သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့ပညာရေး ပြုပြင်ပြောင်းလဲမှု အခြေအနေ


ဒေါက်တာသိန်းလွင်
ဒေါက်တာသိန်းလွင်
မြန်မာနိုင်ငံရဲ့ ပညာရေးပြုပြင်ပြောင်းလဲမှု အခြေခံ ကမ်းလှမ်းချက် ပုံစံ ၃ မျိုးအကြောင်း NNER လို့ခေါ်တဲ့ ပညာရေး ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာ ကွန်ရက်အဖွဲ့ဝင် ဒေါက်တာသိန်းလွင်ကို ဗွီအိုအေအယ်ဒီတာ ဦးသားညွန့်ဦး က ရန်ကုန်မြို့မှာ တွေ့ဆုံမေးမြန်းထားပါတယ်။

ဦးသားညွန့်ဦး။ ။ ဒေါက်တာသိန်းလွင်ခင်ဗျ။ အခု ဗွီအိုအေကို လာပြီးတော့ တွေ့ဆုံမေးမြန်းဖြေကြာပေးတာ ကျေးဇူးအများကြီး တင်ပါတယ်။ ကျနော် အရင်ဆုံးမေးချင်တာက ဒေါက်တာသိန်းလွင်တို့ NNER အနေနဲ့ပေါ့ ပညာရေးမူဝါဒနဲ့ ပတ်သက်ပြီးတော့ သက်ဆိုင်ရာ တာဝန်ရှိသူတွေ၊ အာဏာပိုင်တွေနဲ့ အခုကာလအတွင်းမှာ တော်တော်လေး မူဝါဒချမှတ်နိုင်ဖို့ ညှိနှိုင်းနေတယ်လို့ သိရပါတယ်။ ဒီပညာရေးဆိုင်ရာ မူဝါဒကြမ်းတရပ် ရလာဖို့အခြေအနေပေါ့။ အစိုးရနဲ့ NNER နဲ့ ကြားထဲမှာ ရလာဖို့အခြေအနေ အလားအလာ ဘယ်လောက်ထိ ရှိပါသလဲ။

ဒေါက်တာသိန်းလွင်။ ။ ကျနော်တို့ တွေ့ဆုံဆွေးနွေးမှု အလားအလာအရတော့ အလားအလာကောင်းလာတယ်။ ကျနော်တို့ အစိုးရဘက်က ပညာရေးမြှင့်တင်မှုကော်မတီ ဥက္ကဌ ဦးတင်နိုင်သိန်းနဲ့ တွေ့တယ်။ ကျနော်တို့ အားလုံးပါဝင်တဲ့ ပညာရေးဆွေးနွေးပွဲလုပ်ဖို့ သဘောတူညီချက် ရပါတယ်။ နောက်တကြိမ် ကျနော်တို့ NNER ဘက်က NNER ရဲ့ အခြေခံမူတွေ တင်ပြခွင့်ရတယ်။ အဲ့ဒီနောက်ပိုင်းမှာ အစိုးရ ပညာရေးဌာနဘက်ကလုပ်တဲ့ တင်ပြမှုတွေကို ကျနော်တို့ နားထောင်ခွင့်ရတယ်။ လက်ရှိကတော့ ကျနော်တို့နဲ့ ပူးတွဲဆောင်ရွက်တဲ့အဆင့် ရောက်နေပါပြီ။ အလားအလာကတော့ ဆက်လက် ပူးပေါင်းဆောင်ရွက်သွားမယ့် အလားအလာ ရှိပါတယ်။

ဦးသားညွန့်ဦး။ ။ ဟုတ်ကဲ့ အားလုံး ပူးပေါင်းပါဝင်နိုင်မယ့် ညီလာခံဆိုတာ ညီလာခံသဘောမျိုးလား။ ဘယ်လိုမျိုးလဲ။ ဆွေးနွေးပွဲသဘောမျိုးလား။

ဒေါက်တာသိန်းလွင်။ ။ ဟုတ်ကဲ့ ကျနော်တို့တင်ပြတာကတော့ ပညာရေးမူဝါဒမှာ ဆောင်ရွက်နေတဲ့ ပြည်သူ့လွှတ်တော် ပညာရေးမြှင့်တင်မှု ကော်မတီရှိတယ်။ နောက် အစိုးရအဖွဲ့ရဲ့ ပညာရေး မြှင့်တင်မှုအဖွဲ့ရှိတယ်။ နောက် ကျနော်တို့ NNER ဒီ အရပ်ဘက် လူ့အဖွဲ့အစည်းတွေရှိတယ်။ အဲ့ဒီအားလုံးပါဝင်တဲ့ နိုင်ငံအဆင့်ရှိတဲ့ ပညာရေးဆွေးနွေးပွဲ ကျင်းပဖို့ဆိုပြီး ကျနော်တို့ တင်ပြတယ်။ တင်ပြတဲ့အပေါ်မှာ ဝန်ကြီး ဦးတင်နိုင်သိန်းက သဘောတူခဲ့တယ်။

