပြောပလောက်တော့ဘူး။ ပါတော့ပါတယ် တကယ့်အောက်ခြေမှာပဲ ပါနေတဲ့ကိစ္စတွေကို ကျမတို့ တွေ့ရတယ်။ တကယ့်ဆုံးဖြတ်ချက် ချမှတ်တဲ့နေရာမှာ အမျိုးသမီးတွေရဲ့ ပါဝင်မှုက အခုချိန်ထိ မရှိသေးပါဘူး။
မေး ။ ။ ဆိုတော့ တိုင်းပြည်မှာ အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာစီမံကိန်းဆိုပြီးတော့ ချမှတ်ထားတာ ရှိပါတယ်။ အဲဒီမဟာဗျူဟာစီမံကိန်းကို အကောင်အထည် ဘယ်လောက်အထိ ထိထိရောက်ရောက် ဖော်ဆောင်နေတာ ရှိပါသလဲ။
ဖြေ ။ ။ ထိရောက်တယ်၊ မထိရောက်ဘူးဆိုတာက ကျမတို့ရဲ့ ပြည်သူလူထုရဲ့အသံက ပိုပြီးတော့ သက်သေဖြစ်တယ်။ ဘာကြောင့်လဲဆိုလို့ရှိရင် အခုအချိန်အထိ ဒီ စီမံကိန်းက ၂၀၂၂ ဆိုရင် ပြီးသွားပြီ။ ဒါပေမဲ့ အခုအချိန်အထိ လိင်ပိုင်းဆိုင်ရာ အမျိုးသမီးအပေါ် အကြမ်းဖက်မှုနဲ့ ပတ်သက်ပြီးတော့ အခုအချိန်အထိ တကယ်ကို ထိထိရောက်ရောက် အရေးယူနိုင်မှုက မရှိသေးပါဘူး။ အဲဒီ မဟာဗျူဟာစီမံကိန်းက ပြောထားတယ် - အကြမ်းဖက်မှုတွေနဲ့ ပတ်သက်လို့ သူက ပပျောက်ဖို့အတွက် ဒါကို လုံးဝလုပ်ဆောင်ရမယ်ဆိုတဲ့ အချက်တွေလည်းပါတယ်။ တခြားသော အမျိုးသမီးတွေ ဖွံ့ဖြိုးတိုးတက်ဖို့အတွက် နိုင်ငံတော်အဆင့် စီမံကိန်းတွေ ချမှတ်ပြီးတော့ လုပ်ဆောင်မယ်ဆိုတဲ့အချက်တွေလည်း ပါတယ်။
ဒါပေမဲ့ တကယ့်လက်တွေ့ကို ပြန်ကြည့်မယ်ဆိုရင် ဘာမှလက်တွေ့အကောင်အထည်ဖော်တဲ့ဟာမျိုး မရှိပါဘူး။ ဥပမာအားဖြင့် တိုင်းရင်းသားဒေသတွေကို ကြည့်လိုက်မယ်ဆိုရင် ဒီမဟာဗျူဟာစီမံကိန်းကြီးကို အကောင်အထည်ဖော်မယ့် Body ဆိုတဲ့ ယန္တရားကြီး ဘယ်မှာရှိသလဲဆိုတာကို ဘယ်သူမှ မသိဘူး၊ အဲဒီလို ဖြစ်နေတဲ့အခါမှာ ဒါက ထိရောက်မှုရှိလား၊ မရှိဘူးလားဆိုတာ အဖြေက ရှင်းနေတယ်။ ထိရောက်မှု မရှိသေးဘူး။ အကောင်အထည်ဖော်မှုတွေ အရမ်းအားနည်းနေသေးတာကို ကျမတို့ တွေ့ရတယ်။
မေး ။ ။ ဒါ့အပြင် နောက်ဆုံးကျင်းပပြီးစီးသွားတဲ့ (၂၁) ရာစု ပင်လုံညီလာခံ - ဒီညီလာခံအတွင်းမှာ ကျားမတန်းတူညီမျှပါဝင်ခွင့်ဆိုင်ရာ မူဆိုပြီးတော့ လေးချက်ချထားတယ်လို့ ကျနော် သိထားတယ်။ အဲဒီ မူ (၄) ချက်ကို အကြမ်းဖျဉ်းလေး ပြောပြပါလား။
