သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အနုပညာရှင် စာရေးဆရာမ မွန်ဟော်စီနဲ့ စကားစမြည်း


အနုပညာရှင် စာရေးဆရာမ မွန်ဟော်စီ
အနုပညာရှင် စာရေးဆရာမ မွန်ဟော်စီ
တိုက်ရိုက် လင့်ခ်


ဒီတပတ် မြန်မာ့အရေး ဆွေးနွေးခန်းအစီအစဉ်မှာ Installation Arts တင်ဆက်မှု အနုပညာရှင် မွန်ဟော်စီဟာ လူတွေက အမှိုက်အဖြစ် စွန့်ပစ်တဲ့ ပစ္စည်းတွေကို အသုံးပြုပြီး အနုပညာလက်ရာတွေ ဖန်တီးနေသူ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ စနစ်တကျ အမှိုက်စွန့်ပစ်မှုပိုင်း ပညာပေးမှု မရှိတဲ့အပြင် Recycle စွန့်ပစ်ပစ္စည်း ပြန်လည်အသုံးပြုမှုပိုင်းမှာလည်း အားနည်းနေတဲ့အချက်ကို ထောက်ပြပြီးတော့ သူ့ရဲ့ အနုပညာလက်ရာကို ဖန်တီးတာ ဖြစ်ပါတယ်။ မွန်ဟောဆီက သူ့ရဲ့ ပွဲဦးထွက်ဝထ္တုအဖြစ် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဘဝတစိတ်တပိုင်းကို စိတ်ကူးယဉ် ရေးဖွဲ့ထားပြီးတော့ အိမ်ရှင်မတယောက်အနေနဲ့ ကြီးကြီးမားမား စွန့်လွှတ်ခဲ့ရတဲ့ ဘဝအစိတ်အပိုင်းကို စာနာမှု၊ လေးစားမှုအတွက်ဖြစ်တယ်လို့ သူက ပြောဆိုပါတယ်။ အမေရိကန်ပြည်ထောင်စုကို ရောက်နေတဲ့ အနုပညာရှင် မွန်ဟော်စီ ကို မအင်ကြင်းနိုင်က Skype မှတဆင့် ဆက်သွယ်မေးမြန်းထားပါတယ်။

မအင်ကြင်းနိုင် ။ ။ အခု အမေရိကန်ပြည်ထောင်စုကို ခေတ္တခဏ ရောက်ရှိနေတဲ့ မြန်မာနိုင်ငံမှာ အနုပညာတွေ ဖန်တီးထုတ်လုပ်နေပြီးတော့ စာရေးဆရာမတဦးလည်းဖြစ်တဲ့ မွန်ဟော်စီနဲ့ VOA ပရိသတ်ကို မိတ်ဆက်ပေးချင်ပါတယ်။ အခု စာရေးဆရာမ မွန်ဟော်စီ က အမေရိကန်ပြည်ထောင်စုကို ခေတ္တခဏ ရောက်ရှိချိန်မှာ ကျမတို့ VOA မြန်မာပိုင်းကို Skype ကတဆင့် အင်တာဗျူး ပေးတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်။ ဆရာမ မြန်မာနိုင်ငံမှာ အနုပညာတွေ ဖန်တီးထုတ်လုပ်နေတာနဲ့ ပတ်သက်ပြီးတော့ အရင်ဆုံး ပြောပြပေးပါလားရှင့်။

မွန်ဟော်စီ ။ ။ အမ အရင်တုန်းကတော့ စပြီးတော့ Arts and Crafts Handmades ပစ္စည်းတွေ ကိုယ့်အတွက် အသုံးမဝင်တော့တဲ့ ပစ္စည်းတွေက သဘာဝပတ်ဝန်းကျင်ကို အနှောင့်အယှက် ဖြစ်စေတဲ့ ပစ္စည်းတွေ။ အဲဒါတွေကို သုံးပြီး Art တွေ ဖန်တီးလို့ရတယ်။ Decoration တွေ ဖန်တီးလို့ရတယ်။ ဒီဟာကို အဓိက message ပေးချင်တယ်။ အဲဒါကိုလဲ ဒီလိုမျိုး Exhibition တွေလုပ်ပြီးတော့ ဒီလို Installation Arts တွေ လုပ်ဖြစ်တာပါ။