ဦးသားညွန့်ဦး။ ။ ဟုတ်ကဲ့ ကျနော်တို့သိရသလောက် ဝန်ကြီး ဦးတင်နိုင်သိန်းတို့ကလည်း မကြာခင် သူတို့အစိုးရ အပြောင်းအလဲရှိလို့ရှိရင် သူတို့ရဲ့ သဘောတူချက်တွေက ဘယ်လောက်အထိ ခိုင်ခိုင်မာမာ ရှိမယ်လို့ ဒေါက်တာသိန်းလွင်တို့ ခန့်မှန်းရလဲ။

ဒေါက်တာသိန်းလွင်။ ။ အခုချိန်ထိကတော့ အစိုးရအဖွဲ့က သူတို့အစိုးရအဖွဲ့ရဲ့ သွားနေကျလမ်းအတိုင်းပဲ သွားနေတာတွေ့တယ်။ အခုလာမယ့် ၂၀၁၄-၂၀၁၅ ဒီအစိုးရအဖွဲ့ရဲ့ လုပ်ငန်းတွေ၊ မူဝါဒတွေနဲ့ သူတို့လုပ်ငန်းအစီအစဉ်တွေက သူတို့သွားနေကြအတိုင်းပဲ ကျနော်တို့ အပြင်မှာ ညှိနှိုင်းနေတဲ့အချက်တွေ မပါဝင်သေးဘူး။ ဆိုတော့ အခု ၂၀၁၄-၂၀၁၅ ကတော့ ပြုပြင်ပြောင်းလဲတဲ့အဆင့် မရောက်သေးဘူး။ ကျနော်တို့ အခု ညှိနှိုင်းနေတာက ညှိနှိုင်းတဲ့အဆင့်က အခု လာမယ့် ၂၀၁၄-၂၀၁၅ လုပ်ငန်းရဲ့ နောက်ပိုင်းမှာရောက်မယ်လို့ထင်တယ်။ ဆက်လက်ညှိနှိုင်းလို့ အောင်မြင်မယ်ဆိုရင်ပေါ့။

ဦးသားညွန့်ဦး။ ။ အခုက ပညာရေးမူဝါဒ မူကြမ်းတရပ်ကို NNER မှာလည်း ရေးဆွဲထားတာရှိတယ်နော်။ အစိုးရဘက်မှာလည်း ရှိတော့ ဒီမူကြမ်း ၂ ရပ် ညှိနှိုင်းမှုမှာရော အခြေအနေက ဘယ်လိုရှိလဲ။

ဒေါက်တာသိန်းလွင်။ ။ မူကြမ်းက ၃ ရပ် ရှိပါတယ်။ ပြည်သူ့လွှတ်တော် ပညာရေးမြှင့်တင်မှု ကော်မတီကလည်း အမျိုးသားပညာရေးဥပဒေဆိုပြီးတော့ ရေးထားတာရှိပါတယ်။ ကျနော်တို့ NNER ကလည်း ညီလာခံလုပ်ပြီးတော့ ဆွေးနွေးပွဲအဆင့်ဆင့်နဲ့ အမျိုးသားပညာရေး မူဝါဒဆိုပြီးတော့ ကျနော်တို့ ရေးတယ်။ NNER ကတော့ ဥပဒေအနေနဲ့ ရေးတာမဟုတ်ဘူး။ မူဝါဒအနေနဲ့ ရေးပါတယ်။ ကျနော်တို့အမြင်ကတော့ မူဝါဒတွေကို ကျေကျေလည်လည် ဆွေးနွေးပြီးမှ အကောင်အထည်ဖော်ဖို့အတွက် ဥပဒေပြဌာန်းဖို့ အဲ့ဒီအတွက် ကျနော်တို့က မူဝါဒကို ရေးဆွဲတာဖြစ်ပါတယ်။ အစိုးရအဖွဲ့ကလည်း တဘက်ကလည်း မူဝါဒဆိုင်ရာ ညှိနှိုင်းတာကို လုပ်တယ်။ တဘက်ကလည်း သူတို့ ဥပဒေ ရေးထားတာရှိပါတယ်။ ဆိုတော့ အစိုးရဘက်ကတော့ ဥပဒေလည်း ရေးနေတယ်။ မူဝါဒလည်း ရေးနေပါတယ်။ အခု ညှိနှိုင်းတဲ့အဆင့်ကတော့ အစိုးရအဖွဲ့ရဲ့ မူဝါဒပိုင်းဆိုင်ရာနဲ့ NNER ရဲ့ မူဝါဒပိုင်းဆိုင်ရာ ညှိနှိုင်းတဲ့အဆင့်မှာတော့ အစပျိုးတဲ့အဆင့်တော့ ရောက်ပါပြီ။