ဖြေ ။ ။ အဲဒီမူက အားလုံးသိထားတဲ့အတိုင်း ပထမတချက်က ဘာကိုပြောတာလဲဆိုတော့ Equality - တန်းတူညီမျှမှုဆိုတာ ဘာလဲ။ ပြီးနောက် Non-discrimination ခွဲခြားဆက်ဆံမှု မရှိစေရ။ ဆိုလိုချင်တာက မြန်မာနိုင်ငံထဲမှာ ရှိနေတဲ့ နိုင်ငံသားတိုင်းကို တန်းတူညီမျှမှု ရှိရမယ်။ ခွဲခြားဆက်ဆံမှု မရှိစေရဘူးဆိုပြီး ပထမတချက်ကို ပြောတယ်။
မေး ။ ။ ဒုတိယတချက်ကတော့ ကိုယ်တာ အမျိုးသမီး (၃၀) ရာခိုင်နှုန်း ပါဝင်ရေးကို .. သုံးဆယ်ရာခိုင်နှုန်းဆိုတာက နေရာအသီးသီးမှာ၊ကဏ္ဍအသီးသီးမှာ အမျိုးသမီး (၃၀) ရာခိုင်နှုန်း ပါဝင်မှုကို အားပေးတယ်ဆိုပြီးတော့ ပြောထားတယ်။ နောက် နံပတ် (၃) အချက်ကတော့ Protection ကိစ္စ - Sexual violence လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုကို ဘယ်လို ကာကွယ်တားဆီးမလဲဆိုတဲ့ဟာမျိုးကို ပြောထားတယ်။ နောက် နံပတ် (၄) အချက်ကတော့ အမျိုးသမီးတွေကို စွမ်းရည်မြှင့်တင်ရေး လုပ်ပေးရမယ်ဆိုပြီး အချက် (၄) ချက် ပါရှိပါတယ်။
မေး ။ ။ ဒီမူတွေကတော့ တကယ်ကောင်းတဲ့ မူတွေ ဖြစ်တယ်။ မလွေးပိုးငယ်တို့လည်း ဒီမူတွေကို ကြိုက်မယ်ထင်တယ်။
ဖြေ ။ ။ ကျမတို့တော့ မကြိုက်ဘူး။ မကြိုက်ဘူးဆိုတာက အကြမ်းဖျဉ်းအရ တကယ်ဆိုရင် အရမ်းကောင်းတဲ့ မူလို့ ကျမတို့ ပြောလို့ရတယ်။ သာမန်အားဖြင့်။ ဒါပေမဲ့ အဲဒီမူတွေထဲမှာ ပြဿနာတွေ ရှိတယ်။ အဲဒါတွေက ကျမတို့အတွက် ပိုပြီးတော့မှ ပဋိပက္ခ ဖြစ်စေတယ် - ဒီမူတွေ၊ ဆုံးဖြတ်ချက်တွေသည် အမျိုးသားလွှတ်တော်ကလည်း အတည်ပြုထားပြီသားဖြစ်တယ်။ သို့ပေမယ့် ဒီမူတွေက ဒီမိုကရေစီ စံချိန်စံနှုန်းနဲ့ မကိုက်ညီဘူးလို့ ကျမတို့က ပြောချင်ပါတယ်။ ဘာကြောင့်လဲဆိုရင် နံပတ်တစ်အချက်က နိုင်ငံသားတိုင်းလို့ ပြောတယ် - နိုင်ငံသားတိုင်းလို့ ပြောတဲ့အခါမှာ နိုင်ငံသားဆိုတာ ဘယ်သူတွေလဲ။ နိုင်ငံသားဆိုတာက ကျမတို့ တိုင်းရင်းသားတွေဘက်မှာ အခုအချိန်အထိ မှတ်ပုံတင် မရှိသေးတဲ့ တိုင်းရင်းသားတွေ အများကြီး။ နောက်တခြားသော Rights အခွင့်အရေးတွေနဲ့ သက်ဆိုင်တဲ့မူ ဖြစ်တယ်။ ဆိုတော့ ဘယ်သူကိုမဆို ကာကွယ်ပေးရမယ်။ ဥပမာအားဖြင့် ပြောရမယ်ဆိုရင် တခြားနိုင်ငံက မြန်မာနိုင်ငံအတွင်းကို ဝင်ရောက်တဲ့အတောအတွင်း လာလည်တာပဲဖြစ်ဖြစ်၊ အလုပ်လာလုပ်တာပဲဖြစ်ဖြစ် သူတို့ကိုလည်း ခွဲခြားဆက်ဆံလို့ မရဘူး။ တန်းတူညီတူ ဆက်ဆံရမယ်။ တန်းတူညီမျှမှု ရှိရမယ်။ အဲဒီလိုမျိုး အားလုံးကို လွှမ်းခြုံတဲ့ မူ ဖြစ်ရမယ်။