မအင်ကြင်းနိုင် ။ ။ အခု မြန်မာနိုင်ငံမှာ အပြောင်းအလဲတွေလည်း ဖြစ်နေပြီဆိုတော့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအတွက် စွန့်ပစ်ပစ္စည်းတွေကို ပြန်ပြီးတော့ အသုံးပြုတဲ့အခါမှာ ပညာပေးလုပ်ငန်းတွေ လုပ်တဲ့အခါမှာ ဆရာမ တွေ့ကြုံရတဲ့ အခြေအနေတွေ၊ နောက်ပြီးတော့ အဲဒီ ပညာပေးလုပ်ငန်းတွေက ထိရောက်မှု ရှိပါသလားရှင့်။

မွန်ဟော်စီ ။ ။ အဲဒါ လုပ်တဲ့လူတွေလည်း လုပ်နေကြပါတယ်။ ဒါပေမဲ့ တခုကရှိတာက ကျမတို့ဆီမှာ တကယ့်ကို လူတွေ ရှင်သန်ဖို့အတွက် အခြေခံစားဝတ်နေရေးအတွက်ကို လူတွေတော်တော်များများ ရုန်းကန်နေရဆဲအချိန် ဖြစ်တဲ့အတွက်ကြောင့် အခုနပြောသလို ကျွပ်ကျွပ်အိတ်ကို ဘယ်လိုပစ်၊ အမှိုက်ကို ဘယ်လိုပစ် ဒီတာတွေ သူတို့နားထဲကို မရောက်တဲ့အချိန် ဖြစ်နေသေးတယ်။ တကယ်လို့ သူတို့ကလဲ သူတို့ရဲ့ နေထိုင်စားသောက်မှု ပုံစံတွေ Survive လုပ်ဖို့ တနေ့တနေ့ကို Struggle မလုပ်ရဘူး အဲဒီလိုမျိုး အခြေအနေ ဖြစ်လာမယ်ဆိုရင်တော့ အခုနပြောသလို ပညာပေးတာမျိုးတွေ အဖွဲ့အစည်းတွေကရှိတယ်။ တဦးချင်းတယောက်ချင်းက ပညာပေးတာရှိတယ်။ အဲဒါတွေကလဲ ထိရောက်လာမှာပေါ့။

မအင်ကြင်းနိုင် ။ ။ ဆိုတော့ ဆရာမက စွန့်ပစ်ပစ္စည်းတွေကို ပြန်ပြီးတော့ ထုတ်လုပ်တဲ့နေရာမှာ ဘယ်လို ပစ္စည်းတွေကို အသုံးပြုပါလဲရှင့်။