ဦးသားညွန့်ဦး။ ။ ဟုတ်ကဲ့ သိသိသာသာ ကွဲလွဲချက်တွေ ရှိကြပါသလား။

ဒေါက်တာသိန်းလွင်။ ။ သိသိသာသာ ကွဲလွဲချက်ကတော့ NNER က ဒီမိုကရေစီနည်းလမ်းတကျ ပညာရေး ပြုပြင်ပြောင်းလဲမှုကို လုပ်ချင်ပါတယ်။ လူထုရဲ့ သဘောဆန္ဒနဲ့ ဒီပညာရေးနဲ့သက်ဆိုင်တဲ့ ဆရာတွေ၊ ကျောင်းသားတွေ၊ မိဘတွေ၊ တိုင်းရင်းသားတွေ၊ ပညာရှင်တွေရဲ့ သဘောဆန္ဒနဲ့ ပညာရေးပြုပြင်ပြောင်းလဲမှု ဖြစ်ချင်တယ်။ ပညာရေးလွတ်လပ်ခွင့်ရှိချင်တယ်။ ဒီအစိုးရဘက်ကတော့ သူတို့ နဂိုချုပ်ကိုင်မယ့်အောက်မှာ အစိုးရအဖွဲ့ရဲ့ ချုပ်ကိုင်မှုအောက်မှာ နည်းနည်းပါးပါး ပြောင်းလဲတဲ့အဆင့်ပဲရှိတယ်။ အခု ကျနော် တွေ့ရသလောက်က။ ဆိုတော့ အခြေခံအားဖြင့် ကွာခြားချက်ရှိတယ်။ အစိုးရရဲ့ ပြုပြင်ပြောင်းလဲမှုက ဗဟိုချုပ်ကိုင်တဲ့အောက်မှာ ပြုပြင်ပြောင်းလဲရေးကို လုပ်ချင်တယ်။ ကျနော်တို့ကကျတော့ ဒီမိုကရေစီနည်းကျ ပြုပြင်ပြောင်းလဲမှုကို လုပ်ချင်တယ်။ အဲ့ဒီအခြေခံ ကွာခြားချက်ရှိပါတယ်။

ဦးသားညွန့်ဦး။ ။ ဘယ်အချက်ကို ဗဟိုချုပ်ကိုင်မှု သူတို့ဘက်က စဉ်းစားချက်ပေါ့။ ဥပမာအားဖြင့် ဘယ်လို အချက်မျိုးတွေလဲ။

ဒေါက်တာသိန်းလွင်။ ။ ဥပမာအားဖြင့်ဆိုရင် ပညာရေးဆိုင်ရာ လွတ်လပ်ခွင့်မှာ ဒေသဆိုင်ရာ လွတ်လပ်ခွင့်၊ ဒေသဆိုင်ရာ သူတို့ဒေသနဲ့ ကိုက်ညီတဲ့ ယဉ်ကျေးမှုတွေ၊ ဒေသဆိုင်ရာ ဘာသာစကားတွေ၊ ဓလေ့ထုံးစံတွေ၊ သမိုင်းတွေ သူတို့ဒေသ ဆုံးဖြတ်ချက်နဲ့ သင်ကြားပိုင်ခွင့်ကို NNER က တင်ပြတယ်။ အစိုးရဘက်က ဒေသရဲ့ လွတ်လပ်ခွင့်ကို မပေးဘူး။ သူတို့အစိုးရရဲ့ အုပ်ချုပ်မှုအောက်မှာ အစိုးရကပြဌာန်းတဲ့ ပညာရေးဥပဒေနဲ့ အစိုးရကပြဌာန်းတဲ့ သင်ရိုးညွှန်းတမ်းတွေကို သင်ဖို့ပဲ မူဝါဒမှာရော၊ ဥပဒေမှာရော သူတို့ အဲ့ဒါကိုပဲ ရေးထားတယ်။ အဲ့ဒါက ဒေသဆိုင်ရာ ပညာရေးလွတ်လပ်ခွင့် မရှိဘူးလို့ မြင်တယ်။ နောက်တခါ တိုင်းရင်းသားဘာသာစကားတွေ၊ ကျနော်တို့ NNER က တိုင်းရင်းသားတွေက သူတို့ကိုယ်တိုင် ဆုံးဖြတ်ချက်နဲ့ သူတို့ ဘာသာစကားတွေကို လွတ်လွတ်လပ်လပ် သင်ကြားခွင့်၊ ဖွံ့ဖြိုးခွင့်ရှိဖို့ NNER က တင်ပြတယ်။ အစိုးရဘက်ကတော့ သူတို့ထိန်းချုပ်တဲ့အောက်က ကျောင်းပြင်ပ (သို့မဟုတ်) မူလတန်းအောက်အဆင့်မှာ ကျောင်းပြင်ပမှာ ထိန်းချုပ်ထားတဲ့အောက်က နည်းနည်းပါးပါးပဲ လွတ်လပ်ခွင့်ပေးတယ်။ အဲ့ဒါ သိသိသာသာ ကွာခြားချက်ရှိတယ်။