နံပတ်နှစ်အချက်က အဲဒါကြောင့်မို့ ဒီမိုကရေစီ စံချိန်စံနှုန်းနဲ့ မညီဘူးလို့ ကျမတို့က ပြောတယ်။ နှစ်အချက်က ကျမတို့ တောင်းဆိုနေတာက၊ ကျမတို့ပြောတဲ့ ကဏ္ဍဆိုတာက အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ ဥပဒေပြုရေး ဒီမဏ္ဍိုင်ကြီး သုံးရပ်မှာတောင်မှ အဆင့်ဆင့်ရှိသေးတယ် - ပြည်နယ်အဆင့်၊ တိုင်းအဆင့်၊ ဗဟိုအဆင့်၊ နိုင်ငံတော်အဆင့်မှာ အနည်းဆုံး (၃၀) ရာခိုင်နှုန်းကို ဥပဒေထဲမှာ ထည့်သွင်းပြီးတော့ ပြဌာန်းပေးဖို့ အာမခံချက်ရှိရှိနဲ့ ပြဌာန်းပေးဖို့ ကျမတို့က တောင်းဆိုတာဖြစ်တယ်။ ဒါပေမဲ့ အခုက ပါဝင်ရေးကို အားပေးရန်ဆိုတော့ ဘယ်သူက အားပေးမှာလဲ။ ဘယ်လိုအားပေးမှာလဲ။ ဘောလုံးပွဲလို မဟုတ်ဘူးလေ - ဘောလုံးပွဲဆိုတာက အားလုံးထိုင်ပြီးတော့ ဘယ်သူ ဂိုးတယ်ဆိုတာကို လက်ခုပ်တီး အားပေးလို့ရတယ်။ ဒါပေမဲ့ (၃၀) ရာခိုင်နှုန်း ပါဝင်ဖို့ဆိုတာ ဘယ်သူက အားပေးလို့ရမလဲ။
မေး ။ ။ တိတိကျကျ ပြောထားတာ မဟုတ်ဘူးပေါ့။
ဖြေ ။ ။ ဟုတ်တယ် .. တိတိကျကျ လုံးဝမရှိဘူး။ နောက် နံပတ်သုံးအချက်ကတော့ ကောင်းတယ်လို့ ပြောလို့ရမှာပေါ့။ အမျိုးသမီးတွေအတွက် ကာကွယ်ပေးထားတယ်။ ဒါပေမဲ့ သူ့မှာလဲ အားနည်းချက် နည်းနည်းရှိသေးတယ်။ ကာကွယ်ပေးဖို့ဆိုတာက ဘယ်လိုပုံစံနဲ့ မူတော့မူပဲ မူတော့ ချမှတ်လိုက်ပြီ - ဒါက လုံးဝကာကွယ်တားဆီးရေးအတွက် ပြောတယ်။ ဒါပေမဲ့ ကျမတို့ထည့်စေချင်တာက ဒီလိုကာကွယ်တားဆီးဖို့ဆိုတာ ဘယ်နေရာမှာမဆို၊ ဘယ်ဒေသမဆို၊ ဘယ်အချိန်မဆို ကျမတို့က ဒါကို အလေးထားဖို့ လိုအပ်တယ်လို့ ကျမက မြင်တယ်။ ဘာကြောင့်လဲဆိုတော့ ကျမတို့နိုင်ငံက ပြည်တွင်းစစ်ဖြစ်ပွားနေတဲ့ ကာလက နှစ် (၇၀) ကျော် ရှိတယ်။ အခုအချိန်အထိ ဆက်ဖြစ်နေတယ်။ အဲဒါတွေဖြစ်တဲ့အခါမှာ အမျိုးသမီးတွေကို ကာကွယ်ဖို့ လိုအပ်တယ်။ အဲဒါကြောင့်မို့ ကျမတို့က တိတိကျကျ ထည့်ထားဖို့ လိုအပ်တယ်လို့ ကျမမြင်တယ်။
မေး ။ ။ ဆိုတော့ ဒီမူတွေကို အကောင်အထည်ဖော်ဖို့ရာ အတားအဆီး၊ အခက်အခဲ၊ စိန်ခေါ်မှုတွေ အများကြီး ရှိမှာပဲ။ မလွေးပိုးငယ်တို့က ဘယ်လို ဖြစ်စေချင်တာလဲ။