မွန်ဟော်စီ ။ ။ အဲဒါကတော့ ကျမတို့ဆီမှာတော့ အဓိက အရမ်းအနှောင့်အယှက် ဖြစ်စေတဲ့ဟာ ဘာလဲဆိုတော့ ရေသန့်ဘူး။ ပလက်စတစ်ဘူးခွံ၊ ကျွပ်ကျွပ်အိတ်။ နောက်တခါ အိမ်တွေမှာဆိုရင် စက္ကူတွေ၊ သတင်းစာတွေ၊ ဂျာနယ်အဟောင်းတွေ။ နောက်တခါ တခုရှိတာက ကျမတို့လူမျိုးတွေက အမှိုက်ဆိုရင် မပစ်ကြဘူး။ သတင်းစာဆိုရင်လဲ အိမ်မှာ တောင်ပုံယာပုံ ဖြစ်နေတယ်။ အိမ်တွေမှာ ရှိနေတဲ့ စွန့်ပစ်ပစ္စည်းတွေကို သုံးပြီးတော့ ဖန်တီးတာပါ။ Installation Arts တွေ လုပ်တယ်ဆိုတာ အဲဒါတွေက ရောင်းလို့မရဘူးဆိုတော့ ကျမအနေနဲ့ ငွေကြေးနဲ့ ပတ်သက်လို့ လုံးဝအမြတ်အစွန်းမရှိတဲ့ ကိစ္စ။ ဒါပေမဲ့ တခုက ဘာဖြစ်လဲဆိုတော့ ကျမ ပွဲတွေ လုပ်တဲ့အခါကြတော့ အဲဒီမှာ မီဒီယာတွေလာတယ်။ ပြီးတော့ သတင်းရိုက်တယ်။ တင်ဆက်တယ်။ အဲဒါကတော့ Public ကို ရောက်သွားတာပေါ့။ ကျမအနေနဲ့ ငွေကြေးအမြတ်အစွန်း လုံးဝမရှိဘူး။ ကျမ ရောင်းလို့ရတယ်ဆိုရင် ဒီလိုမျိုး ပစ္စည်းအသေးအမွှားလေးတွေ ဥပမာ ပုလင်းလေးတွေ၊ Glass bottle လေးတွေထဲမှာ မီးလေးတွေ ဘာညာထည့်ပြီး လုပ်တယ်။ အလှဆင်တဲ့ဟာလေးတွေ နည်းနည်းပါးပါးပဲ ရောင်းလို့ရတယ်။ အခုနပြောသလို Installation Arts တွေကြတော့ အကြီးကြီးတွေ (၁၀) ပေ၊ ပေ (၂၀) လောက်ရှိတဲ့ Art Project တွေကြတော့ ကိုယ့်ဘာသာကိုယ်ပဲဆင် Install လုပ်၊ ပြီးတော့ တခါတည်း ဖြုတ်လိုက်ပြီး ပြီးဆုံးသွားတာပဲ။ နောက် Project အသစ်တခု ပြန်လုပ်ရင်လဲလုပ်ပေါ့။ အဲဒီလိုမျိုးကတော့ မရောင်းရပါဘူး။ Sole exhibition တွေ ကျမ လုပ်တာကတော့ (၃) နှစ်ရှိပြီ။ ဒီ (၃) နှစ် မတိုင်ခင်ကတော့ သေးသေးမွှားမွှားလေးတွေ လုပ်တယ်။ လုပ်ရင်လုပ်ရင်နဲ့ ကျမအိမ်ထဲမှာ ပစ္စည်းတွေ ပြည့်ပြည့်လာတော့ ပြပွဲတခုခုလုပ်ရင်တော့ပေါ့။ နောက်တခုက ကိုယ်တိုင်လည်း ဒီလိုအမျိုးသမီး Artist တယောက်အနေနဲ့ Installation Arts တွေလည်း ကျယ်ကျယ်ပြန့်ပြန့် ဖန်တီးပြချင်တယ်။ အဲဒါကြောင့် ကျမ Gallery တောင်မှ ရန်ကုန် Gallery ကျမတို့ဆီမှာတော့ တကယ့် အကြီးဆုံး အရမ်းကိုလဲ Space လည်း ကျယ်တယ်ဆိုတော့ Project တွေလည်း အကြီးကြီးလုပ်လို့ရမယ်ဆိုပြီး အဲဒီလိုမျိုး ကျမရဲ့ Dream အိပ်မက်တခုအနေနဲ့ စလုပ်ခဲ့တာပေါ့။

မအင်ကြင်းနိုင် ။ ။ အဲဒီလိုမျိုး လုပ်တဲ့အခါမှာ ဘယ်လို စိန်ခေါ်မှု အခက်အခဲတွေ ရှိခဲ့ပါလဲရှင့်။