ဦးသားညွန့်ဦး။ ။ ခုနက ဒေါက်တာသိန်းလွင်တို့ ပြောသွားတဲ့အထဲမှာ ပြည်နယ်အလိုက် သင်ရိုးညွှန်းတမ်းကအစ လွတ်လွတ်လပ်လပ် ရေးဆွဲဖု့ိဆိုရင် အခြေအနေအရ ပြည်နယ်တခုနဲ့တခု တိုင်းနယ်တခုနဲ့တခု သင်ရိုးညွှန်းတမ်းတွေ မတူတဲ့ပုံစံမျိုးတော့ ဖြစ်သွားနိုင်ပါတယ်။ အဲတော့ အရည်အသွေး ထိန်းချုပ်ရေးအပိုင်းမှာပေါ့ ဘယ်လိုစဉ်းစားသလဲ။

ဒေါက်တာသိန်းလွင်။ ။ ဟုတ်ကဲ့ ကျနော်တို့အမြင်က အခြေခံအားဖြင့်တော့ သင်ရိုးညွှန်းတမ်း လမ်းညွှန်ချက်ကတော့ တူရမယ်။ ဘယ်အတန်းအဆင့် ရောက်သွားရင် သင်္ချာမှာ ဘယ်အပိုင်းတွေကို တတ်သွားရမယ်။ သိပ္ပံမှာ ဘယ်လောက် တတ်သွားရမယ် ဆိုတဲ့ အခြေခံ လမ်းညွှန်ချက်တော့ ရှိရမယ်။ ဒါပေမဲ့ သင်ရိုးညွှန်းတမ်းဖွံ့ဖြိုးခွင့်က သူ့ဒေသအလိုက် ဖွံ့ဖြိုးနိုင်တယ်။ ကချင်ကလည်း ကချင်ရဲ့ သူ့ယဉ်ကျေးမှုနဲ့၊ ရှမ်းကလည်း ရှမ်းယဉ်ကျေးမှုနဲ့ ဖွံ့ဖြိုးတဲ့ သင်ရိုးညွှန်းတမ်း ဖြစ်စေချင်တယ်။ အရည်အသွေးက ကျောင်းသားတဦးချင်းစီရဲ့ လွတ်လပ်စွာ သင်ကြားပိုင်ခွင့်၊ ကျောင်းသားတဦးချင်းစီရဲ့ အသိဉာဏ်မြင့်မားမှု၊ ကျောင်းသားတဦးချင်းစီရဲ့ စွမ်းရည်မြင့်မားလာမှုနဲ့ တိုင်းတာဖို့ပဲ လိုတယ်။ အစိုးရသတ်မှတ်ထားတဲ့ သင်ရိုးညွှန်းတမ်းမှာပါတဲ့ စာအုပ်ကို အလွတ်ရတဲ့နည်းနဲ့ တိုင်းတာတာမျိုးကတော့ မဖြစ်သင့်ဘူး။

ဦးသားညွန့်ဦး။ ။ ဟုတ်ကဲ့ အခု လက်ရှိအားဖြင့်ဆိုရင် သူတို့ ပညာရေးမြှင့်တင်မှုကော်မတီ ဆိုပြီးတော့ ဖွဲ့ထားတာရှိပါတယ်၊ ဆရာတို့နဲ့ ညှိနှိုင်းနေတဲ့အချိန်မှာ။ သူတို့နဲ့ ပတ်သက်လို့ရော ဒေါက်တာသိန်းလွင်တို့ ဘယ်လိုများ ယူဆသလဲ။

ဒေါက်တာသိန်းလွင်။ ။ အခုကတော့ ပြုပြင်ပြောင်းလဲမှုမှာ တခြားသူတွေနဲ့ ပါဝင်ဆွေးနွေးတယ်ဆိုတာမျိုးတော့ ဖြစ်ချင်တယ်။ အဲ့ဒါကြောင့်လည်း ကျနော်တို့နဲ့ ဆွေးနွေးဖို့ ကမ်းလှမ်းလာတာဖြစ်တယ်။ ဒါပေမဲ့လည်း သူတို့သွားချင်တဲ့အတိုင်းလည်း သွားချင်တယ်။ အဲ့ဒီနှစ်ခုမှာ သူတို့ကြားမှာကိုက ပဋိပက္ခဖြစ်နေတာ။ ပြုပြင်ပြောင်းလဲဖို့ ပြောတဲ့သူရှိတယ်။ ဗဟိုချုပ်ကိုင်မှုအတိုင်းပဲ သွားရမယ်လို့ ပြောနေတဲ့သူရှိတယ်။ အစိုးရအဖွဲ့ထဲမှာကို တသဘောထားထဲ မရှိတာကို တွေ့ရတယ်။

ဦးသားညွန့်ဦး။ ။ အဲတော့ ဆရာတို့ အခုညှိနေတဲ့ ပညာရေးမူဝါဒမူကြမ်းက အခြေခံအားဖြင့်ကို ကွဲလွဲနေတယ်ဆိုတော့ တကယ်တမ်း ညှိလို့ရမယ့် မူကြမ်းတရပ်တည်း ဖြစ်လို့ရမယ့် အလားအလာရော ရှိရဲ့လား။