ဖြေ ။ ။ ကျမတို့ ဖြစ်စေချင်တာက အခုနပြောသလို ပထမတခုဆိုရင်လဲ တန်းတူရေးနဲ့ ခွဲခြားဆက်ဆံမှု မရှိစေရလို့ ပြောတဲ့အခါမှာ လူတိုင်းကို လွှမ်းခြုံနိုင်တဲ့အရာ ဖြစ်စေရမယ်။ နိုင်ငံသားအစား လူတိုင်းဖြစ်ရမယ်။ အဲဒီလိုပဲ ဒုတိယအချက်ဆိုရင် တိတိကျကျ ထည့်ရမယ် - အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရားစီရင်ရေး အဆင့်ဆင့်တိုင်းတွင် အနည်းဆုံး (၃၀) ရာခိုင်နူန်း မူကို ချမှတ်ပြီးတော့မှ အာမခံချက်ထားရမယ်။ တကယ့်ကို တိတိကျကျနဲ့ တကယ့်ကို အကောင်အထည်ဖော်ပြီး၊ ရှင်းရှင်းလင်းလင်းရှိတဲ့ မူမျိုး လိုချင်တာပေ့ါ။
ကျမတို့ မြန်မာပြည်မှာက ကျမတို့သက်တမ်းတလျှောက်လုံးပဲ တွေ့နေရတာက စစ်ပွဲတွေနဲ့ အရမ်းကိုရှုပ်ထွေးတယ်။ သမိုင်းဝင်မရှိခဲ့ဘူးတဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်ကြီးမှာ အမျိုးသမီးကိုယ်စားပြုမှု အခုအချိန်အထိ မရှိသေးဘူး။ ဒါပေမဲ့ ရှိရမယ်ဆိုတဲ့ဟာမျိုးကို ကျမတို့က တိုက်တွန်းနေတယ်။ ပြီးနောက် ဒီမူတွေကလဲ တကယ့်ကို အရေးကြီးတဲ့မူတွေ ဖြစ်တယ်။ နောင်တချိန်မှာ ဒီမူတွေက ဥပဒေဖြစ်လာခဲ့ရင် အဲဒီလို မတိမကျကြီး ဖြစ်လာတယ်ဆိုရင် အခုလိုပဲ ဆက်ဖြစ်နေအုံးမယ်။
အခုဆိုရင် ကျမတို့ အတွေ့အကြုံရှိပြီသား။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ အခုအချိန်အထိ ကျမတို့ ဘယ်လောက်အထိ ပြင်ဆင်နိုင်ပြီလဲ။ တအားကို ခက်ခဲသွားတယ်။ ဥပဒေတခု ပြင်နိုင်ဖို့အတွက် မြန်မာနိုင်ငံမှာ အရမ်းကိုခက်ခဲတယ်။ အဲဒါကြောင့်မို့ မဖြစ်စေချင်ဘူး။ တကယ်ကို တိတိကျကျ ပြဌာန်းထားတဲ့၊ ဖော်ပြထားတဲ့မူပဲ ဖြစ်စေချင်ပါတယ်။
မေး ။ ။ အဓိက ပါဝင်မှုမရတဲ့ အကြောင်းရင်းတွေက ဘာတွေလို့ ပြောလို့ရမလဲ။
ဖြေ ။ ။ အဓိက ဘာကြောင့် ပါဝင်မှု အားနည်းနေရလဲဆိုရင် ပထမတစ်အချက်က အမျိုးသမီးတွေ ပါဝင်မှုက အရေးမကြီးဘူးလို့ ခေါင်းဆောင်တွေက မြင်ကြတယ်။ ဘယ်ခေါင်းဆောင်ပဲပြောပြော၊ တိုင်းရင်းသားလက်နက်ကိုင်အုပ်စုက ခေါင်းဆောင်တွေပဲပြောပြော။ နိုင်ငံရေးပါတီကပဲပြောပြော၊ တပ်မတော်ပဲပြောပြော၊ NLD အစိုးရပဲပြောပြော အမျိုးသမီးတွေရဲ့ ပါဝင်မှုဟာ အရေးမကြီးဘူးလို့ ထင်ကြတယ်။