မွန်ဟော်စီ ။ ။ အဓိကတော့ ကိုယ်လိုအပ်ချက်တွေကိုကြည့်တော့ အမှိုက်ဖြစ်နေတယ်။ အမှိုက်ဖြစ်နေတော့ သူများတွေဆီက အမှိုက်တွေ လိုက်စုရတယ်။ အဲဒီအခါကြတော့ တချို့တွေက ဘယ်လိုမျိုး ဖြစ်လဲဆိုတော့ အမှိုက်တွေပဲ လိုက်စုနေတာ၊ အမှိုက်တွေနဲ့ လုပ်တယ်ပေါ့။ အမှန်မှာတော့လဲ ဟုတ်ပါတယ် အမှိုက်တွေနဲ့ လုပ်တာပါ။ နောက်တခုကြတော့ ပထမ လုပ်လုပ်ချင်းမှာ လူတွေက သိပ်မသိကြဘူး။ Instllation Arts ဆိုတာ ဘာလဲ။ အရင့်အရင် ဆရာ၊ ဆရာမတွေ ရှေ့မှာလုပ်ခဲ့တာတွေ ရှိတယ်။ ဒါပေမဲ့ ဒီလိုမျိုး Public ထဲကို ကျယ်ကျယ်ပြန့်ပြန့် ထွက်လာတာကို သိပ်တော့ မတွေ့ဖူးဘူး။ ဘာဖြစ်လို့လဲဆိုတော့ မီဒီယာ အားမကောင်းခင်ကလဲ အဲဒါကြောင့်လဲ ဖြစ်ကောင်းဖြစ်လိမ့်မယ်။ စစချင်းကတော့ မသိဘူး။ လူတွေလည်း ပွဲကိုလာကြည့်ကြတယ်။ နည်းနည်းတော့ အူကြောင်ကြောင်ပေါ့။ ဘာတွေပြတာလဲ။ Installation Arts ဆိုတာ ဘာလဲ။ နောက်ပိုင်းကြတော့ ကျမ နှစ်တိုင်းနှစ်တိုင်း အဲဒီအချိန်ဆိုရင် February, March ဆိုရင် ကျမ နှစ်တိုင်းလုပ်တဲ့အခါကြတော့ လူတွေက အခုဆိုရင် သဘောပေါက်လာပြီ။ ကျမနဲ့တွဲပြီးတော့ ဒီလို Art work တွေကို မှတ်မိလာတယ်။ ပြီးတော့ ဒီဟာတွေကို Enjoy လုပ်ပြီးတော့ အခုအချိန်မှာ လာတဲ့ Public ကနေ သူတို့ သဘောကျတယ်၊ ကျေနပ်တယ်။ Appreciate အသိအမှတ်ပြုကြတယ်။

မအင်ကြင်းနိုင် ။ ။ အခု ဆရာမမွန်ဟော်စီအနေနဲ့ ဝထ္တုကို ပထမဦးဆုံးအကြိမ် ရေးသားထုတ်ဝေထားတယ်ဆိုတော့ ဒီဝထ္တုကလည်း ပေးဆပ်သူတို့ရဲ့ နှလုံးသားဝိညဉ်ဆိုတော့ အခု နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်ဖြစ်တဲ့ ဒီမိုကရေစီအရေးမှာ နှစ်ပေါင်းများစွာ ဦးဆောင်လှုပ်ရှားခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့အကြောင်းကို အခြေခံပြီး ဝထ္တုပုံစံ ရေးသားထားတဲ့အတွက် ဆရာမ အဲဒီဝထ္တုကနေ ပေးချင်တဲ့ အဓိကအကြောင်းအရာ စာဖတ်ပရိသတ်တွေအတွက် ဘာပါလဲရှင့်။