ဒေါက်တာသိန်းလွင်။ ။ အခု ကျနော်တို့ဘက်က အခြေခံမူကို ညှိဖို့ဆိုပြီးတော့ ကမ်းလှမ်းထားတာရှိတယ်။ လာမယ့် ၂၄ ရက်နေ့မှာ ပညာရေးဌာန တာဝန်ရှိတဲ့သူတွေနဲ့ ကျနော်တို့ NNER တာဝန်ရှိတဲ့သူတွေနဲ့ အစည်းအဝေးလုပ်တယ်။ အစည်းအဝေးမှာ အခြေခံမူတွေ အရင် ညှိပြီးမှ အသေးစိတ်ကို ဆက်လက် ညှိနှိုင်းသွားဖို့ သဘောတူတယ်။ အခြေခံမူကို ညှိဖို့ ကျနော်တို့ ၂၆ ရက်နေ့ကို ချိန်းလိုက်တယ်။ ဒါပေမဲ့ ပညာရေးဝန်ကြီးဌာနဘက်က ရက်ရွှေ့တယ်။ ရက်ရွှေ့တော့ နောက် ဆွေးနွေးမယ့်ရက်တော့ မသတ်မှတ်သေးဘူး။ ဆိုတော့ ကျနော်တို့ ဆွေးနွေးဖို့ ညှိနှိုင်းထားတာတော့ အစိုးရဘက်ကနေ ရွှေ့ဆိုင်းလိုက်တယ်။ ဆိုတော့ ရွှေ့ဆိုင်းလိုက်တယ် ဆိုပေမဲ့လည်း ဆွေးနွေးမယ့် အလားအလာတော့ ရှိပါသေးတယ်။ ကျနော်တို့ အခြေခံမူကို ညှိမယ်။ အခြေခံမူက ဒီမိုကရေစီနည်းကျတဲ့ အခြေခံ ပြုပြင်ပြောင်းလဲမှု တူရမယ်။ လူထုရဲ့ဆန္ဒအပေါ်မှာ အခြေခံရမယ်။ ပညာရေးလွတ်လပ်ခွင့် ရှိရမယ်ဆိုရင် ကျနော်တို့ ဆက်ပြီးတော့ ညှိနှိုင်းမယ်။ ပညာရေး လွတ်လပ်ခွင့် မပေးနိုင်ဘူး၊ အစိုးရကပဲ ချုပ်ကိုင်သွားမယ်ဆိုရင်တော့ ဆက်လက် ညှိနှိုင်းဖို့ မဖြစ်နိုင်ဘူး။

ဦးသားညွန့်ဦး။ ။ ဥပမာအားဖြင့် ပညာရေး လွတ်လပ်ခွင့်ဆိုတဲ့ကိစ္စမှာ ဘယ်လိုမျိုးတွေကို ပြောတာလဲ။

ဒေါက်တာသိန်းလွင်။ ။ ဥပမာ ကျောင်းသားတွေအနေနဲ့ဆိုရင် တက္ကသိုလ်ကျောင်းသားတွေ၊ အခုအချိန်က တက္ကသိုလ်ကျောင်းသားတွေက သူတို့ကိုယ်တိုင် ဘာသာရပ် ရွေးချယ်ခွင့်မှာ လွတ်လပ်မှု မရှိဘူး။ သူတို့ရတဲ့ အမှတ်ပေါ်မှာ ရွေးချယ်တဲ့သူကပဲ ဘယ်ဘာသာကိုသင်ဆိုပြီး သတ်မှတ်တာရှိတယ်။ ကျနော်တို့က ကျောင်းသားတွေရဲ့ လွတ်လပ်စွာ ဘာသာရပ် ရွေးချယ်ခွင့် ရှိဖို့လိုတယ်၊ သူဝါသနာပါတဲ့ဟာ သင်ကြားပိုင်ခွင့်၊ နောက် ဆရာတွေ သင်ကြားရေးမှာလည်း လွတ်လပ်ပိုင်ခွင့်၊ ဆရာတွေက ကျောင်းသားပဲ အာမခံရမယ်။ အစိုးရကို အာမခံစရာ မလိုဘူး။ လက်ရှိ အစိုးရလက်ထက်မှာက ဆရာတွေဟာ အစိုးရရဲ့ လုံခြုံရေးဆိုင်ရာ ဆောင်ရွက်ချက်တွေကို လုပ်နေရတယ်။ ဆိုတော့ အစိုးရခိုင်းတာကို လုပ်နေရတယ်။ ကျနော်တို့ဖြစ်စေချင်တာက ဆရာတွေက သူတို့ရဲ့သင်ကြားမှုမှာ သူတို့ကိုယ်တိုင် လွတ်လပ်ပိုင်ခွင့် ရှိရမယ်။ တိုင်းရင်းသားလူမျိုးတွေ သူတို့ရဲ့သမိုင်းတွေ၊ ယဉ်ကျေးမှုတွေ၊ ဓလေ့ထုံးစံတွေ လွတ်လွတ်လပ်လပ် သင်ကြားနိုင်တဲ့ အခွင့်အရေး ရှိရမယ်။ အဲ့ဒီ လွတ်လပ်ခွင့်မျိုးကို ကျနော်တို့ ဆိုလိုတာဖြစ်ပါတယ်။