နောက်တချက်က အရည်အချင်းမရှိဘူးလို့ ပြောတယ်ဆိုလို့ရှိရင် ကျမတို့နိုင်ငံမှာ တကယ်ကို လေ့လာစရာတွေ အများကြီးပါ။ ပညာတတ်အမျိုးသားထက် ပညာတတ်အမျိုးသမီးတွေက ပိုများနေတယ်။ အဲဒီလို ပညာတတ်နဲ့ တိုင်းတာတာလား။ ဘာနဲ့တိုင်းတာလဲ။ အခု တကယ်လွှတ်တော်မှာ ထိုင်နေတဲ့လူပဲဖြစ်ဖြစ်၊ နိုင်ငံကို အုပ်ချုပ်နေတဲ့ အမျိုးသားတိုင်းလည်း အရည်အချင်းပြည့်မီတဲ့ အမျိုးသားတွေ မဟုတ်ပါဘူး။ အဲဒီလိုပဲ ကျမတို့ အမျိုးသမီးတွေလဲ ကိုယ့်ထိုင်ခုံ ကိုယ်ယူလာပြီမှ လွှတ်တော်မှာထိုင်ဖို့ ပြောတာ မဟုတ်ပါဘူး။
ဒါပေမဲ့ ကျမတို့က (၃၀) ရာခိုင်နှုန်း ဖြစ်လာပြီဆိုရင် အခုတက်လာတဲ့ လွှတ်တော်အမတ်တွေအကုန်လုံး အမျိုးသမီးအမတ်တွေ အကုန်လုံးက Election လို့ခေါ်တဲ့ ရွေးကောက်ပွဲကို ဖျက်ပြီးတော့မှ နေရာရလာတဲ့ လူတွေ။ တကယ်လို့သာ ကျမမှာ ဒီထက်ပိုမကတဲ့ အခွင့်အလမ်း - ဥပမာ ပါတီတိုင်းမှာ မူ ရှိမယ်။ ကျားမတန်းတူညီမျှရေးမူ ရှိတယ်ဆိုရင် ဒီလွှတ်တော်အမတ်နေရာ ပြိုင်တဲ့အခါမှာ အမျိုးသား (၁) ယောက်၊ အမျိုးသမီး (၁) ယောက် သတ်မှတ်ချက်တွေ။ နောက်တခုက ပါတီတွေ ရွေးကောက်ပွဲဝင်ဖို့ Registration - မှတ်ပုံတင်တဲ့အခါမှာ မှတ်ပုံတင်ကို စီစစ်တဲ့အခါမှာ အမျိုးသမီးကိုယ်စားလှယ်
မပါဘူးဆိုရင် ယှဉ်ပြိုင်ခွင့် မရှိဘူးဆိုတဲ့ဟာမျိုးနဲ့ အကန့်အသတ်ထားတယ်ဆိုလို့ရှိရင် ကျမတို့ အမျိုးသမီးတွေ တကယ်အရည်အချင်းရှိတဲ့ အမျိုးသမီးတွေ တက်လာမယ်လို့ ကျမတို့ ယုံကြည်တယ်။ အဲဒီနေရာမှာ သူတို့ ဆုံးဖြတ်ချက်ချတဲ့နေရာမှာ တကယ်လို့ ပါဝင်လာခဲ့ပြီဆိုရင် ကျမတို့နိုင်ငံအတွက် တကယ်ဒီထက်ပိုကောင်းတဲ့ မူတွေ ပိုပြီးတော့ ချမှတ်နိုင်မယ်။
မေး ။ ။ ဒီနေရာမှာ ဖြတ်မေးလိုက်ချင်တာက မလွေးပိုးငယ်တို့က အမျိုးသမီးတွေ ပိုပြီးပါဝင်ခွင့်များကို တောင်းဆိုတယ်။ ပိုပါလာရင်ကော ဘာတွေပိုကောင်းလာမှာလဲ။ ဘာတွေပိုထူးခြားလာမလဲ။