မွန်ဟော်စီ ။ ။ ကျမ ပြောချင်တဲ့ဟာက ဘာလဲဆိုတော့ ကျမတို့ မြန်မာအမျိုးသမီးတွေမှာ စကားပုံတောင် ရှိတယ် - သားကိုသခင်၊ လင်ကိုဘုရားဆိုတဲ့ စကားပုံတောင် ရှိတယ်ဆိုတော့ အမြဲတမ်းပဲ မိန်းမတယောက်အတွက်က အမြဲဦးစားပေးရတာက လင်ယောကျ်ား ခင်ပွန်းဖြစ်တယ်။ နောက်ပြီးတော့ သားသမီး။ အဲဒီတော့ သူ့ရဲ့ဘဝမှာ သားသမီး - သားနဲ့လင်ယောကျ်ားကို စွန့်လွှတ်ခဲ့ရတယ်ဆိုတော့ ကျမတို့က သူကို တနိုင်ငံလုံးရဲ့ အမေ၊ မိခင်အနေနဲ့ တင်စားပြီးတော့ အမေစု ဆိုပြီး တင်စားပြီးတော့ ခေါ်ဝေါ်ကြတယ်။ ဒါပေမဲ့ သူ့ရဲ့တကယ်တမ်း စွန့်လွှတ်ခဲ့ရတဲ့ မိသားစုဘဝ၊ သူ့ရဲ့ မိသားစုဘဝကို ဆုံးရှုံးခံလိုက်ရတာ ချိုးဖျက်ခံလိုက်ရတာ အကြီးမားဆုံးသော ပေးဆပ်မှုတခု။ ဒီဟာလေးကိုပဲ သိစေချင်လို့ ရေးတာပါ။ ဒီစာအုပ်က လုံးဝ နိုင်ငံရေး၊ လူမှုရေး၊ ဘာသာရေး ဘာမှမပါဘူး။ ကျအနေနဲ့ အန်တီစုကို တကယ်ကို ချစ်တဲ့စိတ်နဲ့ပဲ ရေးတယ်။ သူ့ရဲ့ဘဝကို စာနာပြီးတော့ အမျိုးသမီးတယောက်အနေနဲ့၊ သူ့ရဲ့ မိန်းမသားဘဝ၊ ဇနီးမယားဘဝ၊ မိခင်ဘဝ အဲဒီဟာတွေကို သိစေချင်လို့၊ အဲဒီ ခံစားချက်ကိုပဲ စာဖတ်သူတွေကို ဝေမျှလိုက်တဲ့သဘောပါ။

မအင်ကြင်းနိုင် ။ ။ ဆရာမကိုယ်တိုင်လဲ အခု အမေရိကန်ပြည်ထောင်စုကို ရောက်ရှိနေတယ်။ နောက်ပြီးတော့ ဆရာမက ကျောင်းဆရာမတဦးအနေနဲ့လဲ အတွေ့အကြုံရှိခဲ့တဲ့အခါကြောင့် ကလေးတွေကို ပြုစုပျိုထောင်တဲ့နေရာမှာ ပညာရေးစနစ် - အမေရိကန်မှာရှိတဲ့ ပညာရေးစနစ်နဲ့ မြန်မာနိုင်ငံမှာရှိတဲ့ ပညာရေးစနစ်ရဲ့ အကောင်းအဆိုး၊ အဲဒါတွေကို နှိုင်းယှဉ်ပြီးတော့ ဆရာမ ဘယ်လို သုံးသပ်မိလဲရှင့်။