ဦးသားညွန့်ဦး။ ။ အခု ဆရာတို့နဲ့ ဒီပညာရေးမူဝါဒမူကြမ်း သူတို့နဲ့ ညှိနေတဲ့အခါမှာ အစိုးရဘက်က ခန့်အပ်ထားတဲ့ ပညာရေးမြှင့်တင်မှုကော်မတီက အဓိက ညှိနှိုင်းတယ်လို့ သိရပါတယ်။ ဒီအဖွဲ့အစည်းကရော ဘယ်လောက်အထိ လွတ်လပ်မှုရှိသလဲ။ အစိုးရရဲ့ စွက်ဖက်မှု ဘယ်လောက်အထိ ပတ်သက်နေသလဲ။ ဘယ်လိုယူဆသလဲဆရာ။

ဒေါက်တာသိန်းလွင်။ ။ ကျနော် အစိုးရ ဒီအမှုထမ်းတွေအနေနဲ့ လွတ်လပ်ခွင့် မရှိဘူးလို့မြင်တယ်။ ကျနော်တို့နဲ့ အဓိကအားဖြင့် လက်တွေ့ လုပ်နေရတာတော့ အစိုးရအမှုထမ်းတွေ၊ ညွှန်ကြားရေးမှူးတွေ၊ နောက်တက္ကသိုလ် ပါမောက္ခတွေ၊ သူတို့ကိုယ်တိုင် လွတ်လပ်ခွင့် မရှိဘူးလို့ ကျနော်ထင်တယ်။ ဘာကြောင့်လဲဆိုတော့ သူတို့က အစိုးရက ခန့်ထားတဲ့သူတွေဖြစ်တယ်။ အစိုးရကပေးတဲ့ ရာထူးမှာနေရတဲ့ အခါကျတော့ အစိုးရရဲ့ မျက်နှာကို ကြည့်နေရတယ်။ သူတို့ရဲ့ကိုယ်တိုင် အယူအဆကို ပြောပိုင်ခွင့် မရှိဘူးလို့ ကျနော် မြင်တယ်။ အဲတော့ လက်ရှိ လုပ်နေတဲ့ အစိုးရအမှုထမ်းတွေက လွတ်လပ်မှုမရှိဘူး။

ကျနော်တို့ ပညာရေးပြုပြင်ပြောင်းလဲမှု လုပ်ချင်တာက ဒီလွတ်လပ်တဲ့ ပညာရှင်တွေ ဦးဆောင်တဲ့ ပညာရေးပြုပြင်ပြောင်းလဲမှု ဖြစ်ရင်ကောင်းမယ်လို့ ကျနော်တော့ မြင်တယ်။ အစိုးရက ပံ့ပိုးကူညီတဲ့နေရာမျိုးမှာ နေသင့်တယ်။ အစိုးရက ဆွေးနွေးတဲ့ နေရာထိုင်ခင်းတွေ၊ ကုန်ကျစရိတ်တွေ အစိုးရက တာဝန်ယူမယ်။ လိုအပ်တဲ့ အချက်အလက် အထောက်အထားတွေ ရှာဖွေပေးမယ်။ ဒီဆွေးနွေးပွဲတွေကို ဦးဆောင်တာက လွတ်လပ်တဲ့ ပညာရှင်များ အဖွဲ့အစည်းက ဦးဆောင်သွားမယ်ဆိုရင် အောင်မြင်တဲ့ ဆွေးနွေးမှုမျိုးဖြစ်နိုင်ပါတယ်။ အောင်မြင်တဲ့ ပြုပြင်ပြောင်းလဲမှုမျိုး ဖြစ်နိုင်တယ်။ အစိုးရက ချုပ်ကိုင်ပြီးတော့လုပ်တဲ့ ပြုပြင်ပြောင်းလဲမှုကတော့ အောင်မြင်မှာ မဟုတ်ဘူး။

ဦးသားညွန့်ဦး။ ။ အခု သူတို့ဖွဲ့ပေးထားတဲ့ ပညာရေးမြှင့်တင်မှုကော်မတီမှာ ကျနော်တို့ သတိထားမိသလောက် ပါမောက္ခတွေ တော်တော်များများ ပါဝင်ပါတယ်။ သူတို့ကတော့ လွတ်လပ်တယ်ပြောတယ်။ ဆိုတော့ ကျနော် တခုမေးချင်တာက ဒီပါမောက္ခတွေရဲ့ စိတ်ထဲမှာရော တကယ်ပဲ ပညာရေးကို ပြုပြင်ပြောင်းလဲရမယ်ဆိုတဲ့ Will ပေါ့နော် စိတ်ဆန္ဒ တခုခု သူတို့မှာ ပြောင်းရမယ်ဆိုတဲ့ သဘောထားမျိုးရော ဆရာ။