ဖြေ ။ ။ ဘာတွေပိုကောင်းလာမလဲဆိုရင် နံပတ်တစ်အချက် ကျမပြောသလို - မူတွေ ပိုကောင်းလာမယ်။ နောက်တခုက ကျမတို့နိုင်ငံမှာ Corruption လို့ခေါ်တဲ့ လာဘ်စားမူ အကြီးကြီး ဖြစ်လာတယ်။ အမျိုးသမီးတွေ တက်လာတယ်ဆိုရင် ဒီအမျိုးသမီးတွေက ကမ္ဘာလုံးဆိုင်ရာ လေ့လာမှုအရဆိုရင် အမျိုးသမီးတွေက လာဘ်စားမှု အရမ်းနည်းတယ်။ ရှိတော့ရှိတယ် မရှိဘူးလို့ မပြောဘူး။ နည်းတယ် - အဲဒီလိုမျိုး ဖြစ်တဲ့အတွက်ကြောင့် လာဘ်စားမှုတွေကို လျှော့ချနိုင်တယ်။ နောက်တခုကြတော့ လူသားအရင်းအမြစ်တွေနဲ့ ပတ်သက်ပြီးတော့ ကျမတို့ အခက်အခဲ မတွေ့တော့ဘူး။ ဥပမာပြောရမယ်ဆိုရင် ကျမတို့နိုင်ငံမှာက မလက်ခံလို့ မရဘူး။ အမျိုးသမီးဦးရေက အမျိုးသားဦးရေထက် ထက်ဝက်ကျော် ရှိတယ်။ အဲဒါကို လက်မခံလို့ မရဘူး။ သူတို့ရဲ့ ကိုယ်စားပြုမှု ရှိကိုရှိမယ်။ လစ်ဟာနေတဲ့ Position, President ထဲမှာ ဘယ်သူကို အစားထိုးခန့်အပ်မလဲ။ ဒီအမျိုးသမီးတွေရဲ့ ပါဝင်မှု မရှိလို့ကို မရဘူး။ မရှိဘူးဆိုလို့ရှိရင် တဘက်မှာ ဒီမိုကရေစီ စံချိန်စံနှုန်းနဲ့ မညီညွှတ်ဘူး။
နောက်တချက်ကတော့ ကျမတို့နိုင်ငံမှာ ဒီလိုအမျိုးသမီးတွေ ပါဝင်လာခြင်းအားဖြင့် ဒီထက်ပိုပြီးတော့ ကောင်းမွန်တဲ့ အနာဂတ် ပြဿနာတွေကို ဖြေရှင်းတဲ့မူတွေကို ပိုပြီးတော့ ချမှတ်နိုင်မယ်။ ဘာကြောင့် အဲဒီလိုပြောသလဲဆိုရင် အမျိုးသမီးတွေသည် မိသားစုတွင်းထဲမှာတောင်မှ ကလေးနဲ့ ပတ်သက်တဲ့ကိစ္စတွေ - ကလေးတွေ ဘာတွေလိုအပ်လဲ။ ကျောင်းသွားမယ်ဆိုရင် ဘာတွေလိုအပ်လဲ။ အဲဒီလို သိတဲ့အတွက်ကြောင့်မို့ မူ ချတဲ့အခါမှာလဲ - ပညာရေးပိုင်းမှာဖြစ်ဖြစ်၊ ဘယ်အပိုင်းမှာဖြစ်ဖြစ် အဲဒါကို ထည့်သွင်းပြီးတော့၊ ဒါတွေကို စဉ်းစားပြီးတော့ နိုင်ငံတော်ရဲ့ ဖွံ့ဖြိုးတိုးတက်မှုကိုချမှာ။ သူ့ကလေး တိုးတက်ဖို့အတွက် ဒီမူတွေကို သူ စဉ်းစားရလိမ့်မယ်။ အဲဒီလိုဖြစ်တဲ့အခါမှာ အဖေတွေကတော့ အဲဒီလောက် မသိဘူး။ ကလေးတွေကို အဲဒီလောက် Take care လုပ်တဲ့လူ မရှိဘူး။ တကယ်ကို ဂရုတစိုက်နဲ့ နေ့စဉ်နဲ့အမျှ ပြုစုနေတဲ့ လူ မဟုတ်ဘူး။ မဟုတ်တဲ့အခါမှာ အချို့သောအပိုင်းမှာ လစ်ဟာမှုတွေ ရှိတယ်။ အဲဒါကြောင့်မို့ အမျိုးသမီးတွေက ဆုံးဖြတ်ချက်ချမှတ်တဲ့ နေရာမှာ ပါလာခဲ့မယ်ဆိုလို့ရှိရင် ထောင့်အစုံကနေ ကျမတို့တွေ ကိုယ့်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ဖို့အတွက် ပိုပြီးတော့ ကောင်းမွန်တဲ့ မူတွေ၊ ဥပဒေတွေကို ချမှတ်နိုင်မှာ ဖြစ်တယ်။