မွန်ဟော်စီ ။ ။ တိုင်းပြည်တခုမှာ စနစ်ဆိုတာ စက်ရုံတရုံနဲ့တူတယ်။ တိုင်းသူပြည်သားဆိုတာက စနစ်တခုအောက်ကနေ ထွက်လာတဲ့ စက်ရုပ်တွေနဲ့ တူတယ်။ ဒီမှာကြတော့ ဘာတွေလဲဆိုတော့ ပညာရေးနဲ့ ပတ်သက်ပြီး မေးတယ်ဆိုတော့ အဲဒါကို ပြောရမယ်ဆိုရင် ကျမတို့ဆီမှာ အလွတ်ကျက်ပြီးတော့ ဖြေတာ၊ ကလေးတွေက အလွတ်ကျက်တဲ့အခါ တချို့အဖြေတွေက ကိုယ်မကြိုက်ဘဲနဲ့ ဖြေလိုက်ရတဲ့ဟာမျိုး ရှိတယ်။ ဥပမာ ကျမအနေနဲ့ တချို့ကျမကျောင်းမှာ ငယ်ငယ်တုန်းက ကျောင်းတက်နေတဲ့အချိန် တချို့ကိစ္စတွေ တချို့ သင်ခန်းစာတွေဆိုရင် စိတ်ထဲမှာ ဒီအဖြစ်အပျက်က ဟုတ်မှဟုတ်ရဲ့လား။ သံသယ ဖြစ်ခဲ့တာမျိုးတွေ ရှိတယ်။ ဒါပေမဲ့လဲ အဲဒီဟာတွေကို ထည့်ပြီးတော့ မစဉ်းစားနိုင်ရဘူး။ ဒီအဖြေရေးရင် ဒီလိုမှန်ရမယ်ဆိုတဲ့ အပိုဒ်လိုက်ကြီးပဲ ကျက်ပြီးတော့ ရေးချလိုတယ်။ အဓိက ဘာဖြစ်တာလဲဆိုတော့ အလွတ်ကျက်ခိုင်းတဲ့ စနစ်။ မြန်မာပြည်မှာတော့ ပညာရေးစနစ်မှာ အလွတ်ကျက်ရတာကြောင့် ဘာဖြစ်လာလဲဆိုရင် ကျမတို့ရဲ့ တွေးခေါ်မျှော်မြင်နိုင်စွမ်းတွေကို အလွတ်ကျက်တဲ့ စနစ်ကနေ ဝါးမြိုလိုက်တယ်။ အဲဒီအခါမှာ ကျမတို့က မတွေးခေါ်တတ်တော့ဘူး။ မတွေးတတ်တဲ့အခါ ဘာဖြစ်လဲဆိုတော့ ဘွဲ့တွေရသွားတယ်။ ဒါပေမဲ့လဲ ကြက်တူးရွေး စက်ရုပ်ကြီးတွေလို ကျမ အဲဒီလိုမျိုး ရေးလေ့ရှိပါတယ်။ စာကတော့ တောက်တောက် တောက်တောက်နဲ့ အံတတ်တယ်။ ဒါပေမဲ့လဲ တကယ်တမ်း အဓိပ္ပါယ်သိလားဆိုတော့ မသိဘူး။ အတွေးအခေါ်ကြတော့လဲ မပွင့်လာဘူး။ ကျမတို့ဆီမှာ အရည်အသွေးတွေ ရှိရဲ့သားနဲ့ ဒါပေမဲ့ ဖြစ်သင့်သလောက် မဖြစ်လာဘူး။ အဲဒီလိုမျိုး ပြောရမှာပေါ့။ အမေရိကန်ကလေးတယောက်နဲ့ မြန်မာကလေးတယောက်ကို ယှဉ်ကြည့်လိုက်တဲ့အခါကြတော့ ဆရာဇာဂနာ ပြောတဲ့စကားပါ။ မျက်လုံးအရောင်လက်နေတဲ့ ပုံစံချင်းမတူးဘူး။ အဲဒီလိုမျိုး ပြောတယ်။ ကျမတို့ဆီမှာတော့ တနိုင်ငံလုံးအနေနဲ့ ခြုံပြီးတော့ ကြည့်မယ်ဆိုရင် ကျမတို့ကြတော့ ဘယ်လိုစနစ်မျိုးမှာ သွတ်သွင်းခံရလဲဆိုရင် ကြောက်တတ်တဲ့ စနစ်မျိုး - ဘာကိုကြောက်တာလဲဆိုတော့ ဘာကိုကြောက်မှန်းမသိဘူး။ ဘာကိုကြောက်မှန်းမသိတာကို ကြောက်နေတာ။ အဲဒါကိုက ကြောက်စရာကောင်းတာ ဖြစ်နေတာ။ ကျမတို့ကြတော့ အဲဒီလိုမျိုး စနစ်ရဲ့ သားကောင်တွေ ဖြစ်နေတယ်။ သားကောင်ဆိုတာထက် စက်ရုပ်တွေ။ ယှဉ်လိုက်တဲ့အခါကြတော့ ဥပမာ အဖွဲ့အစည်းတွေမှာ နိုင်ငံခြားသားနဲ့ ယှဉ်ပြီးတော့ အလုပ်လုပ်ရတဲ့အခါမျိုးမှာ ကျမတို့က ပိုမှန်တာဆိုရင် အထက်လူကြီးကို ပြန်ပြီးတော့ မပြောရဲဘူး။ မေးခွန်းမထုတ်ရဲဘူး။ အစည်းအဝေးတွေမှာ ငြိမ်နေတယ်။ ခေါင်းငုံနေတယ်။ အဲဒီလိုမျိုး။ ကိုယ့်အချင်းချင်းတွေ့တော့မှာ ပြောကြဆိုကြ။ နောက်ကွယ်မှာ ပြောတဲ့ဟာမျိုး။ ရှေ့ကနေ ရင်မဆိုင်တဲ့ဟာပေါ့။ ဒီမှာကြတော့ သူ့ရဲ့စနစ်က အကုန်လုံး Tax နဲ့ ပတ်သက်တာပြောပြော၊ ဥပဒေနဲ့ ပတ်သက်ပြီးပြောပြော စနစ်တကျ ရှိနေတဲ့ တကယ့်ကို founded လုပ်ထားတဲ့ System တွေပေါ့။ အဲဒီအထဲမှာ လူတွေက အကုန်လုံး စက်ရုပ်တွေ တိုင်းသူပြည်သားဆိုတော့ အဲဒီအထဲကို အကုန်လုံး ရောက်နေတယ်။ မောင်းနှင်ခံနေရတဲ့ ပုံစံပေ့ါ။