ဒေါက်တာသိန်းလွင်။ ။ တယောက်နဲ့တယောက် မတူတာကိုတွေ့တယ်။ တချို့ ကျနော်တို့နဲ့ စကားပြောခွင့်ရတဲ့ ပါမောက္ခတွေ၊ တချို့ပါမောက္ခတွေက ပြုပြင်ပြောင်းလဲချင်တယ်။ လက်ရှိ ပညာရေးဟာ မအောင်မြင်တဲ့အတွက် ပြုပြင်ပြောင်းလဲမှု အသစ်ကို သွားချင်တယ်။ ပါမောက္ခတချို့ကတော့ လက်ရှိ အတိုင်းပဲ သွားချင်တယ်။ ကျနော်တို့ကိုပြောတဲ့သူတွေမှာ ဗဟိုချုပ်ကိုင်မှုရှိဖို့လိုတယ် ဆိုတာတွေ ပြောလာတယ်။ အဲ့ဒါတွေကို လက်ရှိ ပါမောက္ခတွေက ပြောတာတွေ့ရတယ်။ လက်ရှိ ပါမောက္ခတချို့က ပြုပြင်ပြောင်းလဲချင်စိတ် မရှိဘူး (သို့မဟုတ်) သူတို့က အစိုးရရဲ့ ဝန်ထမ်းတွေဖြစ်တဲ့အတွက် အစိုးရက ငြိုငြင်မှာစိုးတဲ့အတွက် အစိုးရအကြိုက်ကိုပဲ ပြောနေသလားလို့ ထင်စရာ ရှိပါတယ်။

ဦးသားညွန့်ဦး။ ။ ကျနော် နောက်တခုက NNER နဲ့ ပတ်သက်လို့ပါ။ NNER ဆရာတို့ ဖွဲ့ထားတဲ့ ဒီအဖွဲ့အစည်းမှာပေါ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ပညာရေးကွန်ရက်ကလည်း ပါနေတော့ တဘက်က အစိုးရဖြစ်စေ၊ တဘက်က ညှိနှိုင်းကျတဲ့ တာဝန်ရှိသူတွေပဲဖြစ်စေ သူတို့ဘက်ကအမြင်က ဒီအဖွဲ့အစည်းက NLD ကပဲ လွှမ်းမိုးထားတဲ့ အင်အားစုတရပ်အနေနဲ့ကော မြင်နေတဲ့ပုံစံမျိုး ရှိသလား။

ဒေါက်တာသိန်းလွင်။ ။ သူတို့မြင်ကောင်းမြင်မယ်။ လက်တွေ့ကတော့ ဒီလို မဟုတ်ဘူးခင်ဗျ။ NNER က ပညာရေးမှာ အဖွဲ့အစည်း အများကြီးပါတယ်။ NLD ရဲ့ ပညာရေးကွန်ရက်ပါတယ်။ ၈၈ ကျောင်းသားတွေပါတယ်။ ကျောင်းသားသမဂ္ဂတွေ ပါတယ်။ ဆရာများသမဂ္ဂတွေပါတယ်။ တိုင်းရင်းသားအဖွဲ့အစည်းတွေ ပါတယ်။ ဘာသာရေးဆိုင်ရာပုဂ္ဂိုလ်တွေ၊ ဗုဒ္ဓဘာသာရော၊ ခရစ်ယာန်ရောပါတယ်။ NNER ဆိုတာက အများကြီး ပေါင်းထားတဲ့ အဖွဲ့အစည်းပါ။ NLD လည်းပါတယ်။ ဒါပေမဲ့ NLD က လွှမ်းမိုးမှု မရှိပါဘူး။ ကျနော်ကိုယ်တိုင် NLD အဖွဲ့ဝင်တစ်ယောက်ပဲ။ ဒါပေမဲ့ NLD က ဒီ NNER အပေါ်မှာ လွှမ်းမိုးခြင်းမရှိဘူး။ NNER လွတ်လွတ်လပ်လပ် လုပ်နိုင်အောင် NLD ကနေ ပံ့ပိုးကူညီတာပဲ ရှိပါတယ်။ လိုအပ်ချက်ကို ပံ့ပိုးကူညီတယ်။ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်က ကျနော်တို့ကို လွတ်လွတ်လပ်လပ် လုပ်ပိုင်ခွင့် ပေးပါတယ်။

ဦးသားညွန့်ဦး။ ။ NNER အနေနဲ့ရော အခု ဆွဲထားတဲ့ ဒီပညာရေးဆိုင်ရာ မူဝါဒမူကြမ်းဟာ ဘယ်လောက်အထိ ပြည့်ပြည့်စုံစုံ ဆွဲထားပြီးပြီလဲ။

ဒေါက်တာသိန်းလွင်။ ။ ဒီ ကျနော်တို့ ရေးဆွဲတဲ့ ပညာရေးမူဝါဒက ကျနော်တို့ ဆွေးနွေးပွဲတွေ အကြိမ်ပေါင်း ၃၀ ကျော် လုပ်ပြီးပြီ။ ပညာရေး ဆွေးနွေးပွဲတွေ ဒေသအသီးသီးမှာ မြန်မာနိုင်ငံရဲ့ တိုင်းနဲ့ပြည်နယ် အနှံ့မှာ လုပ်ပြီးပြီ။ နောက် ဆွေးနွေးပွဲတွေမှာ ကျောင်းသားတွေကိုယ်တိုင်ပါတယ်။ လက်ရှိ သင်ကြားနေတဲ့ ဆရာတွေရော၊ အငြိမ်းစားဆရာတွေရောပါတယ်။ မိဘတွေပါတယ်။ ယဉ်ကျေးမှုဆိုင်ရာ ပုဂ္ဂိုလ်တွေ၊ သာသနာရေးဆိုင်ရာ ပုဂ္ဂိုလ်တွေလည်းပါတယ်။ အစိုးရဝန်ထမ်းတွေလည်း ပါတယ်။ အဲ့ဒီအားလုံးရဲ့ သဘောဆန္ဒကိုယူပြီးတော့ အဲ့ဒီသဘောဆန္ဒတွေအပေါ်မှာ အခြေခံပြီးတော့ ကျနော်တို့ အုပ်စုတွေ ခွဲလိုက်တယ်။ အဲ့ဒါက ပညာရေးမှာ ရှေးဦးကလေးသူငယ် ပညာရေးကနေပြီးတော့ တက္ကသိုလ်ပညာရေးအထိ ကဏ္ဍ ၁၃ ခုကို ကျနော်တို့ ညီလာခံကျင်းပပြီးတော့ ညီလာခံမှာ ပြန်ချပြတယ်။

ညီလာခံမှာ တက်ရောက်တာလည်း ဒေသအသီးသီးက ကိုယ်စားလှယ်တွေ လာတယ်။ ပညာရှင်တွေ။ မြန်မာနိုင်ငံမှာ ထင်ရှားတဲ့ အတွေ့အကြုံရှိတဲ့ ပညာရှင်တွေကို ဖိတ်တယ်။ ပညာရှင်တွေ ချပြတယ်။ အဲတော့ တက်ရောက်လာတဲ့သူတွေ၊ ပညာရှင်တွေရဲ့ အကြံပြုချက်အပေါ်မှာ မူတည်ပြီးတော့ ဒီမူဝါဒကို ရေးဆွဲတာပါ။ ဒီမူဝါဒက မြန်မာပြည်ရဲ့ ဒေသအသီးသီးမှာရှိတဲ့ ပညာရေးနဲ့ သက်ဆိုင်သူတွေရဲ့ အကြံဉာဏ်တွေ ပါဝင်ပါတယ်။ ပညာရှင်တွေရဲ့ အကြံဉာဏ်တွေ ပါဝင်ပါတယ်။ ဒါကြောင့် NNER ရဲ့ မူဝါဒက ပြည်သူလူထုရဲ့ လိုလားချက်အပေါ်မှာ အခြေခံတဲ့ မူဝါဒဖြစ်တယ်လို့ ကျနော်တို့ ရဲရဲ ပြောရဲပါတယ်။

ဦးသားညွန့်ဦး။ ။ အခုက ဆရာတို့က ညှိရမယ့် ဟိုဘက်မှာက အခြေခံအားဖြင့်ကို ကွဲလွဲနေတဲ့အခါကျတော့ ဒီပညာရေးမူဝါဒ မူကြမ်း ဥပဒေတရပ် ထွက်လာဖို့ဆိုတဲ့ အခြေအနေက သူတို့နဲ့ ညှိမရဘူးဆိုရင်ကော ဘယ်လို စဉ်းစားမလဲ။ လျှော့ပေးမလား။ ဘယ်လိုဆက်သွားမလဲ။

ဒေါက်တာသိန်းလွင်။ ။ အခြေခံကျတဲ့ ဒီမိုကရေစီ အပြောင်းအလဲကို အစိုးရဘက်က မလုပ်နိုင်ဘူး။ လူထုရဲ့ဆန္ဒကို မယူဘူး။ ပညာရေးလွတ်လပ်ခွင့်တွေ မပေးဘူးဆိုရင်တော့ ကျနော်တို့ အစိုးရအဖွဲ့နဲ့ ဆက်လက် ညှိနှိုင်းလို့မရဘူး။ အဲ့ဒါဆိုရင် ကျနော်တို့ လူထုဆန္ဒ အကောင်အထည်ဖော်နိုင်တဲ့ တခြားနည်းလမ်းနဲ့ ကျနော်တို့ ဆောင်ရွက်မှာပဲ။
XS
SM
MD
LG