မအင်ကြင်းနိုင် ။ ။ မကြာခင်မှာ ဆရာမက မြန်မာနိုင်ငံကို ပြန်တော့မှာဆိုတော့ မြန်မာနိုင်ငံကို ပြန်ရောက်လို့ရှိရင် အနုပညာနဲ့ ပတ်သက်လို့ ဘာတွေဆက်လုပ်ဖို့ ရှိပါလဲရှင့်။

မွန်ဟော်စီ ။ ။ အဓိကတော့ စာအုပ်တွေကတော့ ဆက်ထုတ်ဖို့ ရှိပါတယ်။ အထူးသဖြင့်တော့ အမျိုးသမီးတွေကို Encourage လုပ်တဲ့ စာတွေ၊ ဆောင်းပါးတွေ ရေးထားတာ တော်တော်များနေပြီ။ သုံးဆယ်လေးဆယ်လောက် ရှိပြီဆိုတော့ အဲဒီစာအုပ်ကတော့ ကျမ ပြန်ရောက်လို့ရှိရင် ထုတ်ဖို့လုပ်ပါတယ်။ တခြားလဲဆက်ပြီး ရေးဖြစ်မှာပါ။

မအင်ကြင်းနိုင် ။ ။ အခုလို VOA မြန်မာပိုင်းနဲ့ Skype ကတဆင့် အင်တာဗျူးပေးတဲ့အတွက် ဆရာမကို ကျေးဇူးအထူးတင်ပါတယ်ရှင့်။

မွန်ဟော်စီ ။ ။ ကျမကလည်း ကျေးဇူးတင်ပါတယ်။

XS
SM
MD
